Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လေးမျက်နှာမြို့ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ FDA၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၉.၃.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိဆေးဆိုင်များနှင့် အိုင်သပြုကျေးရွာရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများကို ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိနှင့် သက်တမ်းလွန်းဆေးဝါးများ၊ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမပြုကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း စသည်တို့ကို သိရှိနားလည်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ ကွင်းဆင်းလေ့လာခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀.၃.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များကို ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်အရောင်း ပြခန်း(Show Room)တွင် ရောင်းချရန် မော်တော်ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့် စည်းကမ်း ချက်များ၊ အစပျိုးစမ်းသပ်ကာလ(Pilot Project) အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ တရားမဝင်ကုန်စည်များ တင်သွင်းရောင်းချခြင်းမပြုကြရန်၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည် အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း သိရှိနားလည်စေရန် စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဆေးဝါးမှတ်ပုံတင်မဲ့ Parbisure အမည်ရှိ ဆေးဝါး ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      ရခိုင်ပြည်နယ် သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် (၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သံတွဲမြို့မဈေးသို့ သွားရောက်၍ ဈေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မရှိသော Parbisure အမည်ရှိ ဆေးဝါးအား ရောင်းချမှု ရှိ/မရှိကို  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

       ၎င်း Parbisure အမည်ရှိဆေးဝါးသည် ဂျာမနီနိုင်ငံထုတ် Parbisure IV/HV Injection အကြောအားဆေးနှင့်တူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ DRC No. မပါရှိသည့် အတွက် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် ၎င်းဆေးဝါးသည့် သုံးစွဲသူမိဘပြည်သူများအတွက် များစွာထိခိုက်နစ်နာမှုများကြုံတွေ့ရနိုင်၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင်     သံတွဲမြို့မဈေးအတွင်းရှိဆေးဆိုင်များတွင်၎င်းဆေးဝါးအားရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရသည်။

       ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအား FDA ထောက်ခံချက်မရှိသော၊ အရည်အသွေး အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ အတုအပသတိပြု မှာယူ ရောင်းချကြရန်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်း

     ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၀-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဟောပြောခြင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးမျိုးမြင့်ထွန်း(ဒု-ဦးစီးမှူး)မှ စားသုံးသူများ၏အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက အရေးဆိုတိုင်ကြားနိုင်သည့်နည်းလမ်းများအား ရှင်းလင်းပြောကြားပြီးနောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒေါ်ရတီဦး(ဒု-ကြီးကြပ်ရေးမှူး)မှ ကြာရှည်ခံအထားခံဆေးဝါးများ၊ အစားအသောက်နှင့်ဆိုးဆေးအန္တရာယ်အကြောင်းတို့ ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ဆေးဝါးမှတ်ပုံတင်မဲ့ Parbisure အမည်ရှိ ဆေးဝါး ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ်တာဝန်ခံရုံးမှ ဦးတင်အောင်စိုး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မာန်အောင်မြို့တွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသော Parbisure အမည်ရှိ ဆေးဝါးအား ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    ၎င်း Parbisure အမည်ရှိဆေးဝါးသည် ဂျာမနီနိုင်ငံထုတ် Parbisure IV/HV Injection အကြောအားဆေးနှင့်တူသည့်အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ DRC No. မပါရှိသည့် အတွက် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိ၍ ၎င်းဆေးဝါးသည် သုံးစွဲသူမိဘပြည်သူများအတွက် များစွာထိခိုက်နစ်နာမှုများကြုံတွေ့ရနိုင်၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်     မာန်အောင်မြို့တွင်း ဆေးဆိုင်များတွင် ၎င်းဆေးဝါးအား ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်။

     ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအား FDA ထောက်ခံချက်မရှိသော၊ အရည်အသွေး အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ အတုအပသတိပြု မှာယူရောင်းချကြရန်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များအား သိရှိနားလည်ပြီး လိုက်နာကြရန်တို့ကို  အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

“ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် မိတ်ဖက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတို့ပူးပေါင်း၍ (၁၀-၃-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုး ရောင်းချနေသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ရာ Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆေးပစ္စည်းအရောင်းဆိုင်များအား တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာ ရောင်းချကြရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

စားသုံးသူများ လက်တွဲလို့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဂုဏ်ပြုကြိုဆိုဆင်နွဲစို့

