Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရပ်စောက်မြို့၊ အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(ဗထူးတပ်)ကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲများပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊   ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ         တာဝန်ရှိသူများသည် (၂၉.၁.၂ဝ၂ဝ) ရက်နေ့ ၌  ရပ်စောက်မြို့၊ အ.ထ.က(၁) ကျောင်းနှင့် အ.ထ.က(ဗထူးတပ်) ကျောင်းများတွင် သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ် ကျင်းပခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂ဝ၁၉) အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်များတွင် ဖော်ပြရမည့် အချက်အလက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူများမှ ရရှိနိုင်သည့်အခွင့်အရေး (၈) ချက်၊ အစားအသောက်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် စားသုံးသူများ၏ ထိခိုက်နစ်နာ ဆုံးရှုံးမှုများအတွက် တိုင်ကြားမှုများအား ညှိနှိုင်း ဖြေရှင်းပေးနေမှုများအကြောင်းကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုများကြုံလာပါက တိုင်ကြားမှုပုံစံနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် ရပ်စောက် အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/သူ (၃၆၈)ဦး နှင့် အ.ထ.က(ဗထူးတပ်)ကျောင်းမှ ကျောင်းသား/သူစုစုပေါင်း( ၅၉၂ )ဦး တက်ရောက်ခဲ့ကြပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေကာ တက်ရောက်လာသော ကျောင်းသား/သူများမှလည်း ၄င်းတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

တောင်ကြီးမြို့တွင် ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝဒေါ်လာဘီလီယံ ကုန်သွယ်မှုအခွင့်အလမ်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

     ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမတွင် ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝဒေါ်လာဘီလီယံ ကုန်သွယ်မှု အခွင့်အလမ်း စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၉)ရက်နေ့၊ နံနက်(၉:၃ဝ)နာရီအချိန်ကကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။

      ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမျိုးသူက ပြောင်းစျေးကွက် အခြေအနေနှင့် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး စိုင်းဖြိုးလွင်ဦးမှ ပြောင်းမှေျာ်မှန်းချက် ၂ဝ၂ဝ ဒေါ်လာဘီလီယံ ကုန်သွယ်မှု အခွင့်အလမ်းအား မိတ်ဆက်ခြင်းကိုလည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ကျောက်နီကျေးရွာမှ တောင်သူအစုအဖွဲ့ခေါင်းဆောင်က ပြောင်းစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် စျေးကွက်အခြေအနေကိုလည်းကောင်း၊ ရပ်စောက်မြို့နယ်ပြောင်းအစုအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ညိုက ပြောင်းအရည်အသွေးပေါ်လိုက်၍ စျေးနှုန်းသတ်မှတ် ရောင်းဝယ်ရေးကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ချယ်ရီမြေ ထွန်စက်ပိုင်ရှင်များအဖွဲ့ ဥက္ကဌဦးမျိုးအောင်က ထွန်စက်ပိုင်ရှင်များအသင်းဖွဲ့စည်းရေး ကိစ္စများကိုလည်းကောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒု-ဥက္ကဌဦးအောင်ကျော်ကျော် က ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်း အသင်းဖွဲ့စည်းရေးကိစ္စများကိုလည်းကောင်း၊ မွေးမြူးရေးကဏ္ဍမှ ကိုယ်စားလှယ် Dr.မဖြိုးဝေဝင်းက အသားနှင့်နို့စားနွားမွေးမြူရေးဆိုင်ရာ အခွင့်အရေးနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊ မြန်မာ့သြဘာလုပ်ငန်းစု Village Link မှ အမှုဆောင်အရာရှိချုပ် Adrian စိုးမြင့်က စိုက်ပျိုးရေးနည်းပညာ အကြောင်းကို လည်းကောင်း၊ ရိုးမဘဏ်မှ လက်ထောက်မန်နေဂျာ ဦးဇေယျာအောင်က စိုက်ပျိုးစီးပွားရေးနှင့်ဆိုင်သည့် ချေးငွေအကြောင်းကိုလည်းကောင်း၊ မြန်မာလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်ငုဝါဝင်းက မူဝါဒရေးရာ အကြံပြုချက်များကိုလည်းကောင်း၊ အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြပြီး၊ မေးမြန်မှုများကိုလည်း ကဏ္ဍအလိုက်ပြန်လည် ဖြေကြားပေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူအင်အား (၃ဝဝ)ခန့် ရှိပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

အသေးစားစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားရှင်းလင်းဆွေးနွေး

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အသေးစားစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း ရှင် များအား ၂၄.၁.၂၀၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး (ကျိုင်းတုံ) ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    ဆွေးနွေးပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေသစ်အရ ပြည်တွင်/ပြည်ပထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်နှင့်ပတ်သက်၍ သတ်မှတ်ကာလသည် ယခု ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်လာမည်ဖြစ်၍ ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူဆွေးနွေးရခြင်းဖြစ်ကြောင်း၊ အသေးစားစားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သည် SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတာဝန် တစ်ရပ်အဖြစ်လည်းပါဝင်ပါကြောင်း၊ ပြည်တွင်းရင်းနှီမြှုပ်နှံမှုလုပ်ငန်းများ၊ ပုဂ္ဂလိကလက်လီ/လက် ကားရောင်းချမှုလုပ်ငန်းကို ပြည်တွင်း၌ ခွင့်ပြုထားပြီးဖြစ်၍ ပြည်ပထုတ်ကုန်များဝင်ရောက်လာပါက စျေးကွက်ယှဉ်ပြိုင်နိုင်ရေး မိမိတို့၏ထုတ်ကုန်များအား အရည်အသွေးမီ ထုတ်လုပ်သွားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်း ကုန်စည်ပြပွဲများတွင်လည်းဝင်ရောက် ပြသခြင်ဖြင့် အသေးစား စားသောက်ကုန်လုပ်ငန်းများ ပြည်တွင်း/ပြည်ပစျေးကွက်ထိုးဖောက်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့ကုန်စည်များတွင် ထည့်သွင်းဖော်ပြထား သော ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိမရှိ ဌာနသို့တင်ပြ၍ စိစစ်ဆောင်ရွက်စေလိုကြောင်း  ပြည်တွင်းထုတ်ကုန်စည်များအား နိုင်ငံတကာ စျေးကွက် တွင်ထိုးဖောက် ဝင်ရောက် နိုင်ရေးကိုလည်း ဒေသအတွင်းတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများမှ အရည်အသွေးမီ၊ အဆင့်မီ ထုတ်လုပ်သည့် လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာန မှစေလွတ် ထားသည့် နိုင်ငံအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများမှတဆင့် စျေးကွက်ချိတ်ဆက် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်အုပ်စုအလိုက် ပါဝင်ရမည့်အချက်များ၊ စစ်ဆေးရေးအရာရှိလုပ်ငန်းတာဝန်များနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးနေမှုအခြေအနေများ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျိုင်းတုံခရိုင်

