Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရာဘာအရောင်းအဝယ်ဖြစ်”

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိကျေးရွာများတွင် ရာဘာ (၅၆၇၀)ဧကခန့် စိုက်ပျိုးထားရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာဘာစိုက်တောင်သူများထံမှ သိရသည်။

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း းရာဘာအများဆုံးစိုက်ပျိုးထွက်ရှိသောကျေးရွာများမှာ-တွံတေးမြို့နယ်တွင် တလုတ္ထော်၊ပန်းပင်စမ်း၊ မရမ်းတပင်၊ မာလာကာရာဘာခြံ၊ ရန်ကြီးအောင်၊ အရိုးတောင်ကျေးရွာများ၌လည်းကောင်း၊ ကော့မှူးမြို့နယ်တွင်-ကော်ခြံ၊ မြောက်ချောင်၊ ငှက်အော်စမ်း၊ နတ်ရေတွင်း၊ ညောင်ထောက်ကျေးရွာများ၌လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် မန်းကလိပ်ကျေးရွာ၌လည်းကောင်း အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

      ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ရှိကျေးရွာများမှ ထွက်ရှိလာသောရာဘာများကို ကော့မှူးမြို့ နယ်၊ ငှက်အော်စမ်းကျေးရွာရှိ ဓနထွန်းနှင့်ဒို့တောင်သူရာဘာရောင်းဝယ်ရေးသို့ တစ်ပေါင်လျှင် ၁၀၀၀ ကျပ်မှ ၁၁၅၀ ကျပ်ဖြင့်လည်းကောင်း၊ တွံတေးမြို့နယ်တွင် ကြယ်ပွင့်ရာဘာနှင့်ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေးသို့ တစ်ပေါင်လျှင် ၁၀၅၀ ကျပ် မှ ၁၀၈၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ရာဘာရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

ရွှေဘိုခရိုင် မိုးစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်းအခြေအနေ

          ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးစပါး ၆၇၂၇၇၃ဧက စိုက်ပျိုးပြီး ရာသီကုန် ရိတ်ဧက ၆၇၀၁၃၃ဧကရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင်  ၈၂.၂၃တင်းနှုန်း ထွက်ရှိသဖြင့် စုစုပေါင်း ၅၅၁၀၇၂၈၉တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

          ရွှေဘိုခရိုင်အတွင်း ၂၀၂၁-၂၀၂၂မိုးစပါး ပေါ်ချိန် ပေါက်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျှင် ၁၂၀၀၀၀၀ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ်ရှိပြီး ယခု ဖေဖော်ဝါရီ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျှင် ၁၂၅၀၀၀၀ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၉၀၀၀၀၀ကျပ် ဈေးနှုန်းပေါက်လျက်ရှိရာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၅၀၀၀၀ခန့် မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

၁၁.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၁.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဝါစေ့ဆီနှင့်ကျန်းမာရေး

           မြန်မာနိုင်ငံတွင် ၁၉၉၅-၁၉၉၆ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း နှစ်စဉ်ဝါသီးနှံစိုက်ဧက (၇)သိန်းမှ (၈)သိန်းကျော်ထိ စိုက်ပျိုးခဲ့ကြပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှစပြီး ဝါစိုက်ပျိုးဧကလျော့ကျလာကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဝါစိုက်ပျိုးဧက (၄)သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ဝါသီးနှံအနေဖြင့် တစ်ဧကအထွက်နှုန်းနှစ်ဆကျော် တိုးတက်လာသော်လည်း ဝါစိုက်ပျိုးမှုတိုးတက်လာစေရေးနှင့် ရေရှည် တည်တံ့ခိုင်မာသော ဝါစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးစေရေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိနေပါသည်။

         ဝါသီးနှံသည် အဝတ်အထည်ပစ္စည်းထုတ်လုပ်မှုအတွက် အရေးပါရုံသာမက ဝါစေ့မှလည်း ဝါစေ့ဆီထုတ်ယူ၍ စက်မှုလုပ်ငန်းသုံးဆီနှင့် စားသုံးဆီထုတ်ယူနိုင်ပြီး ဝါစေ့ကြိတ်ဖက်ကိုလည်း တိရိစ္ဆာန် အစားအစာအဖြစ် အသုံးပြုနိုင်ပါသည်။ ဝါပိဿာ(၁၀၀)ကို ကြိတ်ခွဲပါက ဝါဂွမ်း(၃၆)ပိဿာနှင့် ဝါစေ့(၆၄) ပိဿာခန့် ရရှိကြောင်းသိရသည်။ ဝါစေ့တွင် ဆီပမာဏ၁၅% မှ ၂၀%ခန့်ပါဝင်သည်။ ဝါစေ့ပိဿာ(၁၀၀) အား ကြိတ်ခွဲပါက ဝါစေ့ဆီ (၈)ပိဿာခန့် ရရှိကြောင်းသိရသည်။

