Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုဂံဒေသ မြန်မာတို့၏ ယဉ်ကျေးမှုပြယုတ် ယွန်းကနုတ်ဝတ်စုံများအကြောင်းလေ့လာတင်ပြခြင်း

           ယွန်းထည်လုပ်ငန်းအတတ်ပညာသည် မြန်မာ့ရိုးရာလက်မှုအနုပညာဖြစ်သည့် ပန်း(၁၀)မျိုးတွင် ပန်းယွန်းအဖြစ်ပါဝင်ပါသည်။ မြန်မာ့ရိုးရာ ယွန်းထည်ပြုလုပ်မှုအတတ်ပညာသည် ပုဂံခေတ်မှ စတင်ခဲ့ကြောင်းကို ပုဂံမြို့ဟောင်း မင်းနံသူရွာအနီး လေးမျက်နှာဘုရားကျောင်းဝန်းအတွင်း မြေများတူးဖော်ပြုပြင်ရာမှ တွေ့ရှိခဲ့သော ၁၂ ရာစုခေတ်လက်ရာဟု ခန့်မှန်းရသည့် ယဉ်ကျေးမှုလက်ရာဖြစ်သော ရှေးဟောင်းယွန်းရေခွက်များက သက်သေခံလျက်ရှိကြောင်း လေ့လာမှုများအရ သိရှိရပါသည်။ ထိုယွန်းခွက်အပိုင်းအစများကို ပုဂံမြို့ယွန်းပညာကောလိပ်ရှိ ယွန်းပြတိုက်တွင် ခင်းကျင်းပြသထားသည်ဟု သိရပါသည်။ မြန်မာ့ရိုးရာယွန်းထည်ပြုလုပ်သုံးစွဲမှုကို လေ့လာမည်ဆိုပါက ပုဂံခေတ်မှသည် အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တည်ရှိခဲ့ပြီး ယနေ့မျက်မှောက်ခေတ်တိုင်အောင် ရိုးရာမပျက် ဆက်လက် လက်ဆင့်ကမ်း လုပ်ကိုင်ကြသည့် ယဉ်ကျေးမှုအမွေအနှစ်များထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်းကို တွေ့ရှိရပါသည်။

          မြန်မာ့ရိုးရာ ယွန်းထည်လက်မှုလုပ်ငန်းကို လူ့အသုံးအဆောင်ပစ္စည်းများတွင်သာ ပုံဖော်ထုတ်လုပ်သုံးစွဲသည်သာမက ယနေ့မျက်မှောက်ခေတ်တွင် မြန်မာ့ယွန်းထည်နှင့်ပေါင်းစပ်ကာ ယွန်းဝတ်စုံဒီဇိုင်းများဖြင့် ယွန်းဝတ်စုံများကို Ever Stand ယွန်းထည်မိသားစုမှ တီထွင်ဖန်တီး   ထုတ်လုပ် ရောင်းဝယ်လျက်ရှိပါသည်။ Ever Stand ယွန်းထည်မိသားစုမှ ၂၀၁၆ ခုနှစ်တွင် စတင်၍ လူကြီး၊ လူငယ်များ၏ ခေတ်ရေစီးကြောင်းတွင် မြန်မာမှုယွန်းအလှဆင်ဝတ်စုံကို ဖက်ရှင်တစ်ခုအနေဖြင့် ဂုဏ်ယူစွာ အသုံးပြုလာနိုင်စေရန်နှင့် မြန်မာ့ယွန်းထည်ကို မြတ်နိုးတန်ဖိုးထား၍ တင့်တင့်တယ်တယ် ဝတ်ဆင်အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်တို့ဖြင့် အကောင်အထည်ဖော်ချုပ်လုပ်ဖန်တီးခဲ့ကြောင်း သိရှိရပါ သည်။

          မြန်မာ့ယွန်းထည်ဝတ်စုံကို ယွန်းပညာနှင့် ဒီဇိုင်နာပညာရှင်တို့ ပေါင်းစပ်ကာ ဝတ်စုံတစ်ထည်အတွက် အချိန်(၃)လမှ(၆)လထိ အချိန်ယူဆောင်ရွက်ရပါသည်။ ယွန်းပြား၊ ယွန်းလုံး၊ ယွန်းကြယ်သီး၊ ကနုတ်လိုင်းပုံဖော်ဆွဲရေးခြင်းများနှင့်ပေါင်းစပ်ကာ ဆံဖျားမှခြေဆုံးထိ ဒီဇိုင်းများ ပုံဖော်ဖန်တီးရကြောင်း Ever Stand ယွန်းထည်လုပ်ငန်းမိသားစု ဖန်တီးရှင်မမာလာမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ပထမဆုံးစတင်ဖန်တီးခဲ့သော ဝတ်စုံအနေဖြင့် ယွန်းလုံးတန်ဖိုး တစ်လုံး(၁၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်ထိ တန်ဖိုးရှိ ယွန်းလုံးရေ(၄၀၀)ကျော် အသုံးပြုထုတ်လုပ်ထားပြီး ဝတ်စုံတစ်စုံအတွက် တန်ဖိုးအနေဖြင့် (၃၀၀၀၀၀)ကျပ်ခန့် ရှိကြောင်း သိရပါသည်။

