Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သင်္ကြန်ပြီး ကြက်/ဘဲဈေးကွက်ဈေးနှုန်း

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ ကြက်/ဘဲများကို စားသုံးသူပြည်သူများအနေဖြင့် လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်/တိုင်းဒေသများသို့ နေ့စဉ်လက်လီ/လက်ကားဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့တင်ပို့ရောင်းချလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်း များမှ (၂၅.၄.၂၀၂၂) ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးသို့သွားရောက်၍ ကြက်/ဘဲများ၏ ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှလည်း ဈေးကွက် အတွင်းလိုအပ်ချက်ရှိလျှင် ကြက်/ဘဲများဝင်ရောက်လာခြင်းနှင့် ပြန်လည်ပို့ဆောင်ရောင်းချခြင်းများ လည်းရှိကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ပြန်လည်ရောင်းချရာ၌ အိမ်မွေးကြက် ၁ ပိဿာလျှင် (၉၅၀၀/၁၀၀၀၀)ကျပ်၊ အသားထိုးကြက် ၁ ပိဿာလျှင် (၅၆၀၀/5700) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် (၆၅၀၀/7800) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (4800/5500) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကား ရောင်းချလျက်ရှိပါသည်။ သင်္ကြန်ကာလအတွင်း ကြက်/ဘဲဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ခဲ့ သော်လည်း ယခုအချိန်တွင် ဈေးနှုန်းများမှာ ပုံမှန်ပြန်လည်ရောင်းချလျက်ရှိပြီး တစ်နေ့လျှင် ကုန် ပိဿာချိန် (93880) ခန့် ပျမ်းမျှရောင်းချပေးနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သရက်မြို့ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ကုလားပဲ၊ ပဲကြီးဈေးကောင်းရ”

          မကွေးတိုင်းဒေသကြီး၊ သရက်မြို့မှထွက်ရှိသည့် ပဲကြီးနှင့်ကုလားပဲများသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျှက်ရှိရာ ဧပြီလကုန်အပတ်တွင် ပဲကြီးသီးနှံဈေးအနည်းငယ်မြင့်တက်လာပြီး နေ့စဉ်အိတ် (၁၀၀-၁၅၀)ခန့် အရောင်အဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ သရက်မှထွက်ရှိသည့် ပဲမျိုးစုံကို မြစ်တစ်ဖက်ကမ်း အောင်လံမြို့ရှိ ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူလျှက်ရှိပြီး လက်ရှိဈေးနှုန်းအနေဖြင့် ပဲကြီး(၁)တင်းလျှင် (၆၀၀ဝဝိ/-)၊ သင်္ကြန်မတိုင်မီက (၅၆၀၀ဝိ/-)သာရ၍ (၄၀၀ဝိ/-)ဈေးမြင့်လာကြောင်း၊ ကုလားပဲသီးနှံကို ပြည်မြို့ရှိ ပဲခွဲစက်များမှ လာရောက်ဝယ်ယူလျှက်ရှိပြီး အိတ်(၂၅၀-၃၀၀)အရောင်းအဝယ် ဖြစ်ကြောင်း၊ ကုလားပဲ(၁)တင်းလျှင် (၄၄၀၀ဝိ/-)ကျပ်ဖြင့် ဈေးပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“စလင်းမြို့၊ စာစီကျောင်းကျေးရွာ၏ တောင်း၊ ဇကော၊ ဇကာလုပ်ငန်း”

