Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစျေးမြင့်တက်လျက်ရှိ

            ကွမ်းသီးနှင့်သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီး အကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ရှိပြီး ရန်ကုန်စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၀ဝဝိ/-)နှုန်းစျေးပေါက်နေ ကြောင်းနှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်းသိရှိရပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် (၄၀၀ဝ-၄၃၀၀) ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် (၂၃၀၀၀-၂၃၅၀၀)ကျပ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ကွမ်းသီးစျေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး  သီဟိုစျေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်လျှင် စျေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပခုက္ကူကုန်စည်ဒိုင်၏ ဇူလိုင်လပထမပတ်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် တင်ပို့မှုအခြေအနေ

               ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှ အဓိကစိုက်ပျိုးထုတ်လုပ်သော ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံ၊ ပဲနီပြား၊ ထောပတ်ပဲ၊ ပဲလွန်း၊ အခြားပဲနှင့် နှမ်းမျိုးစုံများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။ ဇူလိုင်လပထမပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၄၅၇၀၀ ) ကျပ်မှ (၄၆၀၀၀) ကျပ်၊ ကုလားပဲဝါ (HL) တစ်တင်းလျှင် (၄၆၅၀၀)  ကျပ်၊ကုလားပဲဝါလုံးကြီး(  929 ) တစ် တင်းလျှင် ၄၇၃၀၀ ကျပ်၊ ပဲတီစိမ်းကြီး မှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ၄၂၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် ၄၈၄၀၀ မှ ၄၉၀၀၀ ကျပ်၊ နှမ်းညို တစ်တင်းလျှင် ၅၅၀၀၀ ကျပ်၊ ပြောင်းဖူးစေ့(CP) တစ်တင်းလျှင် ၁၆၀၀၀ ကျပ်ဈေးနှုန်းဖြင့် ဥပုသ့်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

           ဇူလိုင်လပထမပတ်တွင် အရောင်းအဝယ်ဖြစ်မှုမှာ ပဲစဉ်းငုံနီ (၆၅၀) အိတ်၊ ကုလားပဲဝါ(HL) (၁၀၀) အိတ်၊ ကုလားပဲဝါလုံးကြီး(929)(၁၀၀)အိတ်၊ ပဲတီစိမ်းကြီး(၁၉၅၀)အိတ်၊ ပဲတီစိမ်းသေး (၁၉၀၀)အိတ်၊ နှမ်းညိုသစ် (၁၅၀၀)အိတ်၊ ပဲဇီးွက်(၅၀)အိတ်၊ ပြောင်းဖူးစေ့(CP)(၁၀၀)အိတ် အရောင်းအဝယ် ဖြစ်နေ ပါသည်။

          ပဲနှမ်းတင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကတင်ပို့ပြီး ယခုတစ်ပတ်တွင် ပဲတီစိမ်းမှာ အများဆုံးဖြစ်ပြီး အခြားပဲများမှာ ပဲယင်း၊ ကုလားပဲအမျိုးမျိုးနှင့် နှမ်ညိုများတင်ပို့လျှက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဈေးငြိမ်နေသော ရွှေကြက်သွန်နီ

        အိမ်ရှင်မများအတွက် မရှိမဖြစ်စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ မှာဈေးငြိမ်လျှက်ရှိပါသည်။ဇူလိုင်ပထမပတ်တွင် ပခုက္ကူကုန်ဝယ်ဒိုင်သို့ အနယ်နယ်အရပ်ရပ်မှ ကြက်သွန်နီများ ဝင်ရောက်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဒိုင်ဖြတ်လက်ကားဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ၁၃၅၀ ကျပ်မှ ၁၅၅၀ ကျပ်၊ အလတ်စ တစ်ပိဿာလျှင် ၁၀၀၀ မှ ၁၂၀၀ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် ၉၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဝင်ကုန်ချိန်အနေဖြင့် တစ်နေ့လျှင် ကုန်ချိန်(၁၅၀၀၀ မှ ၄၅၀၀၀) ထိ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          အလားတူ ဆိပ်ဖြူကုန်စည်ဒိုင်သို့လည်း ယောချောင်းတစ်လျှောက် ကျေးရွာများမှ ကြက်သွန်နီများ ဈေးကွက်အတွင်း ဝင်ရောက်လျှက်ရှိရာ ဆိပ်ဖြူကုန်စည်ဒိုင်၏ ဒိုင်ဖြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာ လျှင်(၁၃၀၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၈၅၀) ကျပ်ဖြစ်ပြီး ကုန်အဝင် ပိဿာချိန်မှာ နေ့စဉ်ပိဿာချိန် (၁၀၀၀၀) မှ (၂၀၀၀၀) ထိ အရောင်းအဝယ်ဖြစ်နေပါသည်။ တင်ပို့မှုအနေဖြင့်  မြန်မာပြည်အောက်ပိုင်း၊ မြဝတီမြို့များသို့ တင်ပို့လျှက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ကချင်ပြည်နယ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း အခြေအနေ

           ကချင်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးချိန်ကာလဖြစ်သည့်အတွက်  ဈေးကွက်အတွင်း သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အရောင်းသွက်လျှက်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် ဇူလိုင်လ(၁၄)ရက်နေ့တွင် ပုလဲ(ရွှေတောင်) ၅၀ ကီလို တစ်အိတ်လျှင် ၉၇၀၀ဝိ/- ၊ တီစူပါ (တရုတ်သံကွင်း) ၅၀ ကီလို တစ်အိတ်လျှင် ၉၃၀၀ဝိ/- ၊ ကွန်ပေါင်း (အဲဗားဂရင်း) ၅၀ ကီလို တစ်အိတ်လျှင် ၉၃၀၀ဝိ/- ၊ ကွန်ပေါင်း (စိုးမိုးနိုင်) ၅၀ ကီလို တစ်အိတ်လျှင် ၉၅၀၀ဝိ/- ၊ ဆိုင်ရာမို (အာမို) ၅၀၀ စီစီ တစ်ပုလင်းလျှင် ၉၂၀ဝိ/- ၊ ဆိုဒ်ရင်(ဩဘာ) ၅၀၀ စီစီ တစ်ပုလင်းလျှင် ၉၀၀ဝိ/- ၊ ဒိုဇာ (ဩဘာ) ၁၀ ဂရမ် တစ်ဗူးလျှင် ၂၀၀ဝိ/- ​ဈေးနှုန်းရှိပြီး စိုက်ပျိုးရေးသုံး သွင်းအားစုများအနေဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ကချင်)

