Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်အတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ (၉.၅.၂၀၂၃)နေ့၊ နံနက် (၁၁:၀၀)နာရီတွင် ရွှေတောင်မြို့၊ သရက်တော ရပ်ကွက်၊ ဘီးတန်းလမ်းရှိ ဒေါ်မြမြစိုး ထုတ်လုပ်လျက်ရှိသော ‘ရွှေတောင်’ အသင့်စား ခေါက်ဆွဲခြောက် လုပ်ငန်းသို့လည်းကောင်း၊ (၁၀.၅.၂၀၂၃)နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ပန်းတောင်းမြို့၊ နတ်မောက်အုပ်စု၊ ကုက္ကိုကုန်းရွာရှိ ‘ဦးအောင်ကြီး’ ဆန်စက်သို့လည်းကောင်း၊ (၁၁.၅.၂၀၂၃)နေ့၊ နေ့လယ် (၁၅:၀၀)နာရီတွင် ပန်းတောင်းမြို့၊ တောင်ဘွေအုပ်စု၊ မြစစ်ကိုင်းရွာ၊ ညောင်ညိုရိပ်လမ်းဆုံရှိ ပိုင်ရှင် ဦးညွှန့်ဝင်း၏ ‘Nine’ သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ထုတ်လုပ်ရောင်းချ လျက်ရှိသော ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး၊ မိမိထုတ်လုပ်သည့် ကုန်စည်၏ အရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်းများ မှန်ကန်မှုရှိစွာ ထုတ်လုပ်ရောင်းချနိုင်ရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချကြရန်၊ နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်လာသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင် ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ်တာဝန်ခံသည် (၁၀.၅.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ပြည်မြို့ရွာဘဲရပ်ကွက်၊ စက်မှုဇုံ(၂) နယ်မြေ၊ မောင်ပေါက်ကျိုင်းလမ်းရှိ ဆန်စက်လုပ်ငန်းရှင် ဦးခင်ကြိုင်၏ စည်ဖြိုးဆန်စက်သို့သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် အာမခံချက်ပေးခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်စည် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်နှင့် ဈေးနှုန်းဈေးကွက်မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းပန်းအိမ်တို့သည် ၈.၅.၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၄ ဦးနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို ရှင်းလင်းပြောကြားပါသည်။

    တွေ့ဆုံပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးပါသည်။

     ဆက်လက်၍ မြို့နယ်တာဝန်ခံက နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရွှေကမ္ဘာဆန်စက်၊ အောင်စိုးမိုးဆန်စက်၊ အောင်ဆန္ဒဆန်စက်နှင့် ပြည့်ဖြိုးဟိန်းဆန်စက်တို့မှ ဆန်စက်ပိုင်ရှင်များတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

စားသုံးသူအခွင့်အရေးသိရှိရယူနိုင်ရေး ကျေးရွာများသို့သွားရောက်အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃)ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင်  မိဘပြည်သူ (၄၂) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းအရာများ၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အကြောင်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များအား အသိတရားနှင့် သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်သောအစားအစာများကို သတိလက်လွတ်ဝယ်ယူသုံးစွဲမှုမပြုစေရန်ဖြစ်ကြောင်းနှင့် သေချာစွာစိစစ်ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။     

   စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာ ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုရရှိရန်လိုအပ်ကြောင်း၊ အသုံးပြုရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ(၈)ချက်အား သတိပြုဝယ်ယူစေလိုကြောင်း၊ ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ကောင်းမွန်သောကြောင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့ သွားရောက်အသိပညာပေးလျက်ရှိကြောင်းနှင့် စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားများလည်း ရယူထားစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ခွင့်နှင့် နစ်နာမှုများရှိပါက မှန်ကန်သောအထောက်အထားများနှင့်အတူ ဌာနသို့ လာရောက်တိုင်ကြားခွင့်ရှိပြီး ကုစားခွင့်ရရှိစေလိုကြောင်း၊ "အသိတစ်လုံး အမြတ်ဆုံး" ဖြစ်၍ ယခုသိရှိ ပြီးသောအကြောင်းအရာများအား လိုက်နာစေလိုကြောင်း၊ သို့မှသာ အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

      သတင်းအချက်အလက်/နည်းပညာဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းက ဆွေးနွေးရာတွင် စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားမှုနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားရှိမှုအကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ရှိ DS သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စက်ရုံလုပ်သားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများသည် (၁၀.၅.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ရန်ကုန်-မန္တလေးလမ်း၊ အမှတ်(၁၁၅)ရှိ DS သောက်ရေသန့်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းရှင် ဦးဂရမ်းကျမ်းနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ပြဌာန်းချက်များကို‌ဆွေးနွေးခဲ့ပါသည်။

   ထို့နောက် မြို့နယ်တာဝန်ခံသည်  စက်ရုံအလုပ်သမားများ(၁၂)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်များကို အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