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စာစီကျောင်းကျေးရွာအုပ်စု၊ စာစီကျောင်းကျေးရွာသည် ဝါး၊ ကြိမ်တို့ဖြင့် တောင်း၊ ဇကော၊ ဇကာ၊ တင်းတောင်း၊ ခံတောင်းယက်လုပ်သောလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ကျေးရွာ(၁)ရွာဖြစ်ပါသည်။ အဆိုပါပစ္စည်းများပြုလုပ်ရာတွင် စလင်းမြို့၏ အနောက်ဘက်ရှိ ကန်ပြား၊ မြောင်ဦးဒေသမှထွက်ရှိသော ဝါးများကိုအသုံးပြုခြင်းဖြစ်လည်းကောင်း၊ ကြိမ်ကို မန္တလေးမြို့မှ မှာယူ၍လည်းကောင်း ဇကော၊ ဇကာများယက်လုပ်ကြပါသည်။ ဇကော၊ ဇကာ (၁)ချပ်လျှင် (၅၀၀ဝိ/-)၊ တောင်းအမျိုးအစား/အရွယ်အစားအလိုက် (၁)လုံး (၃၀၀ဝိ/-) မှ (၁၀၀၀ဝိ/-)အထိရောင်းချရပြီး အိမ်ခြေ (၂၀၀)ခန့်ရှိသော စာစီကျောင်းကျေးရွာမှ လေးပုံတစ်ပုံမှာ တောင်း၊ ဇကော၊ ဇကာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုလုပ်ကြောင်း၊ လုပ်ငန်းရှင် ဒေါ်မြင့်မြင့်မှ ၎င်းတို့မိသားစုအနေဖြင့် (၁)ရက်လျှင် တောင်း(၅) လုံး၊ ဇကော(၃)ချပ်၊ ဇကာ(၄)ချပ်၊ ခံတောင်း(၂)လုံးယက်လုပ်နိုင်ကြောင်း၊ ဝါး၊ ကြိမ်တို့ဖြင့်ပြုလုပ်သော တောင်း(၁)လုံးလျှင် (၂၀၀ဝိ/-)၊ ဇကော/ဇကာ(၁)ချပ်လျှင် (၁၅၀ဝိ/-)၊ တင်းတောင်းကြမ်း(၁)လုံးလျှင် (၂၅၀ဝိ/-)အမြတ်ရရှိ၍ နေ့စဉ်မိသားစုဝင်ငွေ(၂၀၀၀ဝိ/-)ခန့်ရရှိကြောင်း၊ ဇကော/ဇကာယက်လုပ်သည့် လုပ်ငန်းကို လယ်ယာလုပ်ငန်းခွင်နားချိန် ဆောင်းအကုန်နှင့်နွေရာသီတို့တွင် နေ့စဉ်လုပ်ကိုင်ရကြောင်း၊ မိုးတွင်းကာလအတွင်းအလုပ်ပါးပြီး ယက်လုပ်ထားသည့် တောင်း၊ ဇကော၊ ဇကာများအား သိမ်းဆည်းစုဆောင်းထားပြီး ရာသီချိန်ရောက်မှသာ ရောင်းချရသည့်အတွက် အရင်းအနှီးစိုက်ထုတ်ရကြောင်း လုပ်ငန်းရှင် ဒေါ်မြင့်မြင့်၏ ပြောကြားချက်အရ သိရှိရပါသည်။

      စလင်းဒေသမှထွက်ရှိသည့် တောင်းအမျိုးမျိူး၊ ဇကော/ဇကာအမျိုးမျိုး၊ တင်းတောင်းကြမ်း၊ ခံတောင်းတို့ကို ဒေသတွင်းကျေးရွာများမှမှာယူကြပြီး စလင်းမြို့နှင့် နီးစပ်သော ပွင့်ဖြူ၊ ဆိပ်ဖြူမြို့များသို့ တင်ပို့ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ စလင်းဒေသထွက် ဇကော/ဇကာများမှာ လက်ရာသေသပ်ကောင်းမွန်ပြီး နှုတ်ခမ်းသားကို ကြိမ်ဖြင့်ကွပ်ထားသည့်အတွက် လေးငါးနှစ်အသုံးခံ၍ စားသုံးသူများမှ အထူးနှစ်သက်ကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဧပြီလ(၁၉) ရက်နေ့မှ ဧပြီလ(၂၅) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁ လုံးလျှင် ကျပ် ၁၅၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၁၀၀၀ ၊ အလုံးသေး ၁လုံး လျှင် ကျပ် ၈၀၀ မှ ၆၀၀၊ သီပေါ မှ ဖရဲသီး (855) အလုံးကြီး  ၁လုံး လျှင် ကျပ် ၁၀၀၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၈၀၀၀၊ အလုံးသေး ၁လုံး လျှင် ကျပ် ၄၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) ၁လုံး လျှင် အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၄၀၀၀၊ အလုံးသေး ၁လုံး လျှင် ကျပ် ၂၀၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ၁လုံး လျှင် ကျပ် ၆၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၅၀၀၊ အလုံးသေး ၁လုံး လျှင် ကျပ် ၄၀၀၊ မအူပင် (ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အလုံးကြီး ၆၅ လုံး တစ်ခြင်းလျှင် ကျပ် ၂၈၀၀၀၊ အလုံးလတ် ၇၅ လုံး တစ်ခြင်း လျှင် ကျပ် ၂၀၀၀၀၊ အလုံးသေး ၉၀လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ တွံတေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီး ၈၀ မှ ၉၀ လုံး ပါ တစ်ခြင်းလျှင် ကျပ် ၁၃၀၀၀၊ အလုံး လတ် အလုံး ၁၀၀ ပါ တစ်ခြင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးသေး ၁၂၀ ပါ တစ်ခြင်းလျှင် ကျပ် ၈၀၀၀၊ ဧရာဝတီတိုင်းမှ သရက်သီး (စိန်တစ်လုံး) လုံးကြီး ၃၆ လုံးပါ ဂျပ်ဖာ ၁ဖာ လျှင် ကျပ် ၃၀၀၀၀၊ အလုံးလတ် ၄၅ ပါ ၁ဖာလျှင် ကျပ် ၂၃၀၀၀၊ အလုံးသေး ၅၀ ပါ ၁ဖာလျှင် ကျပ် ၁၆၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာတစ်ခြင်း လျှင်ကျပ် ၃၅၀၀၀၊ (၁၈) ကျပ်သားဗူး ၁ဗူးလျှင် ကျပ် ၈၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ငူဈေးကွက်အတွင်းသို့ ဦးဦးဖျားဖျားဝင်ရောက်လာသော လိုင်ချီးသီးများ