ကသာခရိုင် မိုးစပါး ကာလတူ ၆ ရာခိုင်နှုန်းကျော် ပိုမိုစိုက်ပျိုးနိုင်

          ကသာခရိုင်တွင် ၂၀၂၂-ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၁၇၃၆၀၈)ဧက ရှိပြီး ဇူလိုင်လ(၁၄) ရက်နေ့ထိ မြေပြင်စိုက်ပျိုးပြီးစီးမှု (၂၇၃၁၀)ဧကရှိသည့်အတွက် ခရိုင်လျာထားချက်အပေါ် (၁၆)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးကြောင်းနှင့် ယခင်နှစ် ကာလတူတွင် (၇)ရာခိုင်နှုန်းကျော် ရှိသည့်အတွက် ယခုနှစ် ကာလတူအချိန်တွင် (၆)ရာခိုင်နှုန်းကျော်ထိ ပိုမိုစိုက်ပျိုးပြီးစီးကြောင်း သိရပါသည်။

          ၂၀၂၂-ခုနှစ်မေလမှစပြီး မိုးရွာသွန်းမှုများသောကြောင့် လယ်မြေများစိုက်ပျိုးရေ အလုံအလောက် ရသည့်အတွက် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ယခုအတိုင်း အရှိန်အဟုန်မပြတ် စိုက်ပျိုးနိုင်ပါက ဩဂုတ်လ ဒုတိယပတ်ခန့်တွင် ထွန်တုံးပိတ်နိုင်ကြောင်း တောင်သူများထံမှ သိရသည်။

          ကသာခရိုင်တွင်း မြို့နယ်များ၏ ၂၀၂၂-ခုနှစ် မိုးစပါးလျာထားဧကအပေါ် စိုက်ပျိုးပြီးစီးမှုအနေဖြင့် ကသာမြို့နယ် လျာထား (၃၈၅၀၀)ဧကတွင် စိုက်ပြီး (၆၃၄၉)ဧက၊ ထီးချိုင့်မြို့နယ် လျာထား (၄၀၂၇၁)ဧကတွင် စိုက်ပြီး (၇၂၃၀)ဧက၊ အင်းတော်မြို့နယ် လျာထား(၅၅၉၈၀)ဧကတွင် စိုက်ပြီး (၇၆၃၅)ဧကနှင့် ဗန်းမောက်မြို့နယ် လျာထား (၃၈၈၅၇)ဧကတွင် စိုက်ပြီး (၆၀၉၆)ဧကဖြစ်ကြောင်း ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်ဝယ်လိုအားရှိသည့် ပဲယင်းစိုက်ပျိုး အကျိုးအမြတ်တိုး

           ပဲယင်းကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတင်ပို့ခြင်း၊ အခြားပြည်ပဈေးကွက်သို့ ပုံမှန်ကုန်သွယ်မှုအနေဖြင့်ပင်လယ်ရေကြောင်းမှတင်ပို့ခြင်းဆောင်ရွက်ရရာ ၂၀၂၂ ခုနှစ်တွင် ပဲယင်း ကုန်အဝင်ပေါချိန် ဧပြီလက အမေရိကန်ဒေါ်လာသန်း(၅.၇)ကျော်တန်ဖိုးရှိ ပဲယင်း အရေအတွက် ကီလိုထောင်ပေါင်း (၇၀၀၀)ကျော် တင်ပို့ခဲ့ရပါသည်။ မုံရွာကုန်စည်ဒိုင်ပေါက်ဈေး အရ ဧပြီလက တစ်တင်းလျှင် (၄၁၀၀၀)ကျပ်သာ ဖြစ်ပေါ်ခဲ့ရာက ယခုဇူလိုင်လဆန်းတွင် ပစ္စည်းအဝင်မရှိတော့ဘဲ ပြည်ပဝယ်လိုအားရှိနေခြင်းကြောင့် ကုန်လက်ကျန်ပဲယင်းများကို  တစ်တင်းလျှင်(၇၅၀၀၀)ကျပ်ထိ ရောင်းချရခြင်းကြောင့် ဈေးကွက်ဝယ်လိုအားရှိသည့် ပဲယင်းကို တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်သည့်ဒေသကို လေ့လာ၍ တောင်သူများအား တိုက်တွန်းခြင်း ဆောင်ရွက်သင့်ကြောင်း ကုန်သည်တစ်ဦးက အကြံပြုလာသည်။

