Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်အာလူး ပုံမှန်အရောင်းအဝယ်ဖြစ်

           ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက်များက လက်ကား တစ်ပိဿာလျှင် ကျပ် ၁၉၀၀-၂၀၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၄၀၀ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကားကျပ် ၁၈၀၀-၁၉၀၀၊ လက်လီ ကျပ် ၂၅၀၀-၂၈၀၀ဈေးရှိသည့်အတွက် ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် ၁၀၀ကျပ်၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀၀-၄၀၀ဈေးပိုလာသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူနှင့် လုပ်ငန်းရှင်များဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းဘက်မှ ရှမ်းအာလူးများသာ အဝင်ရှိပြီး တစ်နေ့လျှင် ပိဿာချိန် ၃၀ ဝင်ဆံ့သောအိတ် ၅၀ မှ ၁၀၀ အတွင်း ပုံမှန် အဝင်ရှိလျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်သို့ မိုးနှမ်းအသစ်များစတင်ဝင်ရောက်

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးနှမ်းလျာထား စိုက်ဧကမှာ (၈၂၂၇၉) ဧကရှိပြီး ယခုအချိန်အထိ (၇၂၇၆၈)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ပြည်ဈေး ကွက်သို့ ဇူလိုင်လနောက်ဆုံးပတ်တွင် မိုးနှမ်းအနည်းငယ်ဝင်ရောက်လာနေပြီဖြစ်ပြီး၊ နတ်တလင်း မြို့နှင့် မြန်အောင်မြို့ဘက်ရှိ ကျေးရွာများမှ တစ်နေ့လျှင် အိတ် ၁၀၀/၂၀၀ခန့် နေ့စဉ်ဝင်ရောက် လာနေပြီဟု သိရှိရပါသည်။ မန္တလေးရှိဝယ်လက်များက ပြည်မြို့ရှိ ပွဲရုံများသို့ကွင်းဆင်း၍ ဝယ်ယူ မှုရှိသလို ပြည်မြို့မှလည်း တင်ပို့ရောင်းချခြင်းများလည်းရှိပါသည်။ ယခုအချိန် ဈေးကွက်သို့ ရောက်ရှိလာသော နှမ်းများမှာ နှမ်းနက်များသာဖြစ်ပြီး နှမ်းနီမှာထွက်ပေါ်ချိန်စောသေးသဖြင့် ဈေးကွက်သို့ ဝင်ရောက်မှုမရှိ၍ နှမ်းဆီကြိတ်သည့်ဆီစက်များက လှောင်ထားသည့် နှမ်းနီများကို ဆီကြိတ်၍ရောင်းချကြောင်းသိရှိိရပါသည်။

        ပြည်ဈေးကွက်တွင်ရောင်းချလျှက်ရှိသောနှမ်းဈေးများမှာ ဇူလိုင်နောက်ဆုံးပတ်တွင် နှမ်းနီ (၃) တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် ဇူလိုင်လ ဒုတိယပတ်ကအတိုင်းငြိမ်နေပြီး၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၂၃၅၀၀၀ကျပ်ဖြင့် ဇူလိုင်လဒုတိယပတ်ထက်စာလျှင် ဝယ်လိုအားများလာသဖြင့် ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရှိရပါသည်။ နှမ်းဆီ တစ်ပိဿာလျှင် ၉၅၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန်ဈေးများ မြင့်တက်လာ

            ဇူလိုင်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ မြေပဲဆန်ဈေးများ မြင့်တက်လာခဲ့ပါသည်။ ပြည်ခရိုင်၊ ရွှေတောင်ဘက်မှ မြေပဲဆန်များတစ်နေ့လျှင် အိတ် ၁၀၀/၁၅၀ခန့် ဝင်ရောက်မှု့ရှိနေသော်လည်း ဈေးကွက်တွင် မြေပဲလက်ကျန်များ နည်းလာသဖြင့် ဈေးမြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။ ဆီစက်သမားများကလည်း ဆီကြိတ်ရန်အဝယ်ရှိသဖြင့် ဆီကြိတ်မြေပဲဆန်များ ဈေးမြင့်တက်လာခဲ့သလို မြေပဲဆီဈေးမှာလည်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ မြေပဲဆန် လက်လီအရောင်းသမားများနှင့် ဒေသတွင်းမြေပဲလှော်ဖို၊ မြေပဲကြော်ဖိုများမှလည်း လုံးဆန်ကို အဝယ်ရှိသဖြင့် ဈေးမြင့်တက်လာသည်ဟု သိရှိရပါသည်။