         ပုဂံဒေသထွက် ယွန်းထည်ဝတ်စုံအနေဖြင့် ယွန်းထည်ပါဝင်အသုံးပြုထားမှု၊ ဒီဇိုင်း၊ ကာလာ၊ ကနုတ်မျိုးစုံရှိသည့်အတွက် အသုံးပြုမှုပေါ်မှုတည်၍ ဈေးနှုန်းများကွဲလွဲမှု ရှိပါသည်။ မြန်မာ့ယွန်းထည် ပွဲတက်ဝတ်စုံ တစ်စုံ၏ တန်ဖိုးအနေဖြင့် ကျပ်(၃၀၀၀၀၀)မှ ကျပ်(၅၀၀၀၀၀) ကျော်ထိ ဈေးအမျိုးမျိုးရှိကြောင်း၊မိမိသုံးစွဲအသုံးပြုလိုသော ယွန်းထည်နှင့်ဝတ်စုံဒီဇိုင်းပေါ်မှုတည်၍ တန်ဖိုး အနည်းအများရှိကြောင်းသိရပါသည်။

          Ever stand ယွန်းထည်လုပ်ငန်းမိသားစုမှ ထုတ်လုပ်သော မြန်မာမှု ယွန်းဝတ်စုံများကို မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘွဲ့နှင်းသဘင်ပွဲ၊ အထိမ်းအမှတ်ပွဲများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အမှတ်တရ Photo ရိုက်ကူးရာတို့အတွက် အသုံးပြုဝတ်ဆင်ကြရန်နှင့် ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ တောင်ကြီးမြို့များမှလည်း မှာယူ၍ ဝတ်ဆင်ကြကြောင်းသိရှိရပါသည်။ ထုတ်လုပ်သူကိုယ်တိုင် ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့တွင် မြန်မာမှုယွန်းဝတ်စုံဖြင့် နိုင်ငံတကာပွဲများတွင် ဝတ်ဆင်တက်ရောက်ခဲ့ပြီး ယခုထိယွန်းဝတ်စုံပေါင်း (၁၅)စုံ ချုပ်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရ ပါသည်။

          လူငယ်များ၏ ခေတ်ရေစီးကြောင်းတွင် နိုင်ငံခြားမှဝင်ရောက်သည့် ဖန်စီအလှအပအသုံး အဆောင်ပစ္စည်းများကို သုံးစွဲမည့်အစား မြန်မာ့လက်မှု ယွန်းထည်ပစ္စည်းများကို အသုံးပြုကာ   ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပနိုင်ငံများထိ ထိုးဖောက်၍ တင့်တင့်တယ်တယ်ဖြင့် ကျက်သရေ ရှိလှစွာသော ယွန်းဝတ်စုံများဖြင့် ဂုဏ်ယူနိုင်စေရန်နှင့် ပုဂံဒေသထွက် ယွန်းထည်များကို အဆင့်တန်းမီ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တီထွင်ဖန်တီးထုတ်လုပ်ပြသနိုင်ရန်အတွက် မြန်မာ့ယွန်းဖက်ရှင်ဝတ်စုံ Collection အနေဖြင့် Ever Stand ယွန်းထည်လုပ်ငန်းမိသားစုမှ တီထွင်ဖန်တီး ထုတ်လုပ်လျက်ရှိပါ၍ ပွဲတက်ဝတ်စုံ၊ ရိုးရာယဉ်ကျေးမှုဝတ်စုံ၊ အမှတ်တရဝတ်စုံများအဖြစ် မှာယူအသုံးပြုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘိလပ်မြေဈေးနှုန်းဈေးကွက်

        စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အရှေ့ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များ၏ ဘိလပ်မြေဈေးနှုန်းများအား နေ့စဉ်စုံစမ်းစိစစ်ကြပ်မတ်၍ ဈေးနှုန်းများကောက်ယူပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့ တင်ပြလျက်ရှိပါသည်။

