Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်မြို့နယ်တွင် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁၆-၃-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိနှင့် တိုင်းရင်းဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်များအား ထောက်ခံချက်မရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်မပါရှိသော တိုင်းရင်းဆေးများရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တာဝန်ခံက မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

      (၁၇-၃-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့၊ သစ်စက်ရပ်ကွက်၊ မြနန္ဒာလမ်းရှိ မုန့်လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံက မုန့်လုပ်ငန်းရှင်အား မုန့်ပြုလုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ ခွင့်မပြုဆိုးဆေးများမသုံးစွဲရန်၊ ထုတ်ပိုးမှုစနစ်​​သေသပ်စေရန်၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ နောက်ဆုံးစားသုံးရမည့်ရက်စွဲ၊ ဆက်သွယ်ရန်လိပ်စာများကိုသိသာထင်ရှားစွာဖော်ပြရန်၊ စားသုံးရန်သင့်​ကြောင်းသက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိရန်လိုကြောင်း၊ မိမိထုတ်လုပ်ရောင်းချသောမုန့်သည် စားသုံးသူများအတွက် အရည်အသွေးမီအာမခံချက်ရှိဖို့ရန်လိုကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်ခဲ့

      (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ၁၉.၃.၂၀၂၃ ရက်နေ့ (၀၈:၀၀) ချိန်တွင် မော်လမြိုင်မြို့ ၊ မောရဝတီ ပန်းခြံ၌လည်းကောင်း၊ မွန်ပြည်နယ်နေ့ အခမ်းအနားကို (၁၀:၀၀) နာရီတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ လည်းကောင်း၊ ညစာစားပွဲကို (၁၈:၀၀) နာရီတွင် မော်လမြိုင်မြို့ ၊ မောရဝတီ ပန်းခြံ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားများသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အခမ်းအနားများတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တက်ရောက်လာသူများနှင့် ချစ်ခင်ရင်းနှီးစွာ ညစာစားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀)ရက် နံနက် (၉)နာရီခွဲ အချိန်က ကမ္ဘာစားသုံးသူအခွင့်အရေးများအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က  အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးမျာနေ့အထိမ်းအမှတ်အခမ်းအနားများ ကျင်းပနေမှုအခြေအနေများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းထားမှုအခြေအနေများ စသည်တို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

       (၁၇.၃.၂၀၂၃)ရက်နေ့တွင် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ် ဖလား၊ အသက် (၁၆) နှစ်အောက်၊ (၁၀) မြို့နယ်အသင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ မွန်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ်ဘောလုံးအသင်း အောင်မြင်မှု ရရှိစေရန်၊ မြန်မာ့လက်ရွေးစင်ဘောလုံးအားကစားသမားများကို ပြည်နယ်မှ မွေးထုတ်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ထူးချွန်ပြီး အရည်အချင်းပြည့်မီသည့် အားကစားသမားများကို လက်ရွေးစင်ရွေးချယ်ပြီး စနစ်တကျ စုစည်းလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများ၊ ခရိုင်/မြို့နယ်ဘောလုံးပြိုင်ပွဲများကို စနစ်တကျ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ပြိုင်ပွဲဝင်ဘောလုံးအသင်းများအနေဖြင့် အားကစားသမား ကောင်းပီသစွာ ဇွဲ၊ စိတ်ဓာတ် အရင်းခံပြီး ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ မွန်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်အားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

        ထို့နောက် ပေါင်မြို့နယ်အသင်းနှင့် ရေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခြင်းကို အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

 

ဘီးလင်းမြို့နယ်တွင် ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  (၂၀.၃.၂၀၂၃)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

        ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးမျိုးမျိုးစံ (ဦးစီးအရာရှိ)က  ကမ္ဘာ့စားသုံးအခွင့်အရေးများနေ့  အကြောင်းသိလိုသည်များ  မေးမြန်းဆွေးနွေး၍ 

    စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေမှု အခြေအနေများကို ဖြေကြားဆွေးနွေးပြီးနောက် ဦးညီလွင်အေး(ဒု-ဦးစီးမှူး)က အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းထားမှုအခြေအနေများစသည်တို့ကို   ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ပင်စင်ဦးစီးဌာနရုံးမှ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

     (၁၇.၃.၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့ ၊ ပင်စင်ဦးစီးဌာနရုံးမှ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဟောပြောဆွေးနွေးရာတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစာရာများ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ စားသုံးသူနစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်အခြေအနေ၊ တိုင်ကြားနိုင်သည့်နေရာ၊ ဖုန်းနံပါတ်၊ Call Center ၊ Website အမည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

  ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်‌ဆေးရေးအရာရှိ ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်အတူပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊    နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃)ရပ်ကွက်ရှိ “မိုးကောင်းကင်”စတိုးဆိုင်တွင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၃၅)မျိုးအား ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင်  အဆိုပါဆိုင်တွင် သုံးစွဲရန်မသင့်သော ယင်းအလှကုန်ပစ္စည်းများအား ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

                            

တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းမှသည် မြေဩဇာဆီသို့

     မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် သီးနှံစိုက်ပျိုးရာတွင် မြေဩဇာများကို ထည့်သွင်းအသုံးပြုကြပါသည်။ ယခု(၂၀၂၃)ခုနှစ်မှာတော့ ယခင်နှစ်များထက် မြေဩဇာဈေးနှုန်းများကြီးမြင့်နေသည့်အတွက် တောင်သူများအနေဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းများရှိသလို အချို့မှာ ယခင်နှစ်များထက်သုံးစွဲနိုင်မှုမရှိကြောင်း သိရှိရပါသည်။ တောင်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် သဘာဝမြေဩဇာများ အသုံးပြုခြင်းသည် တောင်သူများအတွက် အကျိုးရှိပြီး စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ပါသည်။

       တောင်သူများအနေဖြင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများအား စနစ်တကျသိမ်းဆည်း၍ သဘာဝ မြေဩဇာအဖြစ် အသုံးပြုနိုင်ပါသည်။ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းအဖြစ် နွားချေးကို အသုံးပြုလျှင် တောင်သူများအနေဖြင့် ပိုမိုလွယ်ကူပါသည်။ နွားချေးများသိုလှောင်ရန်အတွက် အကျယ် (၁၀)ပေ  ပတ်လည်ရှိသည့် ရေမဝပ်သည့် မြေနေရာတစ်ခုကိုရွေးချယ်၍ ပတ်ပတ်လည်တွင် (၆)လက်မ အနက်၊ (၆)လက်မအကျယ် ရေနုတ်မြောင်းတူးရပါသည်။ အပူပိုင်းဒေသတွင် ၂ × ၁၀ × ၁၀ ကျင်းတိမ်တူး၍ သုံးနိုင်ပါသည်။ နေဒဏ်၊ မိုးဒဏ်မှကာကွယ်ရန်အတွက် ယာယီအမိုးငယ်တစ် ခု ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ မိုးမများလွန်းပါက အရိပ်ကောင်းသော သစ်ပင်ရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။

     နွားချေးမြေဩဇာပြုလုပ်ပါက နွားတင်းကုပ်မြေပြင်ပေါ်တွင် အမှိုက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက်၊ ကောက်မှော်ရရာခင်း၍ နွားများသိပ်ပေးရပါသည်။ တင်ကုပ်သန့်ရှင်းစဉ် နွားမစင်၊ ကျင်ငယ်ရည်တို့ ရောနှောနေသော အမှိုက်များနှင့် မြေသားတို့ကိုစုဆောင်း၍ သိုလှောင် မည့်နေရာပေါ်တွင် (၆)လက်မထုခန့်ရှိ အလွှာအဖြစ်ဖြန့်ပေးပြီး အပေါ်မှ ထုံးမှုန့်၊ စားဖိုပြာ၊ စပါးခွံပြာများကို ပါးပါးဖြေပေးရပါမည်။ တီစူပါ၊ ကျောက်မှုန့်၊ လချေးမှုန့် ရရာကို နို့ဆီဘူး တစ်ဘူးခန့် ပါးပါးဖြူးထည့်ပေးနိုင်ပါက ပိုမိုကောင်းမွန်ကြောင်းသိရှိရပါသည်။