         တောင်ငူမြို့နယ်၏ အရှေ့ဘက် မိုင် ၂၀ ခန့်ကွာဝေးသော ကရင်ပြည်နယ် လိပ်သိုဒေသရှိ ကျောက်ဗျားကျေးရွာမှ ထွက်ရှိသော လိုင်ချီးသီးများသည် လိပ်သိုဒေသအတွင်း၌ ရောင်းချပါက အလုံး ၁၀၀ ပါ တစ်ထုပ်လျှင် ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချရပြီး တောင်ငူမြို့ရှိ လိုင်ချီးသီးအဝယ်ဒိုင်များသို့ ရောင်းချမည်ဆိုပါက ၃၀၀၀ ကျပ်ရရှိ၍ အဝယ်ဒိုင်မှတစ်ဆင့် လက်ကားဈေး ၃၅၀၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချနေပြီး လက်လီဈေးအနေဖြင့် လိုင်ချီးသီးတစ်ထုပ်လျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ အသီးအရွယ်အစားပေါ်မူတည်၍ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကယားပြည်နယ်တွင် ကုန်စည်ရောင်းဝယ်မှု ပုံမှန်လည်ပတ်လျက်ရှိ

        ကယားပြည်နယ်အတွင်း အခြားဒေသများမှ ကုန်စည်စီးဆင်းမှုများနှင့် ပြည်နယ်မှ အခြားဒေသများသို့ ကုန်စည်တင်ပို့မှုများဖြင့် ကုန်သွယ်မှုပြုလုပ်ရောင်းချလျက်ရှိပြီး ဧပြီလ တတိယပတ်အတွင်း  ပြည်နယ်အတွင်း ကုန်စည်အဝင်များမှာ အချိုရည်ကား(၅)စီး၊ ကုန်စုံ(၂၉)စီး၊ အရက် ကား(၂)စီး၊ ဘိလပ်မြေ(၇)စီး၊ ကြက်သွန်နီ(၁၃၅၀)စီး၊ ကြက်ဥ(၁)စီး၊ ဆား(၄၆၂)စီး၊ ဘီယာကား (၂)စီး တို့ကိုလည်းကောင်း၊ ပြည်နယ်မှအခြားဒေသသို့ ပြောင်း(၂၀၉၀)စီး၊ ပဲကြီး(၁၀၀)စီး၊ ငှက်ပျော(၃)စီး၊ မကျဉ်း(၂)စီး၊ ဆန်(၂၂၀)စီး၊ သံတိုသံစ(၆)စီး၊ ဖွဲနု(၃၃၀)စီး တို့ဖြင့် ကုန်စည် စီးဝင်/စီးထွက်လျက်ရှိပြီး ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(ကယား)

