Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်မြို့နယ်အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဆန်များရောင်းချ

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၂၂.၈.၂၀၂၂) နေ့တွင် နံနက်ပိုင်း၌ ရွှေတံခါးရပ်ကွက်သို့လည်းကောင်း၊ နေ့လယ်ပိုင်းတွင် မြောက်နဝင်းရွာသစ်တို့တွင် အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဈေးကားများဖြင့် ဆန်များလှည့်လည် ရောင်းချပေးခဲ့ပါသည်။

     ထိုသို့အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် မနောသုခဆန် (၁)ပြည်လျှင် (၁၆၀၀)ကျပ်ဖြင့် အိမ်ထောင်စု (၁၂၀၀)အတွက် ဆန်အိတ်(၁၀၀)အား ရောင်းချပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ပေါ်ရှိ  အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးသည် ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၅.၈.၂၀၂၂) ရက်၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်မြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း (လက်လီ/လက်ကား) ရောင်းချ သည့် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ပြည်ခရိုင်ဦးစီးမှူးမှ မိမိတို့စားသုံးသူ ရေးရာဦးစီးဌာနသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး ၂၀၁၉ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးဥပဒေကို အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုဖြင့် ပြဋ္ဌာန်း ထားပါကြောင်း၊ ဥပဒေပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာရမှာဖြစ်သဖြင့် ယခုလို ခေါ်ယူ၍ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများကို တွေ့ဆုံရှင်းလင်းဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ဥပဒေတွင်ပါဝင်သည့်  စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် ကုန်စည်/ ဝန်ဆောင်မှု တို့၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ စားသုံးသူများရရှိမည့် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ရေးသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းအား ဆွေးနွေးဟောပြော ခဲ့ပြီး တက်ရောက်လာသော အလှကုန်နှင့် လူသုံးကုန်ရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များ အနေနဲ့ အဓိကအားဖြင့် မိမိတို့ရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်စသည့်အချက်များကို ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး ယင်းသို့ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိမှသာ မိမိတို့ဆိုင်တွင် ရောင်းချကြရန် လိုအပ်မှာဖြစ်ကြောင်း၊  နောက်ပိုင်းကာလများတွင်  ကွင်းဆင်းစစ်ဆေးမှုများနှင့်   အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အထူးအလေးထား သိရှိ လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ လည်း စိတ်ဝင်တစားဖြင့် သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင် (၂၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

 

မကွေးတိုင်းဒေသကြီးအတွင်း စားအုန်းဆီဈေးနှုန်းတည်ငြိမ်စေရေး လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းကြပ်မှတ်ဆောင်ရွက်မှု အခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျှက်ရှိသည့်အပြင် လုပ်ငန်းကြီးကြပ်ကော်မတီအနေဖြင့် စားအုန်းဆီ၊ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန် ပေးလျှက်ရှိပါသည်။

        စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ (၂၂.၈.၂၀၂၂) ရက်နေ့မှ (၂၈.၈.၂၀၂၂)ရက်နေ့ထိ အပတ်စဉ်ရည်ညွှန်းဈေးနှုန်းများအရ လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင်(၄၈၆၀)ကျပ်ဖြစ်ပြီး စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ သက်ဆိုင်ရာဒေသအလိုက် ဆီကုန်သည်တစ်ဦးချင်းသို့ တိုက်ရိုက်ရောင်းချပေးသည့်အစီအစဉ်အရ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စားအုန်းဆီပီပါအလုံးရေ (၅၁၀၁)ပီပါ၊ ပိဿာချိန်(၅၆၁၁၁၀)ပိဿာ၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်(၆၇၅၄)ပီပါ၊ ပိဿာ ချိန်(၇၄၂၉၄၀)ပိဿာ၊ ၂၀၂၂ ခုနှစ် ဩဂုတ်လ(၁၇) ရက်နေ့အထိ စားအုန်းဆီပီပါ (၅၅၃၃)ပီပါ၊ ပိဿာချိန် (၆၀၈၆၃၀)ပိဿာတို့ဖြင့် စားအုန်းဆီများ ခွဲဝေရောင်းချပေးခဲ့ပါသည်။

