Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင် မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြောင်းမြခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလအတွင်း အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များရှိ အညာသားမြေပဲကြွပ်၊ မော်ကျွန်းမြို့နယ်၊ ဆိပ်ကမ်းသာဈေးရှိ ယိုးဒယားမယ်အကြော်မှုန့်ထုပ်များ၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေး အတွင်းရှိ ဦးဦးခေါက်ဆွဲခြောက်ထုပ်များ၊ မြောင်းမြမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ပြည့်ဝ ပူတင်းပေါင်မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသည့် ကုန်စည်များကို မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသည့် ပဲမုန့်များ၊ ဘီစကစ်မုန့်ထုပ်များ၊ ကွတ်ကီးမုန့်ဗူးများ၊ ဘီစကစ်မုန့်ထုပ်များ၊ ဂျယ်ရီထုပ်များကို စစ်ဆေးတွေ့ရှိရ၍ သတိပေး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသေးစား၊ အလတ်စား စက်ရုံ/ အလုပ်ရုံများတွင် ဈေးကွက်ဈေးနှုန်း အခြေအနေနှင့် ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် (၅.၁၂.၂၀၂၁) ရက်နေ့တွင် မော်ကျွန်းမြို့နယ်၊ လပြည့်ဝန်းမုန့်လုပ်ငန်းသို့လည်းကောင်း၊ (၆.၁၂.၂၀၂၁) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ပဲရစ်မုန့်လုပ်ငန်း၊ လပွတ္တာမြို့နယ်၊ မိသားစုမုန့်လုပ်ငန်း၊ ဝါးခယ်မမြို့နယ်၊ စိုးရတနာဆန်စက်၊ မြောင်းမြမြို့နယ် ပြည့်ဝ မုန့်လုပ်ငန်းများသို့လည်းကောင်း သွားရောက်ဆွေးနွေးခဲ့ပါသည်။ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျှက်ရှိပြီး စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဖွဲ့စည်း

      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်များရှိ ဆီလုပ်ငန်းရှင်များ၊ဆီကုန်သည်များအသင်း(ယာယီ) ဖွဲ့စည်းခြင်းအခမ်းအနားကို တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ Trade Center ခန်းမတွင် ၇.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ၊ဒုတိယညွှန်ကြားရေးမှူးဦးမြင့်အောင်မှ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းများအား အကျယ်တဝင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောခရိုင်မြို့နယ်များမှ ရွေးချယ်ထားရှိသောCEC/ECကိုယ်စားလှယ်(၂၁)ဦးမှ(ယာယီ)အသင်းဥက္ကဋ္ဌ(၁)ဦး၊ ဒုဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး(၂)တို့အား ဆန္ဒမဲပေးရွေးချယ်ခဲ့ပါသည်။

       ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)ဖွဲ့စည်းခြင်း အခမ်းအနားကို နံနက်(၁၁:၃၀)အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး

ပုသိမ်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်ခြင်းနှင့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်ရည်ရွယ်၍ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကုန်စုံဆိုင်များတွင် ရွေကသစ်သောက်ရေသန့်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ဖော်ပြထားမှုရှိ/မရှိ (၆.၁၂.၂၀၂၁) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာ၊ သီဟိုဠ်လုပ်ငန်းရှင်အသင်းရုံးတွင် သီဟိုဠ်လုပ်ငန်းရှင်များအား အထွက် နှုန်းကောင်းမွန်စေရေး၊ ဈေးနှုန်းမှန်ကန်စေရေး တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ဈေးနှုန်းမှန်ကန်စေရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မပြုရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

မအူပင်မြို့နယ်တွင် ဆန်စပါးဈေးကွက် အရောင်းအဝယ်သွက်လျက်ရှိ

        မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ၊ ပထမပတ်အတွင်း မအူပင်မြို့နယ်၊ ရေလဲလမ်းတစ်လျှောက်ရှိ ဆန်စက်များဖြစ်သော ဝင်းသိင်္ဂီ၊ စိန်သီဟ၊ နိုင်းဝမ်းတူး၊ ကျော်ပဒေသာနှင့် ထိန်ထိန် လင်းဆန်စက်များသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မအူပင်မြို့နယ်ရှိ ကျေးရွာအုပ်စု(၇၆)အုပ်စုမှ စပါးများပြိုင်တူပေါ်ချိန်ဖြစ်ပြီး ရိတ်သိမ်းနယ် လှေ့ရောင်းချမှုများသော ဆင်းသုခစပါးနှင့် ကရင်မစပါးတို့မှာ စက်အရောက်ဈေး စပါးတင်း(၁၀၀)ကျပ်လျှင် (၇သိန်း)ဝန်း ကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှံကားစပါးမျိုးမှာ အခုရက်အနည်းငယ်မှစတင်၍ ဈေးကွက် အတွင်းရောက်ရှိလာပြီး စပါးတင်း(၁၀၀)လျှင် ကျပ် (၆သိန်း၂သောင်း)ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိခဲ့ရပါသည်။