    စားသုံးသူဟုဆိုရာတွင် နေ့စဉ်မပြတ် ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို အမျိုးမျိုးသော နည်းလမ်းများဖြင့် စားသုံးနေကြသူ၊ သုံးစွဲနေကြသူများဖြစ်ကြသည်။ စားသုံးသူများအတွက် အမှတ်တရနေ့စွဲရှိသည်။ စားသုံးသူများကို အလေးထားဂရုပြုသည့်အနေဖြင့် အထိမ်းအမှတ်ပွဲ ကျင်းပသည့် နေ့လည်းဖြစ်ပါသည်။ ထိုနေ့သည် စားသုံးသူ(ပြည်သူ)များ၏ ကိုယ်စိတ်နှစ်ပါးလုံခြုံစေရေး၊ ဆုံးရှုံးနစ်နာမှုလျော့ပါးစေရေးတို့ကို  အလေးထားမြှင့်တင်ဖို့အထူးပြုသော မတ်လ ၁၅ရက်နေ့ပင် ဖြစ်ပါသည်။

  ထိုနေ့စွဲကို မှတ်ကျောက်တင်ထားခဲ့ကြရာမှအစပြု၍ စားသုံးသူနှင့်လှုပ်ရှားမှု ပေါ်လွင်လာစေခဲ့သည်။ အနောက်နိုင်ငံများတွင် ၁၉၆၀ ခုနှစ်နောက်ပိုင်းကစ၍ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အရေးဆိုဆောင်ရွက်လာမှုများအပေါ် ပထမဦးဆုံးဆောင်ရွက်ခဲ့သူမှာ အမေရိ ကန်ပြည်ထောင်စုသမ္မတဂျွန်အက်(ဖ်)ကနေဒီ( John F Kennedy) ဖြစ်ပါသည်။ ၁၉၆၂ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် စားသုံးသူအခွင့်အရေးများနေ့ကို သတ်မှတ်ပေးခဲ့သူလည်းဖြစ်ပါသည်။ စားသုံးသူအပေါ် အလေးထားဂရုပြုသည့်အနေဖြင့် သတ်မှတ်ပေးခဲ့သော မတ်လ ၁၅ ရက်နေ့၌  အမေရိကန်ပြည်ထောင်စုသမ္မတဂျွန်အက်(ဖ်)ကနေဒီက “စားသုံးသူတွေထဲမှာလည်း ကျွန်တော်တို့ အားလုံးပါဝင်ပါတယ်၊ အဲဒီစားသုံးသူတွေဆိုတာဟာ ကမ္ဘာပေါ်မှာစီးပွားရေးအရ အင်အားအကြီး ဆုံးအုပ်စုတစ်ခု အစိုးရဘက်ကရော ပုဂ္ဂလိဘက်ကပါ စီးပွားရေး နှင့်ပတ်သက်လို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှရဲ့ ကောင်းမွေ၊ ဆိုးမွေကို ခံစားရတဲ့သူတွေပါ၊ အဲဒီစားသုံးသူတွေဟာ အဲသလောက်ကို အရေးကြီးတဲ့အုပ်စုပေါ့၊ သို့ပေမယ့် အဲဒီလူတွေရဲ့ အသံကိုကျတော့ နားမထောင်ဘဲ ငေးနေကြပါတယ်” လို့ မိန့်ကြားမှုမှသည် စားသုံးသူများ၏ ဘဝကို လေးလေးနက်နက် အထူးပြုသည့် ကိစ္စရပ်များကို ဖော်ဆောင်မှုအထိ ဖြစ်ပေါ်လာစေပါသည်။

