Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းခရိုင်၌ စားသုံးသူကာကွယ်‌‌ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများ လျာထားချက်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့

   “ ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်။ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ် ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေး(၈)ချက်အနက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲများကို (၄)ကြိမ် ဆောင်ရွက်ခဲ့သည်။

       ဖေဖော်ဝါရီလ(၇)ရက်နေ့က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ပေါင်း(၁၃၀)ဦးအားလည်းကောင်း၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့က စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူပေါင်း(၉၀)ဦးအားလည်းကောင်း၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့က စစ်ကိုင်းတက္ကသိုလ်၌ ဆရာ/ဆရာမ၊ကျောင်းသား/ကျောင်းသူပေါင်း(၂၇၀)ဦးအားလည်းကောင်း၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား(၂၀)ဦးအားလည်းကောင်း၊ စုစုပေါင်း(၅၁၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

စစ်ကိုင်းတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော

    စစ်ကိုင်းတက္ကသိုလ်၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူနှင့် ဝန်ထမ်းများသည်  (၂၃.၂.၂၀၂၃) ရက်နေ့တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၇၀)ဦးအားတွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ပါသည်။

       ဟောပြောပွဲတွင် ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုဟောပြောပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို         ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈)တို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပါကြောင်း၊ ပုဒ်မ(၄၃)ပါပြဌာန်း ချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိပါကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင် Facebook page နှင့် Website တို့ဖြင့် တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပါမောက္ခချုပ်က အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူကာကွယ်ရေးနည်းဥပဒေစာအုပ်ကို စစ်ကိုင်းတက္ကသိုလ်စာကြည့်တိုက်သို့ လှူဒါန်းခဲ့ပါကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မွန်ပြည်နယ်ရော်ဘာဈေးကွက်စစ်တမ်းနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

         မွန်ပြည်နယ်အတွင်းရှိ ရော်ဘာဒိုင်များ၊ ဓါတ်မြေဩဇာနှင့်အက်စစ်အရောင်းဆိုင်များ၏ဈေးကွက် သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်သော မွန်ပြည်နယ် ရော်ဘာဈေးကွက် စစ်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်(၁၀)နာရီတွင် Golden River Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အသင်းဝင်များ၊ ရာဘာခြံရှင်များ၊ စိုက်ပျိုးရေးအရောင်းဆိုင်များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသည့် ဧည်သည်တော်များ၊ စုစုပေါင်း(၇၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

           အခမ်းအနားတွင် မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်လမြိုင်ကုန်စည်ဒိုင်အသင်းဥက္ကဌမှ ကုန်စည်ဒိုင်နှင့်ပူးပေါင်းဆောင်ရွက်သည့်အကြောင်းရင်းများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ National Enlightenment Institute, Executive Director မှ ရော်ဘာကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်နေသည်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်ဆွေးနွေးချက်များကို အခြေပြု၍ ဆက်လက်ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပြီး အခမ်းအနားအား နေ့လည် (၁၂း၀၀)၍ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေး (၁/၂၀၂၃) သို့ ပြည်နယ်ဦးစီးမှူးမှ Zoom ဖြင့် တက်ရောက်ခဲ့

        မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေး (၁/၂၀၂၃) ကို (၁.၃.၂၀၂၃) ရက်နေ့တွင် ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့်အတူ Zoom Application ဖြင့် တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များပါ တက်ရောက်ခဲ့ပါသည်။

           အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်ငန်းများအား ဘေးအန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းပြည့်မီသည့် ကုန်စည်များကို ပြည်တွင်းပြည်ပဈေးကွက်များတွင် တရားဝင်ဖြန့်ဖြူးရောင်းချနိုင်ရန် ဥပဒေနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်တစ်ဦးအား  မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီတွင် အဖွဲ့ဝင်အဖြစ်ထည့်သွင်းဖွဲ့စည်းရန် တင်ပြခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ပြည်နယ်ဦးစီးမှူးမှ မော်လမြိုင်မုန့်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ

           ၃.၃.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင် မုန့်လုပ်ငန်းရှင်အသင်းအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိကြောင်း၊ မုန့်လုပ်ငန်းရှင်များအနေဖြင့်လည်း အခက်အခဲရှိပါက တင်ပြကြစေလိုကြောင်း ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အသေးစိတ်ဖော်ပြ ရမည့်အချက်များအား မုန့်လုပ်ငန်းရှင်များအနေဖြင့် တိကျစွာလိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးစီး

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ၆.၃.၂၀၂၃ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ၊အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့်တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ရုံးချုပ်မှတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆန်စပါးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်နှင့်တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်အရာထမ်း / အမှုထမ်း များ ၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဌနှင့်တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းခွဲ (ဧရာဝတီ)၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာဝတီ) ၊ မြန်မာနိုင်ငံစိုက်ပျိုးထုတ်လုပ်သူများအသင်းခွဲ (ဧရာဝတီ)၊ တိုင်းဒေသကြီး တောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်းများမှ ဥက္ကဌ နှင့် တာဝန်ရှိသူများ၊ ခရိုင် / မြို့နယ်များမှ စက်ပိုင် ၊ ကုန်သည်၊ တောင်သူများ စုစုပေါင်းအင်အား (၁၅၇) ဦးတက်ရောက်ခဲ့ပါသည်။

          ဆန်စပါးဥပဒေ (မူကြမ်း) ဆွေးနွေးပွဲတွင် ပထမပိုင်းအစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ဆန်စပါးဥပဒေ (မူကြမ်း) နှင့်အသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

