Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့မှ  အရောင်းအဝယ်ဖြစ်နေသည့် နှမ်းမျိုးစုံစျေးကွက်အခြေအနေ

            မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နှင့် ဆီစက်များမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ (၅၈၉၅၆၂)ဧက စိုက်ပျိုးပြီး ရာသီဥတုအခြေအနေအရ (၁)ဧက(၆)တင်းမှ (၁၈)တင်းခြားထွက်ရှိကြကြောင်း လေ့လာသိရှိရပါသည်။

        မကွေးကုန်စည်ဒိုင်သို့ ‌ရေနံချောင်း၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ တောင်တွင်းကြီးမြို့နယ်များမှ နေ့စဉ်အဝင်ရှိနေပြီး ဝင်သလောက်လည်း အရောင်းအဝယ်ဖြစ်နေသည်ကို သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဇူလိုင်လ(၁၇)ရက်မှ (၂၁)ရက်အတွင်း နှမ်းဖြူ (၁၅)ပိဿာ (၁)တင်းလျှင်(၇၀၀၀ဝိ/-)မှ (၇၈၅၀ဝိ/-)၊ နှမ်းညို (၅၅၀၀ဝိ/-)မှ (၆၁၅၀ဝိ/-)၊ နှမ်းနက်(စမုံ)(၈၂၅၀ဝိ/-) နှင့် နှမ်းနက် (၅၈၅၀ဝိ/-)စျေးနှုန်းဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အက်စစ်ဓါတ်ပါဝင်မှုအနည်းအများ၊ အဖျင်း၊ အမှော်၊ ဖုံ၊ သဲ၊ ခဲ ပါဝင်မှုနှင့် အစိုဓာတ်ပေါ်မှုတည်၍ ဈေးနှုန်းကွာခြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ပြည်ပသို့နှမ်း၊ မြေပဲ တင်ပို့မှုရပ်ဆိုင်းထားသော်လည်း ပြည်တွင်းဈေးကွက်အနေဖြင့် ဈေးကောင်းလျက်ရှိသည့်အတွက် တောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက် လျှော့နည်းမှုရှိသော်လည်း ဈေးကောင်းရ၍ တွက်ခြေကိုက်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

           ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးရန်  ပျိုးထောင် နေကြချိန်ဖြစ်၍ ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပုံမှန်သာအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိုးစပါးစိုက်ပျိုးချိန် ဩဂုတ်လ၊ စက်တင်ဘာလများတွင်သာ ပုံမှန်ထက်ပို၍ အရောင်းသွက်မည်ဟု စိုက်ပျိုးရေး ဆေးဆိုင်များမှ သိရ ပါသည်။

          ဈေးနှုန်းများအနေဖြင့် ဇူလိုင်လ (၂၀)ရက်နေ့တွင် အာမို၊ကျွဲနက် (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၄၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ အာမို၊ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၃၀၀၀ကျပ်၊ ပိုးသတ်ဆေး ရှောင်လင် (၁)လီတာ ၁ဗူးလျှင် ၁၅၅၀၀ကျပ်၊ ဒီမွန် (၅၀၀)စီစီ တစ်ဗူးလျှင် ၁၂၅၀၀ကျပ်၊ ငှက်ကြီးတောင် (၂၅၀)စီစီ တစ်ဗူးလျှင် ၂၈၅၀၀ကျပ်၊ ဇိုင်ကလုံး (၁)လီတာ တစ်ဗူးလျှင် ၂၉၅၀၀ကျပ်၊ အင်ဖာနို (၅၀၀)ဂရမ် တစ်ဗူးလျှင် ၉၀၀၀ကျပ် ဖြစ်ပြီး ယခုအချိန်တွင် စိုက်ပျိုးရေးသုံး သွင်းအားစုများအနေဖြင့် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပြီး ပုံမှန်သာ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဆားလင်းကြီးမြို့နယ်အတွင်း၌ နွေနှမ်းများလှိုင်လှိုင်ထွက်ပေါ်

            မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်  မြေနုကျွန်းများပေါ်တွင်မေလဆန်းပိုင်းက စိုက်ပျိုးခဲ့သည့်နွေနှမ်းများ ယခုလဆန်းပိုင်းမှ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်သည့် ရွာရှည်အုပ်စု၊ လက်ပန်တောင်းအုပ်စု၊ တုံးအုပ်စု၊ ထန်းစင်အုပ်စုရှိကျေးရွာများမှတောင်သူများသည် နှစ်စဉ်နွေနှမ်းကို မြေနူကျွန်းများပေါ်၌ ရေပေးသွင်း၍ စိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခုနှစ် နွေနှမ်းစိုက်ပျိုးချိန် မေလဆန်းကတည်းက မိုးရွာသွန်းခဲ့သည့်အတွက် ယခုနှစ်နွေနှမ်းကို ရေပေးသွင်းခြင်း မပြုခဲ့ရဘဲ မိုးရေဖြင့်စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

          ယခုနှစ်နွေနှမ်းစိုက်ပျိုးဧက (၁၀၀၀)ကျော်ရှိပြီးစိုက်ပျိုးချိန်မှစ၍ မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် ရေသွင်းစရိတ်သက်သာခဲ့ကြောင်း မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် အပင်ဖြစ်ထွန်းမှု အားကောင်းပြီး သီးရှဉ်းနည်းခဲ့ကြောင်း၊ နှစ်စဉ်ရေသွင်းစိုက်ပျိုးမှုထက် ကုန်ကျစရိတ်သက်သာသော်လည်းအထွက်နှုန်း လျော့နည်းခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ နှစ်စဉ်နွေနှမ်းကို ရေသွင်းစိုက်ပျိုးခဲ့ရာ တစ်ဧက( ၂.၅ )သိန်းခန့်ကုန်ကျပြီး (၁၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း ယခုနှစ်တွင် မိုးဖြင့် စိုက်ပျိုး ခဲ့ရသည့်အတွက် တစ်ဧက (၁.၅)သိန်းခန့်သာကုန်ကျခဲ့သော်လည်း အထွက်နှုန်းအနေဖြင့် (၈)တင်းခန့်သာထွက်ရှိခဲ့သည်အတွက် တစ်ဧကကျပ်(၂)သိန်းဝန်းကျင်ခန့်သာ အကျိုးအမြတ်ရရှိခဲ့ ကြောင်း၊ အပင်ဖြစ်ထွန်းမှုဖက်အားကောင်းသွားပြီး အသီးရှဉ်းနည်းသွားခဲ့သည့်အတွက် အထွက်နှုန်း လျော့နည်းသွားခဲ့ကြောင်း နှမ်းစိုက်တောင်သူ ဦးဘိုအောင်၏ သုံးသပ်ပြောပြချက်အရ သိရှိရပါသည်။

          ယခုလက်ရှိဒေသတွင်း၌ နွေနှမ်းများလှိုင်လှိုင်ရိတ်သိမ်းလျက်ရှိပြီး စနစ်တကျစုပုံခြင်း၊ နှမ်းစည်းခြင်း၊ နှမ်းထောင်နေလှန်းခြင်းနှင့် နှမ်းခါယူခြင်းများဆောင်ရွက်လျှက်ရှိရာ လက်ရှိနွေနှမ်း ရိတ်သိမ်းနေချိန်တွင် နေပူပြင်း၍ မိုးရွာသွန်းမှုမရှိသေးသည့်အတွက် အရည်အသွေးထိခိုက်မှုမရှိသေးကြောင်း၊ ခါယူရရှိသည့်နှမ်းများကို ခြောက်သွေ့အောင်နေလှန်းသန့်စင်ပြီးမှ မုံရွာဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

          လက်ရှိမုံရွာဈေးကွက်အတွင်း၌လည်း နှမ်းများနေ့စဉ်နယ်အဝင်များလျှက်ရှိပြီး နှမ်းအမျိုး အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးပေးဝယ်ယူလျှက်ရှိကြောင်း၊ တစ်ရက်လျှင် နှမ်းတင်း (၅၀၀) ခန့် နယ်အစုံမှဝင်ရောက်မှုရှိပြီး နယ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိမုံရွာဈေးကွက်၌ နှမ်းညိုတစ်တင်း (၅၇၀၀၀)ကျပ်မှ(၅၉၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း (၆၇၀၀၀)ကျပ်မှ (၆၉၀၀၀)ကျပ်နှင့် နှမ်းနက်တစ်တင်း(၇၃၀၀၀)ကျပ်မှ (၇၅၀၀၀)ကျပ်ပေါက်ဈေး ရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တစ်တင်း(၁၀၀၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ အဓိကတင်ပို့လျှက်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီရောင်းချနေမှုအား ပူးပေါင်းဆောင်ရွက်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

             စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံများအနေဖြင့်လည်း စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။

            ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒေသတွင်းတိုက်ရိုက်ရောင်းချမှုအစီအစဉ်အနေဖြင့် ဇူလိုင်လ(၁၈)ရက် နေ့မှ(၂၂)ရက်နေ့အထိ နေ့စဉ်နံနက်(၇:၃၀)နာရီခန့်မှတင်၍ ကားတစ်စီးလျှင်(၅)ပေပါနှုန်းဖြင့် နေ့စဉ် ကား(၂)စီးကို ဆီကုန်သည်(၈)ဦးမှ အလှည့်ကျဖြင့် ရွှေဘိုမြို့ပေါ်ရှိ ကုန်းဘောင်ဈေးအနီး၊ အောင်ဇေယျဈေး အနီး၊ အောင်ချမ်းသာဈေးအနီးနှင့် ထိပ်တန်းဈေးအနီးတွင် စားသုံးသူများအလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီ လက်လီအရောင်းဈေးကား၊ တစ်ပိဿာရောင်းဈေးနှုန်း(၃၉၀၀)ကျပ်” ဟူ၍ဗီနိုင်းကပ်ပြီး ဆီအရောင်းကားများဖြင့် နေရာအရောက် သွားရောက်ရောင်းချလျက်ရှိရာ စားသုံးသူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးသဖြင့် နေရာအလိုက် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်စွာ တန်းစီ၍ ဝယ်ယူကြကြောင်း သိရှိရပါသည်။ စားသုံးဆီသည် နေ့စဉ်စားသုံးနေရသော စားသောက်ကုန် ဖြစ်သည့်အပြင် ရွှေဘိုမြို့တွင် စားသုံးဆီပြင်ပပေါက်ဈေးမှာ ဈေးနှင့်အနီးအဝေးအပေါ်မူတည်၍ လက်လီ တစ်ပိဿာလျှင်(၇၈၀ဝိ/-)မှ (၈၃၀ဝိ/-)ပေါက်ဈေးရှိသဖြင့် အိမ်ရှိတန်းစီနိုင်သောလူကုန်အားလုံး တန်းစီ၍ ဝယ်ယူစုဆောင်းကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လူကြိုက်များသော ချင်းပြည်နယ်၏ရိုးရာအစားအစာ ဆာဗူးသီး

                 ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဗူးသီးသည် ယခုအခါ ချင်းတိုင်းရင်းသားများသာမက  အခြားတိုင်းရင်းသားများကပင် အဆာပြေအဖြစ် စားသုံးမှုပိုမို များလာသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။

              ဆာဗူးသီးစားသုံးသောဓလေ့မျာ တစ်နေရာနှင့် တစ်နေရာ အခေါ်ဝေါ်ခြင်း မတူညီကြပေ။ တီးတိန်စကားဖြင့် ဘိုင်မကျင်း ဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝဒေသများတွင် ဒေတွီဟုလည်းကောင်း၊ ဟားခါးစကားဖြင့် ဆာဗူးသီးဟု အမျိုးမျိုးခေါ်ဝေါ်ကြကြောင်း လေ့လာသိရှိရပါသည်။

              ပထဝီအနေအထားအရ ချင်းတောင်ဒေသများတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးကြပြီး ပြောင်းဖူးနှင့်ဆက်နွှယ်သော အစားအစာများ ပေါ်ပေါက်ခဲ့လာခဲ့ခြင်း ဖြစ်ပါသည်။