           ပဲယင်း၏မူရင်းဒေသမှာ အိန္ဒိယ၊ မြန်မာနှင့် ပါကစ္စတန်တို့ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ပဲယင်းကို သြဂုတ်၊ စက်တင်ဘာနှင့်အောက်တိုဘာလများတွင် စိုက်ပျိုးပြီး မတ်၊ ဧပြီနှင့် မေလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ ပဲယင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသတို့တွင် စိုက်ပျိုးမှုများကြောင်း သိရှိရပါသည်။ ပဲယင်းသည် ပူနွေးသည့် ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန် ၁၈ မှ ၃၇ ဒီဂရီ စင်တီဂရိတ်အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်းသိရပါသည်။ ပဲယင်းစိုက်ပျိုးသင့်သည့် မြေအမျိုးအစားမှာ ရေစီးရေလာကောင်းသည့် နုန်းမြေ၊ မြေဩဇာကြွယ်ဝသည့် သဲနုန်းမြေများတွင် ပိုမိုသင့်တော်ပြီး ဆားပေါက်မြေ၊ သဲဆန်မြေနှင့်ရေဝပ်မြေများတွင် မစိုက်သင့်ကြောင်းသိရပါသည်။ အတန်းလိုက်စိုက်ပျိုး မည်ဆိုပါက  ၁ ဧကလျှင် (၆- ၈) ပြည်နှုန်း သုံးစွဲနိုင်ပြီး ကြဲပက်စိုက်ပျိုးမည်ဆိုပါက (၁၀-၁၂) ပြည်အထိ သုံးစွဲရမည်ဖြစ်ပါတယ်။  ပဲယင်မျိုးစေ့များကို တန်းကြား (၁၀-၁၂) လက်မ၊ ပင်ကြား (၄-၅) လက်မထား၍ အတန်းလိုက်စိုက်နိုင်ပြီး မျိုးစေ့များကို မြေကြီးအနက် တစ်လက်မ ထားစိုက်ပြီး ရေအနည်း ငယ်ဖျန်းပေးရပါမည်။ စိုက်ပြီးရက်ပေါင်း (၃၀-၅၀) အတွင်း (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးဖို့ လိုအပ်ပါသည်။ ပဲယင်းပင်တွင် သီးလုံးဖောက်ပိုးနှင့် ကျိုင်းနက် ကောင်များ အဓိက ကျရောက် တတ်သည်ကို တွေ့ရပါသည်။ ရောဂါအနေဖြင့် အဝါရောင်မိုစေ့ရောဂါ၊ အရွက်ပုပ်၊ အရိုးပုပ်ရောဂါများ ကျရောက်တတ်ပါသည်။ အပင်တွေ စဝါပါက နှုတ်ပစ်သင့်ပါသည်။ ပဲယင်းကို စိုက်ပျိုးပြီး (၃-၄) လ အကြာ ရက်ပေါင်း (၉၀-၁၂၀) အတွင်း ခူးဆွတ်ရိတ်သိမ်းကြပါသည်။ သီးတောင့်များ၏ ၈၀%  အညိုရောင်ပြောင်းသည့်အချိန်တွင် စတင်ခူးဆွတ်နိုင်ပြီး နံနက်ခင်းတွင် ခူးဆွတ်ခြင်းဆောင်ရွက်ပြီး သီးတောင့်များကို နေလှန်း အခြောက်ခံပြီး အစေ့ထုတ်ကာ သိုလှောင်ရောင်းချခြင်းဖြစ်ပါသည်။ ပဲစေ့၏ဝမ်းဗိုက်တွင် အညှောင့်ဗီဇနေရာ အဖြူစင်းကြောင်းရှည်တစ်ခု ပါရှိသည်။ ပဲယင်းသည် ပဲအခွံမာ၍ အရောင်တောက်ပြောင်ပြီး နီညိုရောင်၊ ကာကီဖျော့ရောင်၊ ဝါညိုရောင်တွေ့ရတတ်သည်။ ဈေးကွက်တွင် ပဲယင်းနီနှင့် ပဲယင်းဝါ ဟုအခေါ်များပြီး ပဲယင်းနီက ဈေးပိုမိုမြင့်သည်။

            စစ်ကိုင်းတိုင်းဒေသကြီးတွင် ပဲယင်းကို နှစ်စဉ် ဧက(၃၅၀၀၀)ကျော်စိုက်ပျိုးထွက်ရှိသည်။ အဓိက အများဆုံးစိုက်ပျိုးရာဒေသမှာ ကလေးမြို့နယ်ဖြစ်ပြီး ဧက(၂၈၀၀၀)ခန့် စိုက်ပျိုး ခြင်းဖြစ်သည်။ ကျန်စိုက်ပျိုးသည့်ဒေသများမှာ မင်းကင်းမြို့နယ်တွင် ဧက(၅၈၀)ခန့်၊ ထီးချိုင့် မြို့နယ်တွင် (၅၆၀၀)၊ ကသာမြို့နယ်တွင် ဧက(၁၀၀)၊ မြောင်မြို့နယ်တွင် (၅၀၀)၊ ချောင်းဦး မြို့နယ်တွင် (၃၀၀)၊ ပုလဲမြို့နယ်တွင် ဧက(၂၀၀)ခန့်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း တွေ့ရသည်။ တစ်ဧက အထွက်နှုန်းမှာ ပျှမ်းမျှ (၁၃)တင်းခန့်ဖြစ်ရာ တစ်နှစ်လျှင်တင်းရေ (၄)သိန်းကျော် ထုတ်လုပ်မှု ရှိသည်။ တစ်ဧကကုန်ကျစရိတ်မှာ (၂၅၀၀၀၀)ခန့်ကုန်ကျပြီး ပေါ်ချိန်ပေါက်ဈေး (၄၀၀၀၀) ကျပ်ဖြင့်ရောင်းချရပါက တစ်ဧကအကျိုးအမြတ်(၂၇၀၀၀၀)ကျပ်ရရှိမည်ဖြစ်သည်။ ပဲယင်းကို တိုးချဲ့စိုက်ပျိုးရန်စဉ်းစားရာတွင် ပဲယင်းစိုက်ပျိုးမည့်မြေနေရာ၌ မြေပဲစိုက်ပျိုးမည့် အမြတ် အစွန်းနှင့် နှိုင်းယှဉ်စဉ်းစားစိုက်ပျိုးကြခြင်းဖြစ်‌ကြောင်းသိရသည်။ ပဲယင်းကို ပဲအတိုင်းသော်လည်းကောင်း ကောက်ညှင်းဆန်နှင့်တွဲဖက်၍သော်လည်းကောင်း စားသုံးလေ့ရှိကြသည်။ ပဲယင်းဈေးနှုန်းကိုလေ့လာကြည့်လျှင် ပဲရောင်းဝယ်ချိန် မေလအတွက် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်က တစ်တင်းလျှင် ကျပ်၂၀၀၀၀ ခန့်သာရှိခဲ့သော ပဲယင်းသည် ၂၀၂၂ ခုနှစ်တွင် ၄၀၀၀၀ ကျပ် ဖြစ်လာသဖြင့် ယခင်နှစ်ထက် ပဲစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၂ဆခန့်မြင့်မားလာသကဲ့သို့ ရရှိသည့် ဈေးနှုန်းမှာလည်း ၂ဆခန့် ရရှိခြင်းကြောင့် လူမှုစီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးစွမ်းအားကို မလျော့စေရေး ကြိုးပမ်းရမည်ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

