Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲခူးခရိုင် သပြုကျေးရွာတွင် သတ္တုရည်ကျို ပုံလောင်းလုပ်ငန်းတွင်ကျယ်လျက်ရှိ

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သပြုကျေးရွာအတွင်း၌ သတ္တုရေကြိုပုံလောင်း လုပ်ငန်းများကို ဂျပန်ခေတ်ကျော်ထဲက လုပ်သားဦးရေထောင်နှင့်ချီ၍ စတင်ထုတ်လုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ သတ္တုကို သန့်စင်၍ ထုတ်လုပ်ရာတွင် ဒယ်အိုးဆိုဒ်စုံ၊ မိုးဗြဲဒယ်၊ ပန်ကာဆိုဒ်စုံ၊ ငရုတ်စုံဆိုဒ်စုံ၊ လျှပ်စစ်မီးကလစ်၊ အသံချဲ့စက်ဟွန်း၊ အလှဆင်အိုး၊ ရေနွေးအိုးများ စသည်ဖြင့် ထုတ်လုပ်လျှက် ရှိကြောင်းသိရပြီး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအား  စော်ဘွားကြီးကုန်း၊ တောင်ဒဂုံတို့မှ ဒါန်သတ္တု အကြမ်းတစ်ပိဿာ ၅၅၀၀ ကျပ်၊ သန့်စင်ပြီးအချော တစ်ပိဿာ ၇၅၀၀ ကျပ်ဝယ်ယူရကြောင်း၊ ကုန်ကြမ်း ဝယ်ယူရာတွင် ကား၊ ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ဒယ်နီ ထုတ်လုပ်သည့် နည်းပညာမြင့် ကုမ္ပဏီများနှင့် ပြိုင်ဆိုင်ဝယ်ယူရသောကြောင့် ကုန်ကြမ်းရရှိမှု အခက်အခဲရှိကြောင်း သိရှိရသည်။ စက်လှေပန်ကာများကို ထားဝယ်၊ ဘိတ်၊ တောင်ကြီး နှင့် နယ်စုံများသို့ ပို့ဆောင်ပြီး မိုးဗြဲဒယ်နှင့် အခြားပစ္စည်းများကို စစ်တွေ၊ မောင်းတောနယ်စပ်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။  ပြုလုပ်ပြီးအိုး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ ရောင်းချရကြောင်း သိရှိရပြီး ထုတ်လုပ်မှုအင်အား အနေဖြင့် တစ်ရက် ကို တစ်ရွာလုံး အနေဖြင့် ဆယ်ပေကားတစ်စီးတိုက်စာ ကျပ်သိန်း  ၃၀၀မှ ၅၀၀ ထိ ထုတ်လုပ်လျက် ရှိကြောင်းသိရှိရပါသည်။

       သတ္တုရေကျိုပုံလောင်းလုပ်ငန်းကို သပြုကျေးရွာအတွင်း လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်လုပ်ကိုင် လျက်ရှိကြောင်း သိရပြီး အသေးစားမှ အကြီးစားလုပ်ငန်းရှင်အလိုက် လုပ်သားဦးရေ ၁၅ယောက်မှ အယောက် ၄၀ကျော်ထိ အသုံးပြုကြကြောင်းသိရှိရသည်။ ထိုသို့ လုပ်ငန်းတွင်ကျယ်လာသည်နှင့် အမျှ နေ့စဉ်ပုံမှန် ဝင်ငွေရရှိ၍ ရွာနီးပတ်ဝန်းကျင်ရွာများမှ လာရောက်လုပ်ကိုင်ကြသူများလည်း ရှိကြကြောင်း     သတင်းရရှိပါသည်။     

DOCA(ပဲခူး) 

ဖြူးမြို့ ဒေသထွက် နှစ်ပြန်ကြော်နှင့် ပဲချောင်းလုပ်ငန်း ဈေးကွက်အခြေအနေ

          တောင်ငူခရိုင်၊ ဖြူးမြို့မှ အေးအေးခိုင်အမှတ်တံဆိပ် နှစ်ပြန်ကြော်နှင့် ပဲချောင်းလုပ်ငန်းသည် ဖြူးမြို့နယ်မှ ဈေးကွက်ဝင်ပြီး စားသုံးသူများသည့် ဒေသထွက်လက်ဆောင်များ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် မိသားစု တပိုင်တနိုင် နှစ်ပြန်ကြော်လုပ်ငန်းဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ဆီဈေးတက် လာသဖြင့် ပဲချောင်းလုပ်ငန်းကို တွဲဖက်လုပ်ကိုင်လာရာမှ အောင်မြင်လာသည့် လုပ်ငန်းဖြစ်ပါသည်။ ပဲချောင်းလုပ်ငန်းမှာ အထက်အညာ ပုဂံညောင်းဦးမြို့ စက်စက်ယိုဒေသမှ နည်းပညာများနှင့် ပေါင်း စပ်ပြီး ပဲချောင်းအပြင် မုန့်ကြိုးလိမ်နှင့် ခေါင်းအုံးမုန့်များကိုပါ တွဲဖက်ထုတ်လုပ်ပါသည်။ လုပ်ငန်း ရှင်များမှာ အညာဒေသမှ ဖြူးမြို့တွင် လာရောက်အခြေချ၍ ထုတ်လုပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ မိရိုးဖလာ လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