          အဓိကထား၍ ကောက်ယူနေသော အရှေ့ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်(၃) ဆိုင် ၏ (၂.၂.၂၀၂၂) ရက်နေ့ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် (နီ) တစ်အိတ် ၉၀၀ဝိ/-၊ ထိုင်းဆင်တစ်အိတ် 1000ဝိ/- ၊ Crown တစ်အိတ် 910ဝိ/-၊ Alpha တစ်အိတ် ၉3၀ဝိ/- ဖြစ်ပြီး (8.2.2022) ရက်နေ့ဈေး နှုန်းများမှာ ကြံ့နှစ်ကောင်(နီ)တစ်အိတ် 910ဝိ/- ၊ ထိုင်းဆင်တစ်အိတ် 995ဝိ/- ၊Crown တစ်အိတ် 920ဝိ/-၊ Alpha တစ်အိတ် ၉၂၀ဝိ/-၊ ယခုရောက်ရှိလာသော Apacheတစ်အိတ် 89၀ဝိ/- ရောင်းချနေ၍ ဖေဖော်ဝါရီလ ပထမပတ်နှင့် ဒုတိယပတ်ဈေးကွာဟမှုကြီးကြီးမားမားမရှိခြင်းကို စီစစ်တွေ့ရှိရပြီး၊ ယခုဒုတိယပတ်တွင်ဆိုင်များသို့ ဘိလပ်မြေအိတ်များ အတန်အသင့်ဝင်ရောက်လာ‌ကြောင်း စုံစမ်းစီစစ်သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရေမြင့်လျှင်ကြာမြင့်သည့်သကြားဈေးကွက်အခြေအနေ

          မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားသောကြံစိုက်ပျိုးထွက်ရှိရာဒေသများမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်နောက်ပိုင်းတွင် စတင်၍ မန္တလေးဈေးကွက်သို့ သကာရည် (ခေါ်) ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် မန္တလေးမြို့ရှိ သကြားနှင့်သကာရည် ဈေးကွက်တို့မှာလည်း အတက်အကျများစွာဖြင့် ရောင်းဝယ်လျက် ရှိပါသည်။ ၂၀၂၀ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာခြင်းကြောင့် သကြားအသုံးပြု ထုတ်လုပ်သည့် စားသောက်ကုန်နှင့်မုန့်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ယိုစုံလုပ်ငန်းများနှင့် ဖျော်ရည်လုပ်ငန်းများ အခိုက်အတံ့ ရပ်နားခဲ့ရပါသည်။ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ စတုတ္ထအပတ်မှစ၍ သကြားဈေးများကျဆင်းခဲ့ပြီး ဈေးကွက်တွင် ခါသကြား၁ပိဿာလျှင် ၈၀၀-၈၂၀ကျပ်၊ ပေါင်းသကြား၁ပိဿာလျှင် ၈၈၀-၉၀၀ကျပ်ဖြင့်သာရောင်းဝယ်နိုင်ခဲ့ပြီး၊ ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် ခါသကြား၁ပိဿာလျှင် ၁၇၃၀-၁၇၅၀ကျပ်၊ ပေါင်းသကြား ၁ပိဿာလျှင် ၁၈၅၀-၁၉၀၀ကျပ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးမြို့ရှိ သကြားနှင့် သကာရည်ဒိုင်မှ သိရှိရပါသည်။ ထိုကဲသို့ မြင့်တက်ရခြင်းအကြောင်းမှာ ၂၀၂၀ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် သကြားနှင့်သကာရည်တို့ဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများ ခေတ္တရပ်နားခဲ့ရခြင်းကြောင့်  ကြံစိုက်တောင်သူများ အရှုံးပေါ်ခဲ့ခြင်းနှင့် ၂၀၂၁ခုနှစ်တွင် ကြံစိုက်တောင်သူများသည် ကြံစိုက်ပျိုးမည့်အစား မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများအား အစားထိုး စိုက်ပျိုးလာခြင်းကြောင့် ယခင်နှစ်များထက် ကြံအထွက်နှုန်းနည်းပါးလာပါသည်။ ကြံထွက်နည်းပါးခြင်းကြောင့် ယခုနှစ်တွင်  ကြံတစ်တန်လျှင် ၆၅၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး၊ အလုပ်သမားခနှင့် သယ်ယူစရိတ်မြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ ခါသကြား၁ပိဿာလျှင် ၁၇၀၀-၁၇၅၀ကျပ်၊ ပေါင်းသကြား၁ပိဿာလျှင် ၁၉၇၀-၂၀၀၀ကျပ်နှင့် သကာရည်၁ပိဿာလျှင် ၁၄၇၀-၁၄၉၀ကျပ်ထိ မြင့်တက်လာကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ကြံထုတ်ကုန်ဖြစ်သော သကြားခွေများကို ထိုင်းနိုင်ငံသို့ စတင်တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။ နောက်ပိုင်းတွင် ကြံမှတန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) ပိုမိုထုတ်လုပ်လာနိုင်ပြီး ပြည်ပဈေးကွက်တင်ပို့ရန် အလားလာကောင်းများရှိလာသဖြင့် ကြံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက်ယခုနှစ်တွင် စိုက်ဧကများပိုမိုတိုးတက်စိုက်ပျိုးကြကြောင်း သက်ဆိုင်ရာဌာနစာရများအရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