 

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လတတိယပတ်တွင် ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် ကျပ်၄၅၀၀၀၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၄၄၅၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၈၀၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၄၉၀၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၁၅၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၅၁၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

            ဂျုံဖြူသန့်တစ်တင်းလျှင် ကျပ် ၄၅၀၀၀-၄၆၀၀၀၊ ဂျုံနီတစ်တင်းလျှင် ကျပ် ၄၂၅၀၀-၄၃၅၀၀၊ ပဲကြီး(သစ်) တစ်တင်းလျှင် ကျပ် ၇၀၀၀၀-၇၁၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၄၄၀၀၀-၄၅၀၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၆၂၅၀၀၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၄၃၅၀၀-၄၅၀၀၀၊  မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၅၁၀၀၀-၅၇၀၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၆၃၅၀၀၊ ပဲလွန်းဖြူ တစ်တင်းလျှင် ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း လျှင် ကျပ် ၃၁၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၅၀၀၀၊ ပြောင်းနီ တစ်တင်းလျှင် ကျပ် ၁၄၅၀၀၊ ပြောင်းဖြူ တစ်တင်းလျှင် ကျပ် ၁၅၅၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၆၀၅၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၀၀၀၀ -၇၃၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၆၆၀၀၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၅၉၀၀၀-၆၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် ၄၉၀၀-၅၀၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၈၀၀-၄၈၅၀၊ ပဲဖတ်တစ်ပိဿာလျှင်  ကျပ်၁၈၈၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၁၂၈၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၁၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

             ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများ အနည်းငယ်ဈေးကျနေပြီးနှင့် ဆီထွက်သီးနှံဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ဈေး တတ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီအလိုက် ဝင်ငွေရသည့် ခြံစည်းရိုးထွက်သီးနှံပင်များအား ဥယျာဉ်ခြံဖြင့် စိုက်ပျိုးသင့်

             စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်သည် သစ်တောဖုံးလွမ်းမှုကြီးမားပြီး မိုးရွာသွန်းမှုများသောကြောင့် အမြဲစိမ်းသစ်တောကြီးများဖြင့် စိမ်းစိုလျှက်ရှိပြီး ရေ၊ မြေ ရာသီဥတုမျှတကောင်းမွန်သောဒေသ ဖြစ်သည်။ ကတူး၊ ကနန်း၊ ရှမ်း၊ ကချင်၊ မြန်မာ လူမျိုးများ ပေါင်းစည်းနေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ဆည်မြောင်း၊ တာတမံကြီးများ မရှိသော်လည်း သဘာဝပေးသော မိုးရေဖြင့် လယ်ယာမြေများ စိုက်ပျိုးအောင်မြင်ကြပြီး ဒေသတွင်း ဆန်စပါးဖူလုံသည့်အပြင် ပိုလျှံသော ဒေသဖြစ်သည်။

          သဘာဝကပေးထားသည့် ကောင်းမွန်သော ရေ၊ မြေ၊ ရာသီဥတု၊ သစ်တော၊ သယံဇာတများကို စနစ်တကျဖြင့် အကျိုးရှိရှိ အသုံးပြုခြင်းဖြင့် ကျေးလက်နေတောင်သူလယ်သမားများ လူနေမှုအဆင့် အတန်းမြင့်မားကာ မိသားစု စားဝတ်နေရေးလည်း ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကျေးလက်နေတောင်သူများအနေဖြင့် အကျိုးရှိရှိအသုံးပြုကြသည်က အနည်းငယ်သာရှိကြသည်။ တောင်သူများအနေဖြင့် မိမိပိုင်လယ်ယာမြေများတွင် မိုးစပါးသီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးကြပြီး အခြားသောရာသီများတွင် မြေလွတ်မြေလပ်များဖြစ်နေပြီး သီးနှံစိုက်ပျိုးခြင်းမရှိသည်ကို တွေ့ရသည်။

          ကျေးလက်နေတောင်သူများအနေဖြင့် ဥယျာဉ်ခြံမြေများတွင် စီးပွားဖြစ်စိုက်ပျိုးထားခြင်းမဟုတ်သော သီးနှံများမှ ရာသီအလိုက် ဝင်ငွေများရရှိနေသည်ကို သတိပြုသင့်ပေသည်။ ဈေးကွက်ဝယ်လိုအားရှိသော စားပင်သီးပင်များကို ကျေးလက်တောရွာများရှိ လူနေအိမ်ခြံစည်းရိုးများတွင်လည်းကောင်း၊ လယ်ယာမြေစည်းရိုးများတွင်လည်းကောင်း အရိပ်လည်းရ အသီးစားရဟူသော ရည်ရွယ်ချက်ဖြင့် တမင်တကာ စိုက်ပျိုးထားခြင်းရှိသလို အလေ့ကျပေါက်ပင်အဖြစ် စိုက်ပျိုးထားကြသည်။  အဆိုပါ စားပင်သီးပင်များမှ ရာသီအလိုက်ဝင်ငွေများရရှိနေသောကြောင့် စနစ်တကျပြုစုပျိုးထောင်ပြီး စီးပွားဖြစ် စိုက်ပျိုးသင့်ပေသည်။

