Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူကော်ဖီမှုန့် ဈေးကွက်

               ကော်ဖီသောက်ခြင်း အလေ့အထသည် အနောက်နိုင်ငံများတွင်သာမက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပါသည်။ မြန်မာနိုင်ငံတွင်လည်း မြို့ကြီးများတွင်သာမက တောရွာများတွင်ပါ ကော်ဖီသောက်ခြင်းဓလေ့သည် ပေါ်ပြူလာဖြစ်နေပါသည်။ ဆွမ်းကျွေး၊ အလှူများတွင် ထမင်းကျွေးပြီး ကော်ဖီ၊ လက်ဖက်ရည်ကို အချိုပွဲများအဖြစ် တည်ခင်းဧည့်ခံနေကြပါသည်။

              ၁၉၀၁ ခုနှစ်တွင် ဂျပန်လူမျိုး ဆာတိုရီကီဆိုသူက Instant Coffee ကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် စတင်တည်ထွင်ခဲ့ပါသည်။ ၁၉၃၈ ခုနှစ်တွင် Nescafe ဆိုသောနာမည်ဖြင့် တစ်ကမ္ဘာလုံးသို့ ထိုးဖောက်နိုင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင်လည်း Linn Coffee ၊ ပဒေသာကော်ဖီ၊ ဖိုးလမင်းကော်ဖီမှုန့်လုပ်ငန်းများသည် တောင်ငူမြို့ထွက် ကော်ဖီမှုန့်များအဖြစ် လူသိများကြပါသည်။

              ကော်ဖီမှုန့်ကြိတ်ရန် ကော်ဖီစေ့ကုန်ကြမ်းများကို ကရင်ပြည်နယ် သံတောင်ကြီး၊ လိပ်သို၊ ချင်းပြည်နယ် မင်းတပ်နှင့် ရှမ်းပြည်နယ် ရွာငံဒေသတို့မှ မှာယူရသည်ဟု သိရှိရပါသည်။ ကော်ဖီသီးများကို ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးပြီး ဖေဖော်ဝါရီ၊ မတ်လများသည် ကော်ဖီလှိုင်လှိုင်ပေါ်သည့်လများအဖြစ် သိရှိရပါသည်။

              အခြောက်ခံပြီး သံတောင်ဒေသထွက် ကော်ဖီသီး တစ်ပိဿာလျှင် ၄၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ ရွာငံဒေသထွက် အလုံးကြီးကော်ဖီသီးဆိုလျှင် ကုန်ကြမ်းတစ်ပိဿာ ၇၀၀၀ ကျပ်ထိ ဝယ်ယူရကြောင်း၊ သံတောင်ကြီးဒေသ ကော်ဖီခြံရှင်များက ကော်ဖီမှုန့်ကြိတ်သည့် နေရာများသို့ တိုက်ရိုက်လာရောက်ရောင်းချသူများလည်းရှိကြောင်း၊ ကော်ဖီမှုန့်ကြိတ်ရန် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ပွဲရုံများမှ ဝယ်ယူရကြောင်း၊ ကော်ဖီမှုန့်ကြိတ်ရန် ကော်ဖီစေ့ကုန်ကြမ်း လိုအပ်ချက်မှာ လုပ်ငန်းရှင်တစ်ဦးလျှင် ၁၀ တန်ခန့်ရှိကြောင်း၊ ဒေသအလိုက် ကုန်ကြမ်းဝယ်ယူရာတွင်လည်း ခက်ခဲမှုမရှိကြောင်း သိရပါသည်။