     ရေလဲလမ်းရှိ ဆန်စက်များသို့ ကွင်းဆင်းရောက်ရှိချိန်တွင် ဆန်စက်ပိုင်ရှင်များ၏ ပြောပြချက် အရ ဆင်းသုခနှင့် ကရင်မဆန်ဈေးမှာ တစ်အိတ်လျှင် ကျပ်(၂၄၀၀၀/-)ဈေး ရရှိနေပြီး နှံကားဆန် တစ်အိတ်လျှင် ကျပ်(၂၂၅၀၀/-)ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ညောင်တုန်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၆.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာ ကာလမ်းဘေးရှိ Kyaw San(023) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် အရောင်းဆိုင်များ၌ (၂၀လီတာ) စံကွက်များနှင့်အညီ ကိုက်ညီစွာ ရောင်းချမှုရှိမရှိ ရောင်းဝယ်မှုအခြေအနေများအား တွေ့ဆုံမေးမြန်း စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပဲတီစိမ်းစိုက်တောင်သူများသို့ GAP / GHP သင်တန်းပို့ချလျက်ရှိ

သန်လျင်မြို့၊ ဒီဇင်ဘာလ (၆) ရက်

         ဥရောပသမဂ္ဂနိုင်ငံများသို့ Beans Sprouting အတွက် ပဲတီစိမ်းများစဉ်ဆက်မပြတ် တင်ပို့နိုင် ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီများစုပေါင်း၍ တောင်သူများ သို့ GAP/GHP သင်တန်းများပို့ချခြင်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး(၂၀၂၁ - ၂၀၂၂) ပဲတီစိမ်းရာသီအတွက် ပဲစိုက်တောင်သူများသို့ သင်တန်းပို့ချခြင်းအား ( ၃.၁၂.၂၀၂၁ ) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၊ သန်လျင်မြို့ နယ်၌လည်းကောင်း၊(၆.၁၂.၂၀၂၁) ရက်နေ့နံနက်ပိုင်းတွင်သုံးခွမြို့နယ် လက်ပံကျေးရွာ၌လည်း ကောင်း ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာမှ တောင်သူဦးရေ (၄၃) ဦး တက်ရောက်ခဲ့ပြီး သုံးခွမြို့နယ် ကျေးရွာ(၁၇) ရွာမှ တောင်သူဦးရေ (၆၉)ဦးတက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)