          တညင်းသီး

          တညင်းသီးသည် ပူအိုက်စွတ်စိုပြီး မိုးများသော ကသာခရိုင်ကဲ့သို့သော ဒေသများတွင် ဖြစ်ထွန်း အောင်မြင်သည်။ နှစ်စဉ် ဇန်နဝါရီလတွင် ဖူးပွင့်ကြပြီး ဇူလိုင်လများတွင် ခူးဆွတ်ကြသည်။ ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးများရှိကြောင်း အသိပညာပေးမှုများရှိသော်လည်း ပြည်တွင်းစားသုံးမှု မြင့်မားသော သီးနှံဖြစ်သည်။ အသီးအကင်းအဖူးများကို ဆားရည်စိမ်လုပ်စားကြသည်။ ကျက်အောင်ပြုလုပ်ပြီး ထုထောင်းကာ ဆား၊ ဆီဖြင့် စားကြသည်။ အသားဟင်းများဖြင့် ချက်စားကြသည်။ လက်ဖက်ဖြင့် စားကြသည်။ တညင်းသီးခူးဆွတ်ချိန်ရောက်သည်နှင့် ကုန်သည်ပွဲစားများက မြို့အရောက်၊ ကျေးရွာအရောက် စုဆောင်းဝယ်ယူကြပြီး မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ မြစ်ကြီးနား စသည့်မြို့ကြီးများသို့ တင်ပို့ရောင်းချကြသည်။ တညင်းသီးသည် ခူးဆွတ်ချိန် ဒေသပေါက်ဈေး အလုံး တစ်ရာ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်ရှိပြီး ရာသီကုန်ချိန်တွင် အလုံးတစ်ရာ ၆၀၀၀ ကျပ် မှ ၇၀၀၀ ကျပ်အထိ ဈေးကောင်းရသောသီးနှံဖြစ်သည်။ တညင်းသီးပင်သည် သက်တမ်းရင့် အပင်ကြီးမျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ ငါးနှစ်တွင် ပန်းပွင့်ပြကာ ခြောက်နှစ်၊ ခုနှစ်နှစ်တွင် စတင်သီးသည်။ ၁၅ နှစ် သက်တမ်းရှိ တစ်ပင်လျှင် အလုံးရေ ၅၀၀ မှ ၁၀၀၀ ကြား သီးသည်။

          ရေ၊ မြေ ရာသီဥတုအရ ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကွက်ကိုတင်ပို့ရောင်းချနေသော တညင်းသီး သီးနှံသည် ကသာခရိုင်တွင် စိုက်ဧက မည်မျှရှိသနည်းဟုမေးလျှင် ကျေးရွာအိမ်ခြံစည်းရိုး၊ ယာခြံစည်းရိုး များတွင် စိုက်ပျိုးထားသောအပင်များကို ရေတွက်ပြီး စိုက်ဧကဖွဲ့ တွက်ယူမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်တောင်သူမှ သတ်သတ်မှတ်မှတ်ဖြစ်စေ၊ ရောနှော၍ဖြစ်စေ ဥယျာဉ်ခြံများဖြင့် စိုက်ပျိုးထားခြင်း မရှိသောကြောင့် ဖြစ်သည်။

လေခြူသီး(ခေါ်)လောင်ဂန်သီး(ခေါ်)စစ်ကိုင်းသီး(ခေါ်)ဒေသခေါ်နှင်းသီး

          အဆိုပါအသီးသည် ဒေသအလိုက် အမျိုးမျိုးခေါ်ကြသည်။ အငြင်းအခုံလည်းဖြစ်ကြသည်။ ကသာခရိုင်ဒေသများတွင် နှင်းသီးဟုသာခေါ်သည်။ နှင်းသီးပင်သည် တစ်နှစ်ပတ်လုံး စိမ်းစိုနေသော အရွတ်များရှိသောကြောင့် အေးမြသောအရိပ်ကိုရစေပြီး ဈေးကွက်ဝင်လူကြိုက်များသော အသီး ဖြစ်သည့်အတွက် စီးပွားဖြစ်စနစ်တကျ စိုက်ပျိုးသင့်သည်။ ကသာခရိုင် မြို့နယ်များတွင် နေအိမ် ခြံစည်းရိုး၊ ယာခင်းစည်းရိုးများတွင် စိုက်ပျိုးကြသည်ကို တွေ့ရသည်။

          နှင်းသီးသည် နှစ်စဉ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလတွင် ဖူးပွင့်ကြပြီး ဇူလိုင်လတွင် လှိုင်လှိုင်ပေါ် သည်။ နယ်ကုန်သည်များ စုဆောင်းဝယ်ယူကြပြီး မန္တလေးအဝယ်ဒိုင်သို့ တင်ပို့ကြသည်။ ပြည်တွင်း စားသုံးမှုမြင့်မားသကဲ့သို့ တရုတ်ဝယ်လက်များကလည်း အလုံးအရင်းဖြင့် ဝယ်ယူကြသည့်ဟု ကုန်သည်များထံက သိရသည်။ သီးနှံပေါ်ချိန် ဒေသပေါက်ဈေး တစ်ပိဿာ ၅၀၀ ကျပ် မှ ၈၀၀ ကျပ်ရှိသည်။ အရွယ်ရောက်ပြီး နှင်းသီးပင်တစ်ပင်သည် ပိဿာချိန် ၈၀ မှ ၁၀၀ အထိ သီးသည်။ နှင်းသီးတစ်ပင်မှ နှစ်စဉ်လေးသောင်းမှ ရှစ်သောင်းကျပ်အထိ ဝင်ငွေရကြသည်။

          လိုင်ချီးသီး၊ ဒေသခေါ်တရုတ်နှင်းသီး

          ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် လိုင်ချီးသီး (ဒေသခေါ်)တရုတ်နှင်းသီး ဖြစ်ထွန်း အောင်မြင်သည်။ အနံ့အရသာကောင်းမွန်ပြီး အဟာရဓာတ်ကြွယ်ဝသောကြောင့် လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြပြီး ဈေးကွက်တွင် ဈေးကောင်းရ ရောင်းပန်းလှသော သီးနှံဖြစ်သည်။