              ဆာဗူးသီးချက်ပြုတ်ရန်အတွက် ပြောင်းဖူးဆံခြောက်များကို သစ်သားဆုံကြီးများဖြင့် ထောင်းကာ အခွံချွတ်ရပြီး ရရှိသည့် ပြောင်းဖူးကြမ်းအဆံများကို အသား၊ ရေတို့ဖြင့် ရောပြုတ်ကာ ဟင်းခတ်မှုန့်မပါသော်လည်း ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်၏ ချိုဆိမ့်သောအရသာနှင့် အသား၏ အချိုဓါတ်တို့ဖြင့် သဘာဝ အစားအစာတစ်မျိုးဖြစ်ပါသည်။ ယင်းဆာဗူးသီး စားသုံးရာတွင်  ငရုတ်သီးထောင်းမှာ မပါမဖြစ် တွဲဖက်လျက် စားသောက်ကြပြီး အသားခြောက်ကြော်နှင့် တွဲဖက်စားသောက်လေ့ ရှိကြပါသည်။ ဆာဗူးသီး ပွဲကြီးတစ်ပွဲလျင် ( ၈၀၀ ) ကျပ်နှင့် ပုံမှန်ပွဲ တစ်ပွဲလျှင် ( ၅၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။

              ယခုအခါတွင် ဆာဗူးသီးကို မိမိစိတ်တိုင်းကျ ချို၊ ချဉ်၊ ငံ၊ စပ် အရသာအဖြစ် ရောစပ်စားကြပြီး ချင်းရိုးရာအစားအစာအဖြစ် စားသုံးမှုပိုများပြီး ချင်းပြည်နယ် တစ်ခုတည်းသာမက  မြေပြန့်ဒေသများနှင့် အောက်ပိုင်းဒေသများတွင်ပါ စားသုံးမှုပိုများကြောင်း သိရသည်။  ဒေသ အစားအစာတစ်မျိုးဖြစ်၍  ချင်းပြည်နယ်တွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရောင်းအားကောင်းပြီး ဝင်ငွေရရှိနေသောကြောင့် ဆာဗူးသီး ချတ်ပြုတ် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

               

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ တတိယပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၂၀၀၀၊ တန်အားဖြင့် ၆၁၀၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၃၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၅၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၉၄၀၀ ၊ တန်အားဖြင့် ၆၄၇၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၇၄၀၀၊ တန်အားဖြင့် ၃၇၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၉၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၀၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၁၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၆၈၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၈၅၀၀၊ ၇၄၇စပါး တင်း ၁၀၀လျှင် ကျပ် ၆၈၀၀၀၀၊ ၇၄၇ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၈၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၆၆၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇူလိုင် ၂၄

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်း တည်ငြိမ်နေသဖြင့် ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ စားအုန်းဆီ တစ်ပိဿာလျှင် ၃၆၆၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

              ထို့အပြင် ပြည်တွင်း ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www. doca. gov. mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

                                                                                                            သတင်းစဉ်

သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ စားသုံးသူပြည်သူများ လက်ဝယ်အရောက်ရောင်းချနေမှု  

              နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကိုသက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းထပ်မံဖြန့်ဖြူး‌ရောင်းချလျက်ရှိပါသည်။

            ယနေ့မှာတော့“ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ လမ်းညွှန်ချက်အရ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းရွာ၊ နတ်သရဲကျေးရွာ၊ သစ်လေးလုံး ရွာ၊ ပုရွတ်ဆိတ်ကုန်းရွာတို့တွင်  နေထိုင်ကြသော စားသုံးသူပြည်သူတွေကို လက်ဝယ်အရောက် စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၉၀၀နှုန်းနဲ့ ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၆၆၀) လှည့်လည် ရောင်းချပေးခဲ့ကြောင်း” အဖွဲ့ဝင်ဦးပြည့်ဖြိုးအောင်မှလည်းကောင်း၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့် ကျေးရွာတွင် နေထိုင်သောစားသုံးသူပြည်သူများအတွက် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၄၀၀ အား ရောင်းချပေးခဲ့ကြောင်း အဖွဲ့ဝင် ဒေါ်နုနုအေး (NNN ဆီရောင်းဝယ်ရေး) မှ ပြောသည်။