      ဝါစေ့ဆီကို စားသုံးဆီအဖြစ်သာမက စက်မှုကုန်ကြမ်းအဖြစ်လည်းကောင်း၊ အခြားရည်ရွယ်ချက် များဖြင့်လည်းကောင်း သုံးစွဲမှုများရှိကြသည်။ ၁၈၈၀ ခုနှစ် ဝန်းကျင်တွင် ဝါစေ့ဆီကို ဆီမီးထွန်းညှိရန်သာ သုံးစွဲခဲ့ကြပါသည်။ ယခုအခါ ဝါစေ့ဆီကို စားသုံးရန်အဖြစ်လည်းကောင်း၊ ပိုးသတ်ဆေးအဖြစ်လည်း ကောင်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်ရာတွင်လည်းကောင်း၊ အသားအရည်ထိန်းသိမ်းရန် သုံးစွဲရသည့် အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊ ဗောက်ပျောက်ခေါင်းလျှော်ရည်နှင့် နေလောင်ခံခရင်များတွင် လည်းကောင်း သုံးစွဲကြသည်ကို တွေ့ရသည်။

          ဝါစေ့ဆီတွင် ကျန်းမာရေးအတွက် ကောင်းကျိုးအများအပြားရှိပါသည်။ ဝါစေ့ဆီတွင် ဗီတာမင် -E ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြားကို အာဟာရဖြည့်တင်းပေးနိုင်သည့်အတွက် အလှကုန် ပစ္စည်းများတွင် အသုံးပြုလာသည်ကို တွေ့ရပါသည်။ အသားအရည်စိုပြေမှုကို ထိန်းသိမ်းပေးနိုင်ပြီး antioxidant ကြွယ်ဝစွာ ပါဝင်သောကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်း များဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။ အနာကျက်မြန်စေသောကြောင့် ဒဏ်ရာများမှာ လိမ်းပေးနိုင် ပါသည်။ အရည်ပြားဆဲလ်အသစ်များ ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်ပြီး ရောဂါပိုးမဝင်နိုင်အောင်လည်း အကာအကွယ်ပေးနိုင်ပါသည်။

          ဝါစေ့ဆီတွင်ပါဝင်သော Monounsaturated Fatနှင့် Polyunsaturated Fat နှစ်မျိုးသည် မှတ်ဉာဏ်တိုးမြှင့်လာစေခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါကို လျှော့ချနိုင်စေခြင်းတို့ကို အထောက် အကူပြုနိုင်ပါသည်။ အာရုံကြောရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်သကဲ့သို့ အသက်အရွယ်ကြောင့် မှတ်ဉာဏ်အားနည်းလာခြင်းကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါသည်။ နာကျင်ရောင်ရမ်းမှုကို သက်သာ စေနိုင်သောကြောင့် ဝါစေ့ဆီကို စားပေးခြင်း၊ လိမ်းပေးခြင်းဖြင့် အဆစ်ရောင်ခြင်း၊ အဆစ်လွဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်းတို့အတွက် သုံးစွဲနိုင်ပါသည်။

          ဝါစေ့ဆီသည် သွေးအတွင်း ကိုလက်စတောကို လျော့ချပေးနိုင်သောကြောင့် နှလုံးကျန်းမာရေးကို ထိထိရောက်ရောက် အထောက်အကူဖြစ်စေနိုင်ပါသည်။ သွေးပေါင်ချိန်ကို ကျဆင်းစေပြီး သွေးကြော ဆိုင်ရာရောဂါ၊ နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်ပြီး လေဖြတ်နိုင်ခြေကိုလည်းလျော့ချပေးနိုင်ပါသည်။ သို့သော် နှလုံးရောဂါကို လက်ရှိခံစားနေရသူများကတော့ နားလည်တတ်ကျွမ်းသော ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင်း သိရှိရသည်။

