Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

     ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်ဦးစီးမှူးသည် ၁၂.၉.၂၀၂၂ ရက်နေ့ ၊  နံနက် (၁၀) နာရီတွင် အ.ထ.က (၁) ကျောင်း အောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော အသိပညာပေးဟောပြောပွဲသို့ တက်ရောက်‌‌ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အ.ထ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဉမ္မာက အဖွင့် အမှာစကားပြောကြားပါသည်။ ထို့နောက် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဉက္ကဌ ဒေါ်သင်းသင်းခိုင်က ကျောင်းသား/ကျောင်းသူများအား အကျင့် စာရိတ္တ ကောင်းမွန်စွာ နေထိုင်ကြရန် အသိပညာပေးဟောပြောပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ (ဒိုက်ဦး) ဒုရဲအုပ် ဇော်မင်းထက်က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး  အသိပညာပေး ဟောပြောခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက် အောင် က ကျောင်းသား/ ကျောင်းသူများအား စာဖတ်ကြရန် အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များအား အသိပညာပေးရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အခမ်းအနားသို့ ဆရာ/ ဆရာမ ၂၄ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၃၀၀ ဦးခန့် တက်ရောက်ကြကြောင်း သိရှိရပါသည်။       

DOCA(ပဲခူး)

                  

ညောင်လေးပင်ခရိုင်အတွင်း စားအုန်းဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်အလိုက် စားအုန်းဆီလုပ်ငန်းရှင်များနှင့် (၇.၉.၂၀၂၂) ရက်နေ့တွင် ညောင်လေးပင်ခရိုင် ၊  စားသုံးသူရေးရာဦးစီးဌာန ရုံးခန်းမအတွင်း နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ညောင်လေးပင် ခရိုင်ဦးစီးမှူးမှ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ စီးပွားရေး လုပ်ငန်းရှင် (၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီခွဲတမ်းရရှိသည့်အခါ ခရိုင်ဦးစီးမှူးအား သတင်းပေးပို့သွားရန်နှင့် စားအုန်းဆီရရှိသည့် ခွဲတမ်း အပေါ် မူတည်၍ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပေါင်းထည့်၍ ၂% အမြတ်ထပ်ပိုမို၍ ရောင်း ချခြင်းမပြုရန် ဆီလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် အခါတွင် လည်း လက်ကားဝယ်ယူသွားသူများကိုလည်း အသိပေးသွားရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်သွားမည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ပါကြောင်း၊ စားအုန်းဆီ ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များမှလည်း အထက်ဖော်ပြပါအကြောင်းအရာများအား သိရှိလိုက်နာ‌ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့နယ်တွင် စားသုံးသူပြည်သူများ အဆင်ပြေစေရန် ဆီ ၅၀ ကျပ်သားလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

     ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ (၈.၉.၂၀၂၂) ရက်နေ့၊  နေ့လည်က စားသုံးသူပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆီ ၅၀ ကျပ်သားလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် ဆီကုန်သည် ဦးအောင်လွင်ဆိုင်၌ လူတစ်ဦးလျှင် ဆီ (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျှက်    ရှိကြောင်း သိရှိရ ပါသည်။

    ဒိုက်ဦးမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသုံးဆီများ လိုက်လံ ရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများ ၊ ဌာန ဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒေသတွင်း လက်လီ/လက်ကားသာအရောင်းအဝယ်ရှိနေတဲ့ပြည်ချင်းနှင့် ပြည်မန်ကျည်းမှည့်

    ပွဲရုံများသို့ အောင်ပန်းချင်းတက်များ ပုံမှန်အဝင်ရှိနေသော်လည်း အရောင်းအဝယ်မှာ ဒေသတွင်း လက်လီ/လက်ကားသမားတို့ဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ချင်းကို နယ်ဘက်မှ ဝယ်ယူမှု နည်းနေသော်လည်း ဈေးမှာ ယခင်အတိုင်း ပုံမှန်ဖြစ်လျှက်ရှိပါသည်။ ချင်းလှီး သမားတို့ ပုံမှန် အဝယ်ရှိနေသောကြောင့် အရောင်းအဝယ် အနည်းငယ်သာဖြစ်နေပါသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာလျှင် (ပွဲရုံဈေး) ၁၄၀၀-၁၅၀၀ကျပ်၊ အိတ်စွဲဈေးဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၃၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျှက်ရှိနေပါသည်။

    ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် ဒေသထွက်မန်ကျည်းမှည့်များဝင်ရောက်မှုမရှိတော့ပဲ လှောင် မန်ကျည်းမှည့်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရပါသည်။ လက်ကျန် မန်ကျည်း မှည့်ကို ဒေသတွင်း လက်လီအရောင်းသမားများသာ အဝယ်ရှိနေသည်။ ယခု စက်တင်ဘာ ပထမ ပတ်တွင် မန်ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် လက်လီဈေးတစ်ပိဿာလျှင် ၄၅၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိနေသည်။

DOCA(ပဲခူး)

ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို        (၁၄-၉-၂၀၂၂) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမ ကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက် လာပုံ၊ ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများ အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမများ အနေဖြင့် သိလိုသည် များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေး မေးမြန်းခြင်းမရှိပါသဖြင့် ဟောပြော ပွဲအား (၁၀း၄၅)နာရီ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

မအူပင်မြို့ရှိ လင်းတာရာစတိုးဆိုင်တွင် ရောင်းချနေသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၁၂.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မအူပင်မြို့ (၇)လမ်း အမှတ်(၄) ရပ်ကွက်ရှိ လင်းတာရာစတိုးဆိုင်တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့် ညီညွှတ်စေမည့် ကုန်စည်များသုးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်စည်များကို အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ နစ်နာမှုမရှိစေရန်အတွက် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပြီး လင်းတာရာစတိုးတွင် ရောင်းချသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါရှိသော ကုန်စည်များအား စစ်ဆေးတွေ့ရှိခဲ့ ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ လင်းတာရာစတိုး ဆိုင်ရှင် အား စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များ၊ အခန်း(၁၅)ပါ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုအချက်အလက်များ၊ အခန်း(၁၇)ပါ  ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုအချက်များ၊ အခန်း(၁၈) ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များအကြောင်း၊ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိ စေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူထိခိုက်မှုရှိလာပါက တာဝန်ယူဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ပြီး အာမခံမှုနှင့် အညီဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ နစ်နာဆုံးရှုံမှုအတွက် အရေးဆိုတိုင်ကြားနိုင်ပြီး စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲမှု နည်းလမ်းအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း  အသေးစိတ်ရှင်းလင်းဆွေးနွေး  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အခြေခံစားသောက်ကုန်များ  ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

       ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် (၁၂.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြောင်းမြမြို့ပေါ်နှင့် မြို့ဝန်းကျင်ရပ်ကွက် များမှ ဆင်းရဲနွမ်းပါးသူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ပါသည်။

       ထိုသို့ရောင်းချပေးခဲ့ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့ပေါ်နှင့် မြို့ဝန်း ကျင်ရှိ ဆင်းရဲနွမ်းပါးသူ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်၊ တစ်ပြည်လျှင်(၁၀၀၀)ကျပ်၊ ဆီ(၅၀) သားတစ်ဘူးလျှင်(၂၅၀၀)ကျပ်၊ ကြက်ဥ(၅)လုံးနှင့် အိုင်အိုဒင်းဆား(၁)ထုတ်လျှင်(၁၀၀၀)ကျပ်နှုန်း ဖြင့်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူးသည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီနှင့်အတူ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍  စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     အဆိုပါဆေးဝါးဆိုင်များအား စစ်ဆေးရာတွင် စံမမီဆေးဝါးများနှင့်တားမြစ်ထားသောတရားမဝင်ဆေးဝါးများရောင်းချခြင်းမရှိကြောင်းစိစစ်တွေ့ရှိရသည်။ Mask ၊  Hand  Gel ( လက်သန့်ဆေး ရည်) ၊ လက်အိတ်၊ အရက်ပြန်စသည့်ဆေးဝါး ဆက်စပ်ပစ္စည်းဈေးနှုန်းများ၊ ကိုဗစ်-၁၉ဆေးဝါး(၃၈) မျိုးအရောင်းဈေးနှုန်းများစစ်ဆေးခဲ့ပြီး ဈေးနှုန်းမမြင့်မာရေး၊ ဆေးဝါးသိုလှောင်ထားရှိမှုမရှိစေရေး  ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များကိုရှင်းလင်းခြင်း၊ ၂/၂၀၁၉ အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား များပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင််ရွက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေး

     ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ်ဆန်စက်၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များ အသင်းတို့ကူညီမှုဖြင့် မြို့နယ်အတွင်းရှိ  အခြေခံပြည်သူများအား စက်တင်ဘာလ( ၁၂ ) ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်က အမှတ်(၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဝင်းတွင် သက်သာချောင်ချိရေး အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးအား ရောင်းချပေးလျက်ရှိသည်။

      အဆိုပါပြည်သူများအား သက်သာချောင်ချိရေးဆန်၊ ဆီ၊ ကြက်ဉ ၊ ကြက်သွန်နီ၊ ချဉ်ပေါင် ရွက်နှင့် ရုံးပဒေသီးများအား ရောင်းချပေးရာတွင် ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး 

ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆန်စက်/ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများက ပြည်သူများအား သက်သာချောင်ချိရေး ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဉ(၅)လုံး၊ကြက်သွန်နီ (၂၀)ကျပ်သား၊ ချဉ်ပေါင်(၁)စည်း၊ ရုံးပဒေသီး(၁၀)တောင့် စုစုပေါင်း ပစ္စည်း(၅)မျိုးအား(၅၅၀၀)ကျပ် သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိသည်။ ဖျာပုံမြို့နယ်ဆန်စက်/ ဆန်ကုန်သည်အသင်း အနေဖြင့် နေ့စဉ် အချွန်ဆန်အိတ်(၃၀)၊ ဆန်တစ်ပြည်(၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့မှ အခါအားလျော်စွာနေ့ရက်အလိုက် စားအုန်းဆီများကို သက်သာ သောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရုံးအမှတ် (၅၂) ၌ ကျင်းပပြုလုပ်သော “စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း‌ ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း စုံစမ်းစစ်ဆေးခြင်း၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ပြည်သူများသို့ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာမျှဝေခြင်းတို့ ဆောင်ရွက်ရာတွင် စကားပြောစွမ်းရည် ကောင်းမွန်ရန် အရေးကြီးသည့်အတွက် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းသည် ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရန် အထောက်အကူပြုသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးအတွက်သာမက အနာဂတ်တွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက်ပါ တိုးချဲ့ ဆောင်ရွက်ရမည်ဖြစ်ရာ တစ်ဦးချင်းစွမ်းရည်ကို မြှင့်တင်တိုးတက်အောင် ဆောင်ရွက်၍ အဆင် သင့်ဖြစ်အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို သုံးသပ်တင်ပြ၍ ဝန်ကြီးဌာန ၆ လပတ်ညှိနှိုင်းအစည်းအဝေးတွင် ပြန်လည် သုံးသပ်လမ်းညွှန်ထားပြီးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်ရမည့် ဝန်ကြီးဌာနဖြစ်ရာ ဝန်ထမ်းများ တစ်ဦးချင်း သည် မိမိတို့ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လတ်တလောအတွက်သာမက အနာဂတ် အတွက်ပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကိုဗစ် ၁၉ ကာလနောက်ပိုင်း တွင် Digital Platform များဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ဆိုင် ရာ Technical Skills များသာမက Digital Skills များ တိုးတက်စေရန်အတွက် လေ့လာဖြည့်ဆည်း ထားရန် လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲ အစီအစဉ်သည် Technical Skills မြှင့်တင်ခြင်းဖြစ်သည့် အတွက် ပြိုင်ပွဲဝင်များအနေဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့ဌာနသည် အနာဂတ်ကာလတွင် အရေးပါ သည့်အတွက် ကဏ္ဍအလိုက်လုပ်ငန်းများကို ကြိုးပမ်းလျက်ရှိကြောင်း၊ Technical Skills နှင့် Digital Skills များကို မြှင့်တင်နိုင်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အစီအမံများဖြင့် ဆောင် ရွက်လျက်ရှိကြောင်း၊ အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းများသာမက