Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ရွှေတောင်မြို့တွင် (၅၈၁၆၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။
(၉ . ၁၁ . ၂၀၂၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် မင်းကွန်းအုပ်စု ၊ မင်းကွန်း ကျေးရွာရှိ ကွင်းအမှတ် - B.43 ရှိ မှော်ဘီစပါး (၁၀) ဧက စိုက်ပျိုးသော တောင်သူ ဦးအောင်ဇော်မိုး ၏ လယ်သို့ ကွင်းဆင်းရာ စပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် (၆၅)တင်း ထွက်ရှိကြောင်း၊ စက်အရောက် စျေးမှာ (၄၆) ပေါင် တင်း (၁၀၀) လျှင် (၅၈၀၀၀၀) ကျပ်စျေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
စပါးစျေးနှုန်းများအနေဖြင့် ယခင်နှစ် မိုးစပါးပေါ်စတွင် (၄၆)ပေါင် တင်း (၁၀၀)လျှင် (၅၆၀၀၀၀) ကျပ်စျေးရှိပြီး ယခုနှစ်တွင် (၅၈၀၀၀၀) ကျပ်စျေးရှိ၍ ယခင်နှစ်ထက် စျေးပိုမိုရရှိသော်လည်း ယခုနှစ် အနေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်လာခြင်း၊ စက်သုံးဆီ ၊ ဒီဇယ်ဆီ ၊ ဓာတ်ဆီစျေး မြင့်တက်ခြင်း ၊ စပါးရိတ်သိမ်းခြွေလှေ့ခများ ကြီးမြင့်လာခြင်းတို့ကြောင့် ယခုထက်ပိုမို၍ စျေးကောင်းပိုမိုရရှိနိုင်ရေး မျှော်လင့်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပန်းတောင်းမြို့နယ်တွင် မိုးပဲတီစိမ်းများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် ပဲတီစိမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ပဲတီစိမ်းစိုက်ဧကမှာ (၅၉၉၅) စိုက်ပျိုးနိုင်ခဲ့ပြီး ပန်းတောင်းမြို့အနေဖြင့် (၁၈၀၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပန်းတောင်း မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၉ . ၁၁ .၂၀၂၁ ) ရက်နေ့တွင် ဒေါင်းမြတ်နားအုပ်စု ၊ ‌ဒေါင်းမြတ်နား ကျေးရွာရှိ ပဲတီစိမ်း စိုက်ဧက (၃.၅) ဧက စိုက်ပျိုးသော တောင်သူ ဦးခင်မောင်ဌေး၏ လယ်သို့ ကွင်းဆင်းရာတွင် ပဲတီစိမ်း ထွက်ရှိမှု အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၉-၁၀) တင်းထွက်ရှိပြီး စုစုပေါင်းအထက်မှာ ၃၁ တင်းမှ ၃၅ တင်းကြား ထွက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော ပဲတီစိမ်းမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်ပြီး မျိုးတစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း သိရှိရပါသည်။
စျေးနှုန်းများအနေဖြင့် ယခုအချိန်ထွက်ရှိသော မိုးပဲတီစိမ်းစျေးနှုန်းမှာ တစ်တင်းလျှင် (၄၃၀၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ်တွင်လည်း တစ်တင်းလျှင် (၄၃၀၀၀) ကျပ်စျေးဖြင့် စျေးနှုန်းတူနေကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်အတိုင်း စျေးတူသော်လည်း ယခုနှစ်အနေဖြင့် သွင်းအားစုများ ဖြစ်သည့် ပိုးသတ်ဆေး ၊ အပင်အားဆေးများ စျေးနှုန်းမြင့်တက်မှုကြောင့် ယခုထက်ပိုမို၍ စျေးကောင်းရရှိနိုင်ရေး ပဲစိုက်တောင်သူများမျှော်လင့်လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကျောက်ဖြူမြို့နယ်အတွင်း ဟင်းသီးသင်းရွက် ရောင်းချနေသော ဈေးကွက်ကုန်ဈေးနှုန်းအခြေအနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သည် ဘင်္ဂလားပင်လယ်အော်ထဲရှိ ရမ်းဗြဲကျွန်းပေါ် တွင်တည်ရှိပြီး ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်းပေါများသော်လည်း ဟင်းသီးဟင်းရွက် ရှားပါးသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းဒေသများဖြစ်သော စေတီယျ၊အုန်းတော၊ ဂုံးချိန်၊ ရေနံတောင်၊ မင်းပြင်၊ ဇင်ချောင်းနှင့် စနဲကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဆိုင်များမှ မျိုးစေ့များဝယ်ယူပြီး ရာသီအလိုက် စိုက်ပျိုးလာကြပါသည်။
နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းမှုအားနည်းနေသော ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မုန်ညှင်း၊ ငရုပ်ပွ၊ ငရုပ်စိမ်း၊ ပဲတောင့်ရှည်သီး၊ ဂေါ်ရခါးသီး၊ ကျောက်ဖရုံသီးတို့ကို မင်းဘူး၊ အင်းမ၊ ဝက်ပုတ် ဒေသတို့မှ ဈေးကွက်လိုအပ်ချက်များအပေါ် အားဖြည့်မှာယူတင်သွင်းပြီး ရောင်းချနေကြောင်းသိရပါသည်။
ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် -၁၃၀၀၊ ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ်- ၁၄၀၀၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၁၅၀၀ ၊ မုန်လာဥနီ (တစ်ပိဿာ)ကျပ်-၄၀၀၀၊ မုန်ညှင်းနှင့်ငရုပ်ပွ (တစ်ပိဿာ) ကျပ်-၆၀၀၀၊ ငရုပ်သီးစိမ်း(တစ်ပိဿာ) ကျပ်-၁၅၀၀၊ ပဲတောင့်ရှည်သီး (တစ်ပိဿာ) ကျပ်-၁၅၀၀၊ ဂေါ်ရခါးသီး (တစ်လုံး) ကျပ်-၁၂၅၊ ကျောက်ဖရုံသီး (တစ်လုံး) ကျပ်-၁၈၀၀အသီးသီးလက်လီ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရခိုင်ပြည်နယ်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် အသစ်ခန့်အပ်ထားရှိသော ဝန်ထမ်းများနှင့် လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၁) ကြိမ်မြောက်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂.၁၁.၂၀၂၁) ရက်နေ့မှ (၄.၁၁.၂၀၂၁) ရက်နေ့ထိ ကျင်းပခဲ့ပြီး သင်တန်သား/သူ စုစုပေါင်း(၂၂)ဦးတက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ၌ အနာဂတ် ကာလမှာ ဌာနအတွက် ဦးစီးဦးဆောင်ပြုမည့် မျိုးဆက်သစ်ဝန်ထမ်းများကို အရည်အသွေး မြှင့်တင်ပေးသော သွေးသစ်လောင်းပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ ယနေ့ ဝန်ထမ်းငယ်များသည် နောင်တစ်ချိန်တွင် ဌာန၏လုပ်ငန်းတာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ ဌာနရဲ့ ရည်မှန်းချက် တာဝန်တွေကို အကောင်အထည်ဖော်မည့် ခေါင်းဆောင်ကောင်း၊ ဝန်ထမ်းကောင်း တွေဖြစ် လာအောင် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ သင်ယူချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်၊ တတ်မြောက်ချင်တဲ့ စိတ်ကို စာတွေ့၊ လက်တွေ့ ကိုယ်တိုင်လုပ်မှ တတ်သိနိုင်တဲ့ ပညာရပ်တွေကို သိရှိမှာ ဖြစ်ပါကြောင်း၊ သင်တန်းတွင် စီးပွား/ကူးသန်းဝန်ကြီးဌာနအကြောင်းနှင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် မိတ်ဖက်ဌာနများ၏ ဘာသာရပ်များကိုလည်း ထည့်သွင်းထားပါကြောင်း၊ သင်တန်းသား/သူများမှလည်း မိမိလက်ရှိ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးကို မြင့်မားလာအောင် ကိုယ်တိုင်သေချာကြိုးစားကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် FDA မှ တိုင်းတာဝန်ခံ(၁)ဦး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံ(၆)ဦးတို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြပြီး သင်တန်းသား/သူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

၂၀၂၁-၂၀၂၂ ခုနှစ်၊ သနပ်ပင်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

