Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကျောက်ဆည်မြို့၌ စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချ”

       စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် (၈-၉-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့၊အေးမြကြည်လင်စျေးနှင့်လေးမျက်နှာ ဘုရားဝန်းအတွင်းတို့တွင် နေလသုခဆီဆိုင်မှ စားသုံးသူပြည်သူများသို့ စားအုန်းဆီများဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းသို့ ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးမှ မိမိတို့ဝန်ကြီးဌာန သည်စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား သတ်မှတ်အရည်အသွေး၊စံချိန်စံညွှန်းပြည့်မီရေး၊ စားသုံးသူပြည်သူများကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ၊ စားသုံးသူပြည်သူ များလက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိရေး၊ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ထိန်းကျောင်းလျှက်ရှိကြောင်း၊ဝယ်ယူ ခွင့်ရရှိသည့်ကုန်သည်များအနေဖြင့် စားသုံးဆီများကို ရန်ကုန်အထိုင်စျေး၊ရည်ညွှန်းလက်ကားစျေး နှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထက်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသော စျေးနှုန်းဖြင့်ရောင်းချရမည်ဖြစ်ပြီးစျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့်ရောင်းချ စေရေး၊စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးအတွက်ကွင်းဆင်း၍စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည် ။ ယခု စားသုံးဆီရောင်းချပေးရာတွင် စားအုန်းဆီ(၁)ပိဿာလျှင်(၅၂၀၀/-)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ထိုသို့လေးမျက်နှာဘုရားဝန်းအတွင်းရောင်း ချရာ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်နယ်မှူးရုံး (ကျောက်ဆည်)မှလည်း စားသုံးသူပြည်သူ များအား ဆန် ၊ အာလူး ၊ ခရမ်းချဉ်သီး ၊ အသားဗူး ၊ ငါးဗူး ၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များ စသည့် အခြေခံစားသောက်ကုန်များအား ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် စားသုံးသူ ပြည်သူများအား ပူးပေါင်းရောင်းချပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

အထူးဈေးနှုန်းဖြင့် စားသုံးဆီများအား စားသုံးသူပြည်သူများသို့ ဆက်လက်ရောင်းချပေးနေမှုများ

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ  ရဲမှူးကြီး ကိုကိုလွင်နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဒေါက်တာဇော်လွင် တို့၏ဦးဆောင်မှုနှင့်အတူ ၈-၉-၂၀၂၂ ရက်နေ့တွင် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရှိ စားသုံးသူပြည်သူများနှင့် ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်မှ လုပ်သားများကို တစ်ဦးလျှင် တစ်ပိဿာနှုန်း၊  တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် ဆီပိဿာချိန် (၁၆၂၀)ကို ဈေးကားဖြင့် သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

    ဆက်လက်၍ လယ်ဝေးမြို့နယ်ရှိ ခရေတောနှင့် ရွာကလေးကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်က ဆီပိဿာချိန် (၆၆၀)ကိုရောင်းချပေးခဲ့ကြောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာ များတွင် ဆီလုပ်ငန်းရှင်များမှ ဆီပိဿာချိန်ပေါင်း (၂၆၄၀) ရောင်းချပေးနိုင်ခဲ့ကြောင်း၊ တပ်ကုန်းမြို့ နယ်ရှိ ကျေးရွာများတွင် တပ်ကုန်းမြို့နယ်ဆီလုပ်ငန်းရှင်များမှ ဆီပိဿာချိန်ပေါင်း (၃၉၆၀) ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

             

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

 ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ‌ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)သည်9.9.2022 ရက်နေ့ နံနက်၁၀:၃၀နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထု အခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြော ပွဲဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် ‌ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန်သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊   ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း ကျောင်းသူ/ကျောင်းသားများအား အသင့်စား အစားအစာအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ပြီး နမူနာပစ္စည်းများဖြင့် ခင်းကျင်းပြသကာရှင်းလင်း‌ဟောပြော ခဲ့ပါသည်။ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(5)ဦး၊ ဆရာမ (၂)ဦး၊ ကျောင်းသူ/ကျောင်းသား(၂၀)ဦး စုစုပေါင်း(၂၇)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

 

မြစ်ကြီးနားမြို့ Sky Moon မုန့်တိုက်ရှိလုပ်သားများအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟော‌ပြော

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ဦးကိုကိုစိုး(ဦးစီးမှူး)သည်၉.၉.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ Sky Moon မုန့်တိုက်ရှိလုပ်သား(၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ဦးကိုကိုစိုး(ဦးစီးမှူး)ကစားသုံးသူဆိုသည်မှာ ကုန်စည်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်ခြင်းပြုရန်၊ အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု၊အခြားသူ များအတွက် ရည်ရွယ်ပြီးဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူကိုဆိုလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်ရေးနှင့်အကျိုးစီးပွားကိုကာကွယ်ပေးခြင်း၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတသောလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူတို့သည် ကုန်စည်နှင့်ဝန်ဆောင်မှု အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့် ရှိခြင်း၊ ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ၊ အထောက်အထားရယူခွင့်ရှိခြင်း၊စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိစေနိုင်ခြင်း၊ ကုစားခွင့်ရရှိ ခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ခွင့်ရှိခြင်း၊ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိစေ ခြင်းတို့သည် စားသုံးသူများရရှိမည့်အခွင့်အရေး(၈)ချက်ဖြစ်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ များဖွင့်လှစ်ထားရှိကြောင်းနှင့်လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်း၊ အီးမေးလ်၊ Website ၊ DOCA Myanmar Application များတွင်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)

