Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဗီနိုင်များချိတ်ဆွဲခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

         ၂၀၂၃ မတ်လ ၁၅ ရက်နေ့ နံနက် ၀၉ : ၄၅ နာရီတွင် ကန့်ဘလူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ကန့်ဘလူ “မြို့မဈေး”နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိ “ ခရိုင်ပြည်သူ့စာကြည့်တိုက်” တို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်” ဆိုသည့်အတိုင်း စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို သေသေချာချာ သိရှိနားလည်ထားရန် လိုအပ်သလို စားသုံးသူအခွင့်အရေး(၈)ချက်ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ “စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း”ဆိုသည့်အတိုင်း တိုင်ကြားနိုင်သည့်နည်းလမ်းများကို လွယ်ကူစွာသိရှိနားလည်၍ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

      ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်လျက်ရှိသော နွေရာသီအခြေခံပန်းချီသင်တန်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/ သင်တန်သူ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၃ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စစ်ကိုင်းခရိုင်၏ လှုပ်ရှားမှုများ

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်း(၃)ဦးသည်  မတ်လ ၁၃ ရက်နေ့က ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စစ်ကိုင်းမြို့ပေါ်၌  လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။

      ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စားသုံးသူအခွင့်အရေးနှင့် တာဝန်များပါရှိသည့် ဗွီနိုင်းနှင့်  စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများပါရှိသည့် ဗွီနိုင်းပိုစတာများကို လူသွားလူလာများသည့် နေရာများဖြစ်သော စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး၊  မြို့မဈေးအတွင်းနှင့်အပြင်၊  စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကားဂိတ်တို့တွင်  စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရှမ်း(တောင်) တွင် ကမ္ဘာ့စားသုံးသူအထိမ်းအမှတ်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

     ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး (SSSCCI) ခန်းမ၌ (၁၅-၆၃-၂၀၂၃) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ နံနက် (၉:၃၀) အချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ရှမ်းတိုင်းရင်းသာရိုးရာ ကိန္နရီ ကိန္နရာ အကများ ၊ တိုးနယားအကအလှများဖြင့် ဂုဏ်ပြု ကပြဖျော်ဖြေခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ ၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အခမ်းအနား ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်၊ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “ စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်တွင် စားသုံးသူအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

  ယင်းနောက် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဗွီဒီယိုဖိုင်များ ပြသခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးဦးတင့်လွင်ဦးက စားသုံးသူရေးရာအကြောင်းသိကောင်းစရာများကို ရှင်းလင်းတင်ပြဆွေးနွေး၍ မှတ်တမ်းတင်ဓါတ်ပုံများကို ရိုက်ကူးကာ အခမ်းအနားကို နေ့လယ်(၁၁:၀၀) အချိန်ခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။

    အခမ်းအနားသို့ ဧည့်သည်တော် (၁၈၉) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများမှ  ခန်းမအတွင်း ခင်းကျင်းပြသထားသည့် စားသုံးသူရေးရာပြခန်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးပြခန်း၊ ဓနုအလေးလက်ဖက်ခြောက်/ ကော်ဖီပြခန်း၊  Shan Orchard ထောပတ်ထုတ်ကုန်ပြခန်း၊ Borderless  Farm တိုင်းရင်းဆေးထုတ်ကုန်ပြခန်း၊ မြန်မာဘဲလ် သီးနှံအခြောက်ခံထုတ်ကုန်ပြခန်း ၊ NKH ကွမ်းသီးဖက်ဖြင့် ပြုလုပ်သော တစ်ခါသုံး ထုတ်ကုန်ပြခန်းနှင့် ကောင်းကောင်းသဘာဝမြေဩဇာပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအား ၂၀၂၃ ခုနှစ်၊ မတ်လ ( ၁၅ ) ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်‌ကျော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ စားသုံးသူပြည်သူများ  စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

      ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူအခွင့်အရေးဆိုသည်မှာ လူတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့နေ့စဉ်စားသုံးမည့် အစားအသောက်များ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအားလုံးကို ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်မည်မဟုတ်သည့်အတွက် ထုတ်လုပ်ရောင်းချကြသူများထံမှ  တဆင့်ဝယ်ယူသုံးစွဲကြရပါကြောင်း၊ စားသုံးသူများဖြစ်ကြသည့် မိမိတို့တွင် စားသုံးသူအခွင့်အရေးများရှိပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများအား ကာကွယ် ပေးနေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ရှိနေပြီဖြစ်သည့်အတွက် စားသုံးသူနစ်နာမှုများ ကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့် မျှတသည့်စီးပွားရေး ပတ်ဝန်းကျင်ကောင်း တည်ဆောက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများကိုလည်း လိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ယင်းနောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကော်မတီ၏ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာတွင် ကော်မတီ၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ကော်မတီမှ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက် ကိုလည်းကောင်း၊ ဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

     ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်သော စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြခန်းများကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်သော ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်သည့် အသိပညာပေးပြခန်းကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဒေသထွက်ကုန်ပြခန်းကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြား

   စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အများပြည်သူသိရှိစေရန်နှင့် ပိုမိုထိရောက်သော အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ၂၀၂၃ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အခုလို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်း အနားတွင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးကိုကာကွယ်ခြင်းနှင့် အကျိုးစီးပွားကို မြှင့်တင်ပေးခြင်း လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျာက် စီးပွားရေးလုပ်ငန်းရှင်များက စီးပွားကျင့်ဝတ်နှင့်မညီဘဲ မသမာသောနည်းလမ်းများဖြင့် အများပြည်သူအပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသုံးကုန်ပစ္စည်းများသော်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများသော်လည်း ကောင်း ဝယ်ယူထုတ်လုပ်တင်သွင်းရောင်းချလျက်ရှိသဖြင့် မိမိတို့ မိသားစုတစ်ခုတည်း သာမက တိုင်းပြည်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကိုပါ ရိုက်ချိုးလာနိုင်သည့် မဟာဗျူဟာမြောက် လုံခြုံရေးတိုက်ကွက်လည်း ဖြစ်လာနိုင်သည့်အတွက် ကျွန်ုပ်တို့အားလုံး သတိပြုဖို့ လိုအပ်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်လုပ်ငန်းများ လုပ်ဆောင်နေသည့် ပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ကိုလည်း ကျွန်ုပ် ဝန်ကြီးချုပ်ကိုယ်တိုင် အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာ ကော်မတီအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်သွားရန်နှင့် ပြည်သူများ အားကိုးထိုက်သည့် ကော်မတီဖြစ်လာစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် ချင်းပြည်နယ် ဝန်ကြီးချုပ်က ယနေ့ကျင်းပတဲ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးများ၊ ဌာနဆိုင်ရာလူကြီးများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများအနေဖြင့်  စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးပွားကို အကာအကွယ် ပေးခြင်း၊ မြှင့်တင်ပေးခြင်း လုပ်ငန်းများ ဆက်လက်လှုပ်ရှား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသား/သူများအား ဆုငွေများအသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် လူဦးရေ စုစုပေါင်း (၁၀၀)ကျော် တက်ရောက် ခဲ့ပါသည်။

 

DOCA(ချင်း)

 

 

 

မကွေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

    ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် အမေရိကန်သမ္မတ John F.Kennedy က စားသုံးသူများ၏ အခွင့်အရေးကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည့် မတ်လ ၁၅ ရက်နေ့ကို အစွဲပြု၍ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ပေးရန် စားသုံးသူအခွင့်အရေး ရရှိရန်အတွက် လှုပ်ရှားဆောင်ရွက်သူ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့မှ Mr. Anwar Fazal က အဆိုပြုခဲ့ရာမှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က သတ်မှတ်ထုတ်ပြန်ပေးသည့် ဆောင်ပုဒ်များဖြင့် နှစ်စဉ် မတ်လ (၁၅)ရက်နေ့တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၂၀၁၆ခုနှစ်တွင်  ပဋိဇီဝဆေး အန္တရာယ်ဘေး အစားအစာမှ ဖယ်ရှားပေး၊ ၂၀၁၇ ခုနှစ်တွင် စားသုံးသူအခွင့်အရေး ပြည်သူများသိရှိရေး၊ ၂၀၁၈ ခုနှစ်တွင် စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနိုးဆော်ဆောင်ရွက်ပေး၊ ၂၀၁၉ ခုနှစ်တွင်  စိတ်ချယုံကြည် ဒီဂျစ်တယ် ထုတ်ကုန်များဆီ၊ ၂၀၂၀ ပြည့်နှစ်တွင် စားသုံးသူအရေး စဉ်ဆက်မပြတ် ပူပေါင်းဆောင်ရွက်ပေး၊ ၂၀၂၁ ခုနှစ်တွင် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် ပူးပေါင်းကာကွယ်၊ ၂၀၂၂ ခုနှစ်တွင် ညီညွှတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ အစရှိသည့် ဆောင်ပုဒ်များဖြင့်  မြန်မာနိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။

   ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ စာသုံးသူများအဖွဲ့မှ သတ်မှတ်ထုတ်ပြန်ပေးသည့် “ စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့”  Empowering Consumers Through Clean Energy ဟူသောဆောင်ပုဒ်ဖြင့်  မကွေးမြို့ မြို့တော်ခန်းမတွင်   စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကျင်းပဆောင်ရွက်ရာတွင် အစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပခဲ့ရာ ပထမပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က  အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာသူကမ္ဘာသားများ နေ့စဉ်ဖြတ်သန်းလျက်ရှိသော စား/ ဝတ်/ နေ/ ရေးဟူသည့် အရေးသုံးပါးနှင့် ပတ်သက်ပြီး စားသုံးသူများကို ကာကွယ်ပေးရန်၊ မျှတသည့် စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်၊ စီပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက် သည့် လုပ်ငန်းများကို အားပေးရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေများပြဌာန်းပြီး စားသုံးသူ ပြည်သူများကို  ကာကွယ်ပေးလျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် သုတေသနလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေနှင့်အညီ စားသုံးသူအသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုများ အပေါ် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းစသည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိင်ငံဖြစ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေများ ပိုမိုအားကောင်းလာစေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ACCP (ASEAN Committee on Consumer Protection) နှင့် စားသုံးသူကာကွယ်ရေးကော်မတီ အစည်းဝေးများကို တစ်နှစ်လျှင် (၂)ကြိမ်၊ အင်္ဂလိပ် အက္ခရာအစဉ်အလိုက် အာဆီယံနိုင်ငံများတွင် အလှည့်ကျကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၂၂ ခုနှစ်များတွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါကြောင်း၊ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံစားသုံးသူ မဟာဗျူဟာလုပ်ငန်း စီမံချက်လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းကို ၂၀၂၂ခုနှစ်၊ မေလတွင် ကောက်ယူခဲ့ကြောင်း၊ စားသုံးသူစွမ်းဆောင် နိုင်မှုအညွှန်းကိန်းကို နည်းပါး၊ အသင့်အတင့်၊ မြင့်မား၊ ပြည့်ဝဟု ရမှတ်များအပေါ်မူတည်ကာ ခွဲခြားသတ်မှတ်ပြီး စစ်တမ်းမေးခွန်းလွှာများ ကောက်ယူခဲ့ပါကြောင်း၊ အဆိုပါစစ်တမ်းအရ မကွေးတိုင်းဒေသကြီးသည် စားသုံးသူ စွမ်းဆောင်ရည် အညွှန်းကိန်းမှာ ပြည့်ဝဖြစ်သော်လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အရှိန်အဟုန်မပျက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ စားသုံးသူများ၏ လူမှုရေးမမျှတမှုများကို တိုက်ဖျက်နိုင်စေရန် စားသုံးသူအခွင့်အရေးနှင့် လိုအပ်ချက်များအကြောင်း ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးသည့်နေ့ကို အထိမ်းအမှတ်ပြုသည့်နေ့ဖြစ်သောကြောင့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းကျင်းပလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးမှာလည်း ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၆ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ခုနှစ်မှာတော့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လမ်းဆုံလမ်းမများ၌ ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်း၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များတွင် စတစ်ကာများကပ်ခြင်းအပြင် အထိမ်းအမှတ်အခမ်း အနားကျင်းပခြင်းတို့ကိုတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့မှာကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်က "စားသုံးသူကဏ္ဍြမှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့" ဆိုသည့်အတိုင်း သန့်ရှင်းစွမ်းအင်ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်ပြီး လေ၊ နေရောင်ခြည်၊ ဇီဝ၊ ရေအားလျှပ်စစ်စွမ်းအင်ဟူ၍ အမျိုးအစား(၄)မျိုးရှိကြောင်း၊ ဒီစွမ်းအင်များကို အသုံးပြုခြင်းဖြင့် ရေရှည်မှာ ကုန်ကျစရိတ်သက်သာစေသည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချနိုင်သည့်အတွက် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်စေသည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို တားဆီးနိုင်ခြင်း၊ စွမ်းအင်လုံလောက်မှု စသည့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ကြောင်း၊ ယနေ့ကာလမှာ စီးပွားရေးလုပ်ငန်း အများစုသည် ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင်ပြဿနာကို ပိုမိုနက်ရှိုင်းစွာ ရင်ဆိုင်နေကြရပြီး စားသုံးသူများအပေါ် အကျိုးသက်ရောက်မှု ပိုမို ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စားသုံးသူများအနေဖြင့် စားသုံးသူများ၏ အသိပညာဗဟုသုတ ကြွယ်ဝမြင့်မားလာသည်နှင့်အမျှ ရာသီဥတုနှင့်ဆက်စပ်နေသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်စေသည့် ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း၊ သန့်ရှင်းစွမ်းအင်ကို ပြောင်းလဲသုံးစွဲခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှပ်နှံမှုများကို တွန်းအားပေးနိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံ့စီးပွားရေး တိုးတက်မှုကို အကျိုးပြုစေမှာဖြစ်ကြောင်း၊ စားသုံးသူများ၏ ကျန်းမာရေးနှင့် လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် သန့်ရှင်းသောစွမ်းအင် နည်းပညာများကို သုံးစွဲရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှင့်ပတ်သက်၍ ဗွီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာမှ တိုင်းဒေသ ကြီးဦးစီးမှူးများမှ စုပေါင်းမှတ်တမ်း ဓါတ်ပုံများ အမှတ်တရ ရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ ခင်းကျင်းပြသထားသည့် ဗီနိုင်းပိုစတာများ၊ ကုန်အညွန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်း မရှိသည့် ကုန်စည်များ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုခဲ့ကြပါသည်။

   ဒုတိယပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်က စားသုံးသူအခွင့်ရေးနှင့် တာဝန်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ဉာဏ်စမ်းမေးခွန်းလွှာများ ဝေငှကာ မေးခွန်းများကို ဖြေဆိုစေပြီး ရမှတ်အနည်းအများအပေါ် အခြေခံ၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆုများနှင့် နှစ်သိမ့်ဆု (၁၅)ဆုတို့ကို ဆုရရှိသူများအား ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀)တိတိတွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၃၁၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

   ထို့အပြင်   လူစည်ကားသော နေရာများ၊ လမ်းဆုံလမ်းမများတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မော်တော်ဆိုင်ကယ်နှင့် ကားများတွင် စတစ်ကာများ ကပ်ခြင်းစသည့် လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ အခမ်းနားကျင်းပ

     မတ်လ ၁၅ ရက်နေ့၊ နံနက် (၀၉ :၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ( ပဥ္စမထပ်) အစည်းအဝေးခန်းမ ရန်ကုန်မြို့၌ ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားဆောင်ပုဒ် "စားသုံးသူကဏ္ဍမြှင့်တင်ဖို့သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့" အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။   

      အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်း ပြည်သူများ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဈေးကွက်အတွင်း လွတ်လပ်စွာ စီးဆင်းနိုင်စေရေး စသည့်လုပ်ငန်းများကို စားသုံးသူကာကွယ်ရေးအတွက် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များအားရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက Clean Energy Transation အကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ လုပ်ငန်းကော်မတီဝင်မှ မော်တော်ယာဉ်များအကြောင်းနှင့် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်းဥက္ကဌမှ စွမ်းအင်ကဏ္ဍနှင့် စားသုံးသူအခွင့်အရေးများအကြောင်း ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

ကရင်ပြည်နယ်ဘားအံမြိုတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအထိမ်းအမှတ် ပိုစတာစိုက်ထူခြင်းနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာအသိပညာ စတေကာ (Sticker) မီဒီယာကမ်ပိန်းပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပိုစတာစိုက်ထူခြင်းနှင့်စတေကာ (Sticker)ဖြန့်ဝေခြင်း (ကမ်ပိန်း)ကို ၁၅-၃-၂၀၂၃ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဘားအံမြို့ မြို့မဈေး၊ ကမ်းနားလမ်းနှင့် သံလွင်တံတားတို့တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။

     ရှေးဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအထိမ်းအမှတ် ဗီနိုင်ပိုစတာစိုက်ထူခြင်း အတွက် “၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့်  ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုပါ၏” “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” သုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများပါ ၁၀ ပေ ၉ ပေ ဗီနိုင်းပိုစတာ ၃ ခုအား စားသုံးသူရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် လူစည်ကားရာမြို့မဈေး ရှေ့တို့တွင်စိုက်ထူခဲ့ကြပြီး “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာ”လှုပ်ရှားမှုတစ်ရပ်အဖြစ် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာအသိပညာ လက်ကမ်းစားစောင်များဖြန့်ဝေခြင်းနှင့် ကား၊ဆိုင်ကယ်များတွင် တပ်ဆင်ရန် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ‌ဆောင်ပုဒ်စတေကာများကို ကမ်းနားလမ်းတွင်လည်းကောင်း၊ မြို့အဝင်/အထွက် သံလွင်တံတားတွင်လည်းကောင်းအုပ်စုများခွဲ၍ မော်တော်ယာဉ်များတွင် စတေကာများ ကပ်ခဲ့ကြကြောင်းသိရသည်။

    ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့်  ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်ရုံးများတွင်  အထိမ်းအမှတ်အခမ်းအနားနှင့် ပြပွဲများပြုလုပ်ခင်းကျင်းပြသခြင်း၊ ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာ”မီဒီယာကမ်ပိန်း ပြုလုပ်ခြင်းများကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

                                                                   

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day အထိမ်းအမှတ် လှုပ်ရှားမှုများ

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား လှုပ်ရှားမှုများအဖြစ် မတ်လ(၁၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်မှစ၍  နောင်ယား(က) ရပ်ကွက်၊ လေယာဉ်ကွင်းမျက်နှာစာရှေ့ လမ်းလက်ယာဘက်ခြမ်းတွင် (၁၇ပေ ၇ပေ) ဗီနိုင်း ဆိုင်းဘုတ် စိုက်ထူခြင်း၊ (၂ပေ ၁ပေခွဲ )ဗီနိုင်းများအား သီရိမင်္ဂလာဈေးတွင် ကပ်နှံခြင်း၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ဗီနိုင်းများ ကပ်နှံခြင်း ၊ We Love Kayah page နှင့် ကယားစားသုံးသူ Facebook Page တို့တွင် p‌age တင်ခြင်းစသည့် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။

     မတ်လ (၁၄)ရက်နေ့ ၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင်  လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေး မြောက်ဘက် ၊ ကမ္ဘောဇဘဏ်‌(၂)ရှေ့ မီးပွိုင့်လမ်းဆုံတွင် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များ၊ မော်တော်ယာဉ်များအား ကမ်ပိန်းစတစ်ကာများ ကပ်နှံခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းအား သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ ပါသည်။

    နေ့လယ်ပိုင်းတွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိ ဖြေဆိုရန်အတွက် အလွှာပေါင်းစုံမှ စားသုံးသူ မိဘပြည်သူများအား အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး ပြည်နယ်စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်(၃)ဦးမှ ဒိုင်အဖြစ်ဆောင်ရွက်၍ ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အလွှာပေါင်းစုံမှ လာရောက်ဖြေဆိုသူ(၃၂)ဦးရှိပါကြောင်း၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ(၃)ဦးအား မတ်လ(၁၅)ရက်နေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

လက်လီကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူ‌ရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၁၃.၃.၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ လက်လီရောင်းချသော ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့သွားရောက်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိကို  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးကွက်အတွင်းရောက်ရှိပြီး လက်ရှိဖြန့်ဖြူးရောင်းချနေသော PREMIER အမှတ်တံဆိပ် အသင့်ဖျော်ကော်ဖီမစ်နှင့် ဒုံးပျံ(အနီ)တံဆိပ်ဂျုံမှုန့် စသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီးနောက် လက်လီ ရောင်းချသောကုန်စုံဆိုင်၊ စတိုးဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်တွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီပြည့်စုံမှုရှိသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချကြရန်နှင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးတို့ ပူးပေါင်း‌ဆောင်ရွက်ကြရန် ရည်ရွယ်ချက်များဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