Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေနံချောင်းမြို့၊ အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးရုံး၏လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေ(ဒု-ဦးစီးမှူး)သည် (၁၅-၂-၂၀၂၃)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

      ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေ(ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ(၄)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦး၊ စုစုပေါင်း(၁၀၄)ဦးတက်ရောက်ခဲ့ပြီး ဌာနက စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

တောင်တွင်းကြီးမြို့နယ် ဆတ်သွားမြို့ပေါ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူအသိပညာပေးဟောပြော

     ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားမြို့ပေါ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ  ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၁၀၅)ဦး၊ စုစုပေါင်း(၁၁၂၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးကာ  ကျောင်းမုန့်စျေးတန်း၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ဟောပြောပွဲတွင် လက်ထောက်ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောပြီး တောင်တွင်းကြီးမြို့ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကိုး ဦးစားပေးဖတ်ရှုသင့်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူကာကွယ်ရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များကို ရှင်းလင်းဟောပြောခဲ့ပါသည်။

        ထို့အတူ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ခင်မျိုးဆွေက အားကစားသိပ္ပံအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဆရာမ ဒေါ်ဝေယံမြင့်က "နွယ်၊ မြက်၊ သစ်ပင် ဆေးဖက်ဝင်"သိကောင်းစရာအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် စစ်ဆေးရေးအရာရှိဖြစ်သော မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့သည် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချလျက်ရှိသောမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မိတ္ထီလာမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံး၊ ဒေါမြို့ရီ(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်အတွင်း   (မိတ္ထီလာ-ကျောက်ပန်း တောင်း)ကားလမ်းရှိ စက်သုံးဆီရောင်းချနေသော Farmer ၊ အောင်ကောင်းပြည့် 1 ၊ နဝရတ်၊ နီလာရီုးမ၊ Denko၊ Max နှင့် Regency  စက်သုံးဆီဆိုင်များအား စျေးကွက်အတွင်း ရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှု အခြေအနေများ၊ ဆီဆိုင်ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိတို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်နှင့်ပတ်သက်၍ အာမခံချက် ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့်စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက်  ဆီဆိုင်များမှစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီက သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်ဝမှုရှိ/မရှိ (၂၀) လီတာစံဝင်ခွက်ဖြင့်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ဆီစက်များချေးငွေအဆိုပြုလျှောက်ထားမှု ကွင်းဆင်းစစ်ဆေးခြင်း

  ကျောက်မဲမြို့နယ်ရှိ ဆီစက်လုပ်ငန်းများဖြစ်သော ပန်ပေါင်းကျေးရွာရှိ ဉီးကြာယုံဆီစက်၊ ကျွဲကုန်းကျေးရွာရှိ ဉီးစိုင်းအောင်ကြည်ဆီစက်နှင့်အမှတ်(၁)ရပ်ကွက်၊ ပြိန်းနင်ရှိ ဉီးစိုင်ညွန့်ဆီစက်များအား ဆီစက်များတိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီစက်အသစ်များ တည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက် ဖြည့်ဆည်းပေးရန် အဆိုပြုလွှာများ  လျှောက်ထားရာ အဆိုပါဆီစက်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ (၁၈.၂.၂၀၂၃)ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာနမှ ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မော်လမြိုင်တက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    မော်လမြိုင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ်၌ (၂၂.၂.၂၀၂၃) ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊စားသုံးသူများ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ်တွင် ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်စေရေးတို့အား ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီးနောက် ဒေါ်ဝါဝါမြိုင်၊ ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ အသိပညာရရှိစေမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းအသိပေးခဲ့ကာ FDA ဌာနမှလည်း စားသုံးသူများအတွက် အစားအသောက်များတွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဓါတုဆိုးဆေးများ အကြောင်းတို့ကို ထည့်သွင်းဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမ (၃၀)ဦး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦး တက်ရောက်၍ တက်ရောက်လာသူများကို စားသုံးသူ ရေးရာဦးစီးဌာနက လက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ

   မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ၂၃.၂.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့၊ ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချူပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မွန်လုပ်ငန်းရှင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

   အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  Moderator အဖြစ် မော်လမြိုင်ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် တွဲဖက်   Moderator အဖြစ် မော်လမြိုင်တက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခတို့ကဆောင်ရွက်ခဲ့ကာ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တပြည်နယ် ဦးစီးမှူး၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) ကျောင်းအုပ်ကြီးနှင့် မော်လမြိုင် ကုန်စည်ဒိုင် ဥက္ကဌတို့မှ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။

   ဆွေးနွေးမေးမြန်းမှုကဏ္ဍတွင် ရော်ဘာထုတ်ကုန်များ အရည်အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက်ရရှိရေးနှင့်ပတ်သက်၍ မေးမြန်းခြင်းအား စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ် မုန့်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

    ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ မွန်ပြည်နယ်မုန့်လုပ်ငန်းရှင်အသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနပြည်နယ်ဦးစီးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(SMEဌာနခွဲ)၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ National Enlightenment Institute မှဝန်ထမ်းများ၊ မုန့်လုပ်ငန်းရှင်များ စုစုပေါင်း(၃၃)ဦးတက်ရောက်ခဲ့ကြပါသည်။

