Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကြက်ဥစားသုံးမှု မြင့်တက်လာလေသလား

     သားငါးဈေးနှုန်းများကြီးမြင့်လာသည်နှင့်အမျှ ကြက်ဥဈေးမှာလည်း ရေမြင့်လေလေ ကြာမြင့်လေလေ ဆိုသကဲ့သို့ ဈေးမြင့်တက်လာခဲ့ပါသည်။ အခြေခံလူတန်းစားများအတွက် ကြက်ဥသည် မပါမဖြစ် ဟင်းလျာတစ်ခုလို့ပင်ဖြစ်ပါကြောင်း၊ ကြက်ဥမှာလည်း သူအတန်းအစားနှင့် သူရှိကြောင်း၊ မေးမြန်းကြည့်ရာတွင် တစ်နေ့လုပ်တစ်နေ့စားအဖို့ ကြက်ဥရေလုံပြုတ်ဖြစ်ပြီ၊ လူလတ်တန်းစားအဖို့ ကြက်ဥကို ပုံစံအမျိုးမျိုးဖြင့် ကြက်ဥမွှေကြော် ၊ ကြက်ဥဟက်ပဒိုက် ၊ ကြက်ဥကြော်ချက် ၊ ကြက်ဥမွှေချက် ၊ ကြက်ဥပေါင်းချက် တချို့က ခွန်အားပြည့်ရန်  စပါကလင်ကို ကြက်ဥနှင့် ရောမွှေကာသောက်ကြကြောင်း သိရှိရပါသည်။ မေးမြန်းသူ၏အဖြေကြောင့် ကျွန်တော်တောင် နေပြည်တော်တွင် တာဝန်ထမ်းဆောင်စဉ်က အတူနေဖော် သူငယ်ချင်း ချက်ကြွေးတဲ့ ကြက်ဥမွှေချက်၊ ချဉ်ပေါင်ရွက်အချဉ်ရေနဲ့ငရုပ်သီးမြေပဲဆံထောင်း စားခဲ့ရတာကို မြင်ယောင်မိခဲ့ပါသည်။ဆက်လက်၍ ကြက်ဥတစ်လုံး၏ဈေးနှုန်းကိုမေးရာ ယခင်က တစ်လုံး ၁၀၀/- ၊ ၁၅၀/- ကျပ်၊ယခု တစ်လုံးလျှင် ၂၅၀/- ကျပ်ဆိုရင် သင့်တင့်ရုံသာရကြောင်း၊  ကျွန်တော်တို့အတွက်တော့ အဓိကဟင်းလျာပင်ဖြစ်ကြောင်း၊ အလုပ်က ပန်းရံနောက်လိုက်ဆိုတော့ ၈၀၀၀/-ကျပ်ရကြောင်း၊ အမျိုးသမီးက ကိုယ်ဝန်သည်ဖြစ်ကြောင်း၊ အလုပ်မှာလည်း ပုံမှန်မရှိကြောင်း သိရှိရပါသည်။ထို့နောက် ကျွန်တော် အသိမိတ်ဆွေတစ်ဦး၏ ကြက်ဥလက်လီ/လက်ကား အရောင်းဆိုင်ကို ရောက်ရာ ကြက်ဥဈေးမှာ တစ်ပိဿာကို ၅၈၀၀/- ကျပ် ရှိနေကြောင်း၊ ဈေးအတက်အကျမှာ လက်ရှိဈေးနဲ့ဈေးငြိမ်နေသည်မှာ တစ်လကြာပြီဖြစ်ကြောင်း၊ ကြက်ဥက တစ်ပိဿာတွင် ပုံမှန်အသင့်အတင့်ဥဖြစ်ပါက ၂၅ လုံး၊ ဥသေးလျှင် ၃၀ / ၃၁  လုံးရကြောင်း၊ ရောင်းသူ၏ တန်ဖိုးအပေါ်မူတည်ပြီး အလုံးအရွယ်အစားက ကွာဟ၍ တစ်လုံးလျှင် ၂၀၀/-၊ ၂၅၀/- ကျပ် ရောင်းကြကြောင်း၊ ရောင်းအားအနေဖြင့် ဈေးနှုန်းကြီးမြင့်လာ၍ ကြက်ဥရောင်းအားမှာ မဆိုးပါကြောင်း၊ တစ်ပတ်ကို ကဒ် ၂၀၀၊ အလုံး ၆၀၀၀၀ ခန့် ရောင်းရကြောင်း၊ ကြက်ဥစားသုံးမှုများလာကြောင်း၊ အစစအရာရာ ဈေးတန်တာကတစ်ကြောင်း ၊ဟင်းဖြစ်မြန်ပြီး မိသားစုနည်းနည်းများများ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။ထို့နောက် ကျွန်တော်လဲ ပန်းရံသမားလေးပြောသည့်စကားကို