ဝန်ထမ်းများအားလုံး ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန် သင်တန်းဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနသည် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ပြေးညီ ဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးဆွဲ၍ ဆောင်ရွက်နေကြောင်း၊ ထို့အပြင် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (National Consumer Protection Program-NCPP) ကို အဓိကကဏ္ဍ (၅) ရပ်ဖြင့် ရေးဆွဲထားပြီး Action Plans များကို ကဏ္ဍအလိုက် ခွဲခြားသတ်မှတ်၍ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ NCPP အဓိကကဏ္ဍ (၅) ရပ်တွင် စားသုံးသူအသိပညာပေးအစီအစဉ်သည် လည်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ကြောင်း‌၊ ကုန်စည်များ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း၊ စားသုံးသူ အခွင့်အ‌ရေးများ အပြည့်အဝရရှိစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေဖြင့်သာမက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပေါ်ပေါက်လာပါက ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် ဆက်သွယ်ပြန်ကြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ထည့်သွင်း ရေးဆွဲထားကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် မူဝါဒများ၊ ဥပဒေများကို ရေးဆွဲပြင်ဆင်နိုင်ရေး အတွက် စားသုံးသူကာကွယ်ရေးမူဝါဒများဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုရေးအစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း၊ မိမိတို့အနေဖြင့် စားသုံးသူများ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူ သုံးစွဲရာတွင် ဘေးအန္တရာယ်‌ ကင်းရှင်း‌စေရေးအတွက် Regulations (မူကြမ်း) ရေးဆွဲခဲ့ပြီး လျှပ်စစ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအရ အဆိုပါမူကြမ်းကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်း၍  ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျောင်း၊ တက္ကသိုလ်၊ ရုံး စသည်ဖြင့် အသိပညာဆင့်ပွားမျှဝေနိုင်မည့်အုပ်စုများသို့ ဟောပြောခြင်းများ ဆောင်ရွက်ကြောင်း၊ အသိပညာပေးဟောပြောခြင်းများအတွက် စကားပြောစွမ်းရည်ကျွမ်းကျင်မှုရှိရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ပိုမိုကောင်းမွန်သည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ကျပန်းစကားပြော ပြိုင်ပွဲကို စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်နှင့် အသိပညာပေးလုပ်ငန်းများအတွက် ပိုမိုထိရောက်သော နည်းလမ်းသစ်များ ရှာဖွေဖော်ထုတ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအနေဖြင့် “ပြည်သူအများ စားသုံးသူ အခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့၊ ပြည်သူ့အတွက် စားသုံးသူရေးရာကဏ္ဍ၊ စားသုံးသူများ ဘေးကင်းဖို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးစို့” စသည့် ‌ခေါင်းစဉ် ၃ ခုဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ် ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ဌာနပုံရိပ် မြှင့်တင်နိုင်စေရန် အကောင်းဆုံးဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ကြစေကြောင်း‌ ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင် ၂၃ ဦးက သတ်မှတ် ပြိုင်ပွဲခေါင်းစဉ်များကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ကျပ်နှစ်သိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းခွဲ၊ တတိယဆု ကျပ်တစ်သိန်း၊ နှစ်သိမ်ဆု ၂ ဆုအတွက် ကျပ် ၅ သောင်းစီ၊ အထူးဆု ၁၈ ခု၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Consumer

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