ဘားအံမြို့ရှိ အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော DENKO စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ကရင်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်သော ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၈.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ  အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိသော DENKO (ဘားအံ-၁)၊ DENKO (ဘားအံ-၂)၊   DENKO (သာမည) စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုအခြေအနေများ၊ အချင်အတွယ်ပြည့်ဝ မှန်ကန်မှုရှိစေရေးနှင့် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထို့သို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသော ကုန်စည်နှင့်ပတ်သက်၍ သတင်းအချက်အလက်များအား ပြည်သူများသို့ ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များဖြန့်ဝေပေးကြရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် အထူးဈေးနှုန်းဖြင့် ရောင်းချမည်ဆိုပါက စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာရောင်းချပေးကြရန် အသိပေးပြောကြားခဲ့ပြီး အချင်အတွယ်မှန်ကန်မှုရှိ/မရှိအား (၂၀)လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်

သနပ်ပင်မြိုနယ်တွင်း၌ သက်ငယ်နွေစပါးများ စတင်ထွက်ပေါ်

        ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း၌ နွေစပါး စိုက်ဧကများကို လျာထားချက်နှင့်အညီ စိုက်ပျိုးလျက်ရှိ ရာ မနောသုခ  (၁၅၆၄၃)ဧက ၊ ဆင်းသုခ (၁၀၈၁၃)ဧက ၊ ရက် ၉၀ (၂၉၇)ဧက ၊ သီးထပ်ရင် (၂၆၆၉)ဧက ၊ စုစုပေါင်း ၂၉၄၂၂ ဧက စိုက်ပျိုးထားရှိပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရက် ၉၀ သက်ငယ်နွေစပါးများသည် ထောင်မင်းကျေးရွာ၊ ကျိုက်ပနိုင် လေးကျေးရွာ၊ ကျိုက်ပနိုင်ကြီးကျေးရွာ၊ ဖိုးခိုင်လေးကျေးရွာ ၊ ဖိုးခိုင်ကြီးကျေးရွာ ၊ ကျိုက်မဲ ကျေးရွာ များတွင် ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရပြီး စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၉၀-၁၀၀-၁၁၀ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ နွေစပါးရိတ်ခြွေစက်ကျ စပါးအစိုတင်း (၁၀၀)ကို ဆန်စက်များအရောက် (၆၅၀၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူနေပါကြောင်းနှင့် သယ်ယူပို့ဆောင်ခအနေဖြင့် အနီးအဝေး အလိုက် စပါးတစ်တင်းလျှင် ကျပ် ၂၀၀-၃၀၀-၄၀၀ အထိရှိကြောင်း သိရှိရပြီး စိုက်ပျိုးထားသည့် နွေစပါးမျိုး သက်တမ်းများအလိုက် တစ်ဆက်တည်းပေါ်ပေါက် လာတော့မည် ဖြစ်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မြို့သစ်မြို့ပေါ်ရှိ စားသောက်ကုန်၊ လူသုံးကုန် လုပ်ငန်းရှင်များအား အသိပညာပေးကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံး၊ မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင် သည် တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်နှင့်အညီ မြို့သစ်မြို့နယ်မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း သတင်းအချက်အလက်ဖြန့်ဝေပေးခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြလာစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းကာ (၇.၂.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြို့သစ်မြို့ပေါ်ရှိ  အချိုရည်နှင့်အိမ်သုံးလျှပ်စစ်ပစ္စည်း ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် စျေးဆိုင်(၈) ဆိုင်တို့မှ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များသည် ယခုအခါတွင် အသက်ဝင်ပြီဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မိမိရောင်းချသည့်ကုန်စည်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူများ အလွယ်တကူ ဖတ်ရှုနားလည်နိုင်မှုမရှိ၍ မှားယွင်းစွာသုံးစွဲခဲ့ခြင်းကြောင့် နစ်နာမှုဖြစ်ပေါ်လာပါက ရောင်းချဖြန့်ဖြူး ထုတ်လုပ်သည့် လုပ်ငန်းရှင်မှ တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ မိမိရောင်းချသည့် ကုန်စည်အပေါ်တွင် စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းကြောင်း အာမခံမှုပေးရမည် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြော်ငြာချက် အမှတ(၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

           

 