၅.၁၁.၂၀၂၁ ရက်နေ့၊ နံနက် ( ၉ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သော ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ သနပ်ပင် မြို့နယ်၊ ဖရဲကျေးရွာ၊ လယ်မြေကွင်းအမှတ် (၈၅၄) ၊ ဦးပိုင်အမှတ် (၃၅/၄) ဆင်းသုခ - မိုးစပါး စံကွက်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်မြေစာရင်းဦးစီးဌာန ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဌာန ၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာန နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ တောင်သူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ၊ သနပ်ပင် မြို့နယ် တာဝန်ခံမှ ပူးပေါင်းပါဝင် တက်‌ရောက်ခဲ့ပါသည်။
ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၂၁ ခုနှစ် ၊ မိုးစပါးစိုက်ဧက ၂၆၉၅၂၂၇ ဧက စိုက်ပျိုးထားရှိပြီး ၊ မိုးစပါး ကောက်စောစပါးများ စတင်ထွက်ပေါ်လျှက်ရှိရာ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ စံပြစံကွက် ရိတ်သိမ်းမှုတွင် အကွက်ငယ် ၆၆ပေ ပတ်လည် (၂)ကွက် ၊ ၆၆ပေ ပတ်လည် အကွက်ကြီး(၁)ကွက် တို့အား ရိတ်သိမ်းမှုများပြုလုပ်ခဲ့ပြီး တောင်သူ ဦးစိုးသိန်း၏ ဆင်းသုခ - မိုးစပါး စံကွက်၌ ရိတ်သိမ်းပွဲ ကျင်းပခဲ့ရာ စပါးတစ်ဧကလျှင် အထွက်နှုန်းစပါးတင်း (၁၀၄)တင်း ပျှမ်းမျှ ထွက်ရှိကြောင်းနှင့် ယခင်နှစ်ထက် (၉)တင်းပိုမို ထွက်ရှိကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကသာခရိုင်နှင့် ကောလင်းခရိုင်အတွင်းရှိ ဆီစက်များ ပုံမှန်လည်ပတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းခရိုင်များရှိ ဆီစက်လုပ်ငန်းများသည် ယခင် နှစ် ၂၀၂၀-ပြည့်နှစ်ထက် ယခုနှစ် ၂၀၂၁-ခုနှစ် စက်တင်ဘာလမှစ၍ ပိုမိုကြိတ်ခွဲထုတ်လုပ်ရပြီး ဒေသတွင်း ဆီသန့်စားသုံးမှုမှာလည်း များပြားလာကြောင်း ဆီစက်လုပ်ငန်းရှင်များထံက သိရပါသည်။
ကသာခရိုင်တွင် ဆီထွက်သီးနှံ မိုး၊ ဆောင်း စိုက်ဧက (၃၀၀၀၀) ကျော်နှင့် ကောလင်းခရိုင် တွင် ဧက(၁၀၀၀၀) ခန့် ရှိပါသည်။ ဆီကြိတ်စက်များအနေဖြင့် ကသာခရိုင်တွင် (၁၃၀)စက်နှင့် ကောလင်း ခရိုင်တွင် (၅၆)စက် ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရပါသည်။
ဆီထွက်သီးနှံကုန်ကြမ်းထွက်ရှိမှု၊ ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုအရ ကသာခရိုင်နှင့် ကောလင်းခရိုင်များအတွင်း ဆီလိုအပ်ချက်ကို ပြည့်မီပြီး စားသုံးမှုပိုလျှံလျက်ရှိကြောင်း သိရှိရပါသည်။ သို့ရာတွင် ဆီထွက်သီးနှံများအား တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်မားမှုကြောင့် ဒေသခံ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်ဝယ်ယူရာတွင် အခက်အခဲများ အတွေ့အကြုံများရပြီး ဆီစက်လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်လာခဲ့ရကြောင်း သိရှိရပါသည်။ ဈေးကွက်တွင်း တန်ဖိုးနည်းစားအုန်းဆီများ အများအပြား ဝင်ရောက်လျက်ရှိပြီး အခြေခံလူတန်းစားများအနေဖြင့် စားအုန်းဆီကို ရွေးချယ်ဝယ်ယူစားသုံးကြပြီး ဆီသန့်ကို လူနည်းစုတစ်ရပ်ကသာ ဝယ်ယူစားသုံးမှုများလာကြသည်။ ၂၀၂၁-ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် စားအုန်းဆီဈေးနှုန်းမြင့်မားလာပြီး ဒေသထွက်ပဲဆီသန့်ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသောကြောင့် အခြေခံလူတန်းစားများပင် ကျန်းမာရေးနှင့်ညီညွတ်သော ဆီသန့်ကို ဝယ်ယူစားသုံးလာနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။
အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဆောင်းမြေပဲထွက်ရှိပြီး ယခုနှစ်တွင် တရုတ်ဈေးကွက်သို့ မြေပဲဆံတင်ပို့မှုမရှိသည့်အတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းလုံလောက်စွာ ရရှိခြင်း၊ ဒေသတွင်းဆီသန့်စားသုံးမှု မြင့်မားလာခြင်း၊ စားအုန်းဆီဈေးနှုန်းနှင့် ဆီသန့်ဈေးနှုန်း ကွာဟမှု ကြီးကြီးမားမားမရှိခြင်း၊ ဝယ်ယူစားသုံးမှုများပြားလာခြင်း စသည်တို့ကြောင့် ဆီစက် လုပ်ငန်းရှင်များအနေဖြင့် ယခင်နှစ်များထက် ပိုမိုကြိတ်ခွဲထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၁-ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် လူသုံးများသည့် စားအုန်းဆီ ၁၀ ပိဿာတစ်ပုံး ၅၅၀၀၀ ကျပ်၊ မြေပဲဆီသန့် ၁၀ ပိဿာတစ်ပုံး ၆၅၀၀၀ ကျပ်ဖြစ်သည်။ ကုန်ကြမ်းမြေပဲဆံ တစ်ပိဿာ ၂၆၀၀ ကျပ် ဈေးရရှိပြီး ပဲဆံ ၂၅ ပိဿာကြိတ်ပါက ပုံမှန်ဆီသန့် (၁၀)ပိသာရပါသည်။ ပဲဖတ်များကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တွံတေးမြို့များက အဓိကဝယ်ယူကြပြီး ပဲဖတ်တစ်ပိဿာ ၁၃၅၀ ကျပ်ဈေးရှိသည့်အတွက် ဆီပိဿာ ၁၀၀ ကြိတ် လျှင် ပဲဖတ်မှာ ၆၇၅၀၀ ကျပ် ရရှိသည်ဟု သိရပါသည်။
မြေပဲဆီသန့်ကြိတ်ရာတွင် နွားထိုးကြီး၊ မကွေး၊ ကျောက်ပန်းတောင်း၊ ချောက်၊ စလေ၊ မုံရွာ၊ ကနီမြို့များက မြေပဲဆံသည် ဆီထွက်နှုန်းကောင်းကြပြီး ချောက်မြို့၊ စလေမြို့များမှ မြေပဲဆံသည် အရည်အသွေးပါကောင်းသည်ဟု မုံရွာမြို့၊စိန်ဝေလျံဆီစက်လုပ်ငန်းရှင် ဦးအောင်ခင်ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမြင့်မားသည့်အတွက် ပြည်ပမှ စားအုန်းဆီများကို နိုင်ငံခြားငွေ ဘီလီယံနှင့်ချီ၍ ဝယ်ယူတင်သွင်းနေရကြောင်း၊ စားအုန်းဆီများကို လျှော့ချစားသုံး ခြင်းဖြင့် ကျန်းမာရေးညီညွတ်မှုရရှိနိုင်သလို ပြည်ပငွေကိုလည်း ချွေတာသုံးစွဲရာရောက်ကြောင်း နိုင်ငံ တော်အကြီးအကဲများက အသိပညာပေးလျက်ရှိသည်။
ပြည်ပသို့ မြေပဲဆံတင်ပို့မှုအား ပြည်တွင်း၌ ပိုလျှံမှသာ တင်ပို့ရောင်းချသင့်ကြောင်း၊ သို့မှသာ ပြည်တွင်းရှိ အခြေခံလူတန်းစားများ ဝယ်ယူစားသုံးနိုင်သည့် ဆီသန့် ဈေးနှုန်းဖြစ်ပေါ်နိုင်ပြီး စားအုန်းဆီ တင်သွင်းမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် စားအုန်းဆီအား မလွှဲသာ၍ စားသုံးနေရ ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဆီသန့်ကိုသာ ဝယ်ယူစားသုံးရန်ဆန္ဒရှိကြောင်း စားသုံးသူမိဘ ပြည်သူများထံမှ သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

နိုင်ငံတော်ဗဟိုဘဏ်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြင်ပမှတင်သွင်းသည့် စက်သုံးဆီများကို သက်သာသော အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် စစ်ကိုင်းမြို့ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်နှင့် BOC စက်သုံးဆီအရောင်းဆိုင်များ သို့ စစ်ကိုင်းခရိုင်၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုဝင်ဘာလ(၁)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဖွဲ့ခေါင်း ဆောင်ဖြစ်သော စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းစိန်က စက်သုံးဆီဆိုင်တာဝန်ခံများအား ရရှိသောစက်သုံး