              ကော်ဖီကြိတ်ရန် အခြောက်ခံထားပြီးသော ကော်ဖီစေ့များကို ပြန်လှော်ရကြောင်း၊ ကော်ဖီစေ့ တစ်ပိဿာလှော်လျှင် အမှုန့်ကြိတ်ရန် ကော်ဖီ ၇၀ ကျပ်သား ရရှိကြောင်း၊ ၃၀ ကျပ်သားခန့်မှာ လှော်လိုက်သည့်အတွက် အခွံများကျွတ်သွားကြောင်း၊ လှော်ပြီးသား ကော်ဖီစေ့ ၇၀ ကျပ်သားကို ကြိတ်စက်ထဲထည့်ကြိတ်လျှင် လျော့နည်းမှုမရှိဘဲ ၇၀ ကျပ်သားခန့် ပြန်လည်ရရှိကြောင်း၊ ထွက်ရှိလာသည့် ကော်ဖီမှုန့်များကို တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ရောင်းရကြောင်း၊ ကြိတ်ခွဲထားသည့် ကော်ဖီမှုန့်ကုန်ချောများကို ရန်ကုန်၊ ပြည်၊ မန္တလေး၊ ဘားအံ၊ မြဝတီ၊ ပုသိမ်၊ လွိုင်ကော်မြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ လုပ်သားခ၊ လျှပ်စစ်မီတာခ၊ ထုပ်ပိုးခများစသည့် ကုန်ကျစရိတ်များရှိသော်လည်း ထိုက်သင့်သည့် အကျိုးအမြတ်ရရှိပါကြောင်း ကော်ဖီမှုန့်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

 

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် မင်းဂွတ်သီးများ ဈေးကောင်းရနေ

             ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မြောင်းဦးကျေးရွာတွင် မင်းဂွတ်သီးများ စတင်ထွက်ရှိပြီး ဈေးကောင်းရနေကြောင်း မင်းဂွတ်သီး စိုက်ပျိုးသူများ၏ ပြောဆိုချက်အရ သိရသည်။လတ်တလောတွင် မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ငွေကျပ် ၂၂၅၊ အလတ် တစ်လုံးလျှင် ငွေကျပ် ၂၀၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၁၅၀ အထိ ဈေးနှုန်း ရရှိနေပြီး အလုံးရေ ၂၀၀ ပါ ခြင်းတစ်ခြင်းလျှင် ငွေကျပ်  ၄၅၀၀၀၊  ၄၀၀၀၀ နှင့် ၃၀၀၀၀  စသည်ဖြင့်  ဈေးနှုန်းအသီးသီးရရှိကြောင်း သိရသည်။ “မင်းဂွတ်သီးကတော့ နှစ်စဉ် အရောင်းသွက်ပါတယ်။ ဒီနှစ်က ဈေးလည်းကောင်းတယ်” ဟု မုန်းမြို့၊ မြောင်းဦးကျေးရွာမှ ဒူးရင်းနှင့် မင်းဂွတ်သီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူထံမှ သိရသည်။                  

            မင်းဂွတ်သီးသည် နိုဝင်ဘာလမှစ၍ အဖူးဖူးလေ့ရှိပြီး ခြောက်လခန့်အကြာတွင် ဆွတ်ခူးနိုင်ကြောင်း သိရသည်။ “ခူးတာကတော့ အခွံလေးတွေ အညိုရောင်သန်းမှ ခူးတာပိုကောင်းတယ်။  အညိုရောင်မသန်းခင် ခူးလိုက်ရင် စားမကောင်းတော့ဘူး။ ရောင်းတမ်းဝင်အောင် အညို ရောင်သန်းမှခူးပါတယ်။သူက ဒူးရင်းသီးလိုမဟုတ်ဘူး။  ပိုးမွှားရောဂါဒဏ်လည်းခံနိုင်တယ်။  ရေတော့မှန်မှန်ပေးရတယ်”  ဟု မင်းဂွတ်သီး စိုက်ပျိုးရေးလုပ်ကိုင်သူထံမှသိရသည်။ မင်းဂွတ်ပင်တွင် သီးပုပ်နှင့် သီးခွံမာ ရောဂါသာရှိပြီး  ဒူးရင်းသီးကဲ့သို့  ပိုးကျရောက်မှုမရှိကြောင်း၊ သက်တမ်းအားဖြင့် ၁၀ နှစ်ဝန်းကျင်တွင် စတင်ဆွတ်ခူးနိုင်ပြီး သက်တမ်း  နှစ် ၄၀  မှ ၅၀ ခန့်အထိ ဆွတ်ခူးနိုင်ကြောင်း သိရသည်။

            ယခုလို ဒူးရင်းသီးပေါ်ချိန်တွင် မြန်မာနိုင်ငံရှိ လူအများစုသည် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းဂွတ်သီးကို စားသုံးလေ့ရှိကြသည်။ ဒူးရင်းသီး၏ သဘာဝမှာ အပူများ၍ မင်းဂွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသုံးသင့်ကြောင်းသိရှိရသည်။ မင်း ဂွတ်သီးကို ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးလေ့ရှိပြီး ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