          ဝါစေ့ဆီတွင် သဘာဝအလျှောက်ပါဝင်နေသည့် Gossypolသည် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်သည်ကို စမ်းသပ်တွေ့ရှိမှုများရှိကြောင်း သိရှိရသည်။ ဆေးဝါးအများအပြားကို ခံနိုင်ရည် ရှိသော ကင်ဆာဆဲလ်များကို နှိမ်နင်းနိုင်သည်ဟု သိရှိရသည်။ အကျိတ်ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ပျံ့နှံ့မှုကို တားဆီးနိုင်ကြောင်းသိရသည်။ ထို့အပြင် ဆီကျိတ်ကင်ဆာဆဲလ်များအပေါ် ဓာက်ရောင်ခြည်သက်ရောက်မှုကို ပိုမိုကောင်းမွန်စေကြောင်း သိရှိရ သည်။

          ဝါစေ့ဆီသည် ဆံပင်သန်စွမ်းကျန်းမာမှုကို အထောက်အကူပြုနိုင်သည်ဟု ဆိုကြပါသည်။ ဆံသားအစိုဓာတ်ထိန်းသိမ်းပေးနိုင်ခြင်း၊ ဆံသားတွင် ပရိုတင်းဓာတ်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဆံသားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ခြင်း စသည့်ဂုဏ်သတ္တိများ ရှိပါသည်။

          ဝါစေ့ဆီသည် အစားအသောက်များကို တာရှည်အထားခံစေသည့်အတွက် အစားအသောက်များ ပြုလုပ်ရာတွင်လည်း သုံးစွဲကြပါသည်။ အကြော်များပြုလုပ်ရာတွင် ဝါစေ့ဆီကို အသုံးများကြသည်။ ထို့အပြင် မုန့်ဖုတ်လုပ်ငန်း Margarine ၊ Mayonnaise  နှင့် Fast Foodများတွင်လည်း သုံးစွဲကြပါသည်။ ဝါစေ့ဆီသည် အခြားဟင်းသီးဟင်းရွက်ဆီများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာသည့်အတွက် စီးပွားရေးအရ တွက်ချေကိုက်သော်လည်း ပြည့်ဝဆီပါဝင်မှုများခြင်းနှင့် သဘာဝအဆိပ်တစ်မျိုးဖြစ်သည့် Gossypol ပါဝင်နေခြင်းကြောင့် ကျန်းမာရေးနှင့် မညီညွတ်သောရွေးချယ်မှု တစ်ခုဖြစ်ကြောင်း  ပညာရှင်အချို့က ဆိုကြသည်။ သို့ပါ၍ ဝါစေ့ဆီကို စားသောက်ကုန်များတွင် အသုံးပြုမည်ဆိုပါက Gossypol ကို ဖယ်ရှားရန်လိုအပ်ပါသည်။ စနစ်တကျသန့်စင်ပြီး ဝါစေ့ဆီသည် စားသုံးရန်သင့်လျှော် ပါသည်။ သို့သော် သန့်စင်ထားခြင်းမရှိသည့် ဝါစေ့ဆီတွင် Gossypol ပါဝင်နေသည့်အတွက် အဆိပ် အတောက်ဖြစ်စေနိုင်ခြင်း၊ မျိုးပွားမှုဆိုင်ရာ ပြဿနာများဖြစ်စေနိုင်ခြင်းစသည့် ဆိုးကျိုးများရှိစေနိုင် ကြောင်းသိရသည်။ သို့ပါ၍ ကမ္ဘာ့နိုင်ငံအချို့တွင် စနစ်တကျသန့်စင်ထားခြင်းမရှိသည့် ဝါစေ့ဆီကို ဈေးကွက်တွင် ရောင်းချခြင်းမှ တားမြစ်ထားသည်ကို သိရပါသည်။

          သန့်စင်ပြီးဝါစေ့ဆီသည် သွေးအတွင်း ကိုလက်စတောကို လျှော့ချပေးနိုင်သော်လည်း ဝါစေ့ဆီ ကြမ်းတွင် ပြည့်ဝဆီပါဝင်မှုများနေသည့်အတွက် အသဲအဆီဖုံးခြင်းနှင့် နှလုံးရောဂါဖြစ်ပွားမှုုကို မြင့်တက်စေနိုင်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဝါစေ့ဆီကို သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် Gossypol ဖယ်ထုတ်ခြင်းသာမက ဟိုက်ဒရိုဂျင်ဖယ်ထုတ်ခြင်းကိုပါ ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

