Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့ပေါ်ရှိ Super Market များတွင် စားဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၉.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် Ocean Super Center, K-Mart နှင့် ဝံဈေးတို့၌ စားဆီအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)တွင်ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပုဇွန်နှစ်ကောင်တံဆိပ်စားအုန်းဆီ၊ မြေပဲဆီအမျိုးမျိုး၊ Cook တံဆိပ်နေကြာဆီတို့အား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)

မြိတ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်း‌ကျောင်းတွင် ဟောပြောပွဲပြုလုပ်

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ဖြင့် အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ အ ကြောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါဟောပြောပွဲတွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မိုးရာသီ အတွင်းဖြစ်ပေါ်လေ့ရှိသော ရောဂါများအကြောင်း၊ ရောဂါဖြစ်ပေါ်လာပါက အခြေအနေပေါ်မူတည်ပြီး ဆေးရုံ/ဆေးခန်းသွားရောက်ရန်အဆင့်များ၊ မိုးရာသီသွေးလွန်တုတ်ကွေးမဖြစ်ပေါ်စေရန် ကာကွယ်ရမည့်နည်းလမ်းများအကြောင်းပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူပြည်သူတိုင်းသည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ စားသုံးသူ နစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့  တိုင်ကြားနိုင်ကြောင်း၊ ထုတ်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရခြင်းအကြောင်း၊ အစားအစာစားသောက်ရာတွင် လိုက်နာသင့်သည့်အချက်များအား ပြောကြားခဲ့ပြီး ‌အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။ ဟောပြောပွဲကို ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀၀)ခန့် တက်ရောက်ခဲ့ပြီး ကျောင်းမုန့်စျေးတန်းတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြမပါရှိသောမုန့်နှင့် သက်တမ်းလွန်မုန့်များ ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မအူပင် ဆန်ကုန်သည်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်များ နေ့စဉ် ရောင်းချပေး

     ဧရာဝတီတိုင်း၊မအူပင်ခရိုင် မအူပင်မြို့ မြို့နယ် နယ်မြေမီးသတ်စခန်း ရုံးအရှေ့ ကမ်းနားလမ်း၊အမှတ် ()ရပ်ကွက်တွင် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဧည့်မထ ဆန်များကို နေ့စဉ် တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များ နေ့စဉ်ရောင်ချပေးလျက်ရှိကြောင်း သိရသည်။

    မအူပင်ခရိုင်၊ မအူပင်မြို့ မြို့နယ် နယ်မြေမီးသတ်စခန်း ရုံးအရှေ့၊ အခွန်လွတ်ဈေးနှင့် မင်္ဂလာဈေးရုံအနီးတွင် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းတို့က နေ့စဉ် တနင်္ဂနွေမှလွဲ၍ ကျန်သောနေ့ ၆ရက်ကို  ပြည်သူတစ်ဦးလျှင် (၂)ပြည်၊ (၃)ပြည် နှုန်း ဧည့်မထဆန်(၃၀၀၀) ကျပ်ဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ရန် ဈေးသွား ဈေးလာနှင့် ကျေးရွာမှဈေးဝယ်လာသူပြည်သူများကို နေ့စဉ်ရောင်းချပေးလျှက်ရှိကြောင်းနှင့် ပေါ်ဆန်း ဆန်နှင့် အခြားသော ဆန်များကိုလည်း ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လိုအပ်သောအချိန်၌ တန်းစီရန်မလိုပဲ သွားရောက်ဝယ်ယူနိုင်ကြောင်း စိစစ်ကြပ်မတ်ဆောင်ရွက်ပေးထားပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာများသို့လည်း လှည့်လည်၍ သွားရောက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို  ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် ဆန်ကုန်သည်အသင်းတို့ထံမှ (၈.၇.၂၀၂၄)နေ့က သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူ ဆန်လက်လီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

   ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မြို့နယ်၌ ၈.၇.၂၀၂၄ ရက်နေ့နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ပူးပေါင်းအဖွဲ့ဖြင့် လက်လီ လက်ကားဆန်ဆိုင် (၁၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ရောင်းချသူ ဆန်လက်လီ/ လက်ကားလုပ်ငန်းရှင်များကို ဓနုဖြူမြို့နယ်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရေး ဆန်ဆိုင်များက ဆန်ဝယ်ယူမှုအခြေအနေနှင့် ဆန်ရောင်းချမှုအခြေအနေတို့ကို မေးမြန်းခဲ့ပြီး လုပ်ငန်းရှင်များက မိမိတို့ ဆန်ဆိုင်တွင်ပဲ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသော သတ်မှတ်ရည် ညွှန်းဈေးအပေါ် သယ်ယူခ၊လုပ်သားခ ပေါင်း၍ အနည်းဆုံးသက်သောသောဈေးဖြင့် ရောင်းချရန်၊ တန်းစီဝယ်ယူခြင်းထက် ပုံမှန်ဆိုင်တွင်လိုအပ်သောအချိန်၌ ဝယ်ယူနိုင်ရန်ကို စီစဉ်ဆောင်ရွက်ကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ဆန်ကို သိုလှောင်ထားခြင်းမပြုလုပ်ရန်၊ လုပ်ငန်းရှင်အား အသိပေးပြောကြားခဲ့သည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဆန်ရောင်းချသူများ၏ ဆန်တနေ့ရောင်းချနိုင်မှုပမာဏ၊ ဆန်ဝယ်ယူမှု ဒေသနှင့် နေရပ်လိပ်စာ၊ လက်ရှိဆန်ရောင်းချမှုနှင့် သိုလှောင်ထားမှုလက်ကျန် အိတ်အရေအတွက်၊ ဆန်အမျိုး အစား အလိုက်ဈေးနှုန်း လုပ်ငန်းလိုင်စင်များ၊ ဆန်အမျိုးအစားစစ်မှန်စေရေးနှင့် ဆန်အလေးချိန် ပြည်/ တင်း/၂၄ပြည်အိတ်၊ ၁၂ပြည်အိတ်၊ ၃ပြည်အိတ်များကို ပြည့်ဝစွာချိန်တွယ်ရောင်းချမှုကို စုံစမ်းစစ်ဆေး ကြည့်ရှုဆောင်ရွက်ခဲ့ကြပြီး စျေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန်တို့ကို သတိပေးမှာကြားခဲ့ပြီး၊ ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့မှအသွင်ယူစစ်ဆေးသည့်အခါ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူနိုင်သည့် အကြောင်းကို အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်း ဆန်လက်လီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

    ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၈.၇.၂၀၂၄ နေ့နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် လက်လီလက်ကား ဆန်ဆိုင် (၁၀)အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရောင်းချသူ ဆန်လက်လီ/ လက်ကားလုပ်ငန်းရှင်များကို စားသုံးသူ ပြည်သူများအနေဖြင့် သင့်တင့်မျှတသော စျေးနှုန်းဖြင့် အခြေခံစားသုံးကုန်များ ဝယ်ယူစားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သတ်မှတ်သော သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း အခြေခံစားသုံးကုန် ဆန်များကို စျေးကွက်အတွင်းရှိ လက်လီလက်ကားဆန်ဆိုင်များက လိုက်နာဆောင်ရွက် ရောင်းချပေးကြရန်နှင့်  မြန်မာနိုင်ငံဆန်စပါး အသင်း၏ သတ်မှတ်ဈေး အတိုင်းရောင်းချမှု ရှိ/မရှိကို တာဝန်ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့နှင့်အတူ  ဆန်စျေးနှုန်းများ စုံစမ်းစစ်ဆေးကာ ကွင်းဆင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

   ထိုပူးပေါင်းအဖွဲ့က ဆန်ရောင်းချသူများ၏ လုပ်ငန်းလိုင်စင်များ၊ ဆန်သိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်အမျိုးအစားအလိုက် ရောင်းချလျက်ရှိသော စျေးနှုန်းများ၊ ဆန်အမျိုးအစားစစ်မှန်စေရေးနှင့် တစ်နေ့တာ ပျှမ်းမျှရောင်းချမှုပမာဏအခြေအနေများကို စုံစမ်းစစ်ဆေးကြည့်ရှုဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ထားသည့် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ရောင်းချ​ကြရေးနှင့် စျေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန်တို့ကို သတိပေးမှာကြားခဲ့ပြီး၊ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်းလည်း အရေးယူဆောင်ရွက်နိုင်ကြောင်းကို အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် အခွန်လွတ်ဈေး၌ သက်သာသောဈေးနှုန်းဖြင့် ဆန်/ဆီရောင်းချမှုအား ကြီးကြပ်ခဲ့

    ၆.၇.၂၀၂၄ ရက်နေ့နှင့် ၇.၇.၂၀၂၄ ရက်နေ့တို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အခွန်လွတ်ဈေး၌ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများ ရောင်းချမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

