Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်း

             ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ Perfect Hotel  ၌ ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းကို ဖွဲ့စည်းခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆိုင်ရာ ပြောင်းလုပ်ငန်းအသင်း၊ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်အတွင်း အစေ့ထုတ်ပြောင်း စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချနေသူများနှင့် ကုန်သည်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်သည် တဖက်ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုပြုနေသည့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တည်ရှိရာ ပြည်နယ်တစ်ခုဖြစ်သောကြောင့် ကရင် ပြည်နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို တဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရုံသာမက အနယ်နယ်အရပ်ရပ်မှ အစေ့ထုတ်ပြောင်းများကိုလည်း မြဝတီနယ်စပ်မှတစ်ဆင့် တင်ပို့လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ တဖက်ထိုင်းနိုင်ငံနှင့် အစေ့ထုတ်ပြောင်းကုန်သွယ်မှုပြုကြရာတွင် အသင်းအဖွဲ့၊ အစုအဖွဲ့ဖြင့်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ မြေပြင်အခြေအနေပေါ်သာမူတည်၍ နှစ်ဦးနှစ်ဖက် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အဆင်ပြေသလိုသာဆောင်ရွက်နေသည်ကိုသာ‌ တွေ့ရပါကြောင်း၊ ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အစေ့ထုတ်ပြောင်းသီးနှံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းကို ဖွဲ့စည်းခြင်းအားဖြင့် အစေ့ထုတ်ပြောင်းနှင့် ပက်သက်သည့် ကုန်သွယ်မှုဆိုင်ရာအခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ဈေးနှုန်း၊ ဈေးကွက် တည်ငြိမ်ခိုင်မာ၍ အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုး လာမည်ဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရေးအတွက်ရွေးချယ်ရာတွင် လူမှန်၊ နေရာမှန် ရွေးချယ် ခန့်ထားကြပါရန်နှင့် ရွေးချယ်တင်မြှောက်ခြင်းအား ပွင့်လင်းမြင်သာစွာဖြင့် ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ ရွေးချယ်ခံအသင်းအဖွဲ့တာဝန်ရှိသူများအနေဖြင့်လည်း အသင်းရေရှည်တည်တံ့စေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

       ထို့နောက် အသင်းဖွဲ့စည်းမှုကြီးကြပ်ရေးကော်မတီဝင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသန်းဦးက ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင် ပြည်နယ်အတွင်း အသင်းအဖွဲ့၊ အစုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ထားနိုင်မှုအခြေအနေ၊ဖွဲ့စည်းထားရှိပြီးသောအသင်းများ သက်ဝင်လှုပ်ရှားမှုနှင့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကရင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်း ဖွဲ့စည်း ရာတွင် လိုက်နာဆောင်ရွက်ရမည့် သင်းဖွဲ့စည်းမျဉ်းနှင့်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်းခဲ့ပါသည်။

        ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းမှုကြီးကြပ်ရေးအဖွဲ့ဝင်များအဖြစ် တာဝန်ယူ၍ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာကိစ္စရပ်များကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းကို အသင်းအလုပ်အမှုဆောင် (၁၁) ဦး၊ အဖွဲ့ဝင် (၈) ဦး၊ အသင်းဝင် (၁၉) ဦး၊ စုစုပေါင်း (၃၈) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အခမ်းအနားကို (၁၄:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