နားထဲကြားယောင်လာမိ၍ ဟုတ်တာပေါ့ဆိုပြီး အတွေးဝင်ကာ မြို့ပေါ်မှာ လက်ကားအရောင်းဆိုင်မျိုး ဘယ်နှစ်ဆိုင် လောက်ရှိလဲဟုမေးရာ  ၇ ဆိုင် လောက်တော့ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပြင်ဦးလွင်ဈေးကွက်က ဝယ်ရကြောင်း၊ ကြက်ဥဈေးမြှင့်တက်နိုင်ချေနှင့် စပ်လျဉ်း၍ ရှေ့နွေရောက်လို့  ဥ,ဥနှုန်းတွေကျလာရင် ဈေးမြင့်လာနိုင်ကြောင်း ကြားသိခဲ့ရပါသည်။ ကြက်ဥကို နည်းလမ်းမှန်ကန်စွာ စားသုံးပါက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ ကြက်ဥသည် ပရိုတင်းအစားအစာဖြစ်ပြီး ဦးနှောက်၊နှလုံးနဲ့ ခုခံအားစနစ်အတွက် အလွန်အကျိုးရှိသည့်  အာဟာရဓာတ်ဖြစ်ပါကြောင်း ၊ ကြက်ဥအကာမှာ စွမ်းအင်ထုတ်လုပ်ဖို့နှင့် ခန္ဓာကိုယ်မှအဆိပ်တွေကို ဖယ်ရှားဖို့အရေးပါသော ဆီလီနီယမ်နဲ့ ရိုက်ဗို ဖလေဗင်(ဘီ)တွေများစွာပါဝင်ပါကြောင်း၊ကြက်ဥအနှစ်မှာ ဗီတာမင် A ၊ ဗီတာမင် E ၊ ဗီတာမင် D ၊ ဗီတာမင် K ၊ ဗီတာမင် B 12၊Folic acid၊Pantothenic acid များစွာပါဝင်သည့်အပြင် သတ္ထုဓာတ်များဖြစ်သော ကယ်လ်ဆီယမ်၊သံဓာတ်၊ဖော့စဖရပ်စ်၊ဆီလီယမ်နဲ့သွပ်ဓာတ် များစွာပါဝင်ပါကြောင်း၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို ကူညီပေးပြီး သွေးနီဥတွေကို ထုတ်လုပ်ပေးပါကြောင်း၊ ကြက်ဥအနှစ်မှာ ပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည့်  လူတင်နဲ့ဇီယာဇမ်သင်းဟာ ဗီတာမင် E နှင့် ပေါင်းစပ်ပြီး မျက်လုံးနှင့် အရေပြားအတွက် များစွာ အကျိုးကျေးဇူးရှိပါကြောင်း၊ ကြက်ဥကို သွေးတိုးရှိသူများ၊သက်ကြီးရွယ်အိုများနှင့်ကိုလက်စ်ထရောလ် မြင့်မားသူများအနေဖြင့် ကြက်ဥစားရာတွင် သတိထားသင့်ပြီး တစ်ပတ်လျှင် ၃ / ၄ လုံးခန့်သာ စားရန် သင့်တော်ပြီး ဖြစ်နိုင်ပါက ကြက်ဥအကာကိုသာလျှင်စားသုံးသင့်ပါကြောင်းနှင့် ကြက်ဥကို ဆီဖြင့်ကြော်စားခြင်းသည် ကိုလက်စ်ထရောလ်ကို ပိုများစေနိုင်သည့်အတွက် အထူးပင်ရှောင်ကြဉ်သင့်ပါကြောင်းစသည်ဖြင့် စာဖတ်သူတို့ကော ကြက်ဥကို ဘယ်လိုတွေ လုပ်စား/ချက်စားကြပြီးပြီလဲ ဈေးကလဲတန် ဟင်းဖြစ်လဲမြန်ဆိုသော်ငြားလည်း ကောင်းကျိုး/ဆိုးကျိုးများ ရှိသည်ဆိုတာကို သတိနဲ့အသိ ယှဉ်တွဲစားသုံးနိုင်ကြပါရန် ကြက်ဥစားသုံးခြင်းများ မြင့်တက်လာလေသလားဆိုသော ခေါင်းစဉ်အောက်မှ စုစည်းရေးသား‌ဖော်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

     ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ  စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ၁၄ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားတွင် တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ကျောင်းသား/ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိကျင်းပရသည့်ရည်ရွယ်ချက်ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးရုံးမှ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)က စားသုံးသူအခွင့်အရေးနှင့်သတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီးနောက်  ကျောင်းတွင်သင်ကြားသည့် အတန်းပညာများအပြင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း လေ့လာမှတ်သားစေလိုကြောင်းနှင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် နောက်ဆုံးအစီအစဉ်အဖြစ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး  ကော်မတီဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ချင်း)

 

“မြင်းပျံ”တံဆိပ် ဓာတ်မြေသြဇာအိတ်ထဲတွင် အရည်အသွေးနိမ့် ဓာတ်မြေသြဇာများ အတုအပရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၃ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်(၃)ဆိုင်အား စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် “မြင်းပျံ” တံဆိပ်  ဓာတ်မြေသြဇာအိတ်များထဲတွင် အခြားဓာတ်မြေသြဇာများရောနှောထည့်သွင်း၍ စျေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိကို သွားရောက်စစ်ဆေးခြင်း၊ အရောင်းဆိုင်များအား စိုက်ပျိုးရေးသုံးပစ္စည်းများကို စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင် ( ၃ ) ဆိုင်အား ၁၃-၃-၂၀၂၃ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးမှဦးဆောင်၍ ဝန်ထမ်း ( ၃ )ဦးတို့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများအသုံးပြုနေသည့် အလှကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချမှုရှိသောကုန်စည်များာကိုး အသုံးပြုနိုင်ရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ကြေငြာထားသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်နေသည့်အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိတို့ကို သွားရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။

  ကလေးခရိုင်ဦးစီးမှူးက အလှကုန်ဆိုင်ပိုင်ရှင်များအား မိမိတို့ရောင်းချနေသော အလှကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် အလှကုန်များကိုသာရောင်းချရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ကြေညာထားသော အလှကုန်များအား ရောင်းချခြင်းမပြုရန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ လယ်ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင် သည် (၁၄.၃.၂၀၂၃)ရက်နေ့နံနက်(၁၁:၀၀)နာရီ အိမ်မဲမြို့ လယ်ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ တွင် ရောင်းချနေသော မုန်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ လယ်ပေါ်ရပ်ကွက်တွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်နှင့် အမှတ်(၁၀)ရပ်ကွက်၊ သူဇာရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်  ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူများကို များစွာနစ်နာနိုင်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့်  Parbisure အမည်ဖြင့် အကြောအားဆေးများ ရောင်းချမှုရှိ/မရှိအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

 အဆိုပါဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်တွင် ဖော်ပြပါဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်းကြားနိုင်သည့်နေရာများနှင့် စိစစ်ညှိနှိုင်းဖြေရှင်းပေးမှုအခြေအနေများကို  ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊  ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း စံမညီဆေးဝါးများ၊ တားမြစ် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ FDA၏ ထောက်ခံချက်မပါရှိသောဆေးဝါးများကို ရောင်းချခြင်း မပြုကြရန် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း၊   ဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသည် အသစ်ဖွင့်လှစ်ရောင်းချသည့် ဆေးဆိုင်များဖြစ်သဖြင့် လိုင်စင်အသစ်လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အကြံပြုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းနှင့်  စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရွှေဘို (DOCA)