                                               

မော်လမြိုင်ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးကွက်

            မော်လမြိုင်မြို့ ဘိလပ်မြေဈေးကွက်၌ တည်ဆောက်ရေးလုပ်ငန်းများကြောင့်  အရောင်းအဝယ်ကောင်းနေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုတစ်ပတ် ဆင်(ထိုင်း) ဘိလပ်မြေက ကျပ် (၁၀၀၀)ဈေးတက်လာကြောင်း သိရှိရသည်။  ဈေးကွက်ထဲအရောင်းအဝယ်  ဖြစ်နေတဲ့ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၉၈၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၉၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာ ထုတ်လုပ်ရာတွင်ကုန်ကြမ်းများ ဈေးနှုန်းတက်လာသောကြောင့် ဓါတ်မြေဩဇာမှာ ဈေးနှုန်းတက်လာပြီး၊  အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

             အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၀၅၉၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၀၈၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၀၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ် မှာ ကျပ်၆၂၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ်၉၆၀၀၀၊ ရှိခဲ့ပြီး ယခုပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၁၇၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၁၃၂၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၁၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်မှာ ကျပ်၆၅၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ်၉၈၀၀၀၊ ဖြင့် ဈေးနှုန်းပေါက်နေပီး ဝယ်ယူမှုနည်းပါးနေကြောင်း ဈေးကွက်အတွင်း ဓါတ်မြေဩဇာဆိုင်များမှ သိရှိရသည်။

DOCA(မွန်)

 

တောင်ထန်းများ ဈေးကောင်းရရှိ

          ဘီးလင်းမြို့နယ်ဒေသထွက် တောင်ထန်းများကို နေ့စဉ် ပဲခူးတိုင်းဒေသကြီးဘက်သို့တင်ပို့ရောင်းချလျှက်ရှိရာ ယခုနှစ်ရာသီတွင် ယခင်နှစ်ထက်ဈေးနှုန်း ပိုမိုရရှိလာကြောင်း သိရှိရပါသည်။ တောင်ထန်းကို အိမ်ခေါင်မိုး မိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန် အသုံးပြုလျှက်ရှိပါသည်။ ယခင်နှစ် တောင်ထန်းရာသီထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လများတွင် တောင်ထန်းဈေးနှုန်းမှာ အကဒ်(၁၀၀)လျှင် ၆၅၀၀ကျပ်မှ ၇၀၀၀ ထိဈေးရရှိ၍ မိုးရာသီရောက်ရှိခါနီးအချိန်တွင် ဈေးအမြင့်ဆုံးရရှိတတ်ပြီး  ဧပြီလတွင်  တောင်ထန်း အကဒ်(၁၀၀)လျှင် ၁၀၀၀၀ ကျပ်ထိဈေးနှုန်းရရှိခဲ့ပါသည်။ ယခုနှစ် တောင်ထန်းရာသီ ထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လ များတွင် တောင်ထန်းဈေးနှုန်းမှာ အကဒ်(၁၀၀)လျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ထိ ဈေးရရှိကာ မိုးရာသီဈေးအမြင့်ဆုံး ရရှိချိန်ဧပြီလတွင်  တောင်ထန်း အကဒ် (၁၀၀)လျှင် ၂၀၀၀၀ ကျပ်ထိ‌  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးကွက်

        မော်လမြိုင်မြို့၌ ယခုလ မေစတုတ္ထအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသည့် ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

      အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၁၉၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်လျှင် ကျပ်၆၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

           ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ (၂၀)ရက်နေ့မှ မေလ (၂၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် ၁ ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၅၀ မှ ၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ ၁ထုပ်လျှင် ကျပ် ၂၀၀ မှ ၉၀၀ အတွင်း၊ အာလူး ၁ပိဿာလျှင် ကျပ် ၉၀၀ မှ ၁၇၀၀ အတွင်း၊ မုန်လာဥနီ ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ရွှေဖရုံသီး ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး ၁လုံးလျှင် ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း ၁ ပိဿာထုပ် ၁ထုပ်လျှင် ကျပ် ၈၀၀ မှ ၁၄၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁ပိဿာလျှင် ၁၅၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁ပိဿာလျှင် ကျပ် ၃၃၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း ၁ပိဿာလျှင် ကျပ် ၇၀၀ မှ ၁၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက် ၁စီးလျှင် ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်) ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး ၁လုံးလျှင် ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) ၁ပိဿာလျှင် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၇၆၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) ၁ပိဿာလျှင် (၁၈၁၄၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၂၇၉၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၄၂၂၂)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၆၀၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၁၉၂၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၀၅၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၈၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

              ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် မေလ (၁၇) ရက်နေ့မှ မေလ (၂၃) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျိုက်ထို၊ တောင်စွန်းမှ ကနစိုးသီး ၁၅ ပိဿာ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ ဘီးလင်း၊ တောင်စွန်းမှ ပိန္နဲသီး  အလုံးကြီး  ၁လုံးလျှင် ကျပ် ၁၅၀၀၀ ၊အလုံးလတ် ၁လုံးလျှင် ကျပ် ၁၀၀၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၅၀၀၀ မှ ၃၀၀၀၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၂၀၀ မှ ၁၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၈၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၆၀၀ မှ ၄၀၀၊ ကောလင်း မှ ဖရဲသီး (855) အလုံးကြီး ၁လုံးလျှင် ကျပ် ၇၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၆၀၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၅၀၀၀ မှ ၄၀၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ၁လုံးလျှင် ကျပ် ၃၅၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၂၅၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၂၀၀၀ မှ ၁၀၀၀ ၊  မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ၁လုံးလျှင် ကျပ် ၄၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၃၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၂၀၀၊ ပုပ္ပါး၊ ဟင်္သာတ မှ သရက်သီး (စိန်တလုံး)အိပ်စွပ် အလုံး ၃၆ ပါ ၁ဖာလျှင် ကျပ် ၁၅၀၀၀၊ အလုံး လတ် အလုံး ၄၄ ပါ ၁ဖာလျှင် ကျပ် ၁၃၀၀၀၊ အလုံးသေး အလုံး ၄၈ ပါ ၁ဖာလျှင် ကျပ် ၉၀၀၀ ၊ တွံတေး မှ သရက်သီး (ရင်ကွဲ) အလုံးကြီး အလုံး ၈၀ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၄၀၀၀၊ အလုံးလတ် အလုံး ၁၀၀ ပါ တောင်းတစ် တောင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးသေး အလုံး ၁၂၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၈၀၀၀၊ ဆွာ၊ မဒေါက် မှ သရက်သီး (မချစ်စု)  အလုံးကြီး အလုံး ၅၀ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၂၀၀၀၀၊ အလုံးလတ် အလုံး ၆၅ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၆၀၀၀၊  အလုံးသေး အလုံး ၇၅ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၄၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာ တစ်ခြင်းလျှင် ကျပ် ၂၅၀၀၀၊ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြောင်းဈေးနှုန်း အနည်းငယ်မြှင့်တက်သဖြင့် ပြောင်းတင်ပိုမှုများလာ

             ကယားပြည်နယ်တွင် ပြောင်းကို  အဓိကစိုက်ပျိုးလျှက်ရှိပြီး ပြောင်းသည် ပြည်နယ်၏ အဓိကပို့ကုန် သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ပြောင်းစိုက် ဧက( ၅၁၇၃၈  ) ၊ ရိတ်ဧက ( ၄၄၅၇ )၊ အထွက်နှုန်း (၂၇၅၅၀၅)ရှိပြီး ၊ ပြောင်းဈေးကွက်မှာ  ပြည်နယ်မှထွက် ရှိသော  ပြောင်းများကို  မြဝတီသို့ အဓိကတင်ပို့ လျှက်ရှိကြောင်း ယခုမေလအတွင်း ပြောင်းတင် ပို့နိုင်မှုမှာ ပြောင်း(၄၈၇၃)အိတ်၊(၂၃၉)တန်ရှိပြီး ပြောင်းဈေးနှုန်းများမှာ ပြောင်းတစ်ပိဿာလျှင် (၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်ဧပြီလအတွင်း ပြောင်းတင်ပို့မူများမှာ  ပြောင်း(၃၈၇၀)အိတ်၊ (၁၉၀)တန်ခန့် သာတင်ပို့နိုင်ခဲ့ပြီး ပြောင်းဈေးနှုန်း မှာ (၈၀၀)ကျပ် ခန့်သာရှိခဲ့ကြောင်း ၊ ယခင်ဧပြီ နှင့် ယခုမေလနှိုင်းယှဉ်လျှင် မေလအတွင်း ပြောင်းဈေးနှုန်း ၁ပိဿာလျှင် (၁၀၀)ကျပ် ခန့်ဈေးနှုန်းအနည်းငယ်မြှင့်တက်လာသဖြင့် ပြောင်းတင်ပို့မူမှာလည်း (၁၀၀၃)အိတ်၊ (၄၉) တန်ခန့် ပိုမိုတင်ပို့လာနိုင်ကြောင်း ပြောင်းကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ရွှေရွာငံကော်ဖီ ဈေးကောင်းရရှိ