Master Feel Mill တိရိစ္ဆာန်အစာတောင့်စက်ရုံ၏ လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်များသည် ငါးမွေးမြူရေးကန်နှင့် မွေးမြူရေးလုပ်ငန်းများစွာ တည်ရှိသောဒေသကြီး ဖြစ်ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်း များသည် (၁၁.၇.၂၀၂၂)နေ့တွင် ရန်ကုန်၊ ပုသိမ်ကားလမ်းဘေး ဆားမလောက်ကျေးရွာရှိ Master Frrl Mill တိရိစ္ဆာန်အစာတောင့် စက်ရုံပိုင်ရှင် ဦးသိန်းဝင်း၏ စက်ရုံလုပ်ငန်းခွင်အတွင်းသို့ ကွင်းဆင်းလေ့လာမှု ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် တိရိစ္ဆာန်အစာတောင့်စက်ရုံပိုင်ရှင် ဦးသိန်းဝင်းမှ စက်ရုံလုပ်ငန်းခွင်အတွင်း လိုက်လံပြသ၍ မိမိစက်ရုံရှိ BUHLER စက်အမျိုးအစားဖြင့် တစ်ရက်လျှင် အစာတောင့် တန်(၄၀)၊(၅၀) ခန့် ကြိတ်ခွဲထုတ် လုပ်နိုင်ကြောင်း၊ အစာတောင့်ကုန်ချောရရှိရန်အတွက်၊ ဖွဲ့နုကို အဓိက ထားပြီး၊ တွဲဖက်ကုန်ကြမ်းများအဖြစ်၊ ငါးခြောက်အရိုး၊ အသားမှုန့်၊ ပဲဖတ်၊ ပဲခွဲကြမ်း။ နေကြာဖတ်၊ ဝါးဖတ်၊ ပဲပုတ်ဖတ်၊ ဆီအုန်းဖတ်တို့ဖြင့် တိရိစ္ဆာန်များလိုအပ်သည့် ပရိုတိန်းဓါတ်များကို အချိုးကျတွဲဖက်၍ ငါးလေးစာ၊ ငါးလတ်စာ၊ ငါးကြီးစာ၊ များထုတ်လုပ် လျှက်ရှိယုံသာမက ကြက်စာများကိုလည်း ထုတ်လုပ်လျှက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

          ငါးစာများ၊ မွေးမြူရေးကြက်စာများကို ထုတ်လုပ်ရာတွင် မအူပင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်ရှိ ငါးမွေးမြူရေးကန်များနှင့် ၊ ကြက်မွေးမြူရေးလုပ်ငန်းများမှ ပိုင်ရှင်များကိုယ်တိုင် ကုန်ကြမ်းများပေးပို့၍ တိရိစ္ဆာန်အစာတောင့်များ ကြိတ်ခွဲထုတ်လုပ်ပေးပြီး နဝလီစက်ကြိတ်ခ တစ်ပိဿာ (၆၀)ကျပ်နှုန်းဖြင့် ကြိတ်ခွဲထုတ်လုပ် ပေးလျှက်ရှိကြောင်း ဆွေးနွေးသိရှိခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုအလေးပေး ဆွေးနွေးခဲ့ပြီး၊ တိရိစ္ဆာန် အစာတောင့်စက်ရုံညောင်တုန်းမြို့နယ်တွင် တည်ရှိသောကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်များ သယ်ယူစရိတ်သက်သာပြီး တိရိစ္ဆာန်များအတွက် အာဟာရပြည့်ဝသော အစာတောင့်များ ထုတ်လုပ်မှုကို ပိုမိုထုတ်လုပ်နိုင်သည့် နည်းလမ်းကောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်၊ သလိပ်ကလေးကျေးရွာရှိ ရွှေပြည်မိုးဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

              ဧရာဝတီတိုင်းဒေသကြီး   ၊    စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်မှ ခရိုင်ဦးစီးမှူး၊ ဒုတိယခရိုင်  ဦးစီးမှူးနှင့်မြို့နယ်စစ်ဆေးရေးမှူးတို့သည် ဇူလိုင်လ(၁၀)ရက်နေ့ နံနက်( ၀၈:၀၀)နာရီအချိန်က ဖျာပုံ မြို့နယ်၊ သလိပ်ကလေးကျေးရွာရှိ    ရွှေပြည်မိုးဆန်စက်သို့   ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဆန်စက်တွင် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆန်/စပါး ဈေးကွက်အခြေအနေများ၊ဆန် လက်ကျန် စပါးလက်ကျန်နှင့် စီးဝင်စီးထွက်အခြေအနေများ ထုတ်လုပ်သည့် ကုန်ပစ္စည်းများစနစ် တကျထုပ်ပိုးမှု MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆောင်ရွက်ထားမှုအခြေအနေများအားဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို ရှင်းလင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့ဈေးကွက်အတွင်း GANO အမှတ်တံဆိပ်ဖြင့် အမည်တူတရားမဝင်ထုတ်ကုန်များ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စစ်ဆေးရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်အတူ ဇူလိုင်လ(၁၁)ရက်နေ့က ဖျာပုံမြို့ဈေးကွက်အတွင်း GANOအမှတ်တံဆိပ်ဖြင့် အမည်တူတရားမဝင်ထုတ်ကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြပါသည်။

