Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သူနာပြုသင်တန်းသူများအား စားသုံးသူအခွင့်အရေးသိရှိဖို့ရန် အသိပညာပေးဟောပြောခြင်း

     (၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၀:၃၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရှေးဦးသူနာပြုသင်တန်းသူ (၁၈) ဦးအား စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူများအား ရှေ့ဦးသူနာပြုစုနည်းသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး လူငယ်နှင့်ကျန်းမာရေးအကြောင်း ဆွေးနွေးခဲ့ပါသည်။ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်က စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း ပြည်သူများသည် မိမိတို့၏အခွင့်အရေးကို သိရှိနားလည်နိုင်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အ‌ရေးကိုသိရှိနားလည်ပြီး ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက နစ်နာမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ Online မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလိုပါက DOCA Website၊ DOCA Myanmar Mobile application တွင်ပါရှိသော Consumer Complaint System တိုင်ကြားလွှာပုံစံတွင် အချက်အလက်များဖြည့်သွင်းပြီး တိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center 1535 သို့လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့် ဖုန်းနံပတ်များကိုလည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း သိရှိနိုင်ရန် အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

     (၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ် ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးဌေးဝင်း (“ခင်ငရုတ်” ရောင်းဝယ်ရေးလုပ်ငန်း)နှင့် မြန်မာပြာသာကျေးရွာအုပ်စုမှ သောင်တန်းကျေးရွာပိုင်ရှင်တို့အားတွေ့ဆုံ၍ ဆွေးနွေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။

     အဆိုဆွေးနွေးပွဲတွင် ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက ညောင်တုန်းမြို့နယ်၊ ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း၌ အသင်းသားဦးရေးနည်းပါးကြောင်း၊ အသင်းသားများ၏လုပ်ငန်းဆောင်ရွက်မှုနှင့် ငရုတ်စိုက်ပျိုးထုတ်လုပ်ချိန်ကာလအတွင်း လိုအပ်မှုများနှင့် ဈေးကွက်ရရှိရေးတို့ကို လစဉ် အစည်းအဝေးများဆောင်ရွက်လျက်ရှိကြောင်း၊ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုးစေ့ရရှိနိုင်ရေး၊ မတည်ရင်းနှီးငွေ၊ သွင်းအားစုနှင့် အခြားလိုအပ်ချက်များကို အသင်းအဖွဲ့၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အသင်းသားများအား ဆောင်ရွက်ပေးခဲ့မှုကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ငရုတ်စိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းရှင်များ၏ လိုအပ်ချက်များဖြစ်သော မတည်ရင်းနှီးငွေလိုအပ်မှု၊ နည်းပညာလိုအပ်မှုနှင့် သွင်းအားစုရရှိရေးတို့ကို သက်ဆိုင်ရာကုမ္ပဏီ၊ အစိုးရဌာနများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ ဥပဒေပါ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ဥပဒေပါ အခန်း(၁၉၊ ၂၀၊၂၁)အရ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ စီးမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ အယူခံဝင်ခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

တောင်ငူခရိုင်အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် (၁၆.၃.၂၀၂၃) ရက်နေ့ နေ့လယ်ပိုင်းက ဖြူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေမည့် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    အလားတူ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ယင်းနေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေမည့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    မြို့နယ်တာဝန်ခံများသည် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးစဉ် ဆေးဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းသည် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေကို ဆုံးရှုံးမှုဖြစ်စေသကဲ့သို့ စားသုံးသူနစ်နာဆုံးရှုံးမှုကိုလည်း ဖြစ်ပေါ်စေသဖြင့် တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ဆေးဝါးများကို ရောင်း ချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် (၁၄.၃.၂၀၂၃) ရက်နေ့ ၊နံနက် ၉:၃၀ နာရီအချိန်တွင် အုတ်တွင်းမြို့နယ် ဆွဲလဲချောင်းကျေးရွာ၌လည်းကောင်း၊ နံနက် ၁၀:၃၀ အချိန်တွင် ဂွေးတောက်ခင်ကျေးရွာ၌လည်းကောင်း ကျေးရွာသူကျေး ရွာသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

 ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm တွင်လည်းကောင်း တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ဟောပြောပွဲများသို့ ဆွဲလဲချောင်းကျေးရွာမှ ကျေးလက်နေပြည်သူ ၄၈ ဦးနှင့် ဂွေးတောက်ခင်ကျေးရွာမှ ကျေးလက်နေပြည်သူ  ၃၂ ဦးတက်ရောက်ပါသည်။ စားသုံးသူရေးရာဦးစီး ဌာန၊ တောင်ငူခရိုင်အနေဖြင့် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောလျက်ရှိရာတွင် ယခုကဲ့သို့ လုပ်ငန်းခွင်မှ အားလပ်သည့် ကာလတွင် ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးစီးမှူးဦးမင်းဇော်(စစ်ဆေးရေးအရာရှိ)နှင့် ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တို့သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒု-ကြီးကြပ်ရေးမှူး ဒေါ်မြတ်သန္တာစိုး၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမိုးကျော်သူ၊ တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိဦးအောင်ကိုကိုတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ (၁၄.၃.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိနှင့်     စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ရက်လွန်အစားအသောက်နှင့်     လူသုံးကုန်ပစ္စည်းများ ‌ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးကြည့်ရှုပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ကုန်စည်များနှင့် ရက်လွန်ကုန်စည်များ ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါ သည်။

         ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်ရှိဆေးဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆေးဝါးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်စေမည့် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းမရှိသော ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများအား ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးတိုင်းတွင် ဆန်စပါး ဥပ‌ဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ( ၁၃.၃.၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးနှင့်တကွ စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းရုံးမှ ဝန်ထမ်းများ ၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊  တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးနှင့်ပတ်သက်သော အသင်း/အဖွဲ့များမှ တာဝန်ရှိသူများ ၊ စိုက်ပျိုး ထုတ်လုပ်သူများ တက်‌ရောက်ခဲ့ပါသည် ။ 

       ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲထားသော ဆန်စပါးဥပဒေ (မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူ အသီးသီးမှ ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ဝမ်းသာ ကြိုဆိုပါကြောင်း   ၊  ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝယ်ယူခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ပြည်တွင်းဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်း ကဏ္ဍများကို ဤဥပဒေဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရသည့်အတွက် တောင်သူ ၊ ပွဲစား ၊ စက်ပိုင် ၊ Exporter များ မျှမျှတတ အကျိုးအမြတ် ရရှိလာစေမှာဖြစ်ပါကြောင်းပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူးက ဥပဒေ(မူကြမ်း)ရေးဆွဲရခြင်းရည်ရွယ်ချက်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူးက ဥပဒေ(မူကြမ်း)ပါ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကာ တက်‌ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

 

ပဲခူးတိုင်းတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

      ၂၀၂၃ ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ပဲခူးမြို့တော်ခန်းမ၌ မတ်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်းဒသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှ(၃၅) ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်(၁၀) ဦး၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား(၁၀၉)ဦး၊ ကျောင်းသူ (၅၀)ဦး၊ စုစုပေါင်း (၂၀၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်တချို့၏ ဝိသမလောဘများကြောင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှု ၊ တရားမဝင်ကုန်ပစ္စည်းများ များပြားလာမှု ၊ တာဝန်ခံမှု ၊ တာဝန်ယူမှု အားနည်းသော ဝန်ဆောင်မှု များကြောင့် စားသုံးသူပြည်သူများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်မှုများ ရှိနေပါကြောင်း ၊ စားသုံးသူများ၏ ကဏ္ဍဖွံ့ဖြိုးဖို့ ဖော်ဆောင်ရာတွင် စွမ်းအင်ကဏ္ဍကလည်း အ‌ရေးကြီးသော  အခန်း ကဏ္ဍ တစ်ခုအနေဖြင့်  ပါဝင်နေပါကြောင်း ၊ စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုမှု များပြား လာခြင်းနှင့်အတူ သန့်ရှင်းသော စွမ်းအင်ကို အသွင် ကူးပြောင်းသုံးစွဲကြခြင်းဖြင့် စားသုံးသူကဏ္ဍကိုလည်း မြှင့်တင်ပေးရာ ရောက်သည့်အတွက် သန့်ရှင်းသော စွမ်းအင်ပြောင်းလဲသုံးစွဲခြင်းနှင့်အတူ သုံးစွဲကြသည့်စွမ်းအင်များ အလဟဿ မဖြစ်စေရေး အလေးထားသုံးစွဲကြဖို့ တိုက်တွန်း ပြောကြား ခဲ့ပါသည် ။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဝာာဝန်ခံများက power point များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်‌ရောက်လာသည့် ကျောင်သား/ကျောင်းသူများက ဉာဏ်စမ်းပဟေဋိများ ဖြေဆိုခဲ့ပြီး ဆုလက်ဆောင်များအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မတ်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရွာသူ/ရွာသား (၂၀၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