မိုးသီးနှံများထဲက တွက်ချေကိုက်သည့်ဝါသီးနှံ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့်အဖွဲ့သည် (၄.၁၂.၂၀၂၁)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ် စည်သာ ကျေးရွာရှိ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူဦးထွန်းခိုင်၏ဝါစိုက်ခင်းသို့သွားရောက်၍ ဝါသီးနှံများစိုက်ပျိုးထုတ်လုပ်မှုအခြေအနေကို လေ့လာခဲ့ရာ စည်သာကျေးရွာတွင် ဝါစိုက်ဧကမှာ (၇၀)ဧကခန့်ရှိကြောင်း၊ မျိုးများမှာ ဒေသမျိုး ငွေချည်-၉၊ ငွေတောင်-၁၁၊ ကမ္ဘောဇမျိုးများအပြင် ရာကာ (၆၆၆)မျိုး ကိုလည်း စိုက်ပျိုးကြကြောင်း ဝါသီးနှံကို ဩဂုတ်လ၊ စက်တင်ဘာလတွင် စတင် စိုက်ပျိုးကြပြီး ရာကာ(၆၆၆)မျိုးမှာ သက်တမ်းငယ်သဖြင့် နိုဝင်ဘာလတွင် စတင်ခူးဆွတ်ရနိုင် ကြောင်း၊ ဒေသမျိုးများမှာ ဒီဇင်ဘာလမှ စတင်ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဒေသမျိုးများဖြစ်သည့် ငွေချည်-၉၊ ငွေတောင်-၁၁နှင့် ကမ္ဘောဇမျိုးများမှာ အပွင့်၊ အသီးသေးပြီး အသီးနည်းသဖြင့် ဝါကောက်ရာတွင် အချိန်ပေးရသလောက် ဝါအရနည်းကြောင်း၊ ရာကာ(၆၆၆)မျိုး မှာ အပွင့်၊ အသီးကြီးပြီး အသီးစိပ်သဖြင့်ဝါကောက်ရာတွင် အချိန်တိုအတွင်း ဝါ အရများကြောင်း၊ ဝါ သီးနှံ(၁)ဧကကို ဒေသမျိုး ပိဿာ(၃၀၀)ခန့် ထွက်လျှင် ရာကာ(၆၆၆)မျိုးက ပိဿာ(၃၅၀)ခန့် ထွက် ရှိကြောင်း၊ ရာကာ(၆၆၆)မျိုးသည် မိမိတို့ကျေးရွာမြေအနေအထားနှင့်လည်း ကိုက်ညီကြောင်း၊ဒေသ မျိုးထက် တွက်ခြေကိုက်ကြောင်း၊ ဒေသမျိုး(၂)ဧကနှင့် ရာကာ(၆၆၆)မျိုး (၅)ဧကခန့် စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးပြီးအပင်သက်တမ်း(၁)လခွဲတွင် မြေဆီအာမိုအနီကွန်ပေါင်းကို (၁)ပင်လျှင် လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ကျွေးပေးရကြောင်း စိုက်ပျိုးပြီးသက်တမ်း (၃)လဆိုလျှင် ဝါစတင် ကောက်ရပါကြောင်း၊ စိုက်ပျိုးပြီးသည့်အချိန်မှ ရိတ်သိမ်းချိန်ထိ (၁၀)ကြိမ်ခန့် ဝါကောက်ရကြောင်း၊ သိရှိရပါသည်။ ရာကာ(၆၆၆)မျိုး၏ (၁)ဧကခန့်မှန်းကုန်ကျစရိတ်မှာ (၁၈၀၀၀၀/-)ကျပ်ခန့် ကုန်ကျပါ ကြောင်း၊ ရာကာ(၆၆၆)မျိုးစေ့ (၄၅၀)ဂရမ် (၁)ထုပ်ကို (၂၉၀၀၀/-)ကျပ်ပေးရပါကြောင်း၊ ထွန်စက်ခ (၁)နာရီလျှင်(၃၀၀၀၀/-)ကျပ်၊ နွားတစ်ရှဉ်းတစ်မနက်လျှင် (၁၀၀၀၀/-)ကျပ်၊ စိုက်ခ၊ကောက်ခ လူတစ်ဦးလျှင် တစ်မနက်လုပ်အားခ(၂၀၀၀/-)ကျပ်ပေးရပါကြောင်း ၊ မြေ(၁)ဧကဆိုလျှင် ထွန်စက် ဖြင့်(၂)နာရီမြေပြုပြင်ရပြီး စိုက်ကြောင်းဆွဲရပါကြောင်း၊ ယခုဝါ(၁)ပိဿာပေါက်ဈေးနှုန်းမှာ ကျေးရွာ အထိုင်ဈေး(၁၂၀၀/-)ကျပ် ရရှိပါကြောင်း၊ ပခုက္ကူမြို့သို့သွားရောက်ရောင်းချလျှင် ရာကာ(၆၆၆)မျိုး ဆိုလျှင်(၁) ပိဿာ(၁၄၀၀/-)ကျပ်ရရှိပြီး ကားခမှာ(၁)ပိဿာလျှင်(၃၀/-)ကျပ်ပေးရကြောင်း၊ ဝါရောင်းချရာတွင် ပွဲခပေးစရာမလိုသဖြင့် တောင်သူများအတွက် ပို၍အဆင်ပြေကြောင်း၊ ဝါသီးနှံ သည် အခြားသီးနှံများလို ခူးဆွတ်ပြီးချိန်တွင်လည်း တလင်းမလို၊ ချွေလှေ့နေလှန်းစရာမလို၊ အပင်မှ ခူးဆွတ်ပြီးပါက ဈေးကွက်သို့ တိုက်ရိုက်ရောင်းချနိုင်သည့်အတွက် တောင်သူများ ပိုမိုတွက်ခြေကိုက်ကြောင်းလေ့လာသိရှိရပါသည်။