          မြေပဲဆန်ဈေးများမှ ဇူလိုင်လနောက်ဆုံးပတ်တွင် မြေပဲဆီဆန် တစ်ပိဿာလျှင် ၄၈၀၀-၅၀၀၀ကျပ်နှင့် မြေပဲလုံးဆန် တစ်ပိဿာလျှင် ၅၁၅၀-၅၂၀၀ကျပ် အထိဈေးများ မြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် နှမ်းဆီဈေးထက်စာလျှင် ဈေးများ မြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲဈေးကွက်သို့  မိုးပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လာ

        ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇွန်လအတွင်းမှစ၍ ဈေးကွက်သို့ဝင်ရောက်လာခဲ့ကာ ယခုအချိန်မှာလည်း နေ့စဉ်ဝင်ရောက်လျှက်ရှိပေမယ့် အထွက်မလှိုင်သေး၍ အမြောက်အများ ဝင်ရောက်ခြင်းမရှိသေးသော်လည်း ဝင်လာသမျှ ပဲသစ်များအနေဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါ သည်။ မန္တလေးလိုင်းသမားအဓိက အဝယ်ရှိကာ ပဲတစ်တင်း ၄၆၀၀၀ ကျပ် ဖြင့်ရောင်းဝယ်လျှက် ရှိခဲ့ပါသည်။ ယခုနှစ်တွင် ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ် ၄သောင်းကျော် ရရှိသည့် အတွက် ယခင်နှစ်ဈေးထက်စာလျှင်  တစ်တင်းလျှင် ကျပ် ၁သောင်းကျော် ဈေးမြင့်တက်ခဲ့ပါသည်။ ယခင်နှစ်ကဇူလိုင်လအတွင်း   ပဲသစ်ဝင်ရောက်ခြင်း   မရှိခဲ့ပေမယ့်    ယခုနှစ်မှာ ပဲသစ်အဝင် စောလာသောကြောင့် ဇွန်လမှစ၍ ပဲဈေးကွက်အတွင်း စတင်ဝင်ရောက်ခဲ့ကာ ရောင်းဝယ်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲကြီးသီးနှံ ပဲကြော်ဖိုလုပ်ငန်းသမားများနေ့စဉ် အဝယ်ရှိ   

          ပြည်ဈေးကွက်အတွင်း ပဲဈေးနှုန်းလည်းအမြင့်ရနေသလို အရောင်းအဝယ်လည်း နေ့စဉ် ပုံမှန်ဖြစ်နေသော  ပဲကြီးသီးနှံကို ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူ နေခဲ့သောကြောင့် လက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများမှ နေ့စဉ်ဝယ်ယူနေပြီး တစ်ရက်အိတ် ၂၀၀ကျော် ပုံမှန်ဝယ်နေခဲ့သလို ပဲဈေးနှုန်းများအနေဖြင့် ပဲကြီး (ရွှေကျွန်း)တစ်တင်း ၇၇၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၇၀၀၀၀ကျပ်တို့ဖြင့် အသီးသီးရောင်း ဝယ်နေခဲ့ကာ ဈေးကွက်အတွင်း နှစ်စဉ်လိုလို ဈေးကောင်းသော သီးနှံအမျိုးအစားထဲတွင် ပါဝင် နေခဲ့ပါသည်။ ယခင်နှစ်ကပဲဈေးအားလုံး ဈေးအေးခဲ့သော နှစ်မှာပင် ပဲကြီးသီးနှံဈေးအနေဖြင့် ကျပ် ၃သောင်းကျော် ၄သောင်းနီးပါးအထိ ရရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့နယ်အတွင်း အခြေခံလူတန်းစားများသို့ စားအုန်းဆီများရောင်းချ

        ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ် ဆီကုန်သည်များပူးပေါင်း၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကိုရပ်ကွက်အလိုက် အခြေခံလူတန်းစားများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျှက်ရှိကြောင်း သိရပါသည်။

          ဈေးကားများဖြင့်လှည့်လည်ရောင်းချမှုကို (၂၂.၇.၂၀၂၂)နေ့တွင် နဝင်းနယ်မြေအတွင်းရှိ အခြေခံလူတန်းစားများသို့လည်းကောင်း၊ (၂၃.၇.၂၀၂၂)နေ့တွင် ရွာဘဲနယ်မြေအတွင်း အခြေခံ လူတန်းစားများသို့လည်းကောင်း၊ (၂၄.၇.၂၀၂၂)နေ့တွင် ပြည်သာယာနယ်မြေအတွင်းရှိ အခြေခံ လူတန်းစားများသို့လည်းကောင်း ၊ (၃၀.၇.၂၀၂၂) နေ့တွင် ဂန္ဓမာ ကွက်သစ်ရှိ အခြေခံ လူတန်းစားများသို့လည်းကောင်း ၊ ဆင်စုရပ်ကွက် ပေါ်တော်မူရပ်အတွင်းရှိ အခြေခံလူတန်းစား များသို့ ရောင်းချပေးခဲ့ကြောင်း သိရှိိရပါသည်။