ဘက်စုံစိုက်ပျိုးမွေးမြူခြင်းဖြင့် ဝင်ငွေများစွာရရှိလျက်ရှိသည့် “အောင်ခေတ်စံ”ကုမ္ပဏီ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စလင်းမြိုနယ်တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် အဖွဲ့သည် ပြည်တွင်းကုန်သွယ်မှု ကဏ္ဍာဖွံဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေး တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် (၇.၂.၂၀၂၂)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ၊ ရေကြည်အုပ်စု ၊ ဧရာဝတီမြစ်အတွင်းရှိ ဧက(၄၀၀)ကျော်ရှိသော ကြက်ဟင်းခါးကျွန်းကျေးရွာတွင် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လျက်ရှိသည့် “အောင်ခေတ်စံ” ကုမ္ပဏီ၏ လုပ်ငန်းရှင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ“အောင်ခေတ်စံ” ကုမ္ပဏီတွင် မွေးမြူရေးအနေဖြင့် ဒေသထွက်ခိုင်းနွားများကို မွေးမြူထုတ်လုပ်ကြောင်း၊ အဆိုပါ နွားမွေးမြူရေးခြံမှ မွေးမြူထားသော နွားအမျိုးအစားမှာ ‌ဒေသထွက်ရွှေနီ နိုင်ငံခြားစပ်မျိုးနွားများဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစ၍ နွားမအကောင်ရေ (၅၀)ကောင်နှင့် နွားထီးလိုက် (၅)ကောင်ဖြင့် စတင်မွေးမြူခဲ့ပြီး ၂၀၁၅ တွင် (၄၀၀)ကျော်နှင့် ၂၀၁၈ ခုနှစ်တွင် နွားအကောင်ရေ (၇၀၀)ခန့်ထိ တိုးပွားလာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ခိုင်းကျွဲ၊ နွားနှင့် သိုး၊ ဆိတ်တို့ကို အရှင်အတိုင်း ပြည်ပနိုင်ငံများသို့ တရားဝင် တင်ပို့ခွင့်ပြုခဲ့ရာ “အောင်ခေတ်စံ” နွားမွေးမြူ‌ရေး ကုမ္ပဏီမှ တရုတ်နိုင်ငံသို့ တစ်ခေါက်လျှင် နွားအကောင်ရေ (၁၀၀)ကောင်ဖြင့် (၃)ခေါက်၊ စုစုပေါင်း နွားကောင်ရေ (၃၀၀)ကောင် တင်ပို့ခဲ့ပြီး တိုင်းအတွင်း တောင်သူများသို့ ခိုင်းနွားမျိုးဖြန့်ဖြူးခြင်း ၊ နွား‌မွေးမြူရေးသမားများအား မွေးဖက်ပေးခြင်း ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိခြံအတွင်း (၃၅၀)ကောင်ခန့် ကျန်ရှိကြောင်း သိရှိပါသည်။ ၎င်းမွေးမြူရေးခြံတွင် နွားနေရန်နှင့် အစာသိုလှောင်ရန်အတွက် အဆောက်အဦး (၅)လုံးနှင့် လူနေအဆောက်အဦး (၂)လုံးရှိကြောင်း၊ ၎င်းပိုင်မြေ (၂၁၃)ဧကတွင် နွားစားကျက်(၁၀)ဧကနှင့်  သီးနှံစိုက်ပျိုးခြင်းမပြုမီ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။

          ခြံတွင်း အရွယ်ရောက်နွားမတစ်ကောင်လျှင် (၅)သိန်းမှ (၁၀)သိန်းနှင့် နွားထီးတစ်ကောင်လျှင် (၇)သိန်းမှ(၁၀)သိန်းထိ ရောင်းချရပြီး၊ မျိုးထိန်းနွားသိုး(၁)ကောင်လျှင် (၃၅)သိန်းအထိရှိသည့် စပ်မျိုးနွားထီး(၃)ကောင်ခန့်လည်း မွေးမြူထားကြောင်း၊ (၁)နှစ်လျှင် နွားအကောင်ရေ (၁၅၀-၁၈၀) ကောင် သားပေါက်ပါကြောင်း၊ နွားစာအဖြစ်  နေဗီယာမြက်  ၊ ကောက်ရိုး ၊ ပဲမှော် ၊ ဖွဲ့နုများ ကျွေးမွေးရပြီး နွားကျန်းမားရေးစောင့်ရှောက်မှုကို စလင်းမြို့နယ် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်လျှက်ပေးလျက်ရှိသည့်အပြင် သာမန်ရောဂါများအတွက် ၎င်းကိုယ်တိုင် ဆေးထိုး၊ ဆေးတိုက်ပြုလုပ်ကြောင်း၊ နွားမွေးမြူရေးခြံမှရရှိသော နွားချေးကို စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုသဖြင့် သွင်းအားစုကုန်ကျစရိတ် များစွာမရှိကြောင်း သိရှိရပါသည်။

      ကုမ္ပဏီအနေဖြင့် မွေးမြူရေးနှင့်စိုက်ပျိုးရေးကို တွဲဖက်လုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးမြေ (၂၁၃)ဧကပေါ်တွင် ယခုလက်ရှိ ဆောင်းသီးနှံများအဖြစ် ကြက်သွန်နီ  (၃၀)ဧက ၊ ကြက်သွန်ဖြူ (၁၀)ဧက ၊ အာလူး(၃၀)ဧက ၊ မတ်ပဲ(၅၀)ဧက ၊ စားတော်ပဲ (၁၅)ဧက ၊ ကုလားပဲ(၄၀)ဧက ၊ ပဲရင်း(၁၀)ဧက ၊ နွားစာအဖြစ် နေဗီယာမြက် (၁၀)ဧကစိုက်ပျိုးထားပြီး နွေနှမ်းနှင့် ပဲတီစိမ်းတို့အား စိုက်ပျိုးရန် စီစဉ်လျှက်ရှိကြောင်း သိရှိပါသည်။