          နှစ်စဉ် အောက်တိုဘာလ နိုဝင်ဘာလများတွင် ဖူးပွင့်ကြပြီး ဧပြီလ၊ မေလတွင် ရင့်မှည့်ကာ ခူးဆွတ်ကြသည်။ ဒေသတွင်း စားသုံးမှုများသလို မန္တလေးဈေးကွက်များသို့ တင်ပို့မှုများသောကြောင့် ရာသီပေါ်ချိန်မှ ကုန်ဆုံးသည်အထိ ရောင်းအားကောင်းသောသီးနှံဖြစ်သည်။ အရွယ်ရောက်ပြီး တရုတ် နှင်းသီးပင်သည် ပိဿာချိန် ၈၀ မှ ၁၀၀ ကြားသီးပြီး ဒေသပေါက်ဈေး တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ဈေးကောင်းရသည်။ ကသာခရိုင်အတွင်း ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကောင်းရသော တရုတ် နှင်းသီးအား ဥယျာဉ်ခြံများဖြင့် စိုက်ပျိုးခြင်းမရှိဘဲ မိသားစုအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြသည်။

          မျှစ်

          ကသာခရိုင် မိုးသစ်တောကြီးများ ဖုံးလွှမ်းမှုကြီးမားသလို သစ်တောထွက်ပစ္စည်းများသည် အလျှံပယ်ထွက်သည်။ မိုးဦးကျ မေလ၊ ဇွန်လမှစ၍ ကျေးလက်နေတောင်သူများ သစ်တောတွင်း အလေ့ကျပေါက်သော မျှစ်များအား ချိုးယူ၍ ရောင်းချကြသည်။ မျှစ်ကုန်သည်များမှ ကားလမ်းဘေး အဝယ်ဒိုင်များဖွင့်ကာ စုဆောင်းဝယ်ယူကြပြီး ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ မုံရွာ မြို့ကြီးများသို့ တင်ပို့ ရောင်းချကြသည်။ မျှစ်ရာသီပေါ်စ တစ်ပိဿာ ၁၀၀၀ ကျပ်၊ မျှစ်လှိုင်လှိုင်ပေါ်ချိန် ဇွန်လ၊ ဩဂုတ်လ များတွင် မျှစ်တစ်ပိဿာ ၅၀၀ ကျပ်၊ ရာသီကုန်ချိန် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် တစ်ပိဿာ ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်ထိ အရောင်းအဝယ်ရှိသည်။ မျှစ်ရာသီအစမှ ရာသီကုန်သည်အထိ ကသာခရိုင် မှ မြို့ကြီးများသို့ မျှစ်ပိဿာချိန် လေးသောင်းကျော် တင်ပို့မှုရှိကြောင်း မျှစ်ကုန်သည်များထံက သိရသည်။

          မျှစ်ကို မျှစ်စို၊ မျှစ်ခြောက်၊ မျှစ်ပြုတ်၊ မျှစ်ချဉ်၊ မျှစ်မီးဖုတ်၊ မျှစ်ဆားရည်စိမ် စသည့်ဖြင့် အမျိုးမျိုး လုပ်စားကြသည်။ ဈေးကွက်တွင် စားသုံးမှုမြင့်မားပြီး ဈေးကွက်ဝယ်လိုအား ကောင်းသောမျှစ်ကို ကျေးလက်နေတောင်သူများအနေဖြင့် ဝါးစိုက်ခင်းကြီးများ ထူထောင်၍ ပိုမိုထုတ်လုပ်ရန် စီစဉ်နေသူများ ရှိကြောင်းသိရသည်။

          နာနတ်သီး

          ကသာခရိုင်ထွက် နာနတ်သီးသည် အရွယ်အစားကြီးမားပြီး အော်ဂဲနစ်သဘာဝမြေဩဇာဖြင့် စိုက်ပျိုးခြင်း၊ အရသာချိုမြခြင်းတို့ကြောင့် ဈေးကွက်ဝယ်လိုအားကောင်းသော သီးနှံဖြစ်သည်။ ခရိုင် အတွင်း နာနတ်သီးစိုက်ဧက (၇၁၄)ဧကကျော်ရှိပြီး မြစ်ကြီးနား၊ ရန်ကုန် ဗျူဟာကားလမ်းမကြီး ဘေးဝဲယာတွင် စိုက်ကြသည်။ ဖေဖော်ဝါရီလ၊ မတ်လတွင် စတင်စိုက်ပျိုးကြပြီး ဇူလိုင်လမှ စက်တင်ဘာလထိ ခူးဆွတ်ကြသည်။ နာနတ်သီးတောင်သူများသည် စိုက်ခင်းကားလမ်းဘေးများတွင် အရောင်းဆိုင်ဖွင့်ပြီး ဒေသထွက်ကုန် လက်ဆောင်အဖြစ်လည်းကောင်း၊ ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ မုံရွာ ကုန်စည်ဒိုင်များသို့ လည်းကောင်း တင်ပို့ရောင်းချကြသည်။ အရွယ်တော်နာနတ်သီး ဒေသပေါက်ဈေး တစ်လုံး ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးရောင်းချရကြောင်း၊ အလေအလွင့်အသီးများအား နာနတ်သီးယို၊ နာနတ်ဝိုင် ပြုလုပ်ရောင်းချကြောင်းနှင့် နာနတ်သီးသီးနှံသည် အလေအလွင့်နည်းပါးပြီး အကျိုးအမြတ် များစွာရရှိကြောင်း သိရသည်။

