Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ‌သေးစား၊ အလတ်စား ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

       ဖျာပုံမြို့နယ်၏ အသေးစား၊  အလတ်စား ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်စစ်ဆေးရေးမှူးတို့သည် မတ်လ(၈)ရက်နေ့တွင် ဖျာပုံမြို့အောက်ကွင်းကျေးရွာရှိ ရွှေကောင်းစံဆီစက်သို့ သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြပါသည်။

      အဆိုပါဆီစက်လုပ်ငန်းရှင်အား ဆီစက်လည်ပတ်နေမှု၊ ကုန်ကြမ်းရရှိမှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား မေးမြန်းရာ ဆီစက်ရုံတည်ဆောက်ပြီးသည်မှာ တစ်နှစ်ခန့်သာရှိပြီး၊ မြေပဲဆီကို သီးသန့်ကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆီစက်မြင်းကောင်ရေ(၅၀) hp ရှိကာ ဆီဆုံနှစ်ဆုံရှိသဖြင့် နာရီ(၂၀)ကြိတ်ခွဲမည်ဆိုပါက မြေပဲဆံပိဿာ(၃၂၀)ပိဿာကြိတ်ခွဲနိုင်ပါကြောင်း၊ မြေပဲဆံတစ်အိတ်၏အလေးချိန်မှာ (၂၂)ပိဿာရှိ၍ ကြိတ်ခွဲပါက စားဆီ(၁၀)ပိဿာနှင့် ပဲဖတ်(၁၂)ပိဿာရရှိပါကြောင်း၊ ကုန်ကြမ်းကို ရန်ကုန်ဘုရင်နောင်ပွဲရုံမှ ဝယ်ယူရရှိပြီး မြေပဲဆန်တစ်ပိဿာသယ်ယူခအပြီးဈေးမှာ (၆၀၀၀)ကျပ် ခန့်ရှိပါကြောင်း၊ လက်ရှိရောင်းဈေးမှာ စားဆီတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင်     (၂၃၅၀)ကျပ်ရရှိပါကြောင်း၊ အလုပ်သမားဝန်ထမ်းနှစ်ဦးရှိကာ တစ်ဦးကို တစ်လလျှင် (၁၅၀၀၀၀)ကျပ် လစာပေးရသည်။ နေ့စဉ်ကြိတ်ခွဲမှုမရှိဘဲ စားဆီအမှာရှိမှသာ ကြိတ်ခွဲလျက်ရှိပါကြောင်း၊ ရင်းနှီးမြှပ်နှံမှုအနေဖြင့် မြေ၊ အဆောက်အဦ၊ စက်ပစ္စည်းအပါ ကျပ်သိန်း(၁၀၀၀)ခန့်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏   အထောက်အထားအနေဖြင့် စက်မှုကြီးကြပ်လိုင်စင်၊ စည်ပင်လိုင်စင်နှင့် ပြည်တွင်းအခွန်အားလုံးဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ နေကြာဆီထုတ်လုပ်မှုအနေဖြင့် တစ်ခါမျှကြိတ်ခွဲမှုမပြုသေးဖူးပါကြောင်း၊    လိုအပ်ပါက ကြိတ်ခွဲပေးနိုင်ပါကြောင်း၊ နေကြာဆီထုတ်လုပ်မည်ဆိုလျှင် နေကြာအခွံကိုပါရော၍  ကြိတ်ခွဲရပြီး နေကြာပိဿာ(၃၀)ကြိတ်ခွဲပါက နေကြာဆီ(၅)ပိဿာသာရရှိပါကြောင်း၊ “ရွှေကောင်းစံ”အမည်ဖြင့် ဈေးကွက်ဖြန့်ဖြူးမှုမရှိသေးဘဲ ဈေးကွက်ထုတ်လုပ်ဖြန့်ဖြူးမည်ဆိုပါက စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် FDA သို့တင်ပြ၍ စစ်ဆေးခံပြီး အထောက်အထားပြည့်စုံမှသာ ဈေးကွက်သို့ဖြန့်ဖြူးသွားမည်ဖြစ်ပါကြောင်း လုပ်ငန်းရှင် ဦးမင်းထွဋ်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှီ စက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၉-၃-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီက မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင်  မြို့နယ်တာဝန်ခံက စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန်များဖြစ်သော စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ်ယူသည့်ကုမ္ပဏီစာရင်းများကို ကောက်ယူနေသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးကာ ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) က နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေးတို့အတွက် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြခြင်းရှိ/မရှိတို့ကို စက်သုံးဆီလုပ်ငန်းရှင်များထံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

Parbisure ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၃ခုနှစ်၊ မတ်လ (၁၀)ရက်နေ့ နံနက်ပိုင်း (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော "Parbisure"အမှတ်တံဆိပ် ဆေးနှင့်ဆေးဝါးပစ္စည်း အတုအပများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကို  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော Parbisure ဆေးဝါးများအား အဆိုပါဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်တွင်  ဖြန့်ဖြူးရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

  ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြုဆေးဝါးများကိုသာရောင်းချကြရန်၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၏ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Registration No.(IR)များ ဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာရောင်းချရန်၊ ဆေးဝါးရောင်းခွင့်လိုင်စင်များ သက်တမ်းတိုးကြရန်နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ "စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးကျော်မိုးလွင်သည် ၁၃.၃.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ မာတာမြင့်မိုရ် လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Yum Yum (ပုဇွန်ချဉ်စပ်အရသာ) အမှတ်တံဆိပ်ပါ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း စသည့်ဖော်ပြချက်များ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသည့်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