     ယင်းနောက် ပထမဦးဆုံး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့( World Consumer Rights Day- WCRD )ကို ၁၉၈၃ခုနှစ်၊ မတ်လ ၁၅ရက်နေ့မှာ စတင်ကျင်းပခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ မတ်လ ၁၅ ရက်နေ့ရောက်တိုင်း  WCRD နေ့ အထိမ်းအမှတ်အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ဆောင်ပုဒ်များနှင့်အတူ စားသုံးသူများကပင် ပါဝင်ဆင်နွဲလျက်ရှိကြသည်။ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့အတွက်   အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International)က  နှစ်စဉ် ဆောင်ပုဒ် (Theme)များ ထုတ်ပြန်ကာများ၊ အထိမ်းအမှတ်အခမ်းအနားဂုဏ်ပြုပွဲကို ကျင်းပကြပါသည်။  ထို့နောက်    အာဆီယံနိုင်ငံ    ( ASEAN    Economic   Community –  AEC ) ၏   Blueprint       အရ အာဆီယံနိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးကို အပြည့်အဝအကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပြဌာန်းနိုင်ရေး ဦးစားပေး ရည်မှန်း ချက်ထားကာဆောင်ရွက်လျက်ရှိခဲ့သည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)၏ လက်အောက် တွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ(ACCP)ကို ၂၀၀၇ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ(ACCP)မှ တဆင့် ပိုမိုခိုင်မာလာစေရန် လုပ်ငန်းများ ချမှတ်ဆောင်ရွက်လာခဲ့ကြသည်။ ယင်းနောက် အာဆီယံ(၁၀)နိုင်ငံများတွင် စားသုံးသူကာကွယ် ရေးဥပဒေများ အသီးသီးပြဌာန်းလာခဲ့ကြသည်။  ဘရူနိုင်းနိုင်ငံ(၁၉၇၉)ခုနှစ်၊  ကမ္ဘော့ဒီးယားနိုင်ငံ (၂၀၁၈)ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ (၁၉၉၉)ခုနှစ်၊ လာအိုနိုင်ငံ(၂၀၁၀)ခုနှစ်၊ မလေးရှားနိုင်ငံ(၁၉၉၉)ခုနှစ်၊ မြန်မာနိုင်ငံ(၂၀၁၄၊ ၂၀၁၉)ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ(၁၉၉၂)ခုနှစ်၊ စင်ကာပူနိုင်ငံ (၁၉၉၁)ခုနှစ်၊  ထိုင်းနိုင်ငံ(၁၉၇၉)၊ ၂၀၁၃ခုနှစ် ၊ ဗီယက်နမ်နိုင်ငံ(၂၀၁၀)ခုနှစ်တို့၌ ပြဌာန်းခဲ့ကြသည်။  

     မြန်မာနိုင်ငံအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်ခဲ့ပါသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအား ပြောင်းလဲပြင်ဆင်ခဲ့မှုရှိခဲ့ရာတွင် ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊  ၂၀၁၆ခုနှစ်၊ ဧပြီလ၁ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်လာခဲ့ကြခြင်းဖြစ်ပါသည်။ ဥပဒေပြဌာန်းသတ်မှတ်မှုနှင့်စပ်လျဉ်း၍ ၂၀၁၄ခုနှစ်၊ မတ်လ ၁၄ရက်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀။ ဖြင့် ပြဌာန်း၍ ဆောင်ရွက်ခဲ့သည်။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ(၂၀၁၄)အား ပိုမိုအားကောင်းစေရေးအတွက် ၂၀၁၉ ခုနှစ်၊ မတ်လ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်၉။ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ဖြင့် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်  စားသုံးသူကာကွယ်ရေး နည်းဥပဒေများကိုလည်း ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ ဤသို့ဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်မှာ (၁၀)နှစ်ကျော် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

  ထိုသို့ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပေါ်ပေါက်လာခြင်းအား စားသုံးသူများသိရှိစေရန်လည်း နည်းလမ်းအမျိုးမျိုးဖြင့်ဖော်ဆောင်ပေးလျက်ရှိသည်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အခန်းပေါင်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်ပြီး စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ကိုဖွင့်ဆိုရာတွင် “ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေး သည့် မျှတမှုရှိသောလုပ်ငန်းစဉ်”ဟူ၍ ဖြစ်ပါသည်။  ဥပဒေပါ အခန်း(၉)၊ ပုဒ်မ(၁၉)တွင် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကို ဖော်ပြထားပေသည်။ UN ၏ Guide Line အရ ချမှတ်ထားသော စားသုံးသူအခွင့်အရေး(၈)ချက်မှာ  စားသုံးသူ(ပြည်သူ)များအဖို့ တူညီမျှတစွာရရှိမည့် အခွင့်အရေးရပိုင်ခွင့်များလည်း  ဖြစ်ပါသည်။ စားသုံးသူအခွင့်အရေး(၈)ချက်အားစားသုံးသူများသိရှိဖို့စားသုံးသူများအား အသိပညာပေးကဏ္ဍမျိုးစုံဖြင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ စားသုံးသူအခွင့်အရေးများမှာ- (၁)စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင်စိတ်ကျေနပ် မှုရရှိစေခြင်း၊ (၂) ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ (၃) သတင်းအချက်အလက် များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာသို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ (၄)စိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ (၅)စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ (၆) နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ (၇)အသိပညာဗဟုသုတများ၊ အခွင့်အရေးများ နှင့်လိုအပ်သော အချက်အလက်များကိုသိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (၈) ပစ္စုပွန်တွင်သာမကအနာ ဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသောလူနေမှု အဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း အခွင့်အရေးတို့ပင်ဖြစ်ပါသည်။