ရွှေဘိုခရိုင်၌ ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ အသိပညာပေးခြင်းဆောင်ရွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဉဒေါင်းမင်းဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးဆီများ ထုတ်လုပ်ရောင်းချရောင်းချရာတွင် စားသုံးဆီအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပုဒ်မ၂(ဇ)အရ ထုတ်လုပ်မှုဖြစ်စဉ်၊ အရည်အသွေး၊ စံချိန်စံညွှန်း၊ အသားတင်ပမာဏတို့အား အလေးထားထုတ်လုပ်ရောင်းချရန်၊ အခြားသက်ဆိုင် ရာဌာနများမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်များအား အများမြင်သာသည့် နေရာတွင်ချိတ်ဆွဲ ထား ရန်၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက ရွှေဘိုခရိုင်စားသုံးရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာ ကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

မော်လမြိုင်ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

          မော်လမြိုင်မြို့၌ ယခုလဖေဖော်ဝါရီဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့်  ဈေးနှုန်းအနည်းငယ်မြင့်လာကြောင်းသိရှိရသည်။ ဈေးကွက် ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ  ယခင်အပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၉၄၀၀၊ ဆင်(ထိုင်း) ကျပ်၉၅၀၀ ၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၈၅၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းအေးနေကြောင်း သိရှိ ရသည်။

        အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၂၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (တောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၅၇၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၈၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၄၉၀၀၀၊ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၄၇၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ်၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (တောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၅၉၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၈၅၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၅၂၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရွှေဘိုပေါ်ဆန်းစပါး မျိုးကောင်းမျိုးသန့်မှသည် (G.I)ရရှိရေးဆီသို့ဦးတည်

            မြန်မာလူမျိုးတို့၏ နေ့စဉ်အဓိကစားသုံးသော အစားအစာမှာဆန်ဖြစ်ပြီး ဆန်ကို ထမင်းအဖြစ် လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်လည်းကောင်း ပြုလုပ်၍ စားသုံးကြပါသည်။ စားသုံးသူပြည်သူများအတွက် အမျိုးအစားအလိုက် အရည်အသွေးပြည့်မီသောဆန်များကို မှန်ကန်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်မှာ လွန်စွာအရေးပါလှသည့်အားလျော်စွာ အရည်အသွေးပြည့်မီသော ဆန်ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တတိယစပါးကျီဖြစ်ပြီး ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီ ဖြစ်ပါသည်။ ရွှေဘိုခရိုင်တွင် ၂၀၂၁-၂၀၂၂ခုနှစ်မိုးစပါးရာသီတွင် စပါး(၆၇၂၇၇၃)ဧက စိုက်ပျိုးခဲ့ပြီး ရွှေဘိုပေါ်ဆန်းစပါး(၃၅၆၇၅၂)ဧကစိုက်ပျိုးသဖြင့် စိုက်ဧက၏(၅၃)% စိုက်ပျိုးပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါး တစ်ဧကလျှင် ကွက်ကောက်အထွက်နှုန်း(၈၂)တင်း ထွက်ရှိသဖြင့် စုစုပေါင်း (၂၉၂၅၃၆၆၄)တင်းခန့်ထွက်ရှိပါသည်။

           ရွှေဘိုခရိုင်အနေဖြင့် ရွှေဘိုပေါ်ဆန်းစပါးကိုနှစ်စဉ် ဇူလိုင်လတွင် ပျိုးထောင်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းကြပါသည်။ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှုများသည်နှင့်အညီ ရွှေဘိုပေါ်ဆန်း (Geographical Indication) (G.I)ရရှိရေးအတွက် မူပိုင်ခွင့်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ShweBo Paw San Farming, Milling & Trading Association တို့မှ ပြင်သစ်နိုင်ငံ GRET Myanmar ၏ ထောက်ပံ့ကူညီမှုဖြင့် ၂၀၂၀ခုနှစ်မှစ၍ (၃)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ (G.I)ဧရိယာမှာ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်ဖြစ်သော ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ (G.I)ရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Covid -19 ကာလများတွင်လည်း  Virtual Meetingစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှစတင်ပြီး GRET Myanmarမှ  ရွှေဘိုပေါ်ဆန်းစိုက်ပျိုးသည့် အကျိုးဆောင် တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်  အဆင်ပြေလွယ်ကူစေရန် Admin Officer ဝန်ထမ်း(၁)ဦးနှင့် Extension Officerဝန်ထမ်း(၃)ဦးခန့်အပ်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

        ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးဆောင်ရွက်ရာတွင် မျိုးကောင်း၊ မျိုးသန့်ရရှိရေးကဏ္ဍသည် လွန်စွာအရေးကြီးလှသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အားလျော်စွာ JICA Project ဖြင့် JAPAN SATAKE Company၏ စက်ပစ္စည်းများဖြင့် Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့အအေးခန်း သိုလှောင်ရုံ)ကို ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအုပ်စု၊ စိုင်နိုင်ကွေ့တွင် ၂၀၂၀ခုနှစ်၌ ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့အအေးခန်း သိုလှောင်ရုံ)၌ ၂၀၂၁-၂၀၂၂ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်း၊ မျိုးသန့်ရရှိရေးအတွက် ရွှေဘိုပေါ်ဆန်းမျိုးစပါး သန့်စင်ခြင်းနှင့် အခြောက်ခံခြင်းလုပ်ငန်းများကို ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဦးဆောင်၍ (၂၂.၁၂.၂၀၂၁)ရက်နေ့မှစ၍ Test Run ပြုလုပ်ပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်း မျိုးစပါးအခြောက်ခံခြင်းနှင့် သန့်စင်ခြင်းကို စပါးတင်း(၁၀၀)လျှင် (၇၀၀၀ဝိ/-)နှုန်း၊ သန့်စင်ခြင်းသီးသန့်ကို စပါးတင်း(၁၀၀)လျှင် (၄၀၀၀ဝိ/-)နှုန်းနှင့် အခြောက်ခံခြင်းသီးသန့်ကို စပါးတင်း(၁၀၀)လျှင် (၄၀၀၀ဝိ/-)နှုန်းဖြင့် သတ်မှတ်၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းမျိုးစပါး အခြောက်ခံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများကို Seed Center Type-A တည်ရှိရာ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ရှိ အကျိုးဆောင်မျိုးစေ့ထုတ်တောင်သူများမှ လာရောက်ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ထိ အခြောက်ခံသည့် ရွှေဘိုပေါ်ဆန်းစပါး (၈၁၅)တင်းရှိပြီး သန့်စင်သည့်ရွှေဘိုပေါ်ဆန်းစပါး (၅၉၁၃.၅)တင်းရှိကြောင်း သိရှိရပါသည်။ အခြောက်ခံ၊ သန့်စင်ပြီးသော ရွှေဘိုပေါ်ဆန်းစပါးများကို (21 kg /တစ်တင်း)အိတ်နှင့် (31.5kg/ တစ်တင်းခွဲအိတ်)စသည်ဖြင့် မျိုးစေ့ထုတ် တောင်သူဦးကြီးများ၏ စိတ်ကြိုက် တောင်သူဦးကြီးများ၏ တံဆိပ်ရိုက်အိတ်များဖြင့်လည်းကောင်း၊ ရိုးရိုးအိတ်များဖြင့်လည်းကောင်း အိတ်ချုပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

       Seed Center Type-Aတွင် စပါးခွံဖြင့်အခြောက်ခံစက်နှင့် ဒီဇယ်ဖြင့်အခြောက်ခံစက်ဟူ၍ (၂)မျိုးပါရှိသည့်အတွက် ယခုနှစ်တွင် ဒီဇယ်ဈေးနှုန်းမြင့်တက်မှုများရှိသော်လည်း စပါးခွံပေါများသည့် ဒေသဖြစ်သဖြင့် စပါးခွံနှင့် အခြောက်ခံနိုင်သော အားသာချက်ရှိ၍ ကုန်ကျစရိတ်သက်သာပါသည်။ ၎င်းအခြောက်ခံစက်တွင် စပါးထည့်သည့်ကန်နှစ်ကန်ပါရှိပြီး တစ်ကန်လျှင်စပါး(တင်း၆၀၀/၁၂တန်) ဝင်ဆံ့သဖြင့် တစ်ကြိမ်လျှင် စပါး(တင်း၁၂၀၀/၂၄တန်)အခြောက်ခံ၍ရကြောင်း သိရှိရပါသည်။ အဆိုပါ Seed Center Type-Aတွင် Operator (၁)ဦးနှင့် အိတ်ချုပ်လုပ်သား(၅)ဦးဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

       ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်း၍ G.I National Project Coordinatorနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာမှလည်း မျိုးစေ့၊ မျိုးသန့်စက်ရုံလည်ပတ်နိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများအား မျိုးစပါးအခြောက်ခံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများ လာရောက်ဆောင်ရွက်နိုင်ပါကြောင်း နိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်တောင်သူများ၏ အခြောက်ခံ သန့်စင်ပြီးသော မျိုးစပါးများကို မျိုးစေ့အရည်အသွေးစစ်ဆေးရန် မျိုးစေ့နမူနာ(Seed Sample)ရယူ၍ မျိုးဖြန့်ခွင့်ရကြောင်း အဝါကဒ်ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ပြီး ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

      ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချသည့် ဆန်စက်လုပ်ငန်းရှင်များ ဆန်ကုန်သည်လုပ်ငန်းရှင်များ၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရွှေဘိုပေါ်ဆန်း (G.I)ရရှိနိုင်ရေးအတွက် လိုအပ်သော အရည်အသွေးမှတ်တမ်း (BOS) Book Of Specifications Version.O အတည်ပြုသတ်မှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ရွှေဘိုမြို့ရှိ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးတွင် (၆.၁၂.၂၀၂၁)ရက်နေ့မှ (၂၄.၁.၂၀၂၂၂)ရက်နေ့ထိ လေးကြိမ်တိုင်ကျင်းပခဲ့ပြီး  အဆိုပါအလုပ်ရုံဆွေးနွေးပွဲများမှ သဘောတူညီချက်ဖြင့် ဆွေးနွေးရရှိမှုများ အားအတည်ပြုသတ်မှတ်မည့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ကျင်းပမည် ဖြစ်ကြောင်းသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းရုံးသို့ လာရောက်တက်ရောက်ရန် အခက်အခဲရှိသူများအနေဖြင့် Virtual Meetingစနစ်ဖြင့် တက်ရောက်နိုင်ရန်စီစဉ်ပေးကြောင်း သိရှိရပါသည်။

     ရွှေဘိုခရိုင်မှထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းစပါးသည် သဖန်းဆိပ်ရေလှောင်တမံတည်ရှိပြီး ဘုရားပေးသည့် ရေ၊ မြေ၊ ရာသီဥတုရှိသဖြင့် အရည်အသွေးကောင်းခြင်း၊ Seed Center Type-A သည်လည်း  မြန်မာနိုင်ငံတွင် တစ်ခုတည်းသောစက်ရုံဖြစ်သည့်အတွက် ရွှေဘိုပေါ်ဆန်း အရည်အသွေး ကောင်း မျိုးစပါးများ မပပျောက်စေရေးအတွက် ထိန်းသိမ်းနိုင်ခြင်း၊ JAPAN နိူင်ငံ၏ ခေတ်မီအဆင့်မြင့် SATAKE သန့်စင်စက်တွင် Thickness Greder ပါသဖြင့် အလုံးsize မတူညီသည့်စပါးများကို ပယ်ခြင်း၊ Gravity ပါသည့်အတွက် စပါးအလေးအပေါ့အဖျင်း၊ အမှော်ကိုပယ်သည့်အတွက် သန့်စင်ပြီး ရွှေဘိုပေါ်ဆန်းမျိုးစပါးများသည် အလုံး size နှင့် weightညီ၍ ၁၀၀%နီးပါး မျိုးကောင်းမျိုးသန့်ရရှိခြင်း၊ စပါးအခြောက်ခံရာတွင်လည်း အပင်ပေါက်နှုန်း(Germination Rate) မထိခိုက်စေရန် အပူချိန် ၄ဝံCထက်ပို၍မပေးသဖြင့် စပါးအားလုံး အခြောက်ညီခြင်းစသည့် အားသာချက်များရှိပါသည်။ သို့ဖြစ်ပါ၍ စက်ရုံမှ သန့်စင်သောမျိုးစပါးများကို စိုက်ပျိုး၍ထွက်ရှိလာသော စပါးများသည့် အရည်အသွေးပြည့်မီသည့်အပြင် အထွက်နှုန်းကောင်းသည့်အတွက် စက်ရုံမှ အခြောက်ခံသန့်စင်သော မျိုးစပါးများကိုသာ သုံးစွဲသင့်ပါသည်။

