Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ခရိုင်စားသုံးသူရေးရာမှ (၈.၃.၂၀၂၃) ရက်၊ နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသောဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား စည်ပင်၊ ထွေ /အုပ်နှင့် ကျန်းမာရေးဦးစီးဌာန တို့မှ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပြီး အဆိုပါဆေးဆိုင်များတွင် FDA ထောက်ခံချက် မပါရှိသည့် Parbisure ဆေးဝါးများရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် သီပေါ၊ နောင်ချိုမြို့များတွင်လည်း ဆေးဝါးအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        ထို့အပြင် ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များတွင် ထောက်ခံချက်မပါသည့် Parbisure ဆေးဝါးများ ရောင်းချနေမှုမရှိကြောင်း ခရိုင်စားသုံးသူရေးရာမှ စစ်ဆေးခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)

လွမ့်ခမ်း သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

    ၂၀၂၃ခုနှစ်၊ မတ်လ (၁၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ အမှတ် (၄)၊ ဆွန်လုံနောင်ကွမ်ရပ်ကွက်အတွင်းရှိ “လွမ့်ခမ်း” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေး စက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် “လွမ့်ခမ်း” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

     ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။    

DOCA(ရှမ်း)

 

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မတ်ပဲနှင့်ပဲတီစိမ်းများ ရိတ်သိမ်းပြီးစီးမှုနှင့် နွေစပါးအခြေအနေ

    တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်သူဦးကြီးများသည် အဓိကအားဖြင့် စပါးနှင့်မတ်ပဲကို အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ဖြူးမြို့နယ်တွင် မတ်ပဲစိုက်ဧကပေါင်း ၉၈၂၁၉ဧကစိုက်ပျိုးခဲ့ပြီး ဧကအားလုံးရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါသည်။ ပဲတီစိမ်းစိုက်ဧကအနေဖြင့်လည်း ၁၃၅၂၇ ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါသည်။

     ဖြူးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးလျှင် ယခင်က မတ်ပဲကိုသာ အဓိကထားစိုက်ပျိုးသော်လည်း ဖြူးချောင်းရေလှောင်တမံမှ တာဝန်ရှိလူကြီးများသည် ရေနုတ်မြောင်းများဖော်ဆောင်၍ စီမံကိန်းအလိုက် ရေပေးဝေကာ တောင်သူဦးကြီးများအား နွေစပါးစိုက်ပျိုးနိုင်အောင် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ဖြူးမြို့နယ်ရှိ ချောင်းများနှင့်နီးသော အချို့ကျေးရွာများတွင်မူ ရေစုပ်စက်များဖြင့် မိမိလယ်ကွက်အတွင်းသို့ရေတင်ကာ နွေစပါးစိုက်ပျိုးကြကြောင်းနှင့် ဖြူးချောင်းရေလှောင်တမံမှပေးဝေသော ရေနှုတ်မြောင်းများနှင့် အနီးစပ်ဆုံးရှိကျေးရွာများမှလည်း နွေစပါးကိုစိုက်ပျိုးကြပါသည်။