          ပဲချောင်းထုတ်လုပ်ရာတွင် အရွယ်အစားသည် အဓိကကျကြောင်း၊ ဆီသန့်နှင့်ကြော်ရ ကြောင်း၊ ယခင်က ပဲချောင်း တစ်ထုပ်လျှင် ၃၅၀ ကျပ် ရောင်းရကြောင်း၊ ယခုဆီဈေးတက်လာသဖြင့် တစ်ထုပ် ၄၅၀ ကျပ်ရောင်းပါကြောင်း၊ စတင်ထုတ်လုပ်ခါစက ဖြူးအဝေးပြေးယာဉ်ဝင်းအတွင်း စတင် ရောင်းချရာမှ နောက်ပိုင်းတွင် ဖြူးမြို့နယ် အနီးအနားရှိ ကျောက်ကြီးမြို့နယ်နှင့် ကျောက်တံခါး မြို့နယ်ရှိ မြို့များသို့ တင်ပို့ရောင်းချနေရပါကြောင်း၊ ယခုအခါ ကရင်ပြည်နယ် မြဝတီ မြို့အထိ သယ်ဆောင်၍ ဖြန့်ဖြူးရောင်းချနေသည်ဟု သိရပါကြောင်း၊ စားကောင်းသဖြင့် တိုးချဲ့ ရောင်းရင်းနှင့် ဈေးကွက်ကျယ်ပြန့်လာသည် ဖြစ်ပါကြောင်း လုပ်ငန်းရှင် ကိုမင်းခန့်၏ ပြောပြချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူး)

တောင်ငူမြို့မှ စားပြောင်းဖူး ဈေးကွက်အခြေအနေ

          တောင်ငူမြို့နယ် ရှမ်းဝတီးကျေးရွာမှ ထွက်ရှိသော စားပြောင်းဖူးများကို တောင်ငူမြို့ ညောင် ပင်ဈေးတွင် ၁၀ ဖူးလျှင် ၂၆၀၀ ကျပ်ဖြင့် အရောင်းသွက်နေသည်ကို တွေ့ရှိရပါသည်။ ရှမ်းဝတီးရွာမှ တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်များဖြင့် စုပ်တင်၍ ရှူးဂါးကင်း စားပြောင်းဖူး များနှင့် ပါပယ်ဝွိုက်စားပြောင်းဖူးများကို စိုက်ပျိုးကြပါသည်။ ပြောင်းဖူးများသည် ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရနေပြီး မြို့ပေါ်ရှိ ပြောင်းဖူးပွဲစားများ ဆင်းဝယ်နေကြရာတွင် အထိုင်ဈေး တစ်ဖူး ၂၃၀ ကျပ် ရောင်းချရကြောင်း သိရပါသည်။

          ယခင်နှစ်က အထိုင်ဈေး ၈၅ ကျပ်သာ ရောင်းရကြောင်း၊ ယခုနှစ် စိုက်ပျိုးရာတွင် ရှူးဂါးကင်း မျိုး တစ်ထုပ်လျှင် ၁၉၅၀၀ ကျပ်၊ ပါပယ်ဝွိုက် မျိုးတစ်ထုပ်လျှင် ၂၁၅၀၀ ကျပ် ဝယ်ယူရကြောင်း၊ တစ်ဧက စိုက်ပျိုးမှုအတွက် မျိုး ၄ ထုပ်ဝယ်ရသဖြင့် တစ်ဧက မျိုးဖိုးအနေဖြင့် ရှူးဂါးကင်း ၇၈၀၀၀ ကျပ်၊ ပါပယ်ဝွိုက် ၈၆၀၀၀ ကျပ် ကုန်ကျပါကြောင်း၊ မြေဩဇာဈေးနှုန်းလည်း တက်လာကြောင်း၊ ပုလဲ ဓါတ်မြေဩဇာ တစ်အိတ် ၇၄၀၀၀ ကျပ်၊ အာမို (၁၅:၁၅)ပတ်လည် တစ်အိတ် ၈၃၀၀၀ ကျပ်၊ အပင် ရွက်ဖျန်းအားဆေး တစ်ထုပ် ၂၃၀၀၀ ကျပ် ကုန်ကျပါကြောင်း၊ မြေပြုပြင်ခြင်းအတွက် ထယ်ထိုးခ တစ်ဧက ၂၀၀၀၀ ကျပ်၊ ပေါင်းမြက်ကောက်ခြင်းလုပ်သား ၂ ဦး ၁၂၀၀၀ ကျပ်၊ ဘောင်ဆွဲရာတွင် လုပ်သား ၈ ဦးအတွက် ၄၈၀၀၀ ကျပ်၊ ပြောင်းစိုက်လုပ်သား ၅ ယောက်အတွက် ၃၀၀၀၀ ကျပ်၊ ဆောင်းပြောင်းစိုက်ပျိုးရာတွင် ရေနှစ်ကြိမ်သွင်းရသောကြောင့် ဒီဇယ်ဆီဖိုး ၂၅၀၀၀ ကျပ်၊ ပြောင်းဖူး ချိုး၊ ပင်ခုတ်သယ်ယူခြင်း လုပ်သားခ ၆၀၀၀၀ ကျပ်၊ ရှမ်းဝတီးရွာမှ တောင်ငူမြို့သို့ သယ်ယူရာတွင် ပြောင်းဖူးတစ်ဧကလျှင် ၃ ခေါက် သယ်ယူရသဖြင့် တစ်ခေါက်လျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် သယ်ယူခ ၄၅၀၀၀ ကျပ် ကုန်ကျပါကြောင်း၊ စားပြောင်းဖူးမျိုး တစ်ထုပ်လျှင် မျိုးစေ့ ၄၀၀၀ ခန့် ပါဝင်ကြောင်း၊ တစ်ဧကလျှင် ၄ ထုပ်စိုက်ပျိုးရ၍ ခုနစ်ဆယ်ရာခိုင်နှုန်း အပင်ပေါက်ကြောင်း၊ ကြွက်ဖျက်ဆီးမှုမရှိလျှင် ပြောင်းဖူး ၁၁၂၀၀ ဖူး ထွက်ရှိကြောင်း၊ အထိုင်ဈေး တစ်ဖူး ၂၂၀ ကျပ်ရောင်းရလျှင် ၂၄၆၄၀၀၀ ကျပ် ရရှိကြောင်း၊ စိုက်ပျိုးစရိတ် ကုန်ကျငွေ စုစုပေါင်း ၄၉၃၀၀၀ ကျပ်နုတ်လျှင် ပြောင်းဖူးတစ်ဧက အတွက် အကျိုးအမြတ် ၁၉၇၁၀၀၀ ကျပ် ရရှိကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးအောင်မြိုင်၏ ပြောပြချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူး)

