Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့ နေ့လယ် (၀၂:၃၀)နာရီအချိန်တွင် လိပ်ခုံးကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင်စားသုံးသူ‌‌‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးမိုးကျော်က  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ်ရှိ ဆေးဆိုင်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီး FDA၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ (၆.၃.၂၀၂၃) ရက်နေ့တွင် နံနက် (၁၀:၀၀) မှ (၁၂:၁၅) နာရီအချိန်အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ညောင်တုန်းမြို့ပေါ် ဆေးဆိုင်ရောင်းချသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တာဝန်ရှိသူက အဖွင့်အမှာစကား ပြောကြားပြီးနောက် တားမြစ်ကုန်စည်ဆေးဝါးများကို ဈေးကွက်အတွင်းရောင်းချခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းမပြုရန်နှင့် ဆေးဆိုင်ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးအကြောင်းနားလည်အောင်လေ့လာထားရန်၊ မိမိလုပ်သော လုပ်ငန်းအကြောင်းကို လက်လှမ်းမှီသလောက် ဖတ်ရ၊မှတ်ရ၊ လေ့လာရ၊ သင်ယူရမည်ဖြစ်ကြောင်း ဈေးဝါးကျွမ်းကျင်အကူသင်တန်းများလည်း တက်ရောက်ရန် လိုအပ်ပါကြောင်း၊ ဌာနတို့မှ ထုတ်ပြန်လျက်ရှိသော လမ်းညွှန်ချက်များကိုလည်း အမြဲမပြတ် လေ့လာထားရမည်ဖြစ်ပါကြောင်းနှင့်  ကျန်းမာရေးဦးစီးဌာနကလည်း စံမမီဆေးဝါးများရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းကိစ္စနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြပါကြောင်း သိရှိရပါသည်။

         စားသုံးသူရေးရာဦးစီးဌာနက ဆွေးနွေးဟောပြောရာတွင် မိမိတို့ဖြန့်ဖြူးရောင်းချနေသော ဆေးဝါးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသောကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်းပြီးနောက် စားသုံးသူပြည်သူများ သောက်သုံးရန်မသင့်သော တားမြစ်ဆေးများ၊ သက်တမ်းလွန်ဆေးများ၊ စပ်ဆေးများ ရောင်းချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးနိုင်မှု၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို သိရှိနားလည်ရန် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့မှုအား ဆေးဆိုင်လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့၍ လုပ်ငန်းရှင်(၂၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မအူပင်မြို့ ကျွဲတုန်း ငါးခြောက်လုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ကျွဲတုန်းကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်သန်းဝင်း၏  ငါးခြောက်လုပ်ငန်းသို့ (၇.၃.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ငါးခြောက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ငါးခြောက်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းနှင့် ငါးခြောက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာတွင် သဘာဝအတိုင်း နေဖြင့်အခြောက်လှမ်း၍ ယင်မနားဆေးများမသုံးစေဘဲ ငါးခြောက်လုပ်ငန်းဖြင့် ဈေးကွက်ရရှိအောင် ကြိုးစားဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများ သက်သာစေရန် စားအုန်းဆီတစ်ပိဿာ(၅၀၀၀)ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချ

    စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို  ဖြန့်ဖြူးရောင်းချပေးစေခဲ့ရာ အဆိုပါစားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊  ကျောက်ပန်းတောင်းမြို့နယ်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ  သတ်မှတ် ရည်ညွှန်းဈေးနှုန်းများဖြင့်   ဝယ်ယူ၍ မြို့နယ်အတွင်းနေ   စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက်  စားသုံးဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်  ရပ်ကွက်ကျေးရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်၍ ရောင်းချပေးခဲ့ပြီး (၃.၃.၂၀၂၃)ရက်နေ့တွင် အိမ်ထောင်စု တစ်စုလျှင်(၁) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၉၉၀)ပိဿာအား ရောင်းချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလို စားသုံးဆီလှည့်လည်ရောင်းချမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်လက်၍လည်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသောရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်အတွက် ရည်ညွှန်းဈေးဖြင့် ရရှိသော စားအုန်းဆီများကို မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းဥက္ကဌ  ဦးဆောင်၍ ယခုလို Mobile စနစ်ဖြင့်  လှည့်လည်ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဌထံမှ သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