          ဒုတိယပိုင်းအစီအစဉ်အရ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုသီရိဗို က ဥပဒေ(မူကြမ်း) တွင် ပါဝင်သည့် အခန်း (၁၀) ခန်းနှင့် ပုဒ်မ (၅၁) ခုအား Power  Point ဖြင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှ ဥပဒေတွင် ထပ်မံဖြည့်စွက်ရမည့် အချက်များ ၊ မပါဝင်သင့်သည့်အချက်များအား အကြံပြုဆွေးနွေးကာ ဥပဒေ (မူကြမ်း) တစ်ရပ်လုံးအပေါ်  လွှမ်းခြုံ၍ အကြံပြုဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်ရလဒ်များအားဖေါ်ထုတ်ခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ယခုလို ဆန်စပါး အများဆုံးထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါး ဥပ‌ဒေ (မူကြမ်း) အား လာရောက်ချပြ ရှင်းလင်းဆွေးနွေးသည့်အတွက်တက်ရောက်လာကြသော သက်ဆိုင်ရာ ဌာန / အဖွဲ့အစည်း / အသင်း  / စက်ပိုင် ၊ ကုန်သည် ၊ တောင်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့်လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်၍ အချိန်ယူဆွေးနွေးပြီး ဆန်စပါးဥပဒေ အမြန်ဆုံးထွက်ရှိနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲအား ညနေ (၁၅:၃၀)နာရီတွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မိုးကောင်းမြို့နယ်၊ အာလံဗိုလ်ကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေး‌ဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၆-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ အာလံဗိုလ်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားများရယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည်တို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk (၂/၂၀၂၃)အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC)ခန်းမ၌  (၂၈.၂.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးမှူးဒေါ်စန်းမြင့်ရီက စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ အခန်း(၁)မှ အခန်း(၄)ထိ ဆွေးနွေးခဲ့ရာ ဥပဒေ၏အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်များ၊ ပုဒ်မ-၂ ပါ အဓိပ္ပာယ်ဖော်ပြချက်များမှ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ပေးခြင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား၊ ဘေးအန္တရာယ်ရှိသောကုန်စည်(သို့) ဝန်ဆောင်မှုစသည့် ပုဒ်မ(၂)ပါ အချက်များ၊ အခန်း(၂)တွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်(၈)ရပ်၊ အခန်း(၃)တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ဖွဲ့စည်းပုံနှင့် ကော်မတီတွင် ဖွဲ့စည်းရမည့်အဖွဲ့ဝင်ဦးရေ ကော်မရှင်ဥက္ကဌ၏တာဝန်များ၊ နိုင်ငံဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များ၏ခံစားခွင့်များ၊ အတွင်းရေးမှူး၏တာဝန်များနှင့် အခန်း(၄)တွင် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဦးစီးမှူး ဦးမြတ်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၆)တွင် ပြဌာန်းထားသော စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များမှ စောင့်ကြည့်စစ်ဆေးခြင်းအချက်(၆)ချက် တင်ပြခြင်း(၄)ချက်၊ ဦးစီးဌာနနှင့် ဦးစီးမှူးရုံးက အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်းစသည့် တာဝန်(၁၁)ချက်နှင့်အခန်း(၇) စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍတွင် ပုဒ်မ-၄၅ မှ ပုဒ်မ ၅၅ ထိ ပြဌာန်းထားသောစစ်ဆေးရေးအရာရှိများ ဆောင်ရွက်ရမည့်တာဝန်များအား အသေးစိတ် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မ‌ကွေး)

သိန္နီမြို့ တပေါင်းပွဲတော်ဈေးအတွင်း ရောင်းချနေသော စားသောက်ဆိုင်နှင့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် တပေါင်းပွဲတော်အား မတ်လ (၂)ရက်နေ့မှ (၆)ရက်နေ့အထိ တပေါင်းပွဲကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ တပေါင်းပွဲဈေးအတွင်း ရောင်းချနေသော စားသောက်ဆိုင်နှင့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ တိုင်းရင်းဆေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ စားသုံးသူများနှင့် ပတ်သက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်ရရှိစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် စားသောက်ကုန်များ ရောင်းချစေရေးအတွက် အသိပညာပေးခြင်းနှင့် တပေါင်းပွဲကွင်းအတွင်း ရောင်းချနေသော ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ် အထူးဂရုစိုက်ကြရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ကျင်းပသောတပေါင်းလရာသီပွဲတော် အစားအသောက်များအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေး စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် (၅-၃-၂၀၂၃) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်ဘားအံမြို့၊ မြို့မဘောလုံးကွင်းတွင် ကျင်းပသော ရွှေယာဉ်မျှော်ဘုရားပွဲတော် (စတုဒီသာ)တွင် ကျွေးမွေးတည်ခင်းဧည့်ခံသော မုန့်ပဲသရေစာ များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထို့သို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများ သည် စတုဒီသာပွဲတော်တွင် ကျွေးမွေးဧည့်ခံသော မုန့်ပဲသရေစာများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး အလေးပေးစစ်ဆေးခဲ့ပြီး စတုဒီသာကျွေးမွေးသော အသင့်စား၊အစားအသောက်နှင့် အအေးများတွင် ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်စေရေးနှင့် သက်တမ်းလွန်စားသောက်ကုန်များ မပါရှိစေရေး ဝိုင်းဝန်းကြပ်မတ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

     ရွှေယာဉ်မျှော်ဘုရားပွဲတော်သည် နှစ်စဉ်တပေါင်းလပြည့်နေ့ရောက်တိုင်း ဘားအံမြို့နယ်ရှိ သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းများ လောင်းလှူဒါန်းကြကာ ကြွရောက်လာ ဧည့်ပရိတ်သတ်များကို စတုဒီသာ မုန့်မျိုးစုံများကို ခင်းကျင်းကျွေးမွေးလေ့ရှိကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