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းကုန်ထုတ်လုပ်မှုစွမ်းအားမြှင့်တင်စို့

         မြန်မာနိုင်ငံ၏စီးပွားရေးဦးတည်ချက်များတွင် ပါဝင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများစွာဆောင်ရွက်ဖော်ဆောင်နိုင်ရေးဆောင်ရွက်ရန်ဟူသော  ရည်မှန်းချက်အောင်မြင်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။

          မြန်မာနိုင်ငံကို သဘာဝသယံဇာတပေါများသည့် တိုင်းပြည်ဟူ၍ ကမ္ဘာက သိရှိကြ သည်။ သယံဇာတဟူဆိုရာတွင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်နိုင်သည့် ရေနှင့်မြေ လည်းပါဝင်ပါသည်။ အခြားသော သဘာဝသယံဇာတများမှာ ကုန်ခမ်းသွားနိုင်သော်လည်း ရေနှင့် မြေတို့မှုမူ ခိုင်မာသော မူဝါဒများချမှတ်၍ စနစ်တကျထိန်းသိမ်းကာ အကျိုးရှိရှိ ထိထိရောက်ရောက်အသုံးချနိုင်ပါက စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များဖြင့် အစားအစာများဖူလုံအောင် ထာဝရထုတ်ပေးနိုင်သည့်အရင်းအမြစ်များပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နောက်ထပ်အရင်းမြစ်မှာ လူ့စွမ်းအားအရင်းမြစ်ပင်ဖြစ်ပါသည်။ အလုပ်လုပ်နိုင်သည့်အရွယ် လူ့စွမ်းအားအရင်းအမြစ်ကောင်းစွာ ပြုစုပျိုးထောင်ပြီး နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။

       ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးရာတွင် ရင်းနှီးမြှုပ်နှံသူတို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများစသည့် ကုန်ထုတ်လုပ်မှုများကို ပြည်တွင်း၌ ဆောင်ရွက်ပါက အလုပ်အကိုင် အခွင့်အလမ်းများပေါများပြီး ပြည်တွင်းစားသုံးနိုင်မှုကိုလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။       

    လက်ရှိတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုအစား ပြည်ပသွင်းကုန်များကို ဆောင်ရွက်နေသည့်အတွက် ပြည်တွင်းမှကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်နစ်နာ ဆုံးရှုံးနေမှုတို့ဖြစ်ပေါ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ မိမိနိုင်ငံတို့နိုင်ငံတွင် ထုတ်လုပ်လျက်ရှိသောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများမှ ထုတ်ကုန်များကို ပြည်ပမှတင်သွင်းလာသော အလားတူ ကုန်ပစ္စည်းများက ပြည်တွင်းဈေးကွက်တွင် အနိုင်ယူလိုက်ခြင်းအားဖြင့် ကုန်ထုတ်လုပ်သူ ပြည်တွင်းမှ လုပ်ငန်းရှင်များကိုသာမက ထိုလုပ်ငန်းကို အမှီပြု လုပ်ကိုင်နေကြသည့် ကွင်းဆက်တစ်လျှောက်လုံးမှအလုပ်လုပ်နေသူများကိုပါဘဝပျက်သည်အထိထိခိုက်ဆုံးရှုံး နစ်နာစေပါသည်။

        ပြည်ပမှကုန်စည်များကိုတင်သွင်းရာတွင် ပြည်တွင်းမှ ထုတ်လုပ်သူများနှင့် မှီခိုသူအလုပ်သမားများ ထိခိုက်နစ်နာမှု မရှိစေရန်မူဝါဒချမှတ်ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ အကောက်ခွန်မဲ့၊ တရားမဝင်လမ်းကြောင်းများ ပိတ်ဆို့တားဆီးရေး၊ အကျင့်ပျက်ဝန်ထမ်းများအား ဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူနိုင်ရေးတို့ဆောင်ရွက်ခြင်းနှင့်အတူ ပြည်တွင်းထုတ်ကုန်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများထူထောင်နိုင်ရန် အားပေးဖို့လည်း လိုအပ်မည်ဖြစ်ပါသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အတွက် လုပ်သာကိုင်သာရှိသော စီးပွားရေးပတ်ဝန်းကျင်ကောင်းများဖန်တီးပေးခြင်း၊ ဘဏ္ဍာရေး အခက်အခဲ၊ နည်းပညာအခက်အခဲများ ဖြေရှင်းပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်ပေးခြင်း၊ အခွန်သက်သာခွင့် များဆောင်ရွက်ပေးခြင်း၊ ဈေးကွက်များ ထူထောင်ပေးခြင်း၊ အင်တာနက်ကွန်ယက်များအသုံးပြု၍ရောင်းဝယ်နိုင်ရေး ဖန်တီးပေးခြင်းတို့ကို တက်တက်ကြွကြွ ဆောင်ရွက်ပေးရန်လိုပါသည်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်သွားရန်ပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် အရင်းအမြစ်များပါလျက် မိမိတို့၏ သဘာဝအရင်းအမြစ် လူသားအရင်းအမြစ်များကို အားပြုကာကုန်ထုတ်လုပ်ငန်းများအနေဖြင့်နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)