      စားသုံးသူများ၏ အခွင့်အရေးများကို အလေးထားဂရုပြုမြှင့်တင်သည့်အနေဖြင့် စားသုံးသူ အခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့(Consumer International)က နှစ်စဉ် မတ်လ(၁၅) ရက်နေ့ကျရောက်တိုင်း ဆောင်ပုဒ်များ(Theme) သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားအား ကျင်းပကြပါသည်။ ထိုသို့ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့်  စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များ၌ အလှည့်ကျကျင်းပမှုပြုလုပ်ခဲ့ကြပါသည်။ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပထမအကြိမ်အခမ်းအနားကို  ၂၀၁၆ခုနှစ်မတ်လ(၂၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လည်း ကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၇ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၁၈ခုနှစ် မတ်လ (၁၅)ရက်နေ့ တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Horzion Lake View Resort Hotel တွင်လည်းကောင်း၊ စတုတ္တအကြိမ်ကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်လည်းကောင်း၊ အလှည့်ကျစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပဉ္စမအကြိမ် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၁၅) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day)ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ၂၀၂၀ပြည့်နှစ်တွင် Covid-19ကပ်ရောဂါဖြစ်ပေါ်ခဲ့ပြီး ထိုရောဂါအား ကမ္ဘာ့လုံးဆိုင်ရာကပ်ရောဂါ (Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၁၁.၃.၂၀၂၀ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့၍ ကူးစက်နိုင်ခြေရှိသည့် လူစုလူဝေးဖြင့် ကျင်းပသောအခမ်းအနားများ ပွဲလမ်းသဘင်များကို ၃၀.၄.၂၀၂၀ ရက်နေ့အထိ  ကျင်းပခွင့်မပြုဘဲ   ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးက ၁၃.၃.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၁)နိုင်ငံ၌ ပြန့်ပွားလျက်ရှိသော Coronavirus Disease (COVID-19)ကြောင့် လူစုလူဝေး ဖြင့်ပွဲလမ်းသဘင်များရှောင်ကြဉ်ကြရန်အတွက် နှိုးဆော်မှုများကြောင့်ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ မကျင်းပခဲ့ရပါ။ သို့ဖြစ်ပါ၍ ထူးခြားနှစ်များဖြစ်ခဲ့သည့် (၂၀၂၀ ၊ ၂၀၂၁ ၊၂၀၂၂) ခုနှစ်တို့တွင် Coronavirus Disease (COVID-19)ကြောင့် မတ်လ(၁၅)ရက်နေ့၏ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာကျင်းပခွင့်မရနိုင်ခဲ့ခြင်းဖြစ်ပါသည်။

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သတ်မှတ်ဆောင်ပုဒ် (Motto)“စားသုံးသူအခွင့်အရေးဦးစီးပေး”အတိုင်း မြန်မာနိုင်ငံစားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ ရည်မှန်းချက်များအတိုင်း စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူ အကျိုးစီးပွား ကာကွယ်ခြင်းနှင့် စဉ်ဆက်မပြတ် စားသုံးသူများအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးဆောင်ရွက်ခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ကမ်ပိန်း (Campaign / Media Campaingn)ဖြင့် စားသုံးသူများသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်သည့် အစီအစဉ်များဆောင်ရွက်ခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ထမ်းများက တက်ညီလက်ညီ စားသုံးသူများနှင့် အတူအကွ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Cnsumer Rights Day) အထိမ်းအမှတ်ပွဲများကို ကျင်းပခဲ့ကြပါသည်။