          “အောင်ခေတ်စံ”မွေးမြူရေးနှင့်စိုက်ပျိုးရေးကုမ္ပဏီအနေဖြင့် နွားမွေးမြူရေးကို ကျယ်ကျယ် ပြန့်ပြန့်မွေးမြူသကဲ့သို့ စိုက်ပျိုးရေးတွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် နေ့စားလုပ်သား/ အမြဲတမ်းလုပ်သားများ ခန့်ထားဆောင်ရွက်လျက်ရှိရာ ဒေသခံကျား/မ လုပ်သား (၈၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျှက်ရှိသည့်အတွက် ၂၀၂၁ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့်  “မွေးမြူရေးဂုဏ်ထူးဆောင် ဆုတံဆိပ်”ကိုလည်း ရရှိခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးကာ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးခြင်းမှ ကာကွယ်ရာရောက်မည်ဖြစ်ပါကြောင်း ဗဟုသုတတိုးပွားရေးအတွက် ရေးသားဖော်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

 

 

 

 

ချောက်မြို့နယ်၊ ဆားတောင်ကျေးရွာ တောင်သူများ တွက်ခြေကိုက်သည့် ပဲစဉ်းငုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အကျိုးအမြတ်ရရှိမှု တွေ့ဆုံဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး) တို့သည် (၂.၂.၂၀၂၂)နေ့ နံနက်(၁၀:၃၀)တွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲစဉ်းငုံ (၇)ဧက စိုက်ပျိုးထားရှိသည့် ချောက်မြို့နယ်၊ ဆားတောင်အရှေ့ကျေးရွာမှ တောင်သူဦးဉာဏ်ရင်နှင့် သွားရောက်တွေ့ဆုံပြီး ယခုနှစ် ပဲစဉ်းငုံသီးနှံတစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အထွက်နှုန်းနှင့် တစ်ဧကအကျိုးအမြတ်ရရှိမှုတို့အား သွားရောက်ကွင်းဆင်း တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