    ယင်းဟောပြောပွဲတွင် ဒု-ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ရွာသူ/ရွာသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့်သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသောအစားအစာနှင့် ထောက်ခံချက်မရှိသောအစားအစာများကို ပုံများနှင့်တကွဟောပြော၍ ရှင်းလင်းပြသခဲ့ပါသည်။

     ထို့သို့ရှင်းလင်းဆွေးနွေးပြီးနောက် ရွာသူ/ရွာသားများနှင့် အပြန်အလှန်ဆွေးနွေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ ယင်းနောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ဆပ်ပြာရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာရှိ “ဧဒင်” အမှတ်တံဆိပ်ဖြင့် ဆပ်ပြာထုတ်လုပ်သည့်လုပ်ငန်းနေရာသို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်က လုပ်ငန်းရှင်အားတွေ့ဆုံရာ ဆပ်ပြာလုပ်ငန်းအခြေအနေကိုမေးမြန်းရာ လုပ်ငန်းရှင်က “ဧဒင်” အမှတ်တံဆိပ်ဖြင့် ဆပ်ပြာရည်၊ ဆပ်ပြာ Cream လုပ်ငန်းအား တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ဆပ်ပြာရည် (၁) မျိုးနှင့် ဆပ်ပြာ Cream (၁) မျိုးထုတ်လုပ်ပါကြောင်း၊ တစ်ရက်ထုတ်လုပ်နိုင်မှုမှာ ဆပ်ပြာရည် (၁) လီတာနှင့် (၀.၅) လီတာ၊ ပေါင်း (၁၀၀) လီတာမှ (၁၅၀) လီတာထိ ထုတ်လုပ်ပါကြောင်း၊ ဆပ်ပြာရည် (၁) လီတာတစ်ဘူးလျှင် လက်လီ (၁၀၀၀) ကျပ်နှင့် လက်ကား (၉၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်း၊ ဆပ်ပြာရည် (၀.၅) လီတာအတွက် ဘူးခွံထုပ်ပိုးမှုသည် Tube Press ပုံစံဖြစ်၍ ကုန်ကြမ်းဘူးခွံတန်ဖိုးကြီးမြင့်သဖြင့် လက်လီ(၁)ဘူးလျှင် (၁၂၀၀) ကျပ်နှင့် လက်ကား(၁)ဘူးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်း၊ ဆပ်ပြာ Cream တစ်ရက်ထုတ်လုပ်မှုမှာ (၂၀) ဘူးမှ (၂၅) ဘူးထိထုတ်လုပ်ပြီး လက်လီတစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ လက်ကားတစ်ဘူးလျှင် (၁၃၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်းနှင့် လက်ရှိအချိန်တွင် အမ်းမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင်သာ ရောင်းချဖြန့်ဖြူးနိုင်ပါကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်က  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ပဲခူးတိုင်းတွင် စပါးခွံသုံး ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက် ( Gasifire Power Plant) တည်ဆောက်ရေး စီမံကိန်း ဆွေးနွေးပွဲကျင်းပပြုလုပ်

    ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့တော်ခန်းမ၌ (၉.၃.၂၀၂၃)ရက်နေ့ ၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် ဒေသအစီအစဉ်ဖြင့်ဆောင်ရွက်မည့် စပါးခွံလောင်စာသုံး ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက် ( Gasifire Power Plant ) တည်ဆောက်ရေး စီမံကိန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်း များကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဆောင်ရွက်သွားမည်ဟူသော ဦးတည်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ပဲခူးတိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိသော စပါးခွံများကိုလည်း အလေအလွင့်မရှိစေရေးနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက် Gasifire Power Plant တည်ဆောက်သုံးစွဲခြင်းဖြင့် လျှပ်စစ်ဓါတ်အားခများ သက်သာခြင်း၊ နိုင်ငံတော်ဓါတ်အားစနစ်ကို အထောက်အကူပြုခြင်း၊ နေ့ညမရွေး ဆန်စက်များ လည်ပတ်စေနိုင်ခြင်းကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်၍ Gasifire Power Plant များ တည်ဆောက်အသုံးပြုနိုင်ရေး တိုက်တွန်းပြောကြားခဲ့ပါသည် ။

    ပြီးနောက် တက်‌ရောက်လာသည့် လုပ်ငန်းရှင်(၃)ဦးက Gasifire Power Plant များ တည်ဆောက်အသုံးပြုနိုင်ရေး power point ဖြင့် တင်ပြဆွေးနွေးခဲ့ကာ သိလိုသူများက မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ ၊ ဆန်စက်လုပ်ငန်းရှင်များ တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