          ဈေးကွက်အတွင်းစစ်ဆေးရာတွင် အရောင်းဆိုင်များက GANO အမှတ်တံဆိပ်သည် ဈေးနှုန်းကြီးမြင့်သဖြင့် ရောင်းချခြင်းမရှိကြောင်း သိရသဖြင့် လုပ်ငန်းရှင်များအား MLM Gano Trading Com Pang သည် မလေးရှားနိုင်ငံ Gano Excel Industries  SDN,BHDမှ အစားအသောက်လူသုံးကုန်၊ဖြည့် စွက်ဓာတ်စာများကို တစ်ဦးတည်းပိုင်ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီး တရားဝင်တင်သွင်းရောင်းချလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များလည်းရှိကာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များလည်း ကိုက်ညီမှုရှိပါကြောင်း၊ယခုအခါ Gano အမှတ်တံဆိပ်ဖြင့်ကော်ဖီ( 3in1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို အမည်တူတရားမဝင်တင်သွင်းရောင်းချလျက်ရှိနေသည့် အတွက်ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ စစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် တွေ့ရှိပါကဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်၀န်းအတွင်း Shuang Xi (Pathein) Garment Co., Ltd အထည်ချုပ်စက်ရုံ စမ်းသပ်လည်ပတ်

    ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်၀န်းအတွင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇၇၀ သန်း တည်ဆောက်ပြင်ဆင်ကာလ (၁)နှစ်၊ အတည်ပြုအမိန့် သက်တမ်းအနှစ် (၃၀)ဖြင့် ပြည်ပနိုင်ငံသားများမှ လာရောက်ရင်းနှီးမြှုပ်နှံလျှက်ရှိသော  Shuang Xi (Pathein) Garment Co., Ltd မှ CMP အထည်ချုပ်လုပ်ငန်း စတင်စမ်းသပ် လည်ပတ်လျှက်ရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ-၂၅(ဃ) အရ ဧရာ၀တီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်အမှတ် ဧရာ-၀၆၆/၂၀၂၁ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

          အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းများကို ပြည်ပမှ မှာယူတင်သွင်း၍ ကုန်ချောအဖြစ် JAKO၊ UHL Sport အမှတ်တံဆိပ် အ၀တ်အထည်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း လက်ရှိစက်ရုံတွင် ပြည်ပနိုင်ငံသား (၃)ဦး၊ လုပ်သားဦးရေ (၄၆၈) ဦးဖြင့် လုပ်ကိုင်လျှက်ရှိပြီး ယခုလို ဧရာ၀တီတိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အတွက် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများရရှိသလို ပြည်ပ၀င်ငွေလည်း ရရှိမှာဖြစ်ကြောင်း နောက်ပိုင်းတွင် စက်ရုံမှ လုပ်သားအသစ်များ ထပ်မံခန့်ထားရန် စီစဉ်လျှက်ရှိပြီး စုစုပေါင်း လုပ်သားဦးရေ (၁၃၀၀) ကျော်ဖြင့် လုပ်ကိုင်သွားမှာဖြစ်ကြောင်း စက်ရုံမန်နေဂျာထံမှ သိရသည်။

DOCA(ဧရာဝတီ)

 

ဧရာ၀တီတိုင်းဒေသကြီးအတွင်း ၂၀၂၂ မိုးစပါးရာသီ စိုက်ပျိုးစရိတ် ချေးငွေကျပ် ၅၃၄၉၂.၈၅ ကျပ်သန်း ထုတ်ချေးပေးပြီး

            ဧရာ၀တီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ တောင်သူများ စိုက်ပျိုးချိန် အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သော စိုက်ပျိုးစရိတ် သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးလျှက်ရှိရာ စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

          မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို (၁)ဧကလျှင် ကျပ် (၁၅၀၀၀၀)နှုန်းဖြင့် (၁)ဧကမှ (၁၀)ဧကအထိ အများဆုံး ထုတ်ချေးပေးလျှက်ရှိရာ ဇူလိုင်လ(၁၁)ရက်နေ့အထိ ဧရာ၀တီတိုင်း ဒေသကြီးအတွင်း (၂၆)မြို့နယ်မှ တောင်သူ (၅၂၄၅၉) ဦး စိုက်ဧက (၃၅၆၆၁၉) ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၅၃၄၉၂.၈၅) ကျပ်သန်း ထုတ်ချေးပေးပြီး ကျန်ချေးငွေများကိုလည်း ဆက်လက် ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့ပေါ်ရှိ Supermarketနှင့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ (၁၁.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ Supermarketနှင့် စတိုးဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ပခုက္ကူမြို့ပေါ်ရှိ Supermarket နှင့် စတိုးဆိုင်များ၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် မလေးရှားနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်စာ အစားအစာများကို တရားမဝင်တင်သွင်းဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးဈေးကွက်အတွင်း ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

          ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးမှ မုန့်မျိုးစုံရောင်းဝယ်သည့် ဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်း ပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့ပေါ်ရှိ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးနှင့် ပူးပေါင်း၍(၈.၇.၂၀၂၂) နေ့နံနက် (၀၉:၃၀) အချိန်တွင် ပွင့်ဖြူမြို့၊ စည်ပင်သာယာဈေးနှင့်မြို့ပေါ်ရက်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား လူသုံးဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် စားသုံးရန်မသင့် တားမြစ်ထားသော အစားအစားနှင့် သုံးစွဲရန်မသင့်သည့် ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိအားအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဆိုင်ရာ ပဌာန်းချက်များနှင့် ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှု့ရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နှစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့်စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူနို်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

         

မကွေးမြို့၊ အမှတ်(၅) စက်မှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း

      မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးပါဝင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဌာနဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့် ဌာန၏ မျှော်မှန်းချက်/ ရည်မှန်းချက်များ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ဦးစီးမှူးရုံး၏ စီမံခန့်ခွဲရေးပြစ်ဒဏ်များ ချမှတ်နိုင် သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်မှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ တိုင်ကြားမှုလက်ခံဖြေရှင်းရေးဆိုင်ရာ (CICC)ကိစ္စရပ်များနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း များ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင်မှ စားသုံးသူပြည်သူများ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အား Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

        ဆက်လက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ/မ(၁၁)ဦးနှင့် သင်တန်းသား/သူ (၁၃၄)ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသူ/သားများမှ သိလိုသည်များ မေးမြန်းလာမှုအပေါ်  ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးနှင့်ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်တို့မှ ပြန်လည်ဆွေးနွေးဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ဗန်းမော်မြို့ စီဟဲကျေးရွာရှိ မနောသုခ စပါးမျိုး စမ်းသပ်စိုက်ပျိုးမှုအား ကွင်းဆင်းလေ့လာခြင်း

           ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၃.၇.၂၀၂၂ရက်နေ့ တွင် ဗန်းမော်မြို့၊ (၅)မိုင် စီဟဲကျေးရွာသို့ CP စိုက်ပျိုးရေးကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သွားရောက်၍ ကျေးရွာရှိ တောင်သူတစ်ဦး၏လယ်(၅)ဧကတွင် မျိုး/သွင်းအားစု စိုက်ထုတ်ပေးပြီး ဧရာဝတီတိုင်းမှ မနောသုခစပါးမျိုး ကြဲ၊ ပက်စမ်းသပ်စိုက်ပျိုးထားသည့် (၁၀)ရက်သားစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် ဗန်းမော်ခရိုင်အတွင်းရှိ တောင်သူ လယ်သမားများအကျိုးအမြတ်ရရှိရန်ရည်ရွယ်၍ CP စိုက်ပျိုးရေးကုမ္ပဏီနှင့်တောင်သူများ အကျိုးတူ ပူးပေါင်းပြီး မနောသုခစပါးမျိုးအား ဧက(၂၀၀)ခန့် စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