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေရွာငံကုမ္ပဏီမှ ဒေသထွက်ကော်ဖီများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဧပြီလကုန်အထိ ထိုင်းနိုင်ငံသို့ ကော်ဖီ (၃၄၀) တန် တင်ပို့နိုင်ခဲ့ကြောင်း  သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် Polish Wash တစ်တန်လျှင် ကျပ်သိန်း (၁၂၀ မှ ၁၃၀) ဖြင့် (၁၃၆) တန်ကို လည်းကောင်း၊ Natural Dry တစ်တန်လျှင် ကျပ်သိန်း (၆၅ မှ ၇၀) ဖြင့် (၂၀၄) တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိဒေသတွင်းတွင် Polish Wash တစ်ပိဿာ (၁၂၀၀၀  မှ ၁၃၀၀၀) ကျပ်၊ Green Bean တစ်ပိဿာ (၈၅၀၀ မှ ၁၀၀၀၀) ကျပ်၊ Natural Dry တစ်ပိဿာလျှင် (၆၀၀၀ မှ ၈၅၀၀) ကျပ်ရရှိခဲ့ကြောင်း ရွှေရွာငံကုမ္ပဏီထံမှ သိရှိရပါသည်။ ရွာငံမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကော်ဖီစိုက်ပျိုးမှုအများဆုံးမြို့နယ်တစ်ခုဖြစ်ပါသည်။  ယခင်နှစ်တွင် ကော်ဖီဈေးနှုန်းမှာ အနိမ့်ဆုံး (၃၀၀၀) ကျပ်မှ အမြင့်ဆုံး (၅၀၀၀) ကျပ်သာ ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ကယားပြည်နယ် စပါးဈေးနှုန်းအခြေအနေ

          ကယားပြည်နယ်တွင် စပါးကိုအဓိက စိုက်ပျိုးသောဒေသဖြစ်၍ နယ်မြေဒေသ အခြေအနေအရ နွေစပါးစိုက်ပျိုးရာသီချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းမရှိသောကြောင့် ယခင်စိုက်ပျိုးရိတ်သိမ်းခဲ့သော မိုးစပါးများဈေးနှုန်းမြှင့်တက်လာပြီး ယခုလက်ရှိဖြစ်ပေါ် နေသော စပါးဈေးနှုန်းများမှာ 502 စပါးတစ်ပိဿာလျှင်(၉၀၀)ကျပ်၊ တစ်တင်းလျှင် (၁၁၅၀၀)ကျပ်၊ ရွှေရင်အေး(၁)စပါး တစ်ပိဿာလျှင်(၈၀၀)ကျပ် ၊တစ်တင်းလျှင် (၁၀၂၀၀) ကျပ်၊ ရွှေရင်အေး(၂)စပါး တစ်ပိဿာလျှင်(၇၅၀)ကျပ်၊ တစ်တင်းလျှင်(၉၅၈၅)ကျပ်နှင့် ဇီယာရှယ်စပါး တစ်ပိဿာလျှင် (၇၀၀)ကျပ်၊ တစ်တင်းလျှင်(၈၉၄၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်သူတစ်ဉီးထံမှ သိရှိရပါတယ်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း