         “ကုန်ဈေးနှုန်းများမြှင့်တတ်နေချိန်၌  ယခုလိုလက်ဝယ်အရောက်တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀  နှုန်းဖြင့် လာရောက်ရောင်းချသည့်အတွက် ပြည်သူများအနေဖြင့် အဆင်ပြေမှုများစွာရှိ ကြောင်း၊ သက်သာသောဈေးနှုန်း၊ လက်ဝယ်အရောက်ရရှိမှုတို့ကြောင့် ပြည်သူများအတွက် အစစအရာရာအဆင်ပြေလွယ်ကူကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဆီပိဿာချိန်လိုက် ဝယ်ယူစားသုံးမှုမပြုနိုင်မှုများရှိခဲ့ပြီး၊ သက်သာသောဈေးနှုန်းနှင့် မိသားစုတစ်ခုတွင် တစ်ပိဿာနှုန်း ဝယ်ယူသုံးစွဲနိုင်သည့်အတွက် အလွန်ပင်ဝမ်းသာကြောင်း၊ မကြာခဏရောင်းချပေးရန်လည်း တောင်းဆိုချင်ကြောင်း၊ အသင်းဥက္ကဌနှင့် ရောင်းချပေးသည့် အဖွဲ့ဝင်ကိုလည်းကောင်း၊ ကူညီဆောင်ရွက်ပေးသည့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကိုလည်း အမှန်တကယ်ကျေးဇူးတင်ရှိကြောင်း ၊ ယခုလိုရောင်းချခြင်းသည် အခြေခံလူတန်းစားများအတွက် အဆင်ပြေမှုများစွာရှိပါတယ်” ဟု စားသုံးဆီလာရောက်ဝယ်ယူသူများထံမှ သိရှိရပါသည်။

         နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ‌‌ကျေးရွာများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများထံသို့  သက်သာသောဈေးနှုန်းဖြင့် ထပ်မံလှည့်လည်ရောင်းချရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

               အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၂၁) ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ) ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်) ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ (ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီးး(လုံး) ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်) (ပိဿာ)ကျပ် ၁၃၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) (ပိဿာ) ၂၁၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၅၀၀ မှ ၃၂၀၀ အတွင်း၊ ချင်း(ပိဿာ) ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး) ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၁၀၅၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ) (၈၁၆၄) ကျော်၊ ဗူးသီးအလုံးပေါင်း (၂၅၇၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၅၉၅၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၀၂၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၀၇၀၀) ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၄၀၀) ကျော်၊ ဖရဲသီးလုံး ပေါင်း (၆၀၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

မိုးညှင်းမြို့ရှိ အလှကုန်ပစ္စည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဓာတ်မြေဩဇာ၊ပိုးသတ်ဆေးဈေးနှုန်း အခြအနေ

            ကချင်ပြည်နယ် စပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ အရောင်းသွက်လျှက်ရှိရာ ဇူလိုင်လ(၂၂)ရက်နေ့ ဈေးနှုန်းများ အနေဖြင့် ပုလဲ(ရွှေတောင်) ၅၀ ကီလို တစ်အိတ် လျှင် ၉၇၀၀ဝိ/- ၊ တီစူပါ (တရုတ်သံကွင်း) ၅၀ ကီလို တစ်အိတ်လျှင် ၉၅၀၀ဝိ/- ၊ ကွန်ပေါင်း (အဲဗားဂရင်း) ၅၀ ကီလို တစ်အိတ်လျှင် ၉၃၀၀ဝိ/- ၊ ကွန်ပေါင်း (စိုးမိုးနိုင်) ၅၀ ကီလို တစ်အိတ်လျှင် ၉၅၀၀ဝိ/- ၊ ဆိုင်ရာမို (အာမို) ၅၀၀ စီစီ တစ်ပုလင်းလျှင် ၉၅၀ဝိ/- ၊ ဆိုဒ်ရင်(ဩဘာ) ၅၀၀ စီစီ တစ်ပုလင်းလျှင် ၉၀၀ဝိ/- ၊ ဒိုဇာ (ဩဘာ) ၁၀ ဂရမ် တစ်ဗူးလျှင် ၂၀၀ဝိ/- ​ဈေးနှုန်းရှိနေပြီး ယခင်အပတ်ထက် တီစူပါ (တရုတ်သံကွင်း)မှာ ဝယ်ယူသုံးစွဲမှုများလာခြင်းကြောင့် ကျပ် ၂၀၀ဝိ/- ဈေးတက်လာပြီး ဆိုင်ရာမို (အာမို) ၅၀၀ စီစီ မှာ ကျပ် ၃၀ဝိ/-အထိ ဈေးနှုန်းတက်လာပါသည်။ အခြားသွင်းအားစုများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျှက်ရှိနေကြောင်း   စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း