     ထိုသို့ ဆောင်ရွက်ရာတွင် ဆန်နှင့်ဆီများအား ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး၊ ပြည်သူများမှလည်း စနစ်တကျတန်းစီဝယ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ အဆိုပါနေ့၌ စားအုန်းဆီ တစ်ပိဿာလျှင် (၆၀၅၅) ကျပ်၊ ဧည့်မထဆန် (၁) ပြည်လျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရာ ဆီ (၁၂၀၀) ပိဿာနှင့် ဆန် (၁၀၀) အိတ် ရောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့၌ လက်ရက်ကန်း ခြောက်လသင်တန်း ဒုတိယအကြိမ်စတင်ဖွင့်လှစ်

   မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း ခြောက်လသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

     အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားရေးနှင့် (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ၊ သဘာဝဆိုးဆေးကို အခြေခံ၍ အဝတ်အထည် အသုံးအဆောင်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရန်၊ ရက်ကန်းလုပ်ငန်းများ ကျွမ်းကျင်စွာ တတ်မြောက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးပွားလာစေရန်နှင့် ယင်းလုပ်ငန်းများ လိုအပ်သော နည်းပညာ အထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ရန်အတွက် လက်ရက်ကန်းသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ပြောသည်။

    အဆိုပါ လက်ရက်ကန်းခြောက်လသင်တန်းတွင် နည်းပြဆရာမ (၃) ဦးတို့မှ အထည်ခွဲ စိတ်လေ့လာခြင်း၊ အဖြူချွတ်ဆေးဆိုး၊ အထည်ဒီဇိုင်း၊ လက်ချည်မျှင်ဆွဲ၊ ရိုးရာဂျပ်ခုတ် ဘာသာရပ်များနှင့် စက်ချုပ်၊ ဖဲနှပ်ကောက် စသည့်ပညာရပ်တို့ကို သင်ကြားပေးသွားမည် ဖြစ်ရာ သင်တန်းသား (၁၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

 

မုဒုံမြို့နယ် ကော့ခလွယ် အခြေခံပညာမူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

   ၅.၇.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြိုနယ် တာဝန်ခံသည် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုဒုံမြို့နယ် ကော့ခလွယ်၊ အခြေခံပညာမူ/လွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေးနွးပွဲတွင် မုဒုံမြို့နယ် အခြေခံပညာ မူ/လွန်ကျောင်း ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှလည်း ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ဥပဒေပါ ပြဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ဟောပြောဆွေးနွေးပြီး နံရံကပ်စာစောင်များ ပြသခြင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၂၅)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။

DOCA(မွန်)

 

မွန်ပြည်နယ်ဝန်ကြီးချုပ် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲတက်ရောက်

   မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် မျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခြင်း၊ မိုးစပါးများ စိုက်စနစ်မှန်ကန်ရေးအတွက် Drum Seeder ၊ လက်ဆွဲကောက်စိုက်စက်နှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ၅.၇.၂၀၂၄ ရက်နေ့က ဝက်တဲကျေးရွာ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

     ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ ကြဲခင်းစနစ် စိုက်ပျိုးခြင်းထက် စက်ကိရိယာများ ပိုမို အသုံးပြုစိုက်ပျိုးနိုင်ရန်၊ တောင်သူများ မျိုးစေ့ကုန်ကျမှုသက်သာပြီး အလေအလွင့် မရှိစေရန်နှင့် အချိန်လုပ်အားခ လျော့ချနိုင်ရန် ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တစ်ခုလုံးအတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder (၅၈၀) လက်ကို ထောက်ပံ့ ပေးအပ်ခဲ့ရာ မုဒုံမြို့နယ်အနေဖြင့် (၆၀)လက်ကို တောင်သူများထံ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး သီးနှံအထွက်နှုန်း အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးစေရန်အတွက် တာဝန်ရှိသူများမှ အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို တောင်သူများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

   ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မုဒုံမြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ချကိရိယာများကို အကျိုးဆောင်တောင်သူများထံပေးအပ်ခဲ့ပြီး လက်စွဲကောက်စိုက်စက်နှင့် ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးကာ တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

ပြည်နယ်ဦးစီးမှူးသည် ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး

    ၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ဆန်ကုန်သည်များနှင့် တွေ့ဆုံ၍ ဆန်များအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက ဆန်ကုန်သည်များအား စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှသတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း လိုက်နာရောင်းချကြရန်နှင့် ကွာဟမှုမရှိသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