လွိုင်ကော်မြို့၏ ခရမ်းချဉ်သီးဈေးနှုန်း

           ဧပြီလ စတုတ္တပတ် ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိသော ခရမ်းချဉ်သီး အများစုမှာ လွိုင်ကော်မြို့နယ် (လင်ဖုံလေး)ဒေသမှ ထွက်သော ခရမ်းချဉ်သီးများဖြစ်ပြီး တစ်ပိဿာလျှင်(၃၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ်အင်းလေးဒေသမှ ဝင်ရောက်သော ခရမ်း ချဉ်သီးမှာ ဈေးကွက်အတွင်း အနည်းငယ်သာတွေ့ရှိရပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးကြီး (၈၀၀)ကျပ်၊ အလုံးသေး (၅၀၀)ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိပြီး ဒေသထွက် ခရမ်းချဉ်သီးများ နှင့် နှိုင်းယှဉ်မည်ဆိုလျှင် သယ်ယူစရိတ်များသောကြောင့် တစ်ပိဿာလျှင် (၅၀၀ မှ ၆၀၀)ကျပ် အထိ ကွာဟလျက်ရှိသည်ဟု သိရပါသည်။

DOCA(မကွေး)

"ဝါ၊ ဝါဂွမ်းလက်ကျန်ကွင်းဆင်းမေးမြန်းမှုအခြေအနေ”

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများနှင့်အဖွဲ့သည် ဝါလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ရည်ရွယ်၍ ဧပြီလ (၂၁)ရက်၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နှင့် စက်မှုဇုန်ရှိ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

          ခရိုင်ဦးစီးမှူးမှ ဝါလုပ်ငန်းရှင်များအား ဝါသီးနှံ၊ ဝါဂွမ်းလက်ကျန်များ၊ ဈေးနှုန်း၊ ဈေးကွက်များ၊ လက်ရှိကုန်သွယ်ရောင်းဝယ်မှုအခြေအနေများအား မေးမြန်းရာတွင် ဝါသီးနှံသည် ယခုအချိန်မှာ သီးနှံပေါ်ပြီးအချိန်ဖြစ်သောကြောင့် သိုလှောင်မှုအနည်းဆုံး ဖြစ်နေကြောင်း၊ ပခုက္ကူခရိုင်တွင် ဝါသီးနှံစိုက်ပျိုးမှုနည်းပါးသောကြောင့် ဝါထွက်ရှိနှုန်း‌လည်း နည်းပါကြောင်း၊ ယခင်အချိန်က ဝါကိုစိုက်ပျိုးကြသော်လည်း ယခုမှာ ဈေးကောင်းမရသဖြင့် ဝါစိုက်ပျိုးမှုနည်းကြောင်း၊ မြေပဲ၊ နှမ်းနှင့် အခြားပဲများသည် ဈေးကောင်းရရှိနေသောကြောင့် ပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဝါစိုက် တောင်သူများသည် အပင်အားတိုးဆေးများ မသုံးစွဲနိုင်သည့်အတွက် ဝါအရည်အသွေး ကောင်းမွန်မှုနည်းပြီး A အဆင့်မမှီပဲ B, C, D အဆင့်သာရှိကြောင်း၊ မိထ္ထီလာဈေးကွက်မှာ အရည်အသွေး ကောင်းမွန်ပြီး A အဆင့်ရှိမှသာ ဝယ်ယူပါကြောင်း၊  အောင်လံ၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ်များတွင် ဝါကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးပြီး အရည်အသွေးမှာလည်း အဆင့်မြင့်ကောင်းမွန်သည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းနယ်မှ ဝါစိုက် တောင်သူများသည် အပင်အားတိုးဆေးအတွက် ကုန်ကျစရိတ်အများအပြားကုန်ကျခံပြီး ပက်ဖျန်းကြောင်း သိရှိရပါသည်။