စလင်းမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင် (ဦးစီးမှူး)နှင့်အဖွဲ့သည် (၈.၃.၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ စလင်းမြို့ပေါင်းနားရပ်ကွက်ရှိ ဟော်နန်းအမှတ်တံဆိပ် ပဲပူးကြော်လုပ်ငန်းရှင်အားတွေ့ဆုံခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြစေရေးအတွက် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    စလင်းမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များ ထုပ်လုပ်ဖြန့်ဖြူရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ  ပြဌာန်းချက်များပါ  ပုဒ်မ(၄၁)ပုဒ်မခွဲ(စ)နှင့်(ဆ)တို့ပါ  ကုန်အညွှန်း အမှတ်အသားဖေါ်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာဖြင့်တွဲလျက်ဖြစ်စေ ရေးသားဖေါ်ပြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖော်ပြရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ကြော်ငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီ လိုက်နာဖော်ပြပေးရမည် ဖြစ်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် မိမိဌာနသို့တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေး၍ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ကြေညာချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၀.၃.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ရောဘတ်စစ်ရှောင်စခန်း  ခန်းမဆောင်၌  ကျင်းပပြုလုပ်သော အခြခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များ ပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်းစသည့်ဖြင့် အသိပညာပေးဟောပြောကာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများရှိပါက ခရိုင်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (CICC)သို့ တိုင်ကြားနိုင်ပါကြောင်း၊ ထို့အပြင် Call Center ဖုန်းနံပါတ် 1535 သို့ ဖုန်းဖြင့်ဆက်သွယ်၍လည်း တိုင်ကြားနိုင်ပါကြောင်း၊ Website တို့မှလည်း တစ်ဆင့်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ပဲခူးမြို့၌ ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

   ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)”တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေး ဖော်ထုတ်မှုများအနက်မှ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဆန်စပါးဥပဒေတစ်ရပ် ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆန်စပါးဥပဒေ(မူကြမ်း)ကို ပြုစုရေးဆွဲလျက်ရှိရာ အဆိုပါ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံမှ သဘောထားရယူသည့် ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက် (တနင်္လာနေ့)၊ နံနက်ပိုင်းတွင် ပဲခူးမြို့၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ တိုင်းဒေသကြီးအဆင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပဲခူးတက္ကသိုလ်၊ ဥပဒေပညာဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ၊ ဆန်စပါးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

   ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တွဲဖက်စာရင်းစစ် ဦးဇော်လွင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ဥပဒေ(မူကြမ်း)ရေးဆွဲထားရှိမှု အခြေအနေ၊ ဥပဒေ(မူကြမ်း)ပါ အဆိုပြုပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများမှ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဖြည့်စွက်သင့်၊ ဖြည့်စွက် ထိုက်သောအချက်များ၊ ဆန်စပါးကဏ္ဍတွင် ကြုံတွေ့နေရသော အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးအကြံပြုခဲ့ကြပြီး ဆွေးနွေးအကြံပြုချက်များအပေါ် ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်တို့က အသီးသီးပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ဆွေးနွေးပွဲတစ်ရပ်လုံးအပေါ် လွှမ်းခြုံ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(Policy)

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၈-၃-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ “ဦးတာနှင့်ညီများ” ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသဖြင့် ဆီစက်၏ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်မှုအခြေအနေ၊ ရောင်းချသည့် ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ၊ လုပ်သားသုံးစွဲမှုနှင့် စက်လည်ပတ်နိုင်မှုအခြေအနေ၊ တွက်ခြေကိုက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးပြီး ဌာနက စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသ ကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန်အခက်အခဲရှိပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ပါကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၀-၃-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဥဒေါင်းမင်းဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းများပေါ်တွင် ဖော်ပြရန်အခက်အခဲရှိပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်လိုအပ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူအသိပညာပေး မီဒီယာကမ်ပိန်းကျင်းပပြုလုပ်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP)တွင် ပါဝင်သည့် ပြန်ကြားဆက်သွယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Communication Plan) အရ စားသုံးသူအသိပညာပေး မီဒီယာကမ်းပိန်းများအား ၂၀၁၉ ခုနှစ် မှစတင်၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုနှစ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအား အသိပညာ ပေးနိုင်ရန်နှင့် စားသုံးသူနစ်နာမှုများကြုံတွေ့ရပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရှိစေရန်အတွက် ၂၀၂၃ ခုနှစ်တွင် “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာ” မီဒီယာ ကမ်ပိန်းအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

          မီဒီယာကမ်ပိန်းများကျင်းပမှုအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်။ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ၂၀၂၀ ခုနှစ် မတ်လ(၁၅) ရက်နေ့ တွင် “ကုန်စည်လုံခြုံစိတ်ချရမှုအစ၊ ကုန်အညွှန်း အမှတ်အသားက” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် စားသုံးသူများ သတင်းမေးဖို့ Consumer Call Center ကို ချိတ်ဆက်စို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

မီဒီယာကမ်းပိန်းကျင်းပပြုလုပ်ခြင်းအား စားသုံးသူရေးရာဦးစီးဌာန Facebook Page တွင် စားသုံးသူအသိပညာပေး    Animation ဗီဒီယိုနှင့် ကာတွန်းရုပ်ပုံပါ Post များအား ရက်သတ္တပတ် (၆) ပတ်ကြာ လွှင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ITQM

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