        ဝါသီးနှံသည် မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ဘဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးသင့်ပါကြောင်း၊ သိရှိခဲ့ရ ပါသည်။ ဝါသီးနှံ(၁)ဧက စိုက်ပျိုးမည်ဆိုလျှင် ပျှမ်းမျှကုန်ကျစရိတ်မှာ (၁၈၀၀၀၀/-)ကျပ်ခန့် ဖြစ်ပြီး၊ (၁)ဧကဝါအထွက် ပိဿာ(၃၀၀)ထွက်ရှိလျှင် (၁)ပိဿာဈေးနှုန်းမှာ (၁၂၀၀/-) ကျပ်ဖြစ်သည့်အတွက် (၃၆၀၀၀၀/-)ကျပ် ရရှိသဖြင့် ပျှမ်းမျှအကျိုးအမြတ်မှာ (၁၈၀၀၀၀/-)ကျပ်ခန့် ဖြစ်ပါကြောင်း လေ့လာမိသမျှ တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ဟင်္သာတခရိုင်မှ ၂၅ မှတ်ဆန်များ ပြည်ပတင်ပို့လျက်ရှိပြီး ဆန်ထွက်ပစ္စည်းများဈေးကောင်းရလျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ဧည့်မထ ၂၅ မှတ်ဆန်များကို ပြည်ပတင်ပို့ရန်အတွက် ဇလွန်မြို့နယ်ဆိပ်ကမ်းတွင် သင်္ဘောတင်လျက်ရှိပါသည်။ ဇလွန်ဆိပ်ကမ်းမှတဆင့် ရန်ကုန်မြို့ သို့သယ်ယူပြီး ဆူးလေဆိပ်ကမ်းတွင် နိုင်ငံခြားသင်္ဘော‌ ပေါ်သို့ ပြောင်းရွှေ့တင်ပို့ရကြောင်း သိရှိရပါသည်။ ထို့သို့တင်ပို့ခြင်းကို ဧရာဟင်္သာ ကုမ္ပဏီမှ တင်ပို့ခြင်းဖြစ်ပြီး၊ ဝယ်ယူသည့် ကုမ္ပဏီမှာအန္ဒိယကုမ္ပဏီ Indosino ကုမ္ပဏီဖြစ်ကြောင်းသိရှိရပြီး၊ တင်ပို့နေမှု အခြေအ နေများကို စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ (၃.၁၂.၂၀၂၁) နေ့တွင် ဇလွန် ဆိပ်ကမ်းသို့ ကွင်းဆင်းလေ့လာခဲ့ရာ ၊ တာဝန်ခံတင်ပို့သူ ဦးဖြိုးမောက်မှ တန်ချိန် ၁၂၅၀ ၊ အိတ် ၂၅၀၀၀ တင်ပို့မှာဖြစ်ကြောင်း၊ ဟင်္သာတ ၊ ဇလွန်နှင့် အင်္ဂပူမြို့နယ်များမှ ဆန်များဖြစ်ကြောင်း၊ ယခုလိုတင်ပို့ရန်အတွက် စက်တင်ဘာလမှာစပြီး ကြိုတင်ဝယ်ယူထားရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားပါသည်။

       ဆန်အများစုမှာ ရွှေဧရာ၊ မှော်ဘီ ၃၊ ဆင်းသုခ နှင့် ကရင်မ ဆန်များဖြစ်ပြီး၊ အရည်အသွေး အားဖြင့် ပျမ်းမျှ အလျား ၅.၅ မီလီမီတာမှ ၆.၂ မီလီမီတာ အတွင်း၊ ဆန်လုံးပြည့်နှင့် ဆန်သား(Whole Kernels & Head Rice) ၇၀ မှ ၇၅ ရာခိုင်နှုန်းအတွင်း၊ ဆန်ကွဲ(Broken)၂၈ ရာခိုင်နှုန်းနှင့်အောက်၊ ဆန်ဝါ(Yellow Kernels) ၂ရာခိုင်နှုန်း၊ ဗိုက်ဖြူ(Chalky Kernels) ၂ ရာခိုင်နှုန်း ပါဝင်ခွင့် ပြုထားသော ဧည့်မထ မြန်မာ ၂၅% ဆန်များဖြစ်ကာ၊ အသားတင်တစ်အိတ်အလေးချိန် ၅၀ ကီလိုဂရမ်ရှိပြီး အရည်အသွေးစစ်ဆေးခြင်းကို SGS ကုမ္ပဏီနှင့် အဝယ်ဘက်မှ ကိုယ်စားလှယ် တစ်ဦးတို့က စီစစ်လက်ခံလျက်ရှိကြောင်းနှင့် နိုဝင်ဘာ လတုန်းကလည်း အိတ် ၃၀၀၀၀၊ တန်ချိန် (၁၅၀၀) ကိုလည်း စင်္ကာပူကုမ္ပဏီ အတွက် ဇလွန် ဆိပ်ကမ်းမှပင်တင်ပို့ခဲ့ကြောင်း၊ ယခု သင်္ဘောမှာလည်း (၄.၁၂.၂၀၂၁) နေ့တွင် ဇလွန်ဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်ပြီး၊ ယခု ဒီဇင်ဘာလကုန်တွင်လည်း နောက်ထပ် တန်ချိန် ၁၀၀၀ တင်ပို့ မည်ဖြစ်ကြောင်းတို့ကိုလည်း သိရှိရပါသည်။