          ဖော်ပြပါ သီးနှံများထဲတွင် နာနတ်သီးသီးနှံမှလွှဲ၍ ကျန်စားပင်များမှာ ခြံစည်းရိုးထွက်သီးနှံများ ဖြစ်သည်။ အပင်အရေအတွက်နှင့် ဧကဝင်ဆန့်မှုတွက်ချက်ပြီး ခရိုင်တွင်း စိုက်ပျိုးဧက မည်မျှရှိသည်ကို ခန့်မှန်းတွက်ယူရပေသည်။ စိုက်ဧက တိတိကျကျစာရင်းမရရှိပေ။ လက်ကြီးကုန်သည်များအနေဖြင့် စိုက်ဧကနှင့် အထွက်နှုန်း၊ ဈေးကွက်ဝယ်လိုအားတွက်ချက်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသောကြောင့် စီးပွားရေးလောကတွင် စာရင်းဇယားသည်အဓိကကျသည်။ ထို့ကြောင့် စားသုံးမှုမြင့်မားပြီး ဈေးကောင်းလည်းရ ဈေးကွက်လည်းကျယ်ပြန့်သည့် ဒေသထွက်စားပင်များအား မိသားစုဝင်ငွေ ပိုမိုရရှိရေးအတွက် ဥယျာဉ်ခြံများဖြင့် စိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီးသည် ဇူလိုင်လ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော မုံရွာခရိုင်တွင် စပါးဈေး အနည်းငယ်ဈေးတတ်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါ သည်။

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ပါ တစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀လျှင် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်လျှင်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်  မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

             ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာ ကျပ် ၃၂၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန် တစ်အိတ်လျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

              မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၈၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

              ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၃၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၈၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ(ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၃၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၁၃၀၀) အိတ်၊ တန်အားဖြင့် (၅၅၆၅) စီးထွက်ခဲ့ပြီး၊ ယခု ဇူလိုင်လ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၄၉၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၇၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၇၉၀၀) အိတ်၊ တန်အားဖြင့် (၅၃၉၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၄၀၀) တန်အားဖြင့် (၁၇၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာ၏ ဒေသထွက်ကုန် ဂျုံရိုးဦးထုပ်အကြောင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် စိုက်ပျိုးမြေ (  ၂၅၂၇၅၉) ဧက ရှိပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့နယ်တစ်ခုဖြစ်ပါသည်။

       အဆိုပါ ဝက်လက်မြို့နယ်အတွင်းရှိ ပင်းဇင်းကျေးရွာတွင် အိမ်ခြေ (၅၇၆)အိမ်၊ လူဦးရေ (၂၆၀၆)လုံး ၊  အိမ်ထောင်စု (၆၂၀)ရှိပြီး ဘုန်းတော်ကြီး ကျောင်း(၃) ကျောင်း၊ အခြေခံပညာအလယ်တန်း(၁)ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရှိ၍ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေး ထွန်းကားသော ရွာလေးတစ်ရွာ ဖြစ်ပါသည်။ ၎င်းပင်းဇင်းရွာလေးသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး အပူပိုင်းဒေသလည်းဖြစ်သဖြင့် တောင်သူဦးကြီးများ၊ ကောက်စိုက်သမများနှင့် အခြားသော လုပ်သားများသည် ပေါ့ပါး၍အပူဒဏ်ခံနိုင်ပြီး အကြမ်းလည်းခံသည့်ဦးထုပ်များကို ဝယ်ယူသုံးစွဲကြရာ ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာတွင် ရက်လုပ်ရောင်းချသည့် ဂျုံရိုးဦးထုပ်များသည်လည်း အပါအဝင်ဖြစ်သည့်အပြင် အများဆုံးအသုံးပြုကြ၍ လူသိများပြီး ဈေးကွက်တွင်နာမည်ကြီးလှ ပါသည်။ ပင်းဇင်းကျေးရွာတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဂျုံရိုးဦးထုပ်ထိုးသည့်လုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကလေး၊ လူကြီးပါမကျန် ဂျုံရိုးကိုရေစိုဝတ်နှင့်ပတ်ပြီး ချိုင်းကြားမှာညှပ်ကာ အိမ်အလည်သွားရင်း၊ စကားပြောရင်း၊ လမ်းလျှောက်ရင်း ဂျုံရိုးထိုးကြပါသည်။

ကုန်ကြမ်းရရှိမှုအခြေအနေ

           ဂျုံရိုးဦးထုပ်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဂျုံရိုးကိုအဓိကအသုံးပြုရပြီး ပင်းဇင်းကျေးရွာတွင် ဂျုံစိုက်ပျိုးခြင်း မရှိသော်လည်း  ဝက်လက်မြိုနယ် မြင်တော်ရွာ၊ စွယ်ကွေ့ရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်းရွာနှင့် စစ်ကိုင်းမြို့နယ် သာဇဉ်ရွာ၊ ဆွမ်းချက်ရွာများတွင် သွားရောက်၍ ဝယ်ယူထား ရပါသည်။ တပေါင်းလတွင် ဂျုံစတင်ပေါ်ပြီး ယခင်နှစ်ကဂျုံရိုးအခြောက် (၁)ပိဿာလျှင် (၆၀၀ဝိ/)မှ (၇၀၀ဝိ/-) ပေးဝယ်ရကြောင်း သိရှိရပါသည်။ ဂျုံရိုးခြောက်ကိုကြက်ဖတံဆိပ် ပီနံအိတ်ကြီးများထဲတွင် ထည့်၍ချုပ်ရပြီး မိုးလုံ/ လေလုံအောင် သိမ်းဆည်းထားရကြောင်းနှင့် ကုန်ကြမ်းပစ္စည်းကို (၁)နှစ်၊ (၂)နှစ် စာကြို၍ ဝယ်ယူသိုလှောင်ထားကြကြောင်း သိရပါသည်။