စားသုံးသူရေးရာဦးစီးဌာန

ကျိုင်းတုံမြို့မစျေးရှိ အလှကုန်၊ စားသောက်ကုန်နှင့်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ၂၈.၁.၂၀၂၀ ရက်နေ့ နံနက် (၁၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မစျေးအတွင်းရှိ အလှကုန် စားသောက်ကုန်နှင့် ဆေးဆိုင်များအား FDA စားသုံးသူရေးရာဦးစီးဌာန ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စျေးကွက်နမူနာကောက်ယူခြင်းဆောင်ရွက်ခဲ့ပါသည်။ အလှကုန် စားသောက်ကုန်နှင့်ဆေးဆိုင်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးရာတွင် FDA ကတားမြစ်ပိတ်ပင်ထားသည့် အလှကုန် စားသောက်ကုန် အချို့တွေ့ရှိခဲ့ပြီး FDA ဥပဒေဖြင့်သိမ်းဆည်းအရေးယူခြင်း နောက်နောင်တွင် တားမြစ် ကုန်စည်များ ဆက်လက်ရောင်းချခြင်းမပြုရန်သတိပေးခြင်း တားမြစ်ကုန်စည်အမျိုးအစားများ အားအသိပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံ မှန်ကန်စွာပါရှိသော ကုန်စည်များအား ရွေးချယ်ဝယ်ယူရောင်းချရေး အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း တားမြစ်ကုန်စည်နှင့်သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုမရှိစေရေး စစ်ဆေးအသိပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အဆိုပါအဖွဲ့မှ အလှကုန်နှင့် စားသောက်ကုန်အချို့အား နမူနာကောက်ယူခြင်း ဆေးဝါးတုအမျိုအစားများအား အသိပေးဆွေးနွေးခြင်းနှင့် ဆေးဝါးတုစာရင်းများအား ဆေးဆိုင်ပိုင်ရှင်များထံပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကျိုင်းတုံခရိုင်
စားသုံးသူရေးရာဦးစီးဌာန

ဘားအံမြို့နယ်ရှိ မကျီးကျွန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

        ၂၃.၁.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူများ သည် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘားအံမြို့နယ်ရှိ မကျီးကျွန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မကျီးကျွန်းကျေးရွာရှိ ပြည်သူ (၆၇) ဉီးတို့အား အသိပညာပေးဟောပြောခြင်းနှင့် ဥပဒေစာအုပ်၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ငရုတ်စိုက်တောင်သူများကို ဈေးကွက်ဈေးနှုန်း ရရှိစေရေးအတွက် အသင်းအဖွဲ့နှင့် အစုအဖွဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ပါသည်။

ကရင်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊ သီးနှံများဈေးကွက် ဈေးနှုန်းရရှိရေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

       ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊သီးနှံများ ဈေးကွက်ဈေးနှုန်းရရှိရေး ညိှဆွေးနွေးခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဉီးခင်မောင်ဖြူ ၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲပြောင်း၊ နှမ်းအသင်း CEC၊ စီးပွားရေး လုပ်ငန်းရှင်များ၊အသင်းအဖွဲ့များနှင့်တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

    ရှေးဦးစွာ ကယားပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဉီးခင်မောင်ဖြူ က အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကွက်ဈေးနှုန်း ရရှိမှသာ ဒေသခံတောင်သူများ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း ဒေသခံတောင်သူတွေ အကျိုးအမြတ်များရရှိရေး အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ဟာလည်း အစိုးရအဖွဲ့၏ တာဝန်ဖြစ်သည့် အတွက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စားလှယ်များ ဆွေးနွေးပွဲမှတဆင့် ပြည်နယ်၏ သီးနှံများဈေးကွက်ဈေးနှုန်းရရှိဖို့ လုပ်ငန်းစဉ်တွေ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သီးနှံများဈေးကွက်ဈေးနှုန်းရရှိရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းက တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်းအသင်း CEC ​ဒေါက်တာ မြင့်ဉီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်တောင်သူများက ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀)အစည်းအဝေးကျင်းပ

           ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးစက်မှုဇုန် ကော်မတီ အစည်းအဝေးခန်းမ၌ ၂၇-၁-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များနှင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဉက္ကဌ၊ ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၉ အရ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီကို အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ပထမဆုံးအကြိမ်ကော်မတီဝင်အချင်းချင်း တွေ့ဆုံသည့်အခမ်းအနားဖြစ်ကြောင်း၊ ကော်မတီဝင်များ အနေဖြင့် ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဉပဒေပါကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ကို ကျေကျေညက်ညက်သိရှိအောင်လေ့လာကြရန် လိုအပ်ပါကြောင်း၊ ကချင်ပြည်နယ်စားသုံးသူရေးရာ ကော်မတီ၏ လုပ်ငန်းတာဝန်များသည် ကြီးမားပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ ရှေ့ဆက်လက် ဆောင်ရွက် မည့်နည်းလမ်း၊ အစီအမံများကို ဝိုင်းဝန်းစဉ်းစားပြီး ဖြေရှင်းရမည့်ကိစ္စများကိုလည်း ကော်မတီဝင် အချင်းချင်း ပေါင်းစပ်ညှိနိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ၊ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးဖေသန်းဝင်းက  ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာကော်မတီ၏ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း ၊  ပုဒ်မ ၆၂ ပါ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ ကြော်ငြာနှင့် စပ်လျဉ်း၍ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ ၊ အရောင်းမြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းနှင့်ပြစ်မှုပြစ်ဒဏ်များ၊ လိမ်လည်လှည့်ဖြားခြင်းနှင့်ပြစ်မှုပြစ်ဒဏ်များ၊  ပုဒ်မ ၆၇ ပါ  တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ ပုဒ်မ ၆၈ ပါ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ အယူခံဝင်ခြင်း နှင့် အထွေထွေအပိုင်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

        ထို့နောက် တက်ရောက်လာသူများက စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းချက်ပါ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ကချင်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ ချိန်၌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(က-၁၀၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်း၊ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် ကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးများ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်သောင်းက ကော်မတီကို ကျစ်ကျစ် လစ်လစ်နှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး စားသုံးသူတိုင်ကြားမှုများနှင့်ပတ်သက်၍ လိုအပ်လျှင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးက စားသုံးသူကိစ္စရပ်များကို အခွင့်အာဏာရှိသည့် ကော်မတီများ၊ အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရန်လိုသကဲ့သို့ အထူးသဖြင့် အခြေခံလူတန်းစားများကို ကာကွယ်ပေးရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင် က၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီကို ဖွဲ့စည်းပေးခဲ့မှု၊ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဌာနမှ စားသုံးသူအသိပညာပေး ဆောင်ရွက်ခဲ့မှုများ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းအသိပညာပေးစစ်ဆေး ဆောင်ရွက်ခဲ့မှုများ၊ စားသုံးသူတိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများနှင့် ကော်မတီမှ ဆုံးဖြတ် လမ်းညွှန်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူရေးရာကိစ္စရပ်များကို အောင်မြင် စွာဆောင်ရွက်နိုင်ရေး၊ စားသုံးသူတိုင်ကြားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်၍ အားလုံးကို လွှမ်းခြုံစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို အသေးစိတ် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။        

ရန်ကုန်တိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ရေဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

      ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေဖြူမြို့နယ်ရှိ အ.မ.က(ပုလဲကူ)နှင့် အ.မ.က(ကညင်ကောက်) ကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့်ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များအား လည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ၊ ထောက်ခံချက်၊ နေရပ်လိပ်စာ အပြည့်အစုံကိုကြည့်ပြီး ဝယ်ယူစားသုံးတတ်စေရေး၊ ပိုးသတ်ဆေးများ/တာရှည်ခံဆေးများ/ဓာတု ဆိုးဆေးများ အသုံးပြုထားသော အစားအသောက်များအား စားသုံးခြင်းကြောင့်ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ၊ ကျောင်းသားမိဘများ စုစုပေါင်း(၁၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသိပညာပေးဟောပြောဆွေးနွေး

         ဇန်နဝါရီ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သောအစားအသောက်များ၊ သုံးစွဲရန်မသင့်သော အလှကုန်များနှင့် ဘေးဥပဒ်အန္တရာယ်ဖြစ်စေ နိုင်သော ဆေးဝါးများ၊ သုံးစွဲရန်မသင့်ကြေငြာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းကုန် ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူသုံးစွဲရန်မသင့်ကြော်ငြာထားသော ကုန်စည် များကို တွေ့ရှိမှုမရှိကြောင်းနှင့် ရောင်းချသူဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်း ချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