          ချောက်မြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး ပူပြင်းခြောက်သွေ့မှုနှင့် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ပဲစဉ်းငုံသီးနှံကိုသာ အဓိကထားစိုက်ပျိုးသည့် မြို့နယ်ဖြစ်ပြီး ပဲစဉ်းငုံသီးနှံ (၂၄၀၇၀)ဧက စိုက်ပျိုးကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း မိုးရွာသွန်းမှု များခဲ့သည့်အတွက် အထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုနှစ်တွင် သွင်းအားစု ယူရီးယား၊ ကွန်ပေါင်း တို့မှာ ယခင်နှစ်ထက် နှစ်ဆခန့်ပေး၍ ဝယ်ယူခဲ့ရသည့်အတွက် သီးနှံမပေါ်မီတွင် ရင်တမမဖြင့် စိုးရိမ်စိတ်ဖြစ်မိသော်လည်း သီးနှံပေါ်ချိန်တွင် ဈေးမှာ (၃၆၀၀ဝိ/-)မှစ၍ တဖြေးဖြေး မြင့်တက်လာခဲ့သလို အထွက်နှုန်းမှာလည်း တစ်ဧကလျှင် ယခင်နှစ်အထွက်(၉)တင်းထက်ပိုခဲ့ပြီး (၁၂.၅) တင်းခန့်ရရှိသည့်အတွက် တောင်သူများ ပြုံးပျော်ရပါကြောင်း၊ စျေးနှုန်းမှာ ယခင်နှစ်က ပဲစဉ်းငုံ တစ်တင်း(၂၆၀၀၀)နှုန်း ရောင်းခဲ့ရပြီး ယခုနှစ်တွင် ပဲစဉ်းငုံတစ်တင်း (၄၁၅၀ဝ) ကျပ်ဖြင့် ရောင်းခဲ့ကြောင်း၊ ယခင်နှစ်က ပဲစဉ်းငုံသီးနှံတစ်ဧက စိုက်ပျိုးစရိတ် (၁၆၄၂၅၀/-)ခန့် ကုန်ကျပြီး တစ်ဧက အကျိုးအမြတ် (၆၉၇၅၀/-)ကျပ် ခန့်သာရရှိခဲ့သော်လည်း ယခုနှစ်တွင် သွင်းအားစု စျေးနှုန်းကြီးမြင့်ခဲ့သည့်အတွက် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်(၂၀၇၀၀၀/-) ခန့် ရှိခဲ့သော်လည်း ပဲစဉ်းငုံအထွက်နှုန်းကောင်းပြီး ရောင်းချရသည့်စျေးနှုန်းမှာ ယခင်နှစ်ထက် နှစ်ဆခန့် ရရှိ၍ ယခုနှစ် ပဲစဉ်းငုံ တစ်ဧက အကျိုးအမြတ်(၃၁၁၇၅ဝိ/-) ရရှိသဖြင့် ချောက်မြို့နယ်၊ ဆားတောင်ကျေးရွာမှ တောင်သူများအတွက် ပဲစဉ်းငုံသီးနှံသည် တွက်ခြေကိုက်၍ တောင်သူများ ပြုံးပျော်ရသည့် သီးနှံဖြစ်ပါကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆီးသီးအစို/အခြောက် အဝယ်ဒိုင်သို့ ကွင်းဆင်းဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဦးမျိုးဝင်းဦးဆောင်သော ချောက်မြို့နယ် တာဝန်ခံနှင့် အဖွဲ့သည် (၆.၂.၂၀၂၂) နေ့ (၁၀:၃၀) နာရီတွင် ချောက်မြို့နယ် ဂွေးပင်ကျေးရွာရှိ ဆီးသီးအစို/အခြောက် အဝယ်ဒိုင်သို့ သွားရောက်တွေ့ဆုံကွင်းဆင်း၍ ဆီးသီးအစို/ အခြောက် ဝယ်ယူရရှိမှု၊ ပြန်လည်ရောင်းချမှုနှင့် ပြည်ပသို့ ဆီးဆံများတင်ပို့မှုအခြေအနေများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပါရာ ဆီးသီးအစို/အခြောက်အဝယ်ဒိုင်လုပ်ငန်းရှင်ဖြစ်သော ဦးဘိုဌေးအောင်၏ ပြောကြားမှုအရ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၌ ဆီးသီးအဝယ်ဒိုင်(၈)ဦးခန့်ရှိပြီး ဆီးခွဲစက်(၂၅)လုံးခန့်ရှိကြောင်း၊ ၎င်း၏အဝယ်ဒိုင်တွင် လုပ်သား ကျား/မ(၇)ဦးရှိပြီး တရက်လျှင် အမျိုးသား(၁)ဦး(၅၀၀၀)နှုန်းနှင့် အမျိုးသမီး(၁)ဦးလျှင် (၄၀၀၀) နှုန်း ပေးချေရကြောင်း၊ ဆီးသီးအစို/ အခြောက်များကို ဇန်နဝါရီလမှစတင်၍ မေလအထိ ဝယ်ယူပြီး ဆီးသီးအစိုများကို (၁၂)ရက်ခန့်‌ နေလှမ်းရပါကြောင်း၊ ဂွေးပင်ကျေးရွာပတ်ဝန်းကျင်ရှိ သံဘို၊ ကိုးဆူ၊ သစ်ခြောက်ပင်၊ လေးပင်ကုန်း၊ လင်းတကိုင်း၊ သရက်ပင်၊ ညောင်ဇင်၊ ရွာမအစရှိသည့်ကျေးရွာများမှ  လယ်ယာခြံစည်းရိုး နယ်နိမိတ်အဖြစ်စိုက်ပျိုးထားသည့် ဆီးပင်များမှ  တောင်သူများအတွက် နှစ်စဉ်ဝင်ငွေရရှိနေကြောင်း၊ ယခင်နှစ်ကဆီးသီးအခြောက်(၂၀)ပြည် (၁)တင်းကို (၂၀၀ဝိ/-)ခန့် ၊ ဆီးသီးအစို (၂၀)ပြည် (၁)တင်းကို (၁၅၀ဝိ/-)နှုန်းဖြင့်သာ ဝယ်ယူရသော်လည်း  ယခုနှစ်တွင် ဆီးသီးအခြောက် (၂၀)ပြည် (၁)တင်းကို (၄၅၀ဝိ/-)၊ ဆီးသီးအစို(၂၀)ပြည်(၁)တင်းကို (၃၇၀ဝိ/-)နှုန်း ပေး၍ဝယ်ရပါကြောင်း၊ ဆီးသီးအစိုများကို ဝယ်ယူပြီး (၁၂)ရက်ခန့်နေလှမ်းမှသာ ဆီးသီးအ‌ခြောက်ရရှိပါကြောင်း၊ ဆီးသီးအခြောက်များကို ဆီးဖျော်ရည်ပြုလုပ်ရန် ပခုက္ကူမြို့၊ OK-1 ဆီးဖျော်ရည်စက်ရုံသို့ ရောင်းချရပြီး