ဆီခွဲတမ်းများကို နိုင်ငံတော်က သတ်မှတ်ပေးသည့် ဈေးနှုန်းဖြင့် အချင်အတွယ်မှန်ကန်စွာ စနစ်တကျ ရောင်းချစေလိုကြောင်း၊ ကား ဆီဖြည့်သည့်နေရာနှင့် ဆိုင်ကယ်ဆီဖြည့်သည့်နေရာကို သီးသန့်ခွဲခြားထားရန်၊ အထူးဈေးနှုန်းများဖြင့် ရောင်းချခြင်းကို ဗီနိုင်းပိုစတာချိတ်ဆွဲထားရန်၊ ခွဲတမ်းရရှိမှု၊ နေ့စဉ်ရောင်းချရမှုနှင့် ဈေးနှုန်းများကို စနစ်တကျ စာရင်းဇယား မှတ်တမ်းများထားရှိပြီး စားသုံးသူရေးရာဦးစီးဌာနသို့ နေ့စဉ်စာရင်းပေးပို့ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

စစ်ကိုင်းမြို့ ကောင်းထက်ကျော် ဝါစက်/ဆီစက်သို့ ကွင်းဆင်းလေ့လာခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကျောက်ဆည်ကျေးရွာ ကောင်းထက် ကျော် ဝါစက်/ဆီစက်သို့ အောက်တိုဘာလ ၂၈ ရက်နေ့က ကွင်းဆင်း၍ ဈေးကွက်ဈေးနှုန်း အခြေ အနေများ ဆွေးနွေးမေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။
စစ်ကိုင်းမြို့၊ ကျောက်ဆည်ကျေးရွာ ကောင်းထက်ကျော် ဝါစက်/ဆီစက်သည် ဝါသီးနှံကုန်ကြမ်းမှ ဝါဂွမ်း၊ ဝါစေ့၊ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များ ထုတ်လုပ်ပြီး ဘေးထွက်ပစ္စည်းဖြစ်သည့် ဆီကြိတ်ဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ် သုံးစွဲကြောင်း၊ ဝါသီးနှံကို မေ၊ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ထွက်ပေါ်လာပါကြောင်း၊ ယခုနှစ် ဝါသီးနှံ စတင်ထွက်ပေါ်ချိန်တွင် (၁)ပိဿာလျှင် (၁၇၀၀) ကျပ် ပေါက်ဈေးရှိပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် (၁၄၀၀) ကျပ် ထိဈေးကျသွားကြောင်း၊ ဝါသီးနှံ၏ ပေါက်ဈေးနှုန်းသည် မူဆယ်(တရုတ်) ဈေးကွက်ပေါ်တွင် မူတည်ကြောင်း၊ ဝါသီးနှံများကို ဝါကြိတ်စက်များသို့ သွားရောက်ရောင်းချကြောင်း၊ ကျေးရွာများသို့ ကုန်သည်/ပွဲစားများမှ လာရောက်ဝယ်ယူခြင်းများရှိပါကြောင်း၊ စစ်ကိုင်းခရိုင်တွင် ဝါကြိတ်စက်(၁၆) စက်ရှိပြီး စက်ကြီးအနေဖြင့် အုန်းတောကျေးရွာတွင် (၂)စက်နှင့် ကျောက်ဆည် ကျေးရွာတွင် (၂)စက် ရှိပါကြောင်း၊ ကျေးလက်ဒေသများမှ ထွက်ရှိသော ဝါများကို ဝယ်ယူသန့်စင်ပြီး ဝါဂွမ်းကို မန္တလေးသို့ တင်ပို့ရောင်းချခြင်းနှင့် တရုတ်ကုန်သည်များမှ လာရောက်စာချုပ်ချုပ်ဆို ဝယ်ယူခြင်းများလည်းရှိကြောင်း၊ ဝါစက်အနေဖြင့် ဝါသီးနှံကို နှစ်စဉ်ထွက်ပေါ်သည့် ရာသီချိန် (၅)လခန့် ဝယ်ယူပြီး ဝါစေ့များကို သိုလှောင် ထား၍ တစ်နှစ်ပတ် လုံး ဝါစေ့ဆီကြိတ်ခွဲကြောင်း၊ (၁)ပိဿာပေါက်ဈေးနှုန်းများမှာ ဝါဂွမ်း(၄၅၀၀)ကျပ်၊ ဝါစေ့ (၁၄၀၀)ကျပ်နှင့် ဝါစေ့ဆီ (၄၃၀၀)ကျပ်၊ ဝါစေ့ဖတ် (၆၀၀) ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်ကိုင်းခရိုင်အနေဖြင့် ပြည်ပသို့ တိုက်ရိုက်တင်ပို့မှု မရှိသော်လည်း မန္တလေးမြို့မှ လာရောက်ဝယ်ယူသည့် ကုန်သည်များမှတဆင့် တရုတ် (မူဆယ်) ပြည်ပသို့ တင်ပို့ရောင်းချမှုရှိပြီး ဝါနှင့်ဝါအခြေခံပစ္စည်း Supply Chain တစ်လျှောက်လုံး သက်ဆိုင်သူများအားလုံး စုပေါင်းဆောင်ရွက်မှသာ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

၁၁.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၁.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၀.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၀.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