          ၂၀၂၂ခုနှစ်၊ဇွန်လတွင် ပခုက္ကူမြို့၌ တစ်ပိဿာလျှင် (၅၈၁၅)ကျပ်၊ တောင်တွင်းကြီးမြို့တွင် (၅၆၄၅)ကျပ်၊ ချောက်မြို့တွင် (၅၆၄၅)ကျပ်၊ အောင်လံမြို့၌ (၅၆၄၅)ကျပ်၊ နတ်မောက်မြို့တွင် (၅၈၁၅)ကျပ်၊ မကွေးမြို့တွင် (၅၆၄၅)ကျပ်၊ သရက်မြို့တွင် (၅၆၄၅)ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိပြီး ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် တောင်တွင်းကြီးမြို့၌ (၅၁၀၀)ကျပ်၊ ချောက်မြို့၌ (၄၆၅၀)ကျပ်၊ တောင်တွင်းကြီးမြို့၌ (၃၆၆၅)ကျပ်၊ အောင်လံမြို့၌ (၃၆၆၅)ကျပ်၊ ၂၀၂၂ခုနှစ် ဩဂုတ်လတွင် ပခုက္ကူမြို့၌ (၅၁၀၀)ကျပ်၊ မကွေးမြို့တွင် (၅၁၀၀) ကျပ်၊ ချောက်မြို့တွင် (၄၁၄၀)ကျပ်၊ တောင်တွင်းကြီးမြို့တွင် (၄၁၄၀)ကျပ်တို့ဖြင့် စားအုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးပေးခဲ့ပြီး လက်ကားကုန်သည်များမှ စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ပြန်လည်ဖြန့်ဖြူး ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကွင်းဆင်းကြပ်မတ်ဆောင်ရွက် လျှက်ရှိကြောင်းသိရှိရပြီး ဈေးကွက် အတွင်း ယခုလက်ရှိပြင်ပ၌ ရောင်းချလျှက်ရှိသော စားအုန်းဆီဈေးနှုန်းများမှာ လက်ကားတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချ လျှက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA (မကွေး)

         

         

ပြည်ခရိုင်တွင် စပါး/ဆန်ဈေးများမြင့်တက်

        ပြည်ခရိုင်တွင် စပါး/ဆန်ဈေးများ ယခုဩဂုတ်လ စတုတ္ထပတ်တွင် မြင့်တက်လာခဲ့ပါသည်။ နတ်တလင်းတောင်ပျံဈေးမှာ (၄၆)ပေါင် တင်း၁၀၀လျှင် ၁၂၅၀၀၀ကျပ်၊ မှော်ဘီစပါးဈေးမှာ တင်း၁၀၀လျှင် ၉၂၀၀၀၀ကျပ်၊ ကရင်မစပါးတင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ်၊ ဧည့်မထစပါးတင်း ၁၀၀လျှင် ၈၅၀၀၀၀ကျပ်ဈေးဖြင့် မြင့်တက်လာခဲ့ပါသည်။ စပါးဈေးမြင့်လာသလို ဆန်ဈေးမှာလည်း မြင့်တက်လာသဖြင့် မှော်ဘီဆန် တစ်အိတ်လျှင် ၄၈၀၀၀ကျပ်၊ အင်းမဆန် တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် ၄၀၀၀၀ကျပ်၊ ဆင်းသွယ်တစ်အိတ်လျှင် ၄၀၀၀၀ကျပ်၊ ရတနာတိုး တစ်အိတ်လျှင် ၃၀၀၀၀ကျပ်၊ ကျော်ဇယျဆန် တစ်အိတ်လျှင် ၃၉၀၀၀ကျပ်၊ တောင်ပျံတစ်အိတ်လျှင် ၆၃၀၀၀ကျပ်ဖြင့် ဆန်ဈေးများမြင့်တက်နေပါသည်။ သယ်ယူခစရိတ်များ မြင့်တက်ခြင်း၊ စပါးလက်ကျန်နည်းလာသည့်အတွက် ဩဂုတ်လအတွင်းမှာ စပါး/ဆန် ဈေးများမြင့်တက်နေသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့အတွင်း အခြေခံလူတန်းစားများအား သက်သာသောနှုန်းထားဖြင့် ဆန်နှင့် စားသုံးဆီများရောင်းချ