           ဆက်လက်၍ ဝါအဝယ်ဒိုင်မှ မိမိတို့ထံသို့ ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေနယ်များမှ လာရောက် ရောင်းချကြောင်း၊ ချည်မျှင်တိုဝါ ဝါဂွမ်းတစ်ပိဿာလျှင်(၄၀၀၀/၄၅၀၀)ကျပ် ပေး၍ ဝယ်ရ ကြောင်း၊ ချည်မျှင်ရှည်ဝါကို (၂၀၀/၃၀၀)ကျပ် ဈေးပိုပေး၍ ဝယ်ယူရကြောင်း၊ ဝါတစ်ပိဿာ ကို (၁၅၀၀/၁၇၀၀)ကျပ်ဈေးရှိပြီး  ဈေးကွက်အနေဖြင့် မန္တလေးမြို့ ဝါပွဲစားများနှင့်အထည် စက်ရုံများသို့ အများဆုံးရောင်းချပါကြောင်း၊ မိထ္ထီလာမြို့နှင့် ဝါဇီမှ ဝါအဝယ်ဒိုင်များအထိ လာရောက် ဝယ်ယူသည်များလည်းရှိကြောင်း၊ ချည်မျှင်ရှည်ဝါကို အထည်စက်ရုံများမှ အသုံးပြုပြီး ချည်မျှင်တိုဝါကို ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ယာများတွင် အသုံးပြုကြကြောင်း၊ လက်ရှိအချိန် သင်္ကြန်ပြီးကာလဖြစ်သောကြောင့် ကုန်သွယ်ရောင်းဝယ်မှုမှာ နည်းပါးနေ ကြောင်း၊ ဝါဂွမ်းလက်ကျန်အနေဖြင့်  ယခုအချိန်သည်  ဝါထွက်နှုန်းနည်းနေပြီ ဖြစ်သော ကြောင့် သိုလှောင်မှုနည်းနိုင်ပါကြောင်း၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ဝါလှိုင်လှိုင်ထွက်ချိန်ဖြစ်သောကြောင့် လက်ကျန်ရှိသော်လည်း ယခုအချိန်တွင် ဝါ၊ ဝါဂွမ်း လက်ကျန်မရှိသလောက်နည်းပါးပါကြောင်း၊ ပခုက္ကူမြို့ပေါ်တွင် ချည်ထည်စက်ရုံနှင့် ဝါအဝယ်ဒိုင် (၂)ဦးသာရှိသောကြောင့် ဝါဂွမ်းလက်ကျန်ခန့်မှန်းရ လွယ်ကူပါကြောင်း၊ ကမ္မ၊ မြစ်ခြေနယ်တွင် ဝါစိုက်ပျိုးမှုအများဆုံးရှိပြီး တောင်သူအိမ်တွင် ဗမာခုံဝါကြိတ်စက်လေးများဖြင့် ကြိတ်ခွဲသည်ဟုသိရပါကြောင်း၊ ကြိတ်ခွဲရရှိလာသော ဝါဂွမ်းများကို နွေရာသီမီးဘေးအန္တရာယ်ကြောင့် သိုလှောင်မထားပဲ  မြို့ပေါ်ရှိ ဝါအဝယ်ဒိုင်သို့ စုပေါင်း၍ လာရောက်ရောင်းချပါကြောင်း၊ ဝါလုပ်ငန်းရှင်မှလည်း မန္တလေး၊ မိထ္ထီလာရှိ ပွဲရုံကြီးများသို့ ရောင်းချပါကြောင်း ဝါလုပ်ငန်းရှင် ဦးဝင်းဇော်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပိုးစာသီးလို့ခေါ်တဲ့ (Mylberry)

          ပိုးစာသီးဆိုတာ ပိုးစာပင်ကရတဲ့အသီးဖြစ်ပြီး ပိုးစာပင်ကခုလူတွေဝတ်နေတဲ့ ပိုးထည်တွေ ထုတ်ပေးတဲ့ ပိုးကောင်လေးတွေရဲ့ အစာပင်မို့ ပိုးစာပင်လို့ခေါ်ပါတယ်။ ပိုးစာသီးကို လူတွေစားလို့ ရသလို၊ ဝိုင်တွေလည်းပြုလုပ်လို့ရပါတယ်။ ပိုးစာသီးသည် ပိုးကောင်များကိုလည်း မွေးမြူနိုင်ပြီး အသီးလည်းခူးဆွတ်နိုင်သည်။ ပိုးစာသစ်ကိုင်းသည် စားသုံးနိုင်သည့် မှိုများကို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမှု နည်းပညာမှာလည်း ရိုးရှင်းလွယ်ကူကြောင်းသိရှိရပါသည်။ ပိုးစာသီးကို မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သော်လည်း အစိုဓါတ်များပြီး ရေဝပ်သောမြေ၊ ရွံ့စေးမြေ၊ သဲဆန်သောမြေများတွင် မစိုက်ပျိုးသင့်ပေ။ သဲနှုန်းမြေကို အနှစ်သက်ဆုံးဖြစ်ပြီး အပူချိန်မှာ ၁၅ႚC မှ ၄၀ႚC အတွင်း စိုက်ပျိုးနိုင်သော်လည်း သင့်လျော်သည့် အပူချိန်မှာ ၂၀ႚC မှ ၄၀ႚC အတွင်း ဖြစ်ပါသည်။