       စပါးဈေးနှုန်းဈေးကောင်းရရှိနေသာ ယခုကာလတွင် နွေစပါးစိုက်ပျိုးလိုသောတောင်သူဦးကြီးများ များပြားလျက်ရှိပါသည်။ ဖြူးချောင်းရေလှောင်တမံမှ တာဝန်ရှိလူကြီးများအနေဖြင့် ဖြူးတစ်မြို့နယ်လုံးရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းလည်း လေ့လာသိရှိခဲ့ရမှုအား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၄.၃.၂၀၂၃) ရက်နေ့ နေ့လည်(၁၃:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့် ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးက လပွတ္တာမြို့၊ အမှတ်(၅) ရပ်ကွက်၊ မုန့်မျိုးစုံရောင်းချနေသော ဆိုင်(၃)ဆိုင်မှပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက် များအရ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်စေရန် အသိပညာပေးကာ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိစေရန်တို့အပေါ် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ စက်မှုစီမံကိန်းအစည်းအဝေးခန်းမတွင် (၁၄.၃.၂၀၂၃)နေ့ ၊နံနက် (၀၉:၃၀) နာရီတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ မူပိုင်ခွင့်ဦးစီးဌာန ရုံးချုပ်(နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ညွှန်ကြားရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်နှင့် ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ အသင်းအဖွဲ့များ SME စီးပွားရေးလုပ်ငန်းရှင်များ CB Bank နှင့် AYA Bank မှ တာဝန်ရှိသူများ စုစုပေါင်း (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပါသည်၊၊ အခမ်းအနားတွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ခုနှစ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဌာန်းပြီးဖြစ်ကြောင်း အဆိုပါဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီ(၁)ရက်တွင် အာဏာသက်ဝင်မည်ဖြစ်ကြောင်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို စတင်အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခြင်း၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး  ဒေါက်တာစိမ့်သန္တာထွန်းက အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ အေးသီရိဝေက အမှတ်တံဆိပ်လျှောက်လွှာများနှင့်ပတ်သတ်၍ လည်းကောင်း ၊ CB Bank နှင့် AYA Bank မှ တာဝန်ရှိသူများက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အခကြေးငွေပေးသွင်းရေးဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

 

ပခုက္ကူမြို့အတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ တွဲဖက်တာဝန်ထမ်းဆောင်နေသော ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၁၄.၃.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)  နာရီအချိန်တွင် ပခုက္ကူမြို့၊ မြို့မဈေးနှင့် အမှတ်(၁၂)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်(၇)မျိုးအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိနှင့်  ရောင်းချလျက်ရှိသော ကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိတို့ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရပါမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။                                                

ခင်သူဇာ(ပခုက္ကူ)

ရေတာရှည်မြို့နယ်များရှိကျေးရွာများတွင် သဘာဝမြေဩဇာများပြုလုပ်၍အသုံးပြု

     တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့၊ ဆွာမြို့၊ သာဂရမြို့နှင့် မြို့လှမြို့များ၏ လမ်းဘေးဝဲယာကျေးရွာများတွင် တောင်သူဦးကြီးများက သဘာဝမြေဩဇာများပြုလုပ်၍ မိမိတို့စိုက်ခင်းများတွင် စတင်အသုံးပြုနေပြီဖြစ်ပါသည်။

       သဘာဝမြေဩဇာပြုလုပ်ရာတွင် (၁၀)ပေပတ်လည်၊ အနက်(၄)ပေ မြေကျင်းများတူး၍ ၎င်းကျင်းထဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စွန့်ပစ်အမှိုက်များတွင် သံတိုသံစနှင့် ပလတ်စတစ်ကဲ့သို့ အသုံးပြု၍မရနိုင်သောအမှိုက်များအား သန့်စင်ပြီး သစ်ပင်များမှထွက်သော သစ်ရွက်၊ သစ်ခက်များနှင့်ပေါင်းစပ်ကာ မြေကျင်းထဲသို့ ၁ပေခန့်ထည့်ပါသည်။ ထို့နောက် EM (Effective Microorganism) အကျိုးပြု အဏုဇီဝသက်ရှိအရည်နှင့် နွားချေး၊ ကြက်ချေး ၆လက်မခန့် တစ်ထပ်တင်ပေးရပါသည်။ ထိုနည်းအတိုင်း စွန့်ပစ်အမှိုက်၁ပေနှင့် EM အရည်အသင့်အတင့်အသုံးပြု၍ နွားချေး၊ ကြက်ချေးများနှင့်ရောစပ်ကာ ၆လက်မခန့် ၁ထပ်၊ စုစုပေါင်း ၃ထပ်ပြုလုပ်၍ မြေကျင်းအပေါ်တွင် ပလတ်စတစ်နှင့် လုံအောင်ဖုံးဖိကာ တစ်လခန့်ထားရကြောင်း သိရှိရပါသည်။