တောင်ငူမြို့ ကြက်ဥဈေးကွက် အခြေအနေ

          မိသားစုစားဖိုဆောင်များတွင် ဟင်းလျာအတွက် ကြက်ဥသည် မရှိမဖြစ်နေရာယူထားပါ သည်။ ဟင်းချက်ရလွယ်ကူ အာဟာရဓါတ်လည်းပြည့်ဝသည့်အတွက် စားသောက်ဆိုင်များ၊ စားဖိုဆောင်များ၊ မုန့်လုပ်ငန်းများတွင် ကြက်ဥသည် မရှိမဖြစ် နေရာယူထားပါသည်။

          တောင်ငူမြို့တွင် ငါးသုံးလုံး (555)  ကြက်ဥဒိုင်၊ သုံးသုံးလုံး (333) ကြက်ဥဒိုင်နှင့် ကြယ်နီ ကြက်ဥဒိုင်ဟူ၍ ကြက်ဥဒိုင်ကြီး သုံးဒိုင်ရှိပါသည်။ တောင်ငူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ စာရင်းများအရ တောင်ငူမြို့နယ်တွင် ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်(၆)ဦး မွေးမြူထားသည့် လသားကြက်၊ ကြက်မဒန်းနှင့် ဥကြက်စုစုပေါင်း အကောင်ရေ ၁၂၃၀၀၀ ရှိကြောင်းသိရှိရပါသည်။ ဒိုင် များသို့ နေ့စဉ်ကြက်ဥဝင်ရောက်မှုမှာ ငါးသုံးလုံး ကြက်ဥဒိုင်သို့ အလုံးရေ ၁၀၀၀၀ ခန့်၊ သုံးသုံးလုံး ကြက်ဥဒိုင်သို့ အလုံးရေ ၁၀၀၀၀ ခန့်နှင့် ကြယ်နီကြက်ဥဒိုင်သို့ အလုံးရေ ၁၂၀၀၀ ခန့်ရှိကြောင်း သိရှိ ရပါသည်။ ကြက်ဥဈေးနှုန်းအနေဖြင့် လက်လီဈေး အသေး ၁၀ လုံးလျှင် ၁၃၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၄၀၀ ကျပ်နှင့် အကြီး ၁၀ လုံးလျှင် ၁၅၀၀ ကျပ် ရောင်းချရကြောင်း သိရှိရပြီး ကြက်ဥ ဒိုင်များမှ အများဈေးဖောက်သည်ပေးရာတွင် လက်လီဈေးရောင်းသည့်နှုန်းမရကြောင်း၊ ကြက်ဥဈေး တက်လာရသည်မှာ ကြက်စာ၊ အစာထဲသို့ထည့်ရသည့်ဆေးနှင့် လုပ်သားခများ ဈေးတက်လာခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

          ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ကြက်ဥဈေးတက်လာသည်ဟု ဆိုသော်လည်း ပွဲရုံသို့ အလုံးဈေး လာသွင်းသည့်အခါ ကြက်ဥအလုံး ၃၀ ပါ ကတ်များဖြင့် ပေးပို့လျှက်ရှိပြီး ကြက်ဥအကွဲရွေး၍ ဥကွဲ ဈေးဖြင့်ပြန်ရောင်းရသောကြောင့် အမြတ်နည်းပါးပါကြောင်း၊ ဥစားကြက်မွေးသူများအနေဖြင့် ဥကြက်အားလုံး၏ ၈၀ ရာခိုင်နှုန်းအထက် အမြဲဥနေလျှင် အမြတ်ရရှိနိုင်ပါကြောင်း၊ ကြက်မွေးမြူသူ များသည် မိမိတို့ကြက် ဥနှုန်းမကျအောင် စနစ်တကျမွေးမြူသော်လည်း အစာဈေးနှုန်း (ကုန်ကြမ်း အပါအဝင်) ၊ ကြက်ဥဈေးနှုန်းတို့မှာ ဈေးကွက်လိုအပ်ချက်အရ အတက်အကျရှိသောကြောင့် ဥစား ကြက်မွေးမြူရေးလုပ်ငန်းသည် နိမ့်တစ်ခါ မြင့်တစ်လှည့်ဖြင့်သာ လုပ်ကိုင်နေရကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

                                                                         

ပြည်ခရိုင်ရှိ ပဲမျိုးစုံဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒီဇင်ဘာပထမပတ်တွင်  မတ်ပဲတစ်တင်းလျှင် ၄၆၀၀၀ကျပ် ဈေးအထိ ဈေးမြင့်ခဲ့ပြီး လကုန်ပိုင်းတွင် ၃၈၀၀၀ ကျပ်ထိဈေးကျခဲ့ပါသည်။ ဇန်နဝါရီလ တတိယ ပတ်တွင် မတ်ပဲ တစ်တင်းလျှင် ၄၅၅၀၀ကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး လကုန်ပိုင်းတွင် ၄၂၈၀၀ ကျပ်ထိ ဈေးကျခဲ့ပါသည်။ ဇန်နဝါရီလ စတုတ္တပတတွင် မတ်ပဲသစ်များလည်း ပေါ်စပြုနေပြီး ယခုနှစ် ပဲတစ်တင်းကို ၄၅၅၀၀ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ ခန့် အဝင်ရှိပြီး ဝင်သလောက် လှောင်သမားများနှင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိခဲ့ပါသည်။