Parbisure အမည်ဖြင့် ဆေးဝါးရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် Towards Ultimate Company မှ တရားဝင်တင်သွင်းလျက်ရှိသော Pabrinex injection ဆေး အမည်အား အတုအပပြုလုပ်၍ ဆင်တူယိုးမှားအမည်ဖြင့်  တရားမဝင်၊ ထောက်ခံချက် မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချမှုများရှိနေသည့်အတွက် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့တွင် ကသာမြို့ရှိ ဆေးဆိုင်များ၌ အဆိုပါ Parbisure အမှတ်တံဆိပ်ဆေးဝါးများကို ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          ထိုသို့စစ်ဆေးရာတွင် ကသာမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိ၊ တရားဝင်ခြင်းမရှိသော Parbisure အမည်နှင့်ဆေးဝါးများ ရောင်းချမှု မရှိသည်ကို တွေ့ရှိရ၍ ဆေးအရောင်းဆိုင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု ထောက်ခံချက် မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးများနှင့် စံမညီဆေးများအား ရောင်းချခြင်း မပြုကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကသာ (DOCA)

“ယောနသန်”သောက်ရေသန့် လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၊ နံနက် (၀၉:၄၅)နာရီတွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ယောနသန်”သောက်ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ သိရှိလိုက်နာစေရေးတို့အား ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအတိုင်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကန့်ဘလူ(DOCA)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် “ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ် မတ်လ(၁၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဒုဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းမြင့် နှင့် စားသုံးသူရေးကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  တိုင်းအဆင့်ဌာနဆိုင်ရာ များ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးစိုးအောင် ၊ဒုတိယတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဒုတိယတိုင်းဦးစီးမှူးဦးစိုးဦးနှင့် အရာထမ်း/အမှုထမ်းများ၊ ၊ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့် အသင်းအဖွဲ့များစီးပွားရေးလုပ်ငန်းရှင် များ စုစု‌ပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပါသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဒုဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးအုန်းမြင့်က ယနေ့ကျရောက်သော ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားဖြစ်‌ပေါ်လာပုံကို ရှင်းလင်းပြောကြား၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်မှ ဌာနလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးထွန်းထွန်းမှ စားသုံးသူအခွင့်အရေး (၈)ချက် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိပါက www.doca.gov.mm website မှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊  မြန်မာပြည်တဝှမ်း စားသုံးသူရေးရာ တိုင်ကြားမှုများထဲမှ သိမှတ်ဖွယ်ရာ အချို့အား ဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်မှုများကို power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ ပါသည်၊၊ထို့နောက် အခမ်းအနားတက်ရောက်လာသူများ အား စားသုံးသူအခွင့်အရေးများ အကြောင်းနှင့်ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ်‌မေးခွန်းများကို မေးမြန်းခဲ့ပြီး အမှတ်တရဆုလက်ဆောင် များပေး၍ အခမ်းအနားကို နေ့လည် (၁၂:၀၀) အချိန်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”သို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

          ကရင်ပြည်နယ်၊ ဘားအံမြို့တွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”ကို ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ကြီးမှူး၍ ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီမှ ဦးဆောင်ကျင်းပ၍ ၂၀၂၃ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် (၀၉:၀၀) အချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

       ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးက “ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို လည်းကောင်း၊ ဆက်လက်၍ ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ အကြောင်းကိုလည်းကောင်း ရှင်းလင်း ပြော ကြားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် အခမ်းအနားအနေဖြင့်  Video Clip များ ပြသခဲ့ပြီး အမှတ်တရမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။

          ထို့နောက် တက်ရောက်လာကြပါသော ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ခင်းကျင်းပြသထားသော စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးရန်သင့်သောအစားအစာများ၊ သောက်သုံးရန် မသင့်သော ဆေးဝါးများ၊ သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းများနှင့် ကုန်သွယ်မှုဖွံ့ဖြိုးရေး အထောက်အကူပြု ပြည်တွင်းထုတ်ကုန်များကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ပြီး “ကမ္ဘာ့စားသုံးသူ အခွင့် အရေး များနေ့” အခမ်းအနားကို နေ့လယ် (၁၁:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားတွင်  (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