       Seed Center Type-Aတွင် အခြောက်ခံစက်နှင့် သန့်စင်စက်များ လည်ပတ်နိုင်ရန် မီးစက်နှင့် အသုံးပြုရ၍ လျှပ်စစ်မီးမမှန်ခဲ့ပါက ကုန်ကျစရိတ်များခြင်း၊ မျိုးသန့်စင်စက်ရုံကြီးသည့်အတွက် အကျိုးဆောင်တောင်သူဦးကြီးများမှ မိမိ၏လယ်တွင် စိုက်ပျိုးရန်လိုအပ်သောမျိုးစပါးများကို တစ်နိုင်တစ်ပိုင် သန့်စင်လိုပါက တစ်ကြိမ်လျှင်တင်း(၅၀)နှင့်အထက်သာ သန့်စင်ပေးသဖြင့် အခက်အခဲရှိခြင်း စသည့် အားနည်းချက်များရှိသော်လည်း တောင်သူနှစ်ဦး သုံးဦးပေါင်း၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

        ရွှေဘိုပေါ်ဆန်းစပါးမျိုးကောင်း၊ မျိုးသန့်ရရှိရေးသည် (G.I)ရရှိရေးအတွက်သာမက ရရှိပြီးပါကလည်း ဆက်လက်၍ အရည်အသွေးထိန်းသိမ်းရန်လိုအပ်ပါသည်။ ရွှေဘိုပေါ်ဆန်း(G.I) ရရှိပါက စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့်အပြင် စိုက်ပျိုးထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည် များအားလုံးအတွက် များစွာအကျိုးရှိခြင်းနှင့် ကွင်းဆက်တစ်ခုလုံးအကျိုးအမြတ်ရရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ အဓိကအနေဖြင့် တောင်သူများမှ အရည်အသွေးမီသည့် မျိုးစေ့များရရှိလာနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် သက်ဆိုင်သည့်ဌာနများ၊ စိုက်ပျိုးထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအားလုံး ဟန်ချက်ညီညီ အတူတကွစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်မှသာလျှင် ပိုမိုလျင်မြန်စွာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

၁၀.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၀.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

စစ်ကိုင်းခရိုင်အတွင်း လျာထားချက်ပြည့်မီအောင်စပါးစိုက်ပျိုးနိုင်မည်

          စစ်ကိုင်းခရိုင်တွင် ၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးလျာထားစိုက်ဧက ( ၄၄၂၀၀ ) အား ( ၄၁၆၅၉)  ဧက စိုက်ပျိုးခဲ့၍  ၉၄.၂၅ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ခုနှစ်  မိုးစပါးလျာထားစိုက်ဧက ( ၄၄၂၀၀ ) အား (၄၄၂၀၆ )စိုက်ပျိုးခဲ့၍  (၁၀၁.၀၁) ရာခိုင်နှုန်း စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းမှာ တစ်ဧက ၈၂ တင်းကျော် ထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးလျာထားစိုက်ဧက (၁၀၁၂၇) အား (၉၃၅၇)ဧက စိုက်ပျိုးနိုင်ခဲ့၍ (၉၂.၄၀ ) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ နွေစပါးလျာထားစိုက်ဧက (၈၇၇၇)အား ယနေ့ထိ ဧက (၁၁၆၅) စိုက်ပျိုးခဲ့၍ ရာခိုင်နှုန်းအားဖြင့် (၁၃.၂၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ရာ လျာထားစိုက်ဧကသည် ယခင်နှစ်ထက်(၁၃၅၀) လျော့နည်းသွားကြောင်း သိရှိရပါသည်။

    စစ်ကိုင်းခရိုင်အတွင်း အများဆုံးစိုက်ပျိုးသည့် စပါးမျိုးမှာ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်နှင့် ရွှေသွယ်ရင်တို့ဖြစ်ပြီး စပါးစိုက်တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်၍ သွင်းအားစုများကိုလျော့၍ အသုံးပြုပါက အထွက်နှုန်းအနည်းငယ်သာ လျော့နည်း နိုင်ကြောင်းသိရသည်။

      စပါးစိုက်ပျိုးခြင်းလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်ဖြစ်ခြင်း၊ မိသားစုအဓိကဝင်ငွေဖြစ်ခြင်း၊ လက်ရှိ စပါး/ဆန်ဈေးနှုန်းသည် တောင်သူများ တွက်ချေကိုက်သည့် ဈေးနှုန်းဖြစ်နေခြင်းစသည်တို့ကြောင့် စပါးစိုက်ပျိုးမှုကို စိတ်ဝင်စားကြပြီး ဧပြီလ(ရာသီကုန်)တွင်လျာထား စိုက်ပျိုးဧကလျော့နည်းသွားခြင်း မရှိနိုင်ကြောင်း လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဟု စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

 