   စားသုံးသူရေးရာဦးစီးဌာနက အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International-CI)က ထုတ်ပြန်ပေးသည့် ဆောင်ပုဒ်(Theme)များအား အင်္ဂလိပ်ဘာသာနှင့်ထုတ်ပြန်ချက်အား မြန်မာဘာသာသို့ ပြန်ဆို၍ စားသုံးသူများနှင့်အတူတကွ ပါဝင်ဆင်နွဲခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၆ခုနှစ်မှစ၍ CI ၏ ဆောင်ပုဒ်များဖြစ်သော ၂၀၁၆ ခုနှစ်တွင် “အစားအစာဟူသမျှပဋိဇီဝဆေးကင်းစင်ပ”  (Autibiotic off the Menu)၊ ၂၀၁၇ခုနှစ်တွင် “ဒီဂျစ်တယ်ကမ္ဘာတည်ဆောက်ရေး စားသုံးသူယုံကြည်မှုအလေးပေး” (Building a Digital World Consumer can trust)၊ ၂၀၁၈ခုနှစ်တွင် “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး” (Fairer Digital MarKeplace)၊ ၂၀၁၉ခုနှစ်တွင် “စိတ်ချယုံကြည်ဒစ်ဂျစ်တယ်ထုတ်ကုန်များဆီ” (Trusted Smart Product)၊ ၂၀၂၀ပြည့်နှစ်တွင် “စားသုံးသူအရေးစဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ပေး” (The Sustainable Consumer)၊ ၂၀၂၁ခုနှစ်တွင် “ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်စုပေါင်းကာကွယ်” (Tacking Plastic Pollution)၊ ၂၀၂၂ခုနှစ်တွင် “ညီညွှတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ” (Fail Digital Balance) ဆောင်ပုဒ်များဖြင့် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ကြပါသည်။

    ယခုနှစ် ၂၀၂၃ခုနှစ်၊ မတ်လ(၁၅)ရက်နေ့သည် မကြာမီကာလအတွင်း ရောက်ရှိလာတော့မည်ဖြစ်ပါသည်။ မတ်လ (၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား စားသုံးသူများပါဝင်လို့အခမ်းအနားကို  တိုင်းဒေသကြီး/ ပြည်နယ်များအနှံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြ မည်ဖြစ်ပါသည်။၂၀၂၃ခုနှစ်၏အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့(Consumer International)မှ ထုတ်ပြန်ပေးသည့်ဆောင်ပုဒ် (Theme)ကို အင်္ဂလိပ်ဘာသာဖြင့် (Empowering Consumers Through Clean Energy Transitions ) ထုတ်ပြန်ချက်အား “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ” ဆောင်ပုဒ်ဖြင့်  စားသုံးသူများအားလုံး ကိုယ်စိတ်လုံခြုံဘေးကင်းစေရေး အတူတကွ ပူးပေါင်း၍ပါဝင်ဆင်နွဲဖို့ တိုက်တွန်းလျက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့  “World Consumer Rights Day” အား ဂုဏ်ပြုကြိုဆို ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မွန်)

သံဖြူဇရပ်မြို့တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ

    မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ၆-၃-၂၀၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မွန်လုပ်ငန်းရှင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

    အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Moderator အဖြစ် မော်လမြိုင်ပညာရေးကောလိပ်ရှိ ကျောင်းအုပ်ဆရာမကြီးက ဆောင်ရွက်ခဲ့ကာ မွန်ပြည်နယ်ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ မော်လမြိုင်နည်းပညာတက္ကသိုလ်ပါမောက္ခ ဒေါက်တာမင်းဇော်အောင်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သမဝါယမအသင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးနေဇော်အောင်က အသင်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ အသင်းအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  ဆွေးနွေးမေးမြန်းမှုကဏ္ဍတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့်ပတ်သက်၍ မေးမြန်းခြင်းအား စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ချောင်းဆုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်

     ၂၀၂၃ခုနှစ် မတ်လ ၃ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show)  ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ Talk Show တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Talk show အစီစဉ်ဖြင့်အသိပညာပေးဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့ပါကြောင်း၊ ပြည်သူများသိရှိစေရန်အတွက် စားသုံးသူအသိပညာပေးရေးအကြောင်းအရာတို့အား ဆွေးနွေးခဲ့ပါကြောင်း၊ ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းအရာများ၊ စားသုံးသူတို့၏အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉မှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့်အချက်အလက်များနှင့် လိုက်နာရမည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်သိန်းဦး(ရုံးအုပ်)သည် 9.3.2023 ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ မြေနုကျေးရွာမှ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိနိုင် စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံး များနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောသတင်းအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အချက်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