  ဆက်လက်၍ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာရာ လုပ်ငန်းရှင်က လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ DS သောက်ရေသန့်စက်ရုံတွင် ၂၀ လီတာနှင့် တစ်လီတာ ရေသန့်ဘူးများကို ထုတ်လုပ်ဖြန့်ဖြူးကြောင်း၊ ၀.၆ လီတာဘူးများမှာ ဘူးခွံဝယ်ယူရရှိမှု အခက်အခဲကြောင့် ဘူးခွံဝယ်ယူရရှိမှုအပေါ်မူတည်၍ ထုတ်လုပ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့တို့သည် (၁၃-၅-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆီဆိုင် (၃)ဆိုင်ကို သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့ပေါ်၌ စက်သုံးဆီရောင်းချလျက်ရှိသော တောင်ဇလပ်၊ ရွှေဗျိုင်းဖြူ၊ Petro Top ဆီဆိုင်များသို့ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသောဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပီပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုစေရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် စက်သုံးဆီပြတ်လတ်မှုမရှိစေရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

အုတ်တွင်းမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် (၉.၅.၂၀၂၃ )ရက်နေ့၊ နံနက်ပိုင်းက  အုတ်တွင်းမြို့ စည်ပင် သာယာဈေးသို့ သွားရောက်၍ ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ရေထွက် ပစ္စည်းများဖြစ်သည့် ငံပြာရည်ပုလင်းများ၊ ငါးပိဘူးများ၊ ပုဇွန်ခြောက်ဘူးများ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားရှိရာ စီးပွားရေးလုပ်ငန်းရှင်များက ကုန်အညွှန်းအမှတ် အသားများဖော်ပြရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး‌ ကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းညွှန်ကြားချက်ကို ယခင်နှစ်များက ဆိုင်များသို့ဖြန့်ဝေပေးပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်း မပြုရန်လိုပါကြောင်း ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည်  အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ ငုဝါလမ်းရှိ ဦးထွန်းထွန်းနိုင်၏ သစ်သားအခြေခံမီးဖိုချောင်သုံး ပစ္စည်းလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပြီး လုပ်ငန်းရှင်ဦးထွန်းထွန်းနိုင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့်သက်ဆိုင်သည့် ပြဌာန်းချက်များကို ဆွေးနွေးခဲ့ကြောင်း၊  ယင်းလုပ်ငန်းတွင် မီးဖိုချောင်သုံးယောက်မ၊ ငရုပ်ဆုံ၊ စင်းတီတုံးများအပြင် ဆွမ်းတော်တင်ကလပ်နှင့် ဆွမ်းအုပ်များကို သစ်သားဖြင့် ထုတ်လုပ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့မဈေးအတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့မှ ၁၀.၅.၂၀၂၃ ရက်နေ့တွင် တိုင်းရင်းမြန်မာဆေးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် Online ပေါ်တွင် ရောင်းချသောဆေးများကို ဝယ်ယူရောင်းချ လျှင်လည်း တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိမှသာ ဆေးများ ရောင်းချစေရေးတို့အတွက် ဆိုင်ရှင်များနှင့်တွေ့ဆုံပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည် ။

DOCA(ပဲခူး)

မြို့သစ်မြို့၊ စည်ပင်သာယာဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စားသောက်ကုန်ပစ္စည်းများကိုဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် အန္တရာယ်ကင်းသည့်စားသောက်ကုန်များအား ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စည်ပင်သာယာစျေး၌ (၁၁-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်သွားရောက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ရောင်းချနေသောဈေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုသိရှိလိုက်နာကြရန်ဖြစ်ကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ထားဝယ်မြို့၊ ယဥ်ငေးရိပ်သာကျောင်းတွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်စားသုံးသူ ကာကွယ်ရေး ဆိုင်ရာသိကောင်းစရာများအကြောင်းဟောပြောဆွေးနွေးခြင်း

      ၂၀၂၃ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ် (၁၃း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဥ်ငေးရိပ်သာကျောင်း၊ ကျောင်းအုပ်ချုပ်ဆောင်အပေါ်ထပ်တွင် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ထားဝယ်ခရိုင် ဦးစီးမှူးဒေါ်အေးအေးလွင်က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကြောင်း၊ ကုန်စည်နှင့် ဝန်‌ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အချက်များနှင့် ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြရမည့် အချက်များအား ရှင်းလင်းဟောပြောဆွေးနွေးကာ စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ဌာနသို့တိုင်ကြားနိုင်ပါကြောင်း၊  Call Center 1535 သို့ခေါ်ဆို၍လည်း မေးမြန်းတိုင်ကြားနိုင်ပါကြောင်းနှင့် သင်တန်းသူ( ၂၀ )ဦးအား အသိပညာပေး လက်ကမ်းစာဆောင်များဖြန့်ဝေပေးပြီး ဟောပြောဆွေးနွေးပွဲအား နေ့လယ်(၁၄း၁၅)မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