           ပိုးစာသီးရဲ့အရသာက စိမ်းရင်ချဉ်သလောက် မှည့်လာတဲ့အခါ ချိုပြီး အရည်ရွမ်းတယ်။ ပိုးစာသီး အရောင်ပြောင်းလဲပုံမှာ အစိမ်းရောင်မှ အနီရောင်၊ အနီရောင်မှ ခရမ်းရောင်ဖြစ်ပါတယ်။ ခရမ်းရောင် ဖြစ်သွားပါက စားလို့ရပါပြီ။ ပိုးစာသီးသည် အနီရောင်ရှိတဲ့အသီးဖြစ်တဲ့အတွက် အခြားအနီရောင် အသီးတွေလိုပဲ အဟာရဓါတ်ပေးပါတယ်။ ပိုးစာသီးသည် သံဓါတ်ချိုးတဲ့ပြီး သွေးအားနည်းခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ အအေးမိခြင်းတို့ကိုလည်း ကြိုတင်ကာကွယ်ပေးပါတယ်။ တောင်ကြီးမြို့ပေါ်ရှိ ပိုးစာသီးရောင်းဝယ်ဖောက်ကားမှုအနေဖြင့် (၁) ပိဿာမှာ (၂၀၀၀) ကျပ်ရှိပြီး၊ ခြင်းတောင်းအနေဖြင့် ရောင်းဝယ်မှုမှာ ခြင်းတောင်းအသေးတစ်လုံးလျှင် (၂၀၀၀) ကျပ်နှင့် ခြင်းတောင်းအကြီး တစ်လုံးလျှင် (၃၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

        ပိုးစာပင်ကို တစ်ကြိမ်စိုက်ထားပြီးနှစ်ရှည်ခံသဖြင့် စီးပွားဖြစ်အသုံးပြုနိုင်သော အပင်ဖြစ်ပါသည်။ အပင်များကို စနစ်တကျပြုစုပါက အရွက်ထွက်ကောင်းပြီး ပိုးများကို ပိုမိုမွေးနိုင်ကာ ဝင်ငွေမှာလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရေမြေရာသီဉတုမှာလည်း ပိုးစာပင်ကြိုက် နှစ်သက်သဖြင့် ဒေသတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ပိုးစာသီးများကို မြန်မာပြည်မှာတော့ တွင်တွင်ကျယ်ကျယ် ရောင်းချစားသုံးတာကို မတွေ့ရသော်လည်း ပြည်ပမှာတော့ ပိုးစာသီးများကို ယိုအဖြစ်တမျိုး၊ အချိုရည်အဖြစ်တစ်ဖုံ၊ ဝိုင်အဖြစ်တစ်မျိုး ပြုလုပ်ကြပါတယ်။ ပိုးစာသီးအပင်ကို စက်ရုံအတွက် အသုံးပြုပြီး ပိုးချည်ထုတ်လုပ်တဲ့ ပိုးကောင်များအတွက် အစာအဖြစ်ကျွေးမွေးပါတယ်။  ပိုးချည်၊ ပိုးထည်ဈေးကွက်မှာလည်း ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိသဖြင့် ပိုးစာပင်တိုးချဲ့ စိုက်ပျိုးကာ ပိုးမွေးမြူရေးကို တိုးတက်ဆောင်ရွက်သွားပါက ပြည်တွင်းသာမက ပြည်ပသို့ပင် ပိုးချည်၊ ပိုးထည်များကို တင်ပို့နိုင်ပြီး  နိုင်ငံခြားဝင်ငွေကို ရရှိနိုင်မည်ဖြစ်ပါသည်။