      သဘာဝမြေဩဇာပြုလုပ်ရာတွင် လိုအပ်သော EM အရည်အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ပေးဝေလျက်ရှိပါသည်။ သဘာဝမြေဩဇာပြုလုပ်ရာတွင် စနစ်တကျပြုလုပ်ပါက ၁လ ပြည့်လျှင် အသုံးပြု၍ရပါသည်။ တောင်သူဦးကြီးများအနေဖြင့် မိမိအသုံးပြုလိုသောစိုက်ခင်းများအား ဓာတ်မြေဩဇာ ၁ဆနှင့် သဘာဝမြေဩဇာ ၃ဆရောနှော၍ အသုံးပြုနိုင်ပါသည်။

     တောင်သူဦးကြီးများအနေဖြင့် မိမိစိုက်ခင်းများအား သွင်းအားစုထည့်သွင်းချိန်တွင် သဘာဝမြေဩဇာများအသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးကုန်ကျစရိတ်များသက်သာစေပြီး သီးနှံများလည်း ယခင်ထက် အထွက်နှုန်းများတိုးလာပါကြောင်းနှင့် ဓာတ်မြေဩဇာတစ်မျိုးတည်းသာ အသုံးပြုထားသော စိုက်ပျိုးသောမြေများ၏အချဉ်ဓာတ်၊ အငံဓာတ်များလည်း ပြန်လည်သင့်တင့်မျှတစေသော အကျိုးကျေးဇူးများရရှိပါကြောင်း လေ့လာသိရှိခဲ့ခြင်းအား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

                                                         

ဘီးလင်းမြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ဘီးလင်းမြို့နယ် တာဝန်ခံ တို့သည် ၁၄.၃.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘီးလင်းမြို့ အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

         ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင် (၉) ဆိုင်အား စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသော ဆေးဝါးများအား ရောင်းချခြင်း မပြုရန်နှင့် ထောက်ခံချက်မပါရှိသော ဆေးဝါးများ ရောင်းချနေခြင်းအား တွေ့ရှိရပါက သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မွန်)

ဓနုဖြူမြို့နယ် ရွှေလင်းယုန်ဆီစက်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်းခြင်း

    (၁၄.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ဓနုသင်္ခလမ်းရှိ ရွှေလင်းယုန်ဆီစက်လုပ်ငန်းသို့ စက်မှုကြီးကြပ်ဌာနနှင့်အတူ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆီစက်လုပ်ငန်းရှင် ဦးလှိုင်မျိုးဦးနှင့် တွေ့ဆုံ၍ ဆီကြိတ်ခွဲမှု လုပ်ငန်းအား ကြည့်ရှုခဲ့စစ်ဆေးခဲ့ပြီးနောက် တစ်ရက်လျှင် ဆီကြိတ်ခွဲမှုနှင့် ဆီထွက်ရှိမှုအခြေအနေ၊ မြေပဲကုန်ကြမ်း ဝယ်ယူမှုနှင့် မြေပဲဈေးနှုန်းအခြေအနေ၊ ထွက်ရှိလာသောဆီများကို ရောင်းဝယ်တင်ပို့မှု ဈေးကွက်၊ ဈေးနှုန်းအခြေအနေများကို မေးမြန်းခဲ့ပါသည်။ဆက်လက်၍ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအရ အမျိုးအစားအလိုက် သတ်မှတ်ချက်များဖော်ပြပါဝင်ရမည့် အချက်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၁၄.၃.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ကွန်မြူနတီခန်းမ၌ ကျင်းပပြုလုပ်သော အင်္ဂလိပ်စာ 4 Skills သင်တန်းနှင့် ပန်းချီသင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် (၂/၂၀၁၉)ညွှန်ကြားချက်အရ ကုန်စည်များတွင် ပါဝင်ရမည့်အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူများအား အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဌေးဌေး (တောင်တွင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