       ဟင်္သာတခရိုင်အတွင်းမှ ၂၀၂၁ ခုနှစ်ထွက် မိုးစပါး ဧည့်မထ ၂၅% ဆန်အိတ် ၇၅၀၀၀ ခန့် ပင်လယ်ရေကြောင်းမှ ပြည်ပတိုက်ရိုက်တင်ပို့နိုင်မှာဖြစ်ပြီး ၊ နယ်စပ်ကုန်သွယ်မှုများ (အထူးသဖြင့် ) တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပါက ကုန်သွယ်မှုများ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ ယခု ဒီဇင်ဘာ လဆန်းတွင် ဟင်္သာတ ခရိုင်အတွင်း၂၀၂၁ ခုနှစ် မိုးစပါး (၄၆) ပေါင်၊ အစိုဓာတ် (၁၄-၁၇ )ရာနှုန်း တင်းတရာလျှင် ၆၅၀၀၀၀ မှ ၆၈၀၀၀၀ ကျပ် ဈေး ပေါက်လျက်ရှိပြီး၊ ဧည့်မထ ဆန် (၂၅) မှတ် ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၃၀၀၀ ကျပ်၊ ဆန်ကွဲ (1 & Extra) ၁၀၈ပေါင် တစ်အိတ်လျှင် ၂၂၅၀၀ ကျပ်၊ ဆန်ကွဲ (၁၊၂) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၂၀၀၀ ကျပ်၊ ဆန်ကွဲ (၂၊၃၊၄) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၁၇၀၀ ကျပ်၊ ဖွဲနုပေါင် (၇၀) တစ်အိတ် လျှင် (၉၄၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဈေး ကောင်းရလျက်ရှိပါတယ်။ ဆန်ကြိတ်ခွဲရာတွင် စပါးအခွံချွတ်စက် (Husker) မှ ထွက်ရှိသော ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် ဝက်စားဖွဲကြမ်း ပေါင် (၄၀) တစ်အိတ်လျှင် ယခင်နှစ်များက ၄၀၀ ကျပ် ၅၀၀ ကျပ်ဈေးရှိရာမှ ယခုနှစ်တွင် အထက်အညာဒေသမှ အဝယ်ရှိသည့်အတွက် တစ်အိတ်လျှင် ၈၀၀ ကျပ် ဈေးဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

DOCA website တွင် သတင်း/ဆောင်းပါးများရေးသားခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

            စားသုံးသူရေးရာဦးစီးဌာန၏ www. doca. gov. mm website တွင် သတင်း/ဆောင်းပါးများ ရေးသားခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ၈-၁၂-၂၀၂၁ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးမှတ်(၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အစည်းအဝေးသို့ စားသုံးသူ‌ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်) ဌာနခွဲများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၂၄၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က www. doca. gov. mm website တွင် သတင်းများ အချိန်နှင့်တပြေးညီ ပုံမှန် တင်ပြနိုင်ရန်အတွက် သတင်းလွှင့်တင်ရေးစီမံချက်ရေးဆွဲခဲ့ပြီး သတင်း/ဆောင်းပါးများ ဖော်ပြနိုင်ရေး ဆောင်ရွက်လျက်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရုံးချုပ် ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သတင်း/ဆောင်းပါး(၇၀၀)ခန့် လွှင့်တင်နိုင်ခဲ့ပါကြောင်း၊ သတင်း/ ဆောင်းပါးများ ရေးသားရာတွင် လိုက်နာရမည့်၊ ပါဝင်ရမည့်အချက်များကို အလေးထားရေးသား စေလိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် သတင်း/ဆောင်းပါး ရေးသားရေးအဖွဲ့များ ဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက www. doca. gov. mm website တွင် သတင်း/ဆောင်းပါးများ လွှင့်တင်ထားမှု အခြေအနေများ၊ သတင်း/ဆောင်းပါးများရေးသားရာတွင် လိုက်နာကျင့်သုံးရမည့်အချက်များနှင့် သတင်းများ ပုံမှန်ရေးသားပေးပို့တင်ပြနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ယခုဆွေးနွေးပွဲသည် စားသုံးသူရေးရာဦးစီးဌာန Website တွင် သတင်းရေးသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ သတင်း/ဆောင်းပါးရေးသားရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး ပြန်လည်တင်ပြရန်လိုအပ်ပါကြောင်း၊ အစည်းအဝေးများအားပုံမှန် ကျင်းပ၍ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူသို့ ထိရောက်စွာ သတင်းပေး နိုင်ရေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲအား နေ့လယ်(၂း၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