တန်ဖိုးမြှင့်ထုတ်ကုန် မရွေးမုန့် လူကြိုက်များပြီး အကျိုးအမြတ်ရရှိ

                  မြန်မာ့ဓလေ့ရိုးရာအစားအစာဖြစ်သော မရွေးမုန့်သည် လူကြိုက်များသော သွားရည်စာ မုန့်တစ်မျိုး ဖြစ်သည်။ မရွေးမုန့် အမျိုးမျိုးရှိသည့်အနက် ယခုတင်ပြလိုသည်မှာ ကျေးလက်ဒေသ ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ထားသော ရာသီစာမရွေးမုန့် ဖြစ်ပါသည်။

               ဆန်မရွေးမုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး အဆိုပါ ကောက်ညှင်းဆန်ကို ပေါင်းကာ ကျေညက်အောင် ထုထောင်းရပါသည်။ ထို့နောက် ၂ မီလီမီတာခန့် အထူညီညီဖြင့် အပြားဖြစ်အောင် ဒလိမ့်တုံးဖြင့် လိမ့်ရပါသည်။ ထို့သို့ ဒလိမ့်တုံးဖြင့် လိမ့်ထားသော ဆန်မုန့်ပြားအား မစိုမခြောက် လေသလပ်ခံကာ ၂ လက်မအရှည် ၂ မီလီမီတာ ပတ်လည်ခန့် ဖြတ်စ အသေးများရအောင် ဖြတ်ပြီး မုန့်ဖြတ်စများအား အခြောက်လှန်းရပါသည်။ ထို့နောက် ရေဆေးထား သော သဲသန့်သန့် အခြောက်အား မြေအိုးထဲထည့်ကာ အပူပေးထားပြီး သတ်မှတ်အပူချိန် ရပါက မုန့်ဖြတ်စအခြောက်များအား အနည်းငယ်စီထည့်၍ သဲပူဖြင့် ရောမွှေပေးသောအခါ မုန့်ဖြတ်စများ ဖောင်းကြွလာပြီး မရွေးမုန့်အကြမ်းကို ရရှိပါသည်။ ရရှိလာသော မရွေးမုန့်အကြမ်းကို ကြံသကာအရည် ထည့်လောင်းပြီး ဖျာသန့်သန့်ပေါ်တွင် ၂ လက်မအထူ ဖြန့်ခင်းကာ ၄ လက်မပတ်လည် တိုင်းဖြတ်ပြီး ပါကင်ထုတ်ပိုး၍ ဈေးကွက်တင်ပို့ ရောင်းချကြသည်။

         ကုန်ကြမ်း ကောက်ညှင်းဆန်တစ်ပြည်ကို မရွေးမုန့်ထုပ်(၅၀) ရပြီး၊ လုပ်သားခမှာ ဆန်တစ်ပြည် ၅၀၀၀ ကျပ်နှင့် ကောက်ညှင်းဆန်တစ်ပြည်မှာ ၁၅၀၀ ကျပ်ဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ၆၅၀၀ ကျပ်ဖြစ်သည်။ မုန့်တစ်ထုတ်လျှင် (၂၀၀)ကျပ် ရောင်းချရသောကြောင့် အဆိုပါ ကောက်ညှင်းဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန် မရွေးမုန့်ပြုလုပ်ရောင်းချပါက ငွေတစ်သောင်းကျပ်အထိ တန်ဖိုးမြှင့်တက်လာပြီး ကုန်ကျစရိတ်နုတ်ပါက အသားတင် ၃၅၀၀ ကျပ်ခန့်ထိ အကျိုးအမြတ်ရှိကြောင်း မရွေးမုန့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြာအင်းကျေးရွာတွင် မရွေးမုန့်လုပ်ငန်းလုပ်ကိုင်သူ (၅)ဦးခန့်ရှိပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ကောက်ညှင်းဆန်(၁၆)ပြည်ခန့် ပြုလုပ်ရကြောင်း၊ မရွေးမုန့်များကို ရန်ကုန်၊ မြစ်ကြီးနား၊ မန္တလေး၊ မုံရွာမြို့များနှင့် ဒေသတွင်း တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ မရွေးမုန့်သည် လူကြိုက်များပြီး ဈေးကွက်ရှိသော စားသောက်ကုန်ဖြစ်ပြီး လက်ရှိတွင် ရာသီစာမုန့်အဖြစ် ထုတ်လုပ်သော်လည်း နောက်ပိုင်းတွင် နည်းပညာနှင့် အရည်အသွေးမြှင့်တင်ကာ တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မရွေးမုန့်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း