သရက်မြို့၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့ရှိဈေးကွက်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၈.၃.၂၀၂၃)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးအုန်းမြင့် ဦးဆောင်သောဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့် သရက်မြို့ပေါ်ရှိ မြို့မစည်ပင်ဈေးနှင့် အကောက်တဲရပ်ကွက်ရှိ အခွန်လွတ်ဈေးသို့ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို စားသုံးရန်မသင့်ထုတ်ပြန်ထားသော စားသောက်ကုန်(၂၁)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/ မရှိနှင့် ဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ စားသုံးသူရေးရာကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်း ရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသောကုန်စည်ကိုသာရောင်းချဖြန့်ဖြူးစေရေးစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များအား  ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)

 

           

ပန်းတနော်မြို့ ငါးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဦးစီးမှူးရုံးမှ ဦးပိုးဖြူပိုင်မင်းနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့ပေါ်ရှိ ငါးလုပ်ငန်းရှင်(၅)ဦးအား (၇.၃.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန်တွင်  ပန်းတနော်မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

         ဟောပြောဆွေးနွေးရာတွင် ပန်းတနော်ငါးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ငါးလုပ်ငန်းရှင်များကို ဈေးကွက်ရရှိမှု၊ မြစ်ချောင်းများမှ ငါးများ ရှာဖွေရရှိမှုနည်းပါးလာမှုနှင့်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုများကို လေးစားလိုက်နာပြီးရန် လိုအပ်ကြောင်းနှင့်ငါးကန်များအကောင်အထည်ဖော်မှု၊ ငါးဒိုင်များအတွက်ဈေးကွက်ရရှိမှုနှင့်အသင်းရေရှည် တည်တံခိုင်မြဲရေးအတွက်လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်တို့၏လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ စားသုံးသူတို့၏အခွင့်အရေးများနှင့်စီးပွားရေးလုပ်ငန်းရှင်နှင့်စားသုံးသူတို့အကြား နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားလာမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးရသည့်ကိစ္စရပ်များအကြောင်း၊စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်မည့်လိပ်စာများအားရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ပြစ်မှု၊ပြဏ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဆန်ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

        ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference – 2022) မှ ဖော်ထုတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆန်ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

      ယင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ မှ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ (၁၅) ချက်၊ ကြိတ်ခွဲထုတ်လုပ်မှု ကဏ္ဍ(၁၀)ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ (၁၈) ချက် စုစုပေါင်း ဖော်ထုတ်ချက် (၄၃)ချက် ဖော်ထုတ်ခဲ့ပါကြောင်း၊ ကြိတ်ခွဲမှုကဏ္ဍပါ ဖော်ထုတ်ချက်များအနက် ဆန်စက်အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ် မောင်းနှင်သူများအတွက် မွမ်းမံ သင်တန်းများ၊ ကျွမ်းကျင်ပညာရှင်များမှတစ်ဆင့် ဆင့်ပွားသင်တန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန် ဟူသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ဆန်စပါး ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရိတ်သိမ်းချိန်လွန်ကဏ္ဍ၌ ဆန်အရည်အသွေးနှင့် ပတ်သက်၍ ကြုံတွေ့နေရသော ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ ခေတ်မီ စပါးအခြောက်ခံစက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်၊ တန်းမြင့်ဆန်ကြိတ်ခွဲ ထုတ်လုပ်နိုင်သည့် ခေတ်မီဆန်စက်များကို တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်၊ ဆန်စက်အခြေခံ နည်းပညာများနှင့် ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်း မျှဝေနိုင်‌စေရန်နှင့် ဆန်စပါးကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာများ ထိရောက်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆန်ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ပို့ချသွားရမည်ဖြစ်ပါကြောင်းနှင့် သင်တန်းအား အောင်မြင် စွာဖွင့်လှစ်နိုင်ရေးနှင့် ယခုသင်တန်းမှ ပို့ချခဲ့သည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်၌ အမှန်တကယ်အသုံးချနိုင်သည့် အဆင့်ရောက်ရှိစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

       ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စက်မှုဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည့် အတွေ့အကြုံကောင်းများရှိပြီး ဖြစ်ရာ အဆိုပါသင်တန်းပို့ချခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို အခြေခံ၍ ယခုသင်တန်းအား အောင်မြင်စွာဖွင့်လှစ်နိုင်‌ရေး ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများက သင်တန်းအား အောင်မြင်စွာ ကျင်းပနိုင်ရေးတွက် တာဝန်ယူဆောင်ရွက်မည့်အပိုင်းများအား အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ CTQM သင်တန်းကျောင်းက တာဝန်ယူဆောင်ရွက်မည့်အပိုင်းများ၊ သင်တန်းတွင်ပို့ချရန် လျာထားသည့် ဘာသာရပ်များ၊ ကွင်းဆင်းလေ့လာမည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM

 

စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

        အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့(၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၉-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါအစည်းအဝေးသို့ အထောက်အကူပြု လုပ်ငန်းအဖွဲ့(၄)၏ ဥက္ကဋ္ဌဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်လျက်ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်များ ဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့(၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းအဖွဲ့ (၄) အနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ် (Trade Facilitation Agreement) ပါ Article 5.1: Notification for Enhanced Controls or Inspection အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Competent Authority ဌာနများမှ လက်ရှိထုတ်ပြန်ထားပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လမ်းညွှန်ချက်၊ ကြေညာချက်များအား Myanmar National Trade Portal တွင် လွှင့်တင်နိုင်ရေးအတွက် ကုန်သွယ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ကြောင်း၊ Article 5.3: Test Procedures အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်း၏ ပထမအကြိမ် စမ်းသပ်စစ်‌ဆေးမှုရလဒ်အပေါ် ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးခွင့်ပြုသည့်အမိန့် (မူကြမ်း) ကို ပြုစု ထားပြီးဖြစ်ရာ ၎င်းအမိန့် (မူကြမ်း) အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ဆွေးနွေးခဲ့ပါသည်။

    လုပ်ငန်းအဖွဲ့ (၄) အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်း ပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းအဖွဲ့ (၄) ၏လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမိန့်(မူကြမ်း)ပြုစုထားရှိမှုအခြေအနေများကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးတင်ပြသည့် အမိန့် (မူကြမ်း) အပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ (၄) အဖွဲ့ဝင်များမှ ဥပဒေပိုင်းဆိုင်ရာ ရှုထောင့်၊ ဘာသာရပ်ဆိုင်ရာ ရှုထောင့်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM

ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

          (၁/၂၀၂၃)ကြိမ်မြောက်၊ ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ၂၀၂၃ ခုနှစ် မတ်လ (၇) ရက်၊ ညနေ (၅:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အစည်းအဝေးတွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး  ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ရခိုင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ ဖေဖော်ဝါရီလ) အထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ (၃) လပတ်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ လျာထားချက်ပြည့်မီအောင်ဆောင်ရွက်မည့်အစီအစဉ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစား (၁၀)မျိုး စာရင်းအားရွေးချယ်သတ်မှတ်ပေးနိုင်ရေး၊ Parbisure အမည်ဖြင့် FDA ထောက်ခံချက်မပါသည့် ဆေးဝါးအားဈေးကွက်အတွင်းတွေ့ရှိပါက အရေးယူဆောင်ရွက်နိုင်ရေး စသည်တို့အား အမှာစာများဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာတက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ပြီး လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြ၍ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။ ထို့နောက် ကော်မတီဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၆:၀၀) နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် (၆) ဦး၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်း (၅) ဦး၊ စုစုပေါင်း (၁၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

မုံရွာမြို့၊ ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၆.၃.၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီချိန်တွင် မုံရွာမြို့၊  ချမ်းမြဝတီရပ်ကွက်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူများ၏အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၉။ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ရာ အခန်းပေါင်း (၂၅) ခန်းနှင့် ပုဒ်မပေါင်း (၈၄) ခုအနက် ဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ဌာနဆိုင်ရာရုံးများ၊  ရပ်ကွက်၊ ကျေးရွာများ၊  တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များ တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ရပါကြောင်း ၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှု များသုံးစွဲရာတွင် စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center အား ဖွင့်လှစ်ထားပါကြောင်းနှင့် တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ ဝန်ထမ်း (၂၅) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