 အဆိုပါ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် အသင်းအား ပြန်လည်ဖွဲ့စည်းခြင်းအပေါ် ဝမ်းမြောက်မိပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးကိုပါ ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ MSMES လုပ်ငန်းများကိုလည်း အားပေးကူညီဆောင်ရွက်ပေးနေပါကြောင်း၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်းဥက္ကဌက အသင်းဖွဲ့စည်းခြင်းအားဖြင့် မွန်ပြည်နယ် မုန့်လုပ်ငန်းရှင်များအတွက် များစွာအထောက်ကူပြုနိုင်ကြောင်းနှင့် မုန့်လုပ်ငန်းရှင်အစုအဖွဲ့ ဥက္ကဌကလည်း ကျန်းမာရေးနှင့်ညီညွတ်သော မုန့်များပိုမိုထုတ်လုပ်နိုင်ရန်အတွက် မုန့်ဇုန်ဧရိယာထိ ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤအသင်းကိုဖွဲ့စည်းခြင်းဖြစ်ကြောင်း အသီးသီးပြောကြားခဲ့ကြပြီးနောက် မုန့်လုပ်ငန်းရှင်များက ၎င်းတို့ကြုံတွေ့နေရသောအခက်အခဲများအား တက်ရောက်လာ သော ဌာနဆိုင်ရာများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ National Enlightenment Instituteတာဝန်ရှိသူက အသင်း၏ ရည်ရွယ်ချက်များ၊ အသင်းဖွဲ့စည်းပုံများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် ရွေးချယ်တင်မြှောက်ထားသော ဥက္ကဌနှင့် ဒုဥက္ကဌအမည်များကို ဖတ်ကြားပြီး မုန့်လုပ်ငန်းရှင်အသင်းဖွဲ့စည်းခြင်း အခမ်းအနားအား (၁၆:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဘီလင်းမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်များ အများဆုံး တင်သွင်း ရောင်းချလျက်ရှိသောစတိုးဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

   မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်ဦးစီးမှူးဦးအောင်ကျော်မင်း(ဦးစီးအရာရှိ)နှင့် ဘီလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁.၂.၂၀၂၃) ရက်နေ့တွင် ဘီလင်းမြို့ပေါ် ရပ်ကွက်များရှိ စားသောက်ကုန်များအား အများဆုံး တင်သွင်းရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

  အဆိုပါဆိုင်များရှိ ပြည်ပမှတင်သွင်းလာသောစားသုံးဆီနှင့် ဟင်းခတ်အချိုမှုန့်များ၏ ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပါရှိရမည့်အချက်အလက်များအား အဓိကထား စစ်ဆေးခဲ့ကြပြီးနောက် ဈေးကွက်အတွင်း ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအား ရောင်းချခြင်းမပြုကြရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ဝတ္တရားများနှင့် ကုန်အညွှန်းအမှတ်သားများ နှင့်ပတ်သက်သော အကြောင်းအရာများကို သိရှိနားလည်စေရန်တို့အား အသိပညာ‌ပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

 

ဆန်စက်၊ ဆီစက် လုပ်ငန်းရှင်များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာနှင့် တွေ့ဆုံ

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ၂၁.၂.၂၀၂၃ ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်များ ကိုယ်စားလှယ် (၅)ဦး၊ ဆီစက်လုပ်ငန်းရှင် ကိုယ်စားလှယ် (၅) ဦးတို့နှင့်အတူ မွန်ပြည်နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်မန်နေဂျာအား တွေ့ဆုံ၍ JICA Two Step Loan နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဘဏ်မန်နေဂျာ ဒေါ်စောန္ဒာဝင်းက ယခင်JICA Two Step Loan ချေးငွေများကို ထုတ်ချေးရာတွင် လယ်ယာစိုက်ပျိုးရေးတွင်အသုံးပြုသည့် စက်ကိရိယာဝယ်ယူရန်အတွက်သာ ထုတ်ချေးခဲ့သော်လည်း ယခုအခါတွင် စိုက်ပျိုးရေးကို အခြေခံသည့် ဆက်စပ်စက်ကိရိယာများဖြစ်သော ဆန်စက်၊ ဆီစက်၊ အခြောက်ခံစက် စသည်တို့ကို ဝယ်ယူရန်အတွက်လည်း ချေးငွေများကို ထုတ်ချေးပေးနေကြောင်း၊ တစ်ဦးလျှင် ကျပ်သိန်း (၇၀၀) နှင့် အစုအဖွဲ့များကို တစ်ဖွဲ့လျှင် ကျပ်သိန်း (၅၀၀၀) ထိ ထုတ်ချေးပေးကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၅%) ဖြစ်ပြီး (၅) နှစ်အရစ်ကျပြန်ဆပ်ရမည် ဖြစ်ကြောင်းနှင့် အတိုးကို (၆) လတစ်ကြိမ်ပေးသွင်းရကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ထို့နောက် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များမှ JICA Two Step Loan နှင့်ပတ်သက်၍ ၎င်းတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မုဒုံမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show) ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ Talk Show တွင် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာက Talk show အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း၊ ပြည်သူများသိရှိစေရန်အတွက် စားသုံးသူအသိပညာပေးရေး အကြောင်းအရာတို့အားလည်းကောင်း၊စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးတာဝန်ခံ ဦးစည်သူက  ဆွေးနွေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းအရာများ၊ စားသုံးသူတို့၏အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)မှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