       ပဲတီစိမ်းသီးနှံဈေးမှာ ဇန်နဝါရီလတွင် ဈေးငြိမ်နေခဲ့ပြီး ပဲတစ်တင်းကို ပုံမှန် ၃၉၀၀၀/၄၀၀၀၀ ကျပ်၊ ထိပ်စပဲတစ်တင်းကို ၄၁၀၀၀/၄၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်ကို အိတ် ၃၀၀/၄၀၀ ကျပ်ဖြင့် ရန်ကုန်၊ မန္တလေးဝယ်လက်များ အရောင်းအဝယ်ရှိခဲ့ပါသည်။

          ပဲစင်းငုံသီးနှံမှာ ဇန်နဝါရီပထမပတ်တွင် ပဲသစ်များစတင်ဝင်ရောက်ခဲ့ပြီး ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဖြင့် ဈေးဖွင့်ပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ ခန့် ပန်းတောင်း၊ ကံမ၊ မင်းတုန်းမြို့များမှ အဝင်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၂၅၀၀ ကျပ်ထိ ဈေးတက်ခဲ့ပြီး နောက်ဆုံး ပတ်တွင် ၄၅၅၀၀ကျပ်ထိ ဈေးတက်ခဲ့ပါသည်။ ဖေဖော်ဝါရီလပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို ၄၂၂၀၀ကျပ်ထိ ဈေးကျခဲ့ရာ တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ ခန့် အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်နှင့် လှောင်သမားများ အဝယ်ရှိခဲ့ပါသည်။

       ကုလားပဲသီးနှံအနေဖြင့် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၄၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီလတွင် ပဲတစ်တင်းကို ၄၆၀၀၀/၄၇၀၀၀ကျပ်ထိ ဈေးတက် ခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ပဲသစ်များဝင်စပြုနေပြီး ပဲတစ်တင်းကို ၄၆၀၀၀ကျပ်ဈေးဖြင့် ဈေးဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီလပထမပတ်တွင် ဈေးအနည်းငယ်ကျခဲ့ပြီး ပဲတစ်တင်းကို ၄၄၅၀၀ ကျပ်ထိ ဈေးကျခဲ့ပါသည်။ ကုလားပဲသီးနှံများကို ခွဲစက်သမားများ၊ လှောင်သမားများနှင့် ရန်ကုန်သို့ တင်ပို့မှု့များရှိပါသည်။ ပဲခွဲကြမ်းကို ရန်ကုန်နှင့် နယ်စုံသို့ တင်ပို့ရောင်းချမှုရှိပြီး တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ ခန့်အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပြည်ခရိုင်အတွင်း ပဲမျိုးစုံ ဈေးနှုန်းများမှာ ဆက်လက် ဈေးကျဆင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျိုက်ထိုမြို့နယ်ရှိ ရာဘာစက်ရုံသို့ ကွင်းဆင်းလေ့လာ

          မွန်ပြည်နယ်၊ သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံဦးဇော်ဦးတို့သည် (၁၆.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀ )နာရီတွင် ကျိုက်ထိုမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးအမှတ်(၁၃၈-က) အင်းတရော် အရှေ့မြောက်ရပ်ကွက်ရှိ ဦးစိုးသီဟ၏ ခရမ့်ရာဘာစက်ရုံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

         အဆိုပါကွင်းဆင်းလေ့လာမှုတွင် ခရမ့်ရာဘာထုတ်လုပ်ပုံအဆင့်ဆင့်ကို မေးမြန်းဆွေးနွေးခဲ့ပြီး ခရမ့်ရာဘာကို ပြည်တွင်းသုံးရန်နှင့် ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ခရမ်းရာဘာများထုတ်လုပ်ရာတွင် အညိုရောင်နှင့် အဝါရောင်တုံးများ ပြုလုပ်၍ အညိုရောင်ခရမ့်ရာဘာကို ဆွဲဖတ်၊ ခွက်ကပ် (၅၀%) နှင့်နေလှန်းရာဘာပြား (၅၀%)စီ‌ရောနှော၍ ပြုလုပ်ပြီး အဝါရောင်ခရမ့်ရာဘာတုံးများကို ရာဘာအစေးရည်ကို အသုံးပြု ထုတ်လုပ်ထားကြောင်းသိရှိရပါသည်။

          ခရမ့်ရာဘာတစ်တုံးလျှင် (၇၇)ပေါင် ရှိပြီး အညိုရောင်ခရမ့်ရာဘာတစ်ပေါင်လျှင် (၁၃၀ဝိ/-) နှုန်းနှင့် အဝါရောင်ခရမ့်ရာဘာတစ်ပေါင်လျှင် (၁၄၅ဝိ/-)နှုန်းရောင်းချရကြောင်း၊ ခရမ့် ရာဘာထုတ်လုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် ဆွဲဖတ်၊ ခွက်ကပ်(အခြောက်) တစ်ပေါင်လျှင် (၅၀ဝိ/-) ကျပ်နှုန်းနှင့် နေလှန်းပြားအခြောက် တစ်ပေါင်လျှင် (၁၁၀ဝိ/-)နှုန်း၊ အစေးရည် တစ်ပိဿာလျှင် (၃၈၀ဝိ/-)နှုန်းဖြင့် ဝယ်ယူရကြောင်းသိရှိရပါသည်။

           အညိုရောင်ခရမ့်ရာဘာများကို ပြည်တွင်းစက်မှုကုန်ကြမ်းအဖြစ် အဓိကထားသုံးစွဲလျက်ရှိပြီး အဝါရောင်ခရမ့်ရာဘာတုံးများကို ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း လေ့လာတင်ပြလိုက်ပါသည်။

DOCA(မွန်)

အပိုဝင်ငွေရရှိဖို့ ဝဥ စမ်းသပ်စိုက်ပျိုးကြပါစို့

              ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာကာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းအလိုက်ဒေသနေ ပြည်သူများသည် မိမိတို့ဒေသအလိုက် ရေမြေသဘာဝနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးသီးနှံများကို စိုက်ပျိုး၍ ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက်ပါ အလေးထားလုပ်ဆောင်လာကြပါသည်။

                ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ကော်ဖီ၊ ဖရဲ၊ ထောပတ်သီးနှင့် ဝဥတို့ကို အိမ်နီးချင်း နိုင်ငံများသို့ နှစ်စဉ်တင်ပို့နိုင်ခဲ့ပါသည်။ ယင်းသို့ တင်ပို့သည့် ကုန်စည်များမှ ကော်ဖီနှင့် ဖရဲတို့မှာ ကျိုင်းတုံဒေသထွက်သီးနှံများဖြစ်ပြီး ထောပတ်သီးမှာ တောင်ကြီးမြို့ ရွာငံ၊ ရပ်စောက်၊ ဟိုပုံး ဒေသထွက်သီးနှံဖြစ်၍ ဝဥမှာ ချင်းပြည်နယ်မှ ထွက်ရှိသည့် သီးနှံဖြစ်ပါသည်။ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ပြီး ဝဥကို ချင်းပြည်နယ်- မန္တလေးတိုင်း- အထူးဒေသ(၄) လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ခြင်းဖြစ်ပါသည်။

            ယင်းသီးနှံများမှ ဝဥကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသော ကုမ္ပဏီများက  ဈေးကောင်း ပေးဝယ်လျက်ရှိသည့်အတွက် ဝဥစိုက်တောင်သူများ အကျိုးအမြတ်များကာ စီးပွားရေးတိုးတက်လျက်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နေ တောင်သူများသည် ဝယ်လိုအား ကောင်းမွန်သည့် ဝဥကို ဒေသတွင် စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိပါသည်။ ဝဥကို ကျိုင်းတုံမြို့ နယ်အတွင်းရှိ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ ဥယျာဉ်မြေ၏ လိမ္မော်ခြံပင်တန်းကြားတွင် စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပါသည်။

            ဝဥသည် သဘာဝအလေ့ကျပေါက်သော ဝဥ(ဝဥအရိုင်း)နှင့် စိုက်ပျိုးသောဝဥ(ဝဥအယဉ်) ဟူ၍(၂)မျိုးရှိပါသည်။ တောထဲတွင် သဘာဝအလျှောက်ပေါက်ရောက်သော ဝဥကို ရှာဖွေတူးဖော် ဝယ်ယူစိုက်ပျိုးနိုင်သကဲ့သို့ ဝဥအယဉ်များကိုလည်း ဝယ်ယူစိုက်ပျိုးကြပါသည်။ ကရင်/မွန်ပြည်နယ်ဘက်တွင် ဝဥအရိုင်းများကိုသာ ရှာဖွေတူးဖော်၍ စိုက်ပျိုးခြင်းများပြုလုပ်ပြီး သတ်သတ်လွတ်အစားအစာများအဖြစ်ပြုလုပ်ကြပါသည်။ အခြားသောပြည်နယ်နှင့်တိုင်းဒေကြီးများတွင်လည်း ဝဥ ကို စားစရာများအဖြစ် ပြုလုပ်စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။

              တောထဲတွင် သဘာဝအလျှောက်ပေါက်သော ဝဥများကို သက်တမ်းကုန်ချိန်တွင် တူးဖော်ပါကသက်တမ်းရင့်သော ဝဥများရရှိမည် ဖြစ်ပါသည်။ တောထဲတွင် အလေ့ကျပေါက်သော ဝဥများကို မိုးဦးကျရာသီတွင် တူးယူ၍ မိမိခြံအတွင်း စိုက်ပျိုးနိုင်ပြီး  တစ်ကြိမ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ် တူးဖော်ရယူနိုင်မည် ဖြစ်ပါသည်။ ဝဥတူးဖော်ချိန်တွင် ပြောင်စင်အောင် တူးဖော်သော်လည်း၊ အရွက်ပေါ်မှအသီးများ မြေပေါ် ကျရောက်ကျန်ရစ်ပြီး အသီးအပွင့်ပေါ်လာလျှင်လည်း အစေ့များမြေပေါ်ကျကျန်ရစ်ခြင်းကြောင့် နောက်နှစ်အတွက် မျိုးအသစ်ရှာရန်မလိုအပ်ဘဲ နှစ်ကြာလာသည်နှင့်အမျှ တိုးချဲ့စိုက်ပျိုးရန် မြေနေရာရှာဖို့သာ လိုအပ်မည်ဖြစ်ပါသည်။

          ဝဥကို အလွန်စေးကပ်လွန်းသည့် စနယ်မြေမှလွဲ၍ မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပါသည်။ နေအလွန်ပူသည့်နေရာထက် အရိပ်အောက်တွင် ပိုမိုရှင်သန်ကြီးထွားပါသည်။   အိမ်ဝိုင်းများတွင် ခြံစည်းရိုးတစ်လျှောက် သစ်ပင်ကြီးများအောက် ငှက်ပျောပင်၊ သင်္ဘောပင်အောက် နှင့်အိမ်ရှေ့/အိမ်နောက် အရိပ်ထိုးထားသောနေရာများ၊ မြေလွတ်များပေါ်တွင် စိုက်ပျိုး၍ရပါသည်။

          ဝဥစိုက်မည့်မြေနေရာကို  တူးစွထွန်ယက်ပေးရန် မလိုအပ်သည့်အတွက် စိုက်မည့်နေရာကို စိုက်ကျင်းတူးကာ မြေထဲနှစ်မြှုပ် စိုက်ပျိုးရုံသာဖြစ်ပါသည်။ အထူးသတိထားရမည်မှာ စိုက်မည့်နေရာတွင် ရေမဝပ်ရန်လိုအပ်ပြီး ရေဝပ်သည့်နေရာဖြစ်ပါက ရေမြောင်းတူးပေးရမည်ဖြစ်သည်။

