Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ (၁၀.၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသောလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်းနှင့် ပုဒ်မပေါင်း(၈၄)ခုပါဝင်ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းကာလမှာ(၅)ရက် ဖြစ်ပြီး သင်ကြားသည့်ဘာသာရပ်များမှာ ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်(Shampoo)၊ သဘာဝခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဘက်စုံသုံး ဆပ်ပြာရည်၊ ဆပ်ပြာခရမ်၊ အမွှေးဆီ၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ Hand Gel စသည်ဖြင့် ဘာသာရပ်(၁၅)မျိုးကို သင်ကြားပေးကြောင်း သိရှိရသည့်အတွက် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက  ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါ တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံမ်းနိုင်သည့် Consumer Call Centerအကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ရာ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်(၄၅)စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ တော်ဝင်ဆိုင်ခွဲ(၁)၊ တော်ဝင်ဆိုင်ခွဲ(၃) နှင့် ပြည်အောင်ရတနာ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီများ၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့ကို ကယားပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

DOCA(ကယား)

ဝက်လက်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့၌ မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည် ကျောင်းသား/ ကျောင်းသူ (၅၀)ဦးနှင့် ဆရာ/ဆရာမ(၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ဝက်လက်မြို့နယ်တာဝန်ခံဦးမျိုးအောင်မှ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊စားသုံးသူ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းထားကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)  ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ဝယ်ယူ သည့် သက်သေအထောက်အထားနှင့်တကွ အရေးဆိုတိုင်ကြားရမည်ဖြစ်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပါက Online ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် 1535 သို့ ရုံးဖွင့်ရက် ရုံးချိန်အတွင်းမည်သည့် Operator Ph No.က ဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်း နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ(၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦး တို့ အား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

       တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း (၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာ ဘာလအထိ (၉)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၇.၈၅၀)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၄.၁၉၁)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၂.၀၄၁) ဆောင်ရွက်နိုင်ခဲ့ ပါသည်။ ဇန်နဝါရီလ(၆)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ် လာသန်း(၀.၁၆၄)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၁၇၉) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၃၄၃) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း(၈.၀၁၄)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၄.၃၇၀)၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၂.၃၈၄)ဖြစ်၍ (၁)နှစ်စာလျာထားချက် အပေါ်(၁၆.၉၆၄)% ဆောင်ရွက် နိုင်ခဲ့ပြီး၊ ဧပြီလမှ ဇန်နဝါရီလ(၆)ရက်နေ့အထိ(၁၀)လတာ လျာထားချက်အပေါ် (၂၂.၂၃၃)% ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

        အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ် ကြောင်း သိရပါသည်။

     တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

                                     

COFFEE SHOP (very good) အမှတ်တံဆိပ်ပါ ကော်ဖီမစ် ဈေးကွက်အတွင်း ရောင်းချ ဖြန့်ဖြူးခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများသည် ၃.၁.၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ မိုးညှင်းမြို့အတွင်းရှိ ကုန်စုံဆိုင်(5)ဆိုင်အား COFFEE SHOP (very good) အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရးမဝင်ဖြန့်ဖြူးရောင်းချခြင်း ရှိ မရှိ ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားဝင်ကော်ဖီမစ်များကိုသာ ဖြန့်ဖြူရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး  ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များနှင့် COFFEE SHOP (very good) အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်အား ရောင်းချခြင်းမပြု‌ရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ကုမ္ပဏီဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၁၁.၁.၂၀၂၃ရက်နေ့ နံနက် (၁၀း၀၀)နာရီ  အချိန်တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်ရှိ(လမင်းပန်းချီ) အချိုရည်ကုမ္ပဏီမှ ဝန်ထမ်းများအား   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း ၊စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း ရယူခြင်း၊  ကုန်စည် ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူအခွင့်အရေးများဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားများ ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းစသဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

တရားမဝင် ကော်ဖီမစ်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မင်းပြားမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၉-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း COFFEE SHOP (Very Good) အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          မင်းပြားမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် မင်းပြားမြို့၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် စားသုံးသူများအားဘေးအန္တရာယ်ဖြစ်စေနိုင်သည့် COFFEE SHOP (Very Good) အမှတ်တံဆိပ် ကော်ဖီမစ်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးရာ ရောင်းချမှု မရှိကြောင်းတွေ့ရှိရပြီး ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအား  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး တရားမဝင် စားသောက်ကုန် များမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဦးစားပေး ဆိုင်တင်ရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့်ကချင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ကချင်ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့တွေ့ဆုံပွဲ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကချင်ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းရှင်များအား တွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ကုန်စည်ဒိုင်များဖွံ့ဖြိုး တိုးတက်ရေးကိစ္စများကိုလည်းကောင်း၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်ပမာဏ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ အားကောင်းလာစေရေးနှင့် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား ၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမှအထောက်အကူပြုပေးမည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

        ထို့နောက် ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကချင်ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းရှင်များက နယ်စပ်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့ရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍတိုးမြှင့်နိုင်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များတင်ပြသည့် အချက်များအပေါ် လိုအပ်သည်များ ရှင်းလင်းဆွေးနွေးကာ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းကူညီဆောင်ရွက်ပေးခဲ့ပါသည်။

DOCA(ကချင်)

 

ပြည်သူများ ကုန်စည်၊ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထိခိုက်နစ်နာမှု မရှိစေရန် စားသုံးသူရေးရာ ဦးစီးဌာနမှ ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

      ချင်းပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးသိန်းအောင်(ကြီး/ရေး)၊ ဒေါ်ထားမဲင်းဇိန်(ရုံးအကူ)တို့သည် ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)နံနက် (၉း၃၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရှိ/မရှိ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနက တရားမဝင်ကုန်ပစ္စည်းအဖြစ် ကြေညာထားသည့်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု ရှိ/မရှိတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့် ကုန်ပစ္စည်းများကို မှာယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်ပစ္စည်းများကိုသာ မှာယူရောင်းချရန်နှင့် မိမိတို့သက်ဆိုင်ဌာန၏ လမ်းညွှန်ချက်များကို ပူးပေါင်းလိုက်နာဆောင်ရွက်မှသာလျှင် ရေရှည်တွင် ကုန်စည် (သို့မဟုတ် )ဝန်ဆောင်မှုနှင့်ပတ်သက်၍ ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အမှန်တကယ် အကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

DOCA(ချင်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊   ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဒေါ်နှောင်းနှောင်းဝင်းသည် ၉.၁.၂၀၂၃ ရက်နေ့ နေ့လည် ၁၃း၀၀နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ဗန်းမော်မြို့ပေါ်ရှိလက်လီ/လက်ကား ရောင်းချနေသောကုန်မျိုးစုံဆိုင်များအားကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် COFFEE SHOP (very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း ရှိ မရှိ ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားဝင်ကော်ဖီမစ်များကိုသာ ဖြန့်ဖြူရောင်းချလျက် ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး  ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များနှင့် COFFEE SHOP (very good) အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်အား ရောင်းချခြင်းမပြု‌ရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