ရန်ကုန်ဆီးယိုလုပ်ငန်းသို့လည်း တင်ပို့ရပါကြောင်း၊ ဆီးသီးအစိုပြည်(၂၀)ကို နေလှမ်းပြီးပါက ဆီးသီးအခြောက် (၁၆)ပြည်သာ ပြန်လည်ရရှိပါကြောင်း၊ ဆီးဖျော်ရည်နှင့် ဆီးသီးယိုပြုလုပ်ရန် သန့်စင်ပြီး(ရှယ်) ဆီးသီး‌ခြောက် (၂၀)ပိဿာ တစ်အိတ်ကို (၁၃၀၀ဝိ/-)နှုန်း ပြန်လည်ရောင်းချရ ကြောင်း ၊  ဆီးသီးအချော (၁)တင်းကို ကြိတ်ခွဲပါက ဆီးဆံ(၂၀)သားခန့် ရရှိ၍ ဆီးခွဲခြမ်းကို ပဲကြော်၊ ပဲလှော်လုပ်ငန်းများသို့ တစ်တင်းလျှင် (၂၅ဝိ/- ၃၀ဝိ/-) ရောင်းချရကြောင်း၊ ဆီးဆံ(၁)ပိဿာကို (၂၂၅၀ဝိ/-)ခန့်ဖြင့် မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ ၎င်းအနေဖြင့် နှစ်စဉ် ဆီးသီးအစို/ အခြောက်တင်း(၁၅၀၀၀)ခန့် ဝယ်ယူရရှိပြီး ဆီးဆံပိဿာ(၃၀၀၀) ခန့် ထုတ်လုပ်တင်ပို့နိုင်ကြောင်း၊ ယခုနှစ်တွင် အောက်တိုဘာလတွင် မိုးရွာသွန်းမှုများပြားသည့်အတွက် အပွင့်များကြွေကျသဖြင့် ဆီးသီးအထွက်နှုန်း နည်းသော်လည်း ဆီးသီးရောင်းစျေးမှာ ယခင်နှစ်ကထက် နှစ်ဆခန့်ရရှိသဖြင့် တောင်သူအပိုဝင်ငွေေတိုးလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးအတွင်းရှိဆီစက်များအားကွင်းဆင်းမေးမြန်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားသုံးငွေလျော့ချရေး ပြည်သူများကျန်းမာရေးနှင့် ညီညွတ်သည့် ဆီကောင်းဆီသန့်များ ပိုမိုစားသုံးလာရေး ပြည်တွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးပြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားမှ စားအုန်းဆီ တင်သွင်းမှုကို ဆီထွက်သီးနှံများ ထွက်ပေါ်ချိန်တွင် လျော့ချတင်သွင်းခဲ့ရာ ပြည်တွင်းဆီစက်လုပ်ငန်းများ၏ ကြိတ်ခွဲထုတ်လုပ်မှု၊ စားသုံးမှုအခြေအနေများအား ယခင်နှစ်နှင့် နှိုင်းယှဉ်နိုင်ရေးအတွက် ဈေးကွက်ဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် ဆီကြိတ်ခွဲစက်များ၏ ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား သိရှိနိုင်ရန် မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် (၇.၂.၂၀၂၂) ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရေနံချောင်းစက်မှုဇုန်ရှိ အသေးစား၊ အလတ်စား ဆီကြိတ်ခွဲစက်ရုံ(၂၆)ရုံသို့ ကွင်းဆင်း မေးမြန်းဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းမေးမြန်းချက်အရ ယခင်နှစ်များက တစ်ရက်ကို(၄)နာရီလောက်သာ လည်ပတ်ခဲ့သော်လည်း ယခုတစ်ရက်ကို ပျမ်းမျှ(၁၂)နာရီ လည်ပတ်နေကြောင်း၊ မီးပျက်သည့်အချိန်သာ စက်ရပ်နားပါကြောင်း၊ မီးလာပါက (၂၄)နာရီ အချိန်ပြည့် အလုပ်သမားများအား နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ ကြိတ်ခွဲထုတ်လုပ်ပါကြောင်း၊  ယခုအချိန်တွင် စားအုန်းဆီဈေးနှုန်းမှာ (၅၀၀ဝိ/-) ကျော်ဖြစ်ပြီး ပဲဆီ၊ နှမ်းဆီမှာ တစ်ပိဿာ(၆၅၀ဝိ/)ဖြစ်၍ ဈေးသိပ်မကွာတော့သည့်အတွက် ကျန်းမာရေးအသိရှိသည့် လူလတ်တန်းစားများမှ ပဲဆီ၊ နှမ်းဆီကိုသာ စားသုံးမှုများလာကြောင်း၊ ဆီစက်များအနေဖြင့် စက်ကြိတ်ခွဲအားနှင့် စက်အင်အားများ တိုးချဲ့ဆောင်ရွက်လာရကြောင်း၊ အလုပ်သမားများလည်း အလုပ်မပြတ် ဆောင်ရွက်နေရသည့်အပြင် ဘေးထွက် ပဲဖတ်၊ နှမ်းဖတ် များမှာလည်း တိရိစ္ဆာန်အစာအတွက် လုံလောက်စွာရရှိ၍ ပြည်ပမှ တိရိစ္ဆာန်အစာတင်သွင်းမှု လျော့ချနိုင်ပြီး တာဝန်ရှိသူလူကြီးများ၏ စီစဉ်ပေးမှုကြောင့် ဒေသထွက် ပြည်တွင်း စားသုံးဆီ၏ ရောင်းအားမှာ ယခင်ကထက် နှစ်ဆကျော် တိုးမြင့်လာပါကြောင်း ရေနံချောင်း စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပြီး ၎င်းစက်ရုံအနေဖြင့် တစ်လလျှင် ပဲဆီ၊ နှမ်းဆီ(၁၆၃) ပေပါထိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရကြောင်း၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပြင်ဦးလွင်မြို့များအထိပါ တင်ပို့နေရပါကြောင်း ပြောကြားချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း