      အထက်ပါနည်းအတိုင်း နွားချေးများကို နှစ်ပတ်လည်စုဆောင်းသွားနိုင်ပါသည်။ စုဆောင်း၍ ထုထည်ကြီးလာပါက ပြိုကျမသွားစေရန်အတွက် ပတ်ပတ်လည်မှ ယာယီအကာအရံများ ပြု လုပ်ပေးနိုင်ပါသည်။ အပေါ်ဆုံးမှ အမှိုက်၊ သစ်ရွက်ခြောက်၊ ထန်းရွက်ခြောက်၊ကျူဖျာ၊ ဝါးထရံ တို့ဖြင့် လုံအောင်ပြုလုပ်ပေးပါက အစိုဓါတ်နှင့် အာဟာရဆုံးရှုံးမှုများလျော့နည်း သွားမည်ဖြစ်ပါ သည်။ ကောင်းမွန်စွာဆွေးမြေ့သော နွားချေးများကို သာ မြေဩဇာအဖြစ်အသုံးပြုရန်လိုအပ်ပါသည်။

     နွားချေးမြေဩဇာများကို တစ်ဧကလျှင် နွားလှည်း (၅-၁၀)စီးခန့်အား မြေပြုပြင်ချိန်တွင် ထည့်သွင်းအသုံးပြုရမည်ဖြစ်ပြီး ထည့်ပြီးပါက ချက်ချင်းမြေဖြင့် ဖုံးအပ်ပေးထားရန် လိုအပ်ကြောင်း သိရှိရပါသည်။ စနစ်တကျ သိုလှောင်ထားရှိသော နွားချေးဆွေးမြေဩဇာတွင် အပင်အဓိက အာဟာရဓါတ်စာများအပြင် သစ်ဆွေးဓါတ်များပါဝင်ပြီး အဆိုပါဓါတ်များပါဝင်မှုကြောင့် မြေဆီလွှာ ၏ရုပ်ဂုဏ်သတ္တိကို ပိုမိုကောင်းမွန်စေပြီး စေးသောမြေကို ပွရွစေခြင်း၊ သဲဆန်သော မြေကိုစေးကပ် လာစေခြင်း၊ အစိုဓါတ်ထိန်းသိမ်းမှုကောင်းခြင်း၊ အပူအအေးမျှတစေခြင်းနှင့် အာဟာရဓါတ်များကို ကာလတာရှည်စွာ ထုတ်ပေးနိုင်သည့်အကျိုးကျေးဇူးများစွာရရှိပါကြောင်း သိရှိပါသည်။

     ကျေးလက်ဒေသများတွင် လွယ်ကူစွာရရှိနိုင်သော တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ မြေဩဇာများစနစ်တကျ သိုလှောင်ထားရှိနည်းကို လေ့လာသိရှိခဲ့ရသည်အား တောင်သူများ စနစ်တကျ သိုလှောင်ထားနိုင်စေရန် ရည်ရွယ်၍ ပြန်လည်မျှဝေလိုက်ရပါသည်။

DOCA(ပဲခူး)

 

မအူပင်ဆီလုပ်ငန်းများအား အသိပညာပေးဟောပြောခြင်း

     (၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ မအူပင်ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မအူပင်ဆီလုပ်ငန်းရှင်များအား ဖိတ်ကြားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

   အဆိုပါဟောပြောပွဲတွင်  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်  စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီ စသည်ဖြင့် အမျိုးအမည်ကို  မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းအသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက်း ပြည်ပမှ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင် လုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဌာန၏လမ်းညွှန်ချက် များကို သိရှိလိုက်နာဆောင်ရွက်မှုရှိစေရန် ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများအား ဆောင်ရွက်လျက်ရှိပြီး၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကာ ဆီလုပ်ငန်းရှင်များ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပြီး အဆိုပါဟောပြောပွဲသို့ လုပ်ငန်းရှင် (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