ဂျုံရိုးဦးထုပ်ပြုလုပ်ပုံအဆင့်ဆင့်

          ဂျုံရိုးဦးထုပ်ပြုလုပ်ရာတွင် ဂျုံရိုးကိုကျစ်လစ်အောင် ရေဆွတ်ကျစ်ရပြီး (၇)ပင်၊(၈)ပင်၊(၉)ပင် စသည်ဖြင့် အမျိုးမျိုးကျစ်ကြပါသည်။ ဂျုံရိုးဦးထုပ်(၁) လုံးရရန် ကျစ်ပြီးသား ဂျုံရိုးအတောင်ရေ(၄၅) တောင်ရအောင် ထိုးရပါသည်။ ဂျုံရိုး(၁) ပိဿာထိုးလျှင် ဦးထုပ် (၁၂)လုံးရကြောင်း သိရှိရပါသည်။ ဂျုံရိုးဦးထုပ်(၁)လုံးထိုးလျှင် ဂျုံရိုးထိုးခ(၅၀ဝိ/-)ရကြောင်း၊ တစ်ယောက်လျှင် တစ်ရက်ကို(၂)လုံးကျော် ထိုးနိုင်ပြီး သွက်သွက်လက်လက်ထိုးနိုင်ပါက (၃)လုံးထိ ထိုးနိုင်ကြောင်း သိရှိရပါသည်။ ရရှိလာသော ဂျုံကြိုးခွေများကို တာရှည်ခံပြီး နူးညံ့ပျော့ပျောင်းလာစေရန် တရုတ်နိုင်ငံထုတ် ချွတ်ဆေးရည်နှင့် အချိန်(၂၄) နာရီကြာအောင် စဉ့်အိုးထဲတွင်စိမ်ထားရပြီး အပ်ချုပ်ကောင်းအောင် နေရောင်တွင် နေဖန့်ရုံ ပြရပါသည်။ ထိုးပြီးသာဂျုံရိုးများကို ဒလိမ့်တုန်းနှင်လှိမ့်ပါက ပိုမိုကျစ်လစ်သေသပ်လှပသော ဂျုံကြိုးခွေများ ရရှိပါသည်။ ဒလိမ့်တုန်းနှင့်လှိမ့်ပြီးပါက ဦးထုပ်ရရန်စက်ဖြင့် ချုပ်ရကြောင်း၊ အပ်ချုပ်ဆရာ၏ လက်ပေါ်မူတည်ပြီး အရွယ်အစား၊ ဒီဇိုင်းများသည် ပုံစံအမျိုးမျိုးရကြောင်း သိရရှိပါသည်။ ပင်းဇင်းကျေးရွာတွင် ဦးထုပ်ချုပ်သည့်စက်ချုပ်ဆိုင်(၁၀)လုံးရှိပြီး ၎င်းစက်ချုပ်ဆိုင်များမှ ဂျုံရိုးဦးထုပ် ဒိုင်အဖြစ် လုပ်ကိုင်ကြပြီး ဂျုံရိုးထိုးသူများအနေဖြင့် ဒိုင်ထံမှ ဂျုံရိုးများကိုလက်ခယူထိုးကြပါသည်။ တစ်ရက်လျှင် စက်ချုပ်ဆိုင်(၁)လုံးမှာ အလုံးရေ (၆၀) ကျော်ချုပ်နိုင်ကြောင်း၊  ပင်းဇင်းတစ်ရွာလုံး အနေဖြင့် ခြုံငုံကြည့်ပါက ပျမ်းမျှ တစ်ရက်လျှင် ဦးထုပ်အလုံးရေ (၆၀၀ ကျော်မှ ၉၀၀)ခန့်ထိ ချုပ်နိုင်ကြောင်း သိရှိရပါသည်။ ဦးထုပ်တစ်လုံးလျှင် ခွေလှိမ့်ခ(၃၀၀) နှင့် စက်ချုပ်ခ (၅၀၀)ထိ ဈေးနှုန်းရှိကြောင်း၊ ဂျုံရိုးဖြင့် ဦးထုပ်အပြင် ရေနွေးဓါတ်ဘူးအစွပ်များ၊ အခင်းများပြုလုပ် ရောင်းချကြကြောင်း သိရှိရပါသည်။

ဈေးနှုန်းဈေးကွက်အခြေအနေနှင့်တွက်ခြေကိုက်ညီမှု

           ဂျုံရိုးဦးထုပ်များကို မန္တလေးနှင့် ရွှေဘိုမြို့များသို့အဓိကထားပို့ရပြီး အခြားမြို့များသို့လည်း အလုံးရေပေါင်းများစွာ တင်ပို့ရောင်းချရပါသည်။ ပြန်လည်ရောင်းချသည့်ဆိုင်များသို့  လက်ကားရောင်းဈေးမှာ တစ်လုံးလျှင်(၂၀၀ဝိ/-)နှင့် (၂၁၀ဝိ/-)ရှိပြီး အိမ်သို့လာရောက်ဝယ်ယူပါက တစ်လုံးလျှင် လက်လီရောင်းဈေးမှာ ၂၅၀ဝိ/-ရကြောင်း သိရှိရပါသည်။ စက်ချုပ်ဆိုင်ရှိသည့် ဂျုံရိုးဦးထုပ်ဒိုင် တစ်ဦးအနေဖြင့် တစ်ရက်လျှင် ဦးထုပ်အလုံးရေ(၆၀)ချုပ်နိုင်ပါက တစ်ရက်လျှင် လက်ကား အကျိုးအမြတ် (၇၀၀ဝိ/-)မှ (၁၃၀၀ဝိ/-)ထိရှိပြီး လက်လီအကျိုးအမြတ် (၁၉၀၀ဝိ/-)ရှိကြောင်း သိရှိရ ပါသည်။

အကျိုးကျေးဇူး

          ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ မိရိုးဖလာလုပ်ငန်းစုတစ်ခုဖြစ်သည့် ဂျုံရိုးဦးထုပ် ရက်လုပ်ရောင်းချခြင်းလုပ်ငန်းသည် ဂျုံရိုးချုပ်သည့်ဒိုင်များသာမက ဂျုံရိုးထိုးသည့် လုပ်သားများ၊ လက်လီ၊ လက်ကားရောင်းချသူများလည်း မိသားစုဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိ၍  စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့်အပြင် ဂျုံရိုးဦးထုပ်ဆောင်းခြင်းဖြင့် နေပူဒဏ်ခံနိုင်ခြင်း၊ ပေါ့ပါးခြင်း၊ အေးမြခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း