DOCA(ရှမ်း)

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုလမ်းကြောင်းများ ခေတ္တပိတ်ထားသောကြောင့် ရွှေဖရုံစိုက်တောင်သူများ အခက်တွေ့နေ

             ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်နှင့်  မိုင်းယုဒေသရှိ တရုတ်-မြန်မာကုန်သွယ်မှုများပြုလုပ်သည့် ကျိန်းရဲတံတားကို (၁၉.၇.၂၀၂၁) ရက် နေ့မှစတင်၍ ပိတ်ထားခဲ့သည်မှာ တစ်နှစ်နီးပါးခန့်ရှိခဲ့ပါပြီ။ သို့ဖြစ်ပါ၍ ဒေသထွက်ရွှေဖရုံသီးများ ဆွတ်ခူးရောင်းချချိန်တွင် နယ်စပ်ကုန်သွယ်မှုများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် တရုတ်ဈေးကွက်ကို အဓိကအားထားနေရသော ရွှေဖရုံစိုက်တောင်သူများ အခက်တွေ့နေကြောင်း သိရှိရပါ သည်။

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုဒေသတွင် ယခုနှစ်ရွှေဖရုံစိုက် ဧက (၅၀၀) ကျော်ရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၆) တန်ခန့်ထွက်ရှိ၍ တစ်ဧက စိုက်ပျိုးကုန်ကျ စရိတ်မှာ (၇၅၀၀၀၀) ကျပ်ခန့်ရှိပါသည်။ ရွှေဖရုံသီးကို နှစ်စဉ် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် စတင်ဆွတ်ခူးရောင်းချကြသည်။

          ရွှေဖရုံစိုက်တောင်သူများသည် နိုင်ငံတော်သို့ ပေးသင့်ပေးထိုက်သော အခွန်အခများ ပေးသွင်းကြပြီး တင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း (၁၁၂၉) တန်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း (၂၃၆၆) တန်ချိန်အထိ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲ အထူးဒေသ (၄) မှတဆင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ်၊ ကျိုင်းဟုန်မြို့သို့ အများဆုံးတင်ပို့နိုင်ခဲ့ပါကြောင်း ကုန်သွယ်ရေးသတင်းအချက်များအရ သိရှိရပါသည်။

           ယခုအခါ ရွှေဖရုံသီးများ ဆွတ်ခူးရောင်းချချိန်ဖြစ်သော်လည်း  ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှု အဝင်/အထွက်များ ရက်အကန့်အသတ်မရှိ ပိတ်ထားသောကြောင့်  ရွှေဖရုံစိုက်တောင်သူများသည် တာချီလိတ်မြို့နယ် ကျိုက်လတ်မြို့မှတဆင့် လာအိုနိုင်ငံသို့ တင်ပို့နေရသောကြောင့် လမ်းပန်းဆက်သွယ်ရေး ရှည်လျားခြင်း၊ သယ်ယူစရိတ်၊ လုပ်သား စရိတ်များ ပိုမိုကုန်ကျခြင်းနှင့် အဆင့်ဆင့်သယ်ယူရသောကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိသည့်အတွက် ယခင်နှစ်က ရွှေဖရုံသီး တစ်ကီလိုလျှင် (၈၀၀)ကျပ် ရရှိသော်လည်း ယခုနှစ်တွင် တစ်ကီလို (၂၅၀) ကျပ်သာရရှိပါသည်။ သို့ဖြစ်ပါ၍ ရွှေဖရုံစိုက်တောင်သူများသည် တရုတ်-မြန်မာနယ်စပ်  ကျိန်းရဲတံတား ပိတ်ထားသောကြောင့် ရွှေဖရုံသီးများကို တရုတ်နိုင်ငံသို့ လာအိုနိုင်ငံမှ တဆင့်တင်ပို့နေရသဖြင့် ကုန်ကျစရိတ်များပြားပြီး အမြတ်အစွန်းနည်းပါးကာ အခက်အခဲတွေ့ ကြုံနေရကြောင်း လေ့လာသိရှိမှုအား ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း