          မိမိခြံထဲတွင် တပိုင်တနိုင်စိုက်ပျိုးမည့်သူများအတွက် ရင်းနှီးမြှုပ်နှံမှုများစွာမလိုဘဲ အပိုဝင်ငွေရရှိမည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နမူနာတစ်ခုအနေနှင့် တွက်ချက်ပြရလျှင် ဥပမာ (၁၀)ပေ ပတ်လည်ရှိသည့် မြေကွက်တစ်ကွက်တွင် (၂၀)ကျပ်သားမှ (၃၀)ကျပ်သားအရွယ်ရှိသော ဝဥကို (၂)ပေပတ်လည်ဖြင့် စိုက်ခဲ့လျှင် အပင်(၂၅)ပင်ရရှိမည်ဖြစ်ပြီး ဝဥဖော်ချိန်တွင် တစ်ဥကို ပျမ်းမျှ တစ်ပိဿာရှိမည်ဆိုလျှင်၂၅ပင်အတွက်၂၅ပိဿာ ထွက်ရှိမည်ဖြစ်၍ ၁ပိဿာ၇၀၀/-နှုန်းဖြင့် ရောင်းချပါက  ငွေကျပ် ၁၇၅၀၀/-ကျပ်ရရှိမည်ဖြစ်ပါသည်။ ဤနှုန်းထားဖြင့် တစ်ဧကကို တွက်ကြည့်ပါက ကျပ်သိန်း(၆၀)ကျော် ဝင်ငွေရရှိမည်ဖြစ်ပါ သည်။

         ဝဥပင်သည် အရိပ်တစ်ပိုင်းရှိရန်လိုအပ်သော်လည်း ဥယျာဉ်ခြံများ၊ ရာဘာစိုက်ခင်းများ၊ လိမ္မော်ခြံများတွင် ကြားသီးနှံအနေဖြင့် စိုက်ပျိုးပါက နှစ်ရှည်အပင်ကြီးများအတွက် မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်သကဲ့သို့ နှစ်ရှည်ပင်များရောင်းတန်းမဝင်မှီ နှစ်စဉ် ဝင်ငွေရရှိနိုင်ပါသည်။ လိမ္မော် စိုက်ပျိုးသူများအတွက် လိမ္မော်ဈေးမကောင်းခဲ့ပါက ကြားသီးနှံမှ ဝင်ငွေရရှိနိုင်သဖြင့် ဟန်မပျက် လည်ပတ်နို်င်မည်ဖြစ်ပါသည်။ ဝဥပင်မှာ အပင်အရိပ်အောက်မှ သဘာဝ မြေဩဇာဖြင့် အသက်ရှင် ကြီးထွားနိုင်သော တောရိုင်းအပင်မျိုးဖြစ်သည့်အတွက် မြေဩဇာကျွေးစရာမလိုဘဲ သဘာဝမှရရှိ သော သီးနှံတစ်မျိုးဖြစ်၍ တောင်သူများအနေဖြင့် စမ်းသပ်စိုက်ပျိုးသင့်ကြောင်း အကြံပေးလိုပါသည်။

          သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် တောင်ကုန်းတောင်တန်းများ နှင့်လွင်ပြင်ချိုင့်ဝှမ်းအလွန်ပေါများသော ဒေသဖြစ်သောကြောင့် ဒေသနေပြည်သူ/သားများ၏  ပိုင်ဆိုင်ထားသော သဘာဝဘိုးဖွားအမွေများဖြစ်သည့် လုပ်ကိုင်စိုက်ပျိုးရန် မြေလွတ်မြေရိုင်းများနှင့် ဥယာဉ်ခြံမြေများ အလွန်ကျယ်ဝန်းလှပါသည်။ ထို့ပြင် ကျိုင်းတုံမြို့သည် နယ်နိမိတ်ခြင်းထိစပ်နေသော  အိမ်နီးချင်းနိုင်ငံများဖြစ်သည့်  ထိုင်းနိုင်ငံ ၊ တရုတ်နို်ငငံနှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူ မြန်ဆန်ကောင်းမွန်ခြင်းနှင့် သယ်ယူစရိတ်စက သက်သာခြင်းတို့ကြောင့် တောင်သူများအနေဖြင့် အခြားသီးနှံများနှင့်အတူ ဝဥပင်များ စိုက်ပျိုးထားမည်ဆိုပါက အပိုဝင်ငွေရရှိမည့်အပြင် ဒေသထွက်ကုန်များ ပိုမို တင်ပို့ခြင်းဖြင့် နိုင်ငံတော်အနေဖြင့်လည်း အခွန်အခပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း စေတနာရှေ့ထားကာ တင်ပြအပ်ပါသည်။

DOCA(ရှမ်း)

 