အာလူးကြော်နှင့်အကြော်မျိုးစုံ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၇.၉.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့ရှိ အားလူးကြော်နှင့်အကြော်မျိုးစုံလုပ်ငန်းရှင်နှင့် ဗန်းမော်ခရိုင် ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များသည်ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်းတို့ကို တာဝန်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ‌ဖော်ပြရမည့်အချက်(၈)ချက်ရှိကြောင်း၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေရေးသားဖော်ပြရမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားရေးသား‌ဖော်ပြရာတွင် ကိုက်ညီမှုရှိမရှိကို စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဆန်၊ ပဲ၊ ပြောင်း၊နှမ်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၈.၉.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်အကောက်ခွန်ဦးစီးဌာန၌ ဆန်၊ပဲ၊ ပြောင်း၊နှမ်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ ဆွေးဆွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေ ရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီသိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြု ထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့်ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်သွားရန် တို့သည် စီးပွားရေးလုပ်ငန်းရှင်များ၏ မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်များဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်း၍ ခရိုင်ဦးစီးမှူးမှ ပြန်လည် ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အကောက်ခွန်ဝန်ထမ်း(၅)ဦး၊ စီးပွားရေး လုပ်ငန်းရှင် (၂၇)ဦး စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

မော်လမြိုင်မြို့နယ်တွင် ဆန်နှင့်စားဆီများ၊ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အများပြည်သူသို့ ရောင်းချပေး

    မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့၏ ကြီးကြပ်မှုဖြင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အများပြည်သူသို့ ဆန်နှင့် စားဆီများ၊ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို ၉.၉.၂၀၂၂ ရက်နေ့နှင့် ၁၀.၉.၂၀၂၂ ရက်နေ့တို့တွင် ရောင်းချပေးသွားမည်ဟုသိရှိရပြီး ယနေ့ ၉.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်းဝင်းရှေ့၌ ရောင်းချခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ရောင်းချပေးရာတွင် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်များ၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားဆီများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်ထုတ် သတ္တုအိုးများ၊ လင်ဗန်းများ၊ ဟင်းသီးဟင်းရွက်များ၊ ဆား ၊ အသား၊ ငါး၊ စည်သွပ်ဗူးများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စသည်တို့ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

စစ်တွေမြို့၊ အ.မ.က(၁၄) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

      ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် (၈-၉-၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စစ်တွေမြို့၊ ရွှေပြားရပ်ကွက်ရှိ အ.မ.က(၁၄)မူလွန်ကျောင်းသို့ သွားရောက်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၁၀၀)ဦးတို့ အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောရာတွင် စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)က စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဉပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော် ပြပါပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့် ဆိုးဆေးများအလွန်အကျွံအသုံးပြုထားသော ချိုချဉ်များအား ဝယ်ယူစားသုံးခြင်း မပြုကြရန် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) ကျင်းပပြုလုပ်

      ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူအငြင်းပွားမှု ကိစ္စရပ်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများ အောင်မြင်စွာ စေ့စပ်ဖြေရှင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၂) ကို(၃၁.၈.၂၀၂၂) ရက်နေ့၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးမှ ယခု ကာလ အတွင်း စားသောက်ကုန်များဈေးနှုန်းမြင့်တက်နေသည့်အတွက် စားသုံးသူပြည်သူများ စားဝတ်နေရေး ခက်ခဲနေသည့်အချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆန်နှင့်ဆီအား သက်သာသော ဈေးနှုန်းဖြင့် ရပ်ကွက် ၊ ကျေးရွာများအတွင်း လှည့်လည်ရောင်းချပေးသည့်အတွက် ဝမ်းသာကြောင်း၊ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊  ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက စားသုံးသူ ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများကို  အမှာစာ (၄) စောင်ဖြင့်  Power Point ထိုး၍ ရှင်းလင်းတင်ပြခဲ့ပြီး ၊ ဌာနခွဲ တာဝန်ခံ၏ ရှင်းလင်းဆွေးနွေးချက်များအပေါ် ကော်မတီ အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက်  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာ ဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေး ကို (၁၁:၃၀) တွင် ရုတ်သိမ်းခဲ့ပါသည်။

      အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူကော်မတီ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရုံးမှ ဌာနခွဲ တာဝန်ခံများ၊ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၄) ချက်ချမှတ်နိုင်ခဲ့ ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့ ၊ ငါးလုပ်ငန်းဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ၊ ဒိုက်ဦးမြို့ ၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် နှင့် ဝန်ထမ်းများသည် စက်တင်ဘာ (၅)ရက် နံနက်ပိုင်းတွင် ငါးလုပ်ငန်း ဦးစီးဌာန၌ ဖွင့်လှစ်သည့် အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားပေါက် သင်တန်းတွင် သင်တန်း သား/ သူ (၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်း အရာများဖြစ်သော စားသုံးသူအခွင့်အရေး (၈)ချက် ၊ စားသုံးသူ၏တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးပြီး သင်တန်းသားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့၍ ပြန်လည် ဖြေကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