          ရောင်းချရာတွင် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိဿာကို အခြေခံရည်ညွှန်းဈေး (၄၉၀၀)ကျပ်နှုန်း ဘူးခွံ့အပါ တစ်ပိဿာကို (၅၂၀၀)ကျပ်ဖြင့် အိမ်ထောင်စု စုစုပေါင်း (၁၆၅၀) အတွက် စားအုန်းဆီ ပိဿာချိန် (၁၆၅၀) ပိဿာရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ရောင်းချမှုကို ပြည်မြို့နယ်ဆီလုပ်ငန်းရှင်များက ၎င်းတို့ရရှိသော ခွဲတမ်းများထဲမှ ရပ်ကွက်နေပြည်သူများသို့ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် နွေစပါးရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်းလေ့လာ

     ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နွေစပါးများကို ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်နဝါရီလ ဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ရာ စိုက်ဧကမှာ(၄၅၉၄၈) ဧကစိုက်ပျိုးခဲ့ပါသည်။ ယခုအချိန်တွင် ယခင်စိုက်ပျိုးခဲ့သော နွေစပါးများအားရိတ်သိမ်းနေပြီဖြစ်သဖြင့်  ဈေးနှုန်းဈေးကွက်  အခြေအနေ များအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများ သည် (၂.၈.၂၀၂၂)နေ့ နံနက် (၁၀:၃၀)အချိန်တွင် ငါးဆယ်ပေးအုပ်စုရှိ ပေကြီးကျေးရွာ၊ အုတ်ဖိုကွင်းကျေးရွာနှင့် ဘုရားပေါ်ကျေးရွာတို့တွင် နွေစပါးစိုက်ဧက (၁၀၆)ဧကစိုက်ပျိုးထားပြီး ယခုအချိန်တွင် နွေစပါး (၄၅)ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ ရိတ်သိမ်းသည့် စပါးမျိုးများမှာ ပင်မမွှေးမျိုး၊ ထိုင်းနှံကောက်မျိုးနှင့် ရတနာတိုးစပါးမျိုးတို့ဖြစ်ပါသည်။ နွေစပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း(၉၀)ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ယခုဖြစ်ပေါ်နေသော နွေစပါး ဈေးနှုန်းများမှာ ပေါင်(၅၀) တင်း(၁၀၀)လျှင် (၈၈၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

      နွေစပါးစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနှစ်တွင် အထွက်နှုန်းလည်းကောင်းပြီး ဈေးနှုန်းမှာလည်း(၈)သိန်းအထက်ရရှိသည့်အတွက် သွင်းအားစုဈေးများ၊ ရိတ်သိမ်းခြွေလှေ့ခ ဈေးများမြင့်တက်လာသော်လည်း တွက်ချေကိုက်သောနှစ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် မိုးနေကြာများစတင်ရိတ်သိမ်း

           ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာရှိ မိုးနေကြာ စိုက်ပျိုးသူ တောင်သူနှင့်တွေ့ဆုံပြီး မိုးနေကြာများရိတ်သိမ်းနေမှုအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

          ရွှေတောင်မြို့နယ်အနေဖြင့် ယခုနှစ်တွင် မိုးနေကြာစမ်းသပ် စိုက်ဧကမှာ (၄၀)ကျော်ခန့် စိုက်ပျိုးပြီး ယခုအချိန်တွင် စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင် မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် (၁.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နွားမယံအုပ်စု၊ ပုရပိုက်တန်းကျေးရွာရှိ မိုးနေကြာစိုက်တောင်သူ ဦးဌေးဝင်းနှင့် တွေ့ဆုံ၍ မေးမြန်းရာ တောင်သူမှ မိုးနေကြာ (၄)ဧကကို စမ်းသပ် စိုက်ပျိုးထားပါသည်။ စိုက်ပျိုးသည့် နေကြာမျိုးများမှာ ဆင်းရွှေကြာ (၂)မျိုးဖြစ်ပြီး၊ စိုက်ပျိုးသည့် ရက်ပေါင်း ၈၀-၈၅ရက်အတွင်း ရိတ်သိမ်းရပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၂)တင်းခန့်ထွက်ရှိသည်ဟုသိရပါသည်။ မိုးနေကြာစိုက်ပျိုး၍ တစ်ဧကထုတ်လုပ်ကုန်ကျစရိတ်မှာ ကျပ် (၂)သိန်းကျော် ကုန်ကျကြောင်း သိရပါသည်။ နေကြာဈေးနှုန်းများမှာ တစ်တင်းလျှင် (၃၀၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် တစ်ဧက အကျိုးအမြတ်မှာ (၁၆၀၀၀၀)ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။

          မိုးနေကြာစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနှစ်တွင် နေကြာကိုစမ်းသပ်စိုက်ပျိုးရာ အောင်မြင်၍ အကျိုးအမြတ်များရရှိသဖြင့် ဆောင်းနေကြာကိုလည်း တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                            

ရွှေတောင်မြို့နယ်ရှိ တိုင်ထောင်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တိုင်ထောင်ပဲသီးများ စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ရန် စားသုံးသူရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံရုံး ရှိဝန်ထမ်းများသည် (၁.၈.၂၀၂၂)နေ့ နေ့လယ် (၁:၃၀)တွင် ဝါးလယ်ကျေးရွာသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

            ရွှေတောင်မြို့နယ်၊ ဝါးလယ်ကျေးရွာရှိ တောင်သူ ဦးအုန်းနှင့် တွေ့ဆုံပြီး တိုင်ထောင်ပဲသီးများ စိုက်ပျိုးထွက်ရှိမှုအား လေ့လာရာတွင် ထိုပဲကို ဇွန်လဆန်းတွင်စတင်စိုက်ပျိုးပြီး ဇူလိုင်လတွင် စတင်ခူးဆွတ်ရသည်ဟုသိရပါသည်။ တိုင်ထောင်ပဲစိုက်ပျိုးရာတွင် တစ်ဧကကို ပဲတိုင် (၁၈၀၀)ခန့် စိုက်ပျိုးကြောင်းသိရပါသည်။ ခူးယူရရှိလာသော ပဲသီးများကို အခင်းထဲအထိ လာရောက် အဝယ်ရှိ သလို ကုန်စိမ်းဒိုင်များသို့လည်း သွားရောက်ရောင်းချရသည်ဟုသိရပါသည်။ ရွှေတောင်မြို့ရှိှ ကုန်စိမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေး များသို့တင်ပို့ ရောင်းချ ကြောင်း သိရပါသည်။ တိုင်ထောင်ပဲသီးများ ပေါ်ခါစအချိန်တွင် ဈေးကောင်းနေသော်လည်း ပဲသီးအထွက်လှိုင်လာချိန်တွင် ဈေးများလျှော့နည်းလာပြီး ယခုအချိန်တွင် လက်လီဈေးမှာ တစ်စည်း လျှင် (၁၀)တောင့်ပါ (၃)စည်းလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်မြို့နယ်ရှိ ဖူးစားပြောင်းဈေးနှုန်းဈေးကွက်

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ဖူးစားပြောင်းဖူးများထွက်ရှိနေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် (၂.၈.၂၀၂၂)နေ့ နေ့လယ် (၁:၀၀) နာရီအချိန်တွင် မီးလောင်ရွာသို့ သွားရောက်၍ ဖူးစားပြောင်း စိုက်ပျိုးသူ တောင်သူနှင့်တွေ့ဆုံပြီး ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာ ခဲ့ပါသည်။

          ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာရှိ ဖူးစားပြောင်းစိုက်ပျိုးသူ ဦးရဲအောင်နှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ရွှေတောင်မြို့နယ်အနေဖြင့် ဖူးစားပြောင်းစိုက်ဧက ၁၇၈၂ ဧကရှိပြီး စိုက်ပျိုးသည့်မျိုးများမှာ ပြောင်းအဝါ (Hybrid Sweet Cron) ဖြစ်ပါသည်။ ဖူးစားပြောင်း ကို နယုန်လဆန်းမှ စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၇၅)ရက်အကြာတွင် ပြောင်းဖူးများ ခုတ်ယူ ရောင်းချရကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်မှ ထွက်ရှိလာသော ဖူးစားပြောင်း (အဝါ)များကို နေ့စဉ် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျှက်ရှိရာ ကားတစ်စီးလျှင် ပြောင်းဖူး အဖူးရေ ၂၂၀၀၀ပါ ကား(၅)စီးဖြင့် တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ပြောင်းဖူး ဈေးနှုန်းများမှာ တစ်ဖူးလျှင် ၁၆၀ ကျပ်ခန့်ရရှိပြီး ယခင်နှစ်တွင် ပြောင်းဖူးတစ်ဖူးလျှင် ၁၁၀ ကျပ် ခန့်ရရှိ၍ ယခင်နှစ်ထက်ဈေးပိုမိုရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့် နှစ်ဖြစ်သည့် ဟုသိရပါသည်။ ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အကျိုးအမြတ်များရရှိသည့်အတွက် နောက်နှစ်များတွင် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း