ရာသီပေါ် မရမ်းသီးဈေးကွက်အခြေအနေ

           နေပြည်တော်ဘက်မှထွက်တဲ့ ရာသီပေါ်သီးနှံဖြစ်တဲ့ မရမ်းသီးများ‌ တောင်ကြီးဈေးကွက်အတွင်း လှိုင်လှိုင်ဝင်နေပါသည်။ မရမ်းသီးမှာ ခံတွင်းကိုမြိန်စေတာကြောင့် မြန်မာလူမျိုးများ အကြိုက်ဖြစ်တဲ့ သီးနှံတစ်မျိုးဖြစ်ပါသည်။ ရာသီချိန်နဲ့သာပေါ်လို့ ဈေးကွက်တွင် ရောင်းချိန် သိပ်မကြာတဲ့သီးနှံဖြစ်ပါသည်။ ဇန်နဝါရီလလောက်မှ မရမ်းသီးများဈေးကွက်တွင်း စတင်ဝင်ရောက်လာပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှုနည်းသွားမှာဖြစ်ပါသည်။ သီးနှံဝင်ရောက်ချိန်တွင် မရမ်းသီးတစ်ဆယ်ကျပ်သားကို ဈေးနှုန်း(၃၀၀ဝိ/-)ခန့်ရှိပြီး ယခုသီးနှံအဝင်လှိုင်ချိန်မှာတော့ တစ်ဆယ်ကျပ်သားကို ဈေးနှုန်း(၁၅၀ဝိ/-)ဈေးဖြင့် အရောင်းဝယ်ဖြစ်နေပါသည်။ ၁၀ပိဿာဝင် ပလတ်စတစ်ခြင်းတစ်ခြင်းလျှင် ဈေးနှုန်း(၈၀၀၀ဝိ/-)ခန့်ရှိပြီး အလုံးအကြီး/အသေး ပေါ်လိုက်၍ ဈေးနှုန်းကွာခြားတယ်လို့လဲ သိရှိရပါသည်။

DOCA(ရှမ်း)

''ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အုန်းသီးဈေးကွက် အခြေအနေ''

             ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အုန်းသီးကိုအနည်းငယ်စိုက်ပျိုးမှုသာရှိပါတယ်၊ အပူပိုင်း‌ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပြီး ရှမ်းပြည်လိုအအေးပိုင်းဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းမှုနဲလို့ စိုက်ဧကရာဏန်းခန့်သာစိုက်ပျိုးပါတယ်။ ရှမ်းပြည်ရဲ့ဈေးကွက်လိုအပ်ချက်အရ ပြန်လည်တင်သွင်း သုံးစွဲရတဲ့ သီးနှံတစ်မျိုးဖြစ်ပါသည်။ ယခုလိုတပို့တွဲလရာသီမှာ မြန်မာတို့ရဲ့ရိုးရာ ထမနဲထိုးရာသီဖြစ်တဲ့ ထမနဲပွဲတွေမှာမပါမဖြစ် ထည့်သွင်းအသုံးပြုရတဲ့ အမယ်တစ်မျိုးဖြစ်တာကြောင့် အုန်းသီဟာ အရောင်းသွက်နေပါတယ်၊ မြန်မာ့ရိုးရာမုန့်အတော်များများမှာလည်း အုန်းသီးကိုထည့်သွင်း အသုံး ပြုကြတဲ့အတွက် ဈေးကွက်ဝင်တဲ့သီးနှံတစ်မျိုးဖြစ်ပါသည်။

           အုန်းသီးကို မုန့်ပဲသွားရည်စာများတွင် အသုံးပြုကြသလို၊ မြန်မာ့ဆေးဝါးဖော်စပ်ရာမှာလဲ အသုံးပြုကြပါသည်။ အုန်းသီးရဲ့အရွက်၊ အသီး၊ အခွံအားလုံးဟာ သူ့နေရာနဲ့သူအသုံးပြုလို့ရတာကြောင့် ဘာတစ်ခုမှပစ်စရာမလိုအောင် အသုံးဝင်တဲ့သီးနှံတစ်မျိုးဖြစ်ပါသည်။ ကောင်းမွန်တဲ့အုန်းသီး တစ်လုံး၏ အသား၊ အုန်းရည်များကို မုန့်ပဲသွားရည်စာ၊ ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုကြသလို၊ မကောင်းသည့်အုန်းသီး (ပုပ်သွားသည့်အုန်းသီး) များကိုလဲ ထပ်ခြမ်းခွဲ၍ သဘာဝနေရောင်ဖြင့် နေလှန်းပြီးခြောက်သွားလျှင် ၎င်းအတွင်းသားများကို ကြိတ်စက်ဖြင့်ကြိတ်၍ သဘာဝအုန်းဆီမွှေးကို ပြန်လည်ထုတ်လုပ်ရောင်းချကြပါသည်။ မြန်မာ့အုန်းဆီမှာလဲ မြန်မာလူမျိုးများအကြိုက်များတဲ့ အသုံးအဆောင်ဖြစ်သလို၊ ဆေးဝါးဖော်စပ်ရာမှာလဲ အသုံးဝင်ပါတယ်၊ အုန်းရွက်မှရတဲ့ အုန်းလက်များကိုလဲ ဦးထုပ်၊ တံမျက်စည်းပြုလုပ်ရာမှာအသုံးပြု၍ အိမ်သုံးပစ္စည်းအဖြစ် ပြုလုပ်ရောင်းချကြပါသည်။

           ရှမ်း(တောင်) ဈေးကွက်မှာအုန်းသီးတစ်လုံးကို အလုံးလှရင်လှသလို တစ်လုံးလျှင် ဈေးနှုန်း (၁၅၀ဝိ/- ၁၈၀ဝိ/- ၂၀၀ဝိ/-) ထိဈေးရှိပါတယ်၊ အခွံချွတ်ထားတဲ့ အုန်းသီးတစ်လုံးလျှင် ဈေးနှုန်း အသေး၊ အကြီးပေါ်မူတည်ပြီး တစ်လုံးလျှင် (၅၀ဝိ/- မှ ၁၀၀ဝိ/-) ထိဈေးရှိပါတယ်၊ အုန်းသီး (အုန်းနို့) အရည်ညှစ်တစ်လုံးလျှင် ဈေးနှုန်း (၁၅၀ဝိ/-) ဈေးရှိပါသည်။တောင်ကြီးဈေးကွက်ရှိ အုန်းသီးများကို ရန်ကုန်ဈေးကွက်မှ မှာယူရောင်းချလျက်ရှိတယ်လို့ သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း