ITQM စားသုံးသူရေးရာဦးစီးဌာန

ဆန်ကွဲအခြေခံ ဆန်မရွေးလုပ်ငန်း

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် တစ်နှစ်လျှင် မိုးစပါး၊ နွေစပါးစိုက်ဧကမှာ (၄၂၀၀၀၀)ခန့် ရှိပြီး အထွက်နှုန်းအနေဖြင့် ပျှမ်းမျှ (၇၀)တင်းခန့်ထွက်ရှိ၍ စုစုပေါင်း စပါးတင်းသိန်းပေါင်း (၂၉၀)ကျော်ထွက် ရှိပြီး ဆန်ပိုလျှံသောခရိုင်ဖြစ်ပါသည်။ ဆန်ပိုလျှံ သကဲ့သို့ ဘေးထွက်ပစ္စည်း ဆန်ကွဲ၊ ဖွဲနုတို့မှာလည်း ပိုလျှံ၍ တိရစ္ဆာန်အစားအစာဖြစ်လည်း ရောင်းချလျက်ရှိပါသည်။ ထို့အပြင် ဆန်ကွဲကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆန်မရွေးလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ပြည်မြို့တွင် ဆန်မရွေးလုပ်ငန်းလုပ်ကိုင်သူ (၅)ဉီး ခန့်ရှိပြီး လုပ်ငန်းတစ်ခုလျှင် လုပ်သားဦးရေ (၅)ဉီး လုပ်ကိုင်လျက်ရှိ၍  တစ်ရက်လျှင် ဆန်မရွေး ထွက်ရှိမှုမှာ (၁၅၀) ပိဿာခန့်ထွက်ရှိပါသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ရက်လျှင် (၁၇၅၀၀၀)ကျပ် ရှိပြီးထွက်ရှိလာသော ဆန်မရွေးများကို ဒေသတွင်းမြို့နယ်များနှင့် အောင်လံ၊ ပခုက္ကူမြို့နယ်များထိ ရောင်းချလျှက်ရှိ၍ တစ်ပိဿာလျှင် ကျပ် (၂၀၀၀) ခန့်ရရှိပါသည်။ တစ်နေ့လျှင် ဆန်မရွေးလုပ်ငန်း၏ အသားတင်အကျိုးအမြတ်မှာ ကျပ် (၁၀၀၀၀၀) ဝန်းကျင် ခန့်ရရှိပါသည်။

          ဆန်မရွေးသည် မြန်မာ့ရိုးရာအစားအစာဖြစ်သည့်အတွက် တောနေ၊ မြို့နေ လူတန်းစားမရွေး ကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပါသည်။ ဆန်မရွေးလုပ်ငန်းတစ်ခုကို ရင်းနှီးငွေကျပ် (၁၅)သိန်းဖြင့်  တစ်နှစ်လျှင် (၆)လခန့် ပုံမှန်လုပ်ကိုင်နိုင်သော လုပ်ငန်းဖြစ်သည့်အတွက် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်သည့်အပြင် ပတ်ဝန်းကျင်ရှိ လူများကိုလည်း အလုပ်အကိုင် ဖန်တီးပေး နိုင်သည့်လုပ်ငန်းဖြစ်ပါသည်။ ဆန်မရွေးလုပ်ငန်းကို ငွေကြေးအရင်းအနှီးများ၊ နည်းပညာများပံ့ပိုး ပေးနိုင်ပါက ဆန်ကွဲမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ ပိုမိုတိုးတက် လာမည်ဖြစ်သည်နှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းသစ်များလည်း ပိုမိုရရှိမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