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့အတွင်း ရပ်ကွက်များသို့ ဆန်နှင့်စားသုံးဆီများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချမှုကို ကြီးကြပ်ဆောင်ရွက်ပေးပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးသည် တောင်ငူမြို့ရှိ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၂၁)ရပ်ကွက်၌ ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ် နှုန်း၊ လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် လူဦးရေ ၄၆၀ ဦးအား ဆန်အိတ် ၄၀ အိတ်ရောင်းချပေးနိုင် ခဲ့ပါသည်။

        ထို့အတူ Diamond Dragon Co.,Ltd ၏ စားသုံးဆီကိုယ်စားလှယ် အောင် စားသုံးဆီပွဲရုံနှင့်ပူးပေါင်း၍ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လူတစ်ဦးလျှင် ဆီ ၁ ပိဿာနှုန်း၊ ဆီ ၁ ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် အမှတ်(၂၁)ရပ်ကွက်၊ ဇေယျာခင်ဦး၌ စားသုံးဆီ ၄၄၀ ပိဿာကိုလည်းကောင်း၊ အမှတ် (၁၈) ရပ်ကွက်၊ ကျောက်တိုင်လမ်း၌ စားသုံးဆီ ၂၂၀ ပိဿာကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့်ပူးပေါင်း၍ ဆန်နှင့် စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ အထက(၂)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

         ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ဖိုးကွန်းခန်းမ၌ တောင်ငူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် လူငယ်ရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

       အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံမှုမရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများက ဈေးကွက်အတွင်း ကွင်းဆင်း လေ့လာစောင့်ကြည့်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှု သင့်ပုံများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းဟောပြောပါသည်။

     ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်း က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ်များကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်သူဇာထွေးက အားကစားလှုပ်ရှားခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးခရိုင်အတွင်း သွားတိုက်ဆေးများအား ကြည့်ရှုစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၈.၈.၂၀၂၂ ၊ ၁၉.၈.၂၀၂၂ ၊ ၂၅.၈.၂၀၂၂ ရက်နေ့များတွင် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့ ၊ သနပ်ပင်မြို့ ၊ ဝေါမြို့များရှိ စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင် များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ပဲခူးမြို့ ၊ သနပ်ပင်မြို့ ၊ ဝေါမြို့များရှိ စည်ပင်သာယာစျေးများအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို စျေးကွက် စောင့်ကြည့်စစ်ဆေးရာ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားသည် ကို တွေ့ရှိရပါသည်။

      ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာကော်မတီမှ ယခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် အတည်ပြုသတ်မှတ်ပေးခဲ့သော ကုန်စည် (၁၀)မျိုးကို အစီအစဉ်အလိုက် ဆောင်ရွက်ရာ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ယခုနှစ်တွင် သွားတိုက်ဆေးအမျိုးမျိုးကို စျေးကွက် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

       ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး ၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအရ သနင်ပင် မြို့နယ်တွင် ဆင်းသွယ်လတ် ၊ ဆန်သား ၉၀ ရာနှုန်း အိတ် (၁၅၀)အား သနပ်ပင်မြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ ပူးပေါင်းပြီး (၁၅.၈.၂၀၂၂) ရက်နေ့မှ (၂၁.၈.၂၀၂၂) ရက်နေ့ထိ သနပ်ပင်မြို့မ ၊ စျေးပိုင်ရပ်ကွက် ၊ မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ဆန်(၁)ပြည်လျှင် သက်သာသည့်စျေးနှုန်း (၁၆၀၀)ကျပ်ဖြင့် ရောင်းချ ပေးလျှက်ရှိပြီး အခြေခံစားသုံးသူများမှ ဝယ်ယူလျှက်ရှိကြောင်း သိရှိရပါသည်။ သနပ်ပင် မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများသို့ စုစုပေါင်း ဆန်အိတ် (၁၅၀) ရောင်းချပေးပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သီရိမင်္ဂလာဈေးအတွင်းရှိ အသား၊ ငါးများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချမှုစနစ်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

           ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါး ရောင်းချနေသော ဆိုင်များသို့ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချ ခြင်းစနစ်ရှိ/မရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက် ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ အသား/ငါးများမှာ မျက်မြင်အခြေအနေအရ သန့်ရှင်းလတ်ဆတ်မှုရှိပြီး ယင်လုံဇာများ ဖုံးအုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ဒေသငါးများသာမက အခြားဒေသမှ ငါးများပါ မှာယူတင်သွင်းရောင်းချသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသော ဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချရန်လိုအပ်ပါကြောင်း၊ ဈေးအတွင်းသို့ လာရောက်စစ်ဆေးမှသာ ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချခြင်း မျိုးမပြုလုပ်ဘဲ လာရောက်စစ်ဆေးခြင်းမရှိသည့် ပုံမှန်ရက်များ၌လည်း ယင်ကောင်မလာစေရန် ဖုံးအုပ်ရောင်းချ သင့်ပါကြောင်း၊ ငါးများမှာယူတင်သွင်းရာတွင် စနစ်တကျ သယ်ယူပို့ဆောင်ရန် လိုအပ်ကြောင်း၊ လတ်ဆတ်မှုမရှိသော အသားငါးများနှင့် ကူးစက်ရောဂါရနေသော အသားများအား ရောင်းချခြင်း မပြုရန် အသား/ ငါးရောင်းချနေသော ဆိုင်(၂၃)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk ကျင်းပ

             ကရင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ၂၈-၈-၂၀၂၂ ရက်နေ့၊ နေ့လယ် ၀၂:၀၀ နာရီအချိန်တွင် ဝန်ထမ်းများအား ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

            အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာနသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဦးတည်နေရာ (၁၂)နေရာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ဈေးကွက် မရောက်မီကုန်စည်နှင့်ဈေးကွက်ရောက်ပြီးကုန်စည်များအား စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အသစ်ခန့်အပ်ထားသော ဝန်ထမ်းများနှင့် လက်ရှိဝန်ထမ်း များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေး အထောက် အကူပြု အသိပညာပေးဆွေးနွေးခြင်းအား ရုံးလုပ်ငန်းမပျက်စေဘဲ နှစ်ပတ်တစ်ကြိမ် (ကြာသပတေး) နေ့တိုင်း Thursday Talk အသိပညာပေး ဆွေးနွေးခြင်းအား ကျင်းပ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက် မိမိတို့ လုပ်ဆောင် ရမည့်တာဝန်များအပြင် ဌာန၏မြေပြင်ကွင်းဆင်း အကောင်အထည်ဖော်ရသော အသိပညာ ပေးဟောပြောခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများ၌ ဘာသာရပ်အလိုက် ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် အများပြည်သူအသိပညာပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် အများပြည်သူတို့ ဝန်ဆောင်မှုပေးသည့်ဌာန အားလျော်စွာ အများပြည်သူသို့  အသိပညာပေး ကွင်းဆင်းရာ၌ ဦးတည်နေရာ(၁၂) ချမှတ်ထားပေးသည့်အပြင် အသိပညာပေး ဆွေးနွေးပြောကြားရာ၌ ဌာန၏ လုပ်ငန်းတာဝန်နှင့် စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာ အခန်းအလိုက် ကဏ္ဍအလိုက် ခွဲခြား၍ ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာပြီး ပိုမိုထိရောက်စွာ နည်းလမ်း အသစ် များ ရှာဖွေဖော်ထုတ်သွားရန်ဖြစ်ပါကြောင်းခြင်း ပြောကြားခဲ့ပါသည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ပြောကြားရာတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ ဟောပြောရမည့်ခေါင်းစဉ်များကိုလည်းကောင်း ရှင်း လင်း ဆွေးနွေး၍ ဝန်ထမ်းများက ကျဘမ်းစနစ်ဖြင့် မဲနိုက်၍ ဟောပြော ဆွေးနွေး ကျင်းပခဲ့ပါသည်။

       အခမ်းအနားတွင် အငယ်တန်းစာရေး ဒေါ်ခင်သူဇာက ကုန်အညွှန်းအမှတ်အသား ဖတ်ရှုလို့ စိတ်ချယုံကြည်သုံးစွဲစို့ ခေါင်းစဉ်နှင့်လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က ပြည်သူအများ စားသုံးသူအခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့ ခေါင်းစဉ်နှင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နိဂုံးချုပ်စကား ပြောကြားခဲ့ကာ ဝန်ထမ်းအင်အား( ၁၄ )ဦး တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားကို (၁၆:၀၀) ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