Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သထုံမြို့၏ စပါး၊ ဆန် ဈေးနှုန်းနှင့် စီးဝင်စီးထွက်မှု အခြေအနေ

        ဇွန်လ တတိယပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၆၄၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၉၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၄၅၀၀) နှင့် ပေါ်ဆန်း ကျပ် (၃၅၀၀၀) ဖြစ်ရာ ယခင် COVID-19 ကာလမတိုင်မီ မတ်လ ပထမပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးနှုန်းမှာ ကျပ် (၈၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ (၁၀၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၅၅၀၀) ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။

          စီးဝင်/စီးထွက်မှု အခြေအနေမှာ အခြားတိုင်းဒေသကြီးများမှ ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် ပေါ်ဆန်းဆန်အိတ် (၃၀၀) ခန့်ရှိပြီး သထုံမှ ဘားအံသို့ ဧည့်မထဆန်အိတ် (၄၀၀) ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

         မော်လမြိုင်မြို့၏ ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်း များမှာ ပေါ်ဆန်း (စပါး) တင်း (၁၀၀) လျှင် (၈၃၀၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် (၃၆၀၀၀) ကျပ်၊ ဧည့်မထ (စပါး) တင်း (၁၀၀) (၅၃၀၀၀၀) ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် (၂၇၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၂၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာ (၈၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာ (၃၀၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၅၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ (၆၀၀၀) ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ (၅၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၃၀၀၀) ကျပ်၊ မြေပဲဆံ တစ်ပိဿာ (၃၀၀၀) ကျပ်၊ မွေးမြူရေးကြက်သားတစ်ပိဿာ (၈၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၅၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာ (၉၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် (၁၅၀/၂၂၀) ကျပ်၊ ရာဘာ RSS 3 တစ်ပေါင်လျှင် (၆၅၀) ကျပ်၊ ရွှေ ၁၆' (၁၂၁၀၀၀၀) ကျပ်၊ ရွှေ ၁၅' (၁၁၁၅၀၀၀) ကျပ်၊ ရွှေ ၁၄' (၁၀၁၀၀၀၀) ကျပ်၊ ဓာတ်ဆီ တစ်ဂါလံ (၂၉၂၅) ကျပ်၊ ဒီဇယ် တစ်ဂါလံ (၂၇၀၀) ကျပ် ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။ ဒုတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မွေးမြူရေးကြက်သား၊ ရွှေ၊ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအား မြန်မာ့သြဘာကုမ္ပဏီမှ (၄)လဆိုင်းစနစ်ဖြင့် မြေသြဇာများရောင်းချဖြန့်ဖြူးနိုင်ရေးညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၅.၆.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်၊ မော်လမြိုင်ကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်မျိုးဦး၊ မွန်ပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒု-ဥက္ကဌ(၂) ဦးဘုန်းမြင့်၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးသက်ဦး၊ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ရွှေဇီဝမြေသြဇာ ထုတ်လုပ်ရေးတာဝန်ခံ ဒေါက်တာခင်ဆွေအေး၊ (NEI)မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူအသင်း၏ မြို့နယ်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။

       ဆွေးနွေးပွဲ၌ ဒု-ဥက္ကဌ(၂) ဦးဘုန်းမြင့်က မြေသြဇာများကို ၂၀၂၀ဇူလိုင်လကုန်တွင် ရောင်းချပေးမည်ဖြစ်ပြီး (သြဂုတ်လ၊စက်တင်ဘာလ၊အောက်တိုဘာလ၊နိုဝင်ဘာလ)(၄)လဆိုင်း ပြီး၂၀၂၀နိုဝင်ဘာလကုန်မှ ငွေပြန်လည်ပေးဆပ်ရမှုအား အတိုးမဲ့ဖြင့် ကုန်စည်ဒိုင်မှတာဝန်ခံ ဆောင်ရွက်၍  ရော်ဘာအပင်ကြီးတွင်ထည့်သည့် (၁၃:၁၉:၂၀)တစ်အိတ်လျှင်(၃၃၇၀၀)ကျပ်၊ ရော်ဘာအပင်သေးတွင်ထည့်သည့် (၁၆:၁၀:၅)တစ်အိတ်လျှင် (၂၂၂၀၀)ကျပ်၊ အသုံးပြုများသည့် (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၄၁၆၀၀)ကျပ်တို့ဖြင့် ဖြန့်ဖြူးရောင်းချပေးမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ရွှေဇီဝမြေသြဇာ ထုတ်လုပ်ရေးတာဝန်ခံ ဒေါက်တာခင်ဆွေအေးမှလည်း အနုဇီဝဆေးရည်နှင့် ဆေးမှုန့်များ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ လိုအပ်သည်များကိုဖြည့်စွက် အကြံပြုပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးပြန်ကောင်းလာသည့် ရှမ်းအစေ့ထုတ်ပြောင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)မှာတော့ ၂ဝ၁၉/၂ဝ၂ဝခုနှစ်ထွက် မိုးအစေ့ထုတ်ပြောင်းများပေါ်ခါစက တစ်ပိသာကို ငွေကျပ် ၂၂ဝမှ ၂၅ဝရှိခဲ့ပေမယ်လို့ မေလဆန်းမှာတော့ ပြောင်းစျေး တဖြည်းဖြည်း စျေးပြန်ကောင်းလာခဲ့ရာမှ ယခုဇွန်လဆန်းမှာတော့ ငွေကျပ် ၄၇ဝမှ ၄၉ဝကျပ်ထိရှိလာခဲ့ပါတယ်။ ပြောင်းစိုက်တောင်သူတွေရဲ့လက်ထဲမှာတော့ ပြောင်းဖူးစေ့လက်ကျန်မရှိသလောက်နည်းသွားပြီး၊ကုန်သည် တွေရဲ့လက်ထဲမှာတော့ စုစုပေါင်းပြောင်းဖူးစေ့ပိုလှျံမှုရဲ့ လေးပုံတစ်ပုံလောက်တော့ ကျန်ရှိနေပါသေးတယ်။ ယခင်နှစ်ကာလတူနဲ့ပြောင်းစျေးနှုန်းကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ယခင်နှစ်ကပြောင်း တစ်ပိသာငွေကျပ် ၃၅ဝမှ ၃၆ဝထိသာရှိခဲ့ပါတယ်။ ပြောင်းပေါ်ခါစတုန်းက ဒေသတွင်းအခြောက်ခံ စက်ရုံများ၊ တောင်လေးလုံးရှိ မြနဒီပြောင်းအခြောက်ခံစက်ရုံ၊ အေးသာယာမြို့ရှိဃဏ  အခြောက်ခံ စက်ရုံများမှာ CP ကုမ္ပဏီနှင့် တက်ချောင် အစာစပ်စက်ရုံများမှ ပြောင်းဖူးစေ့တွေကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ အစာစပ်စက်ရုံများ၊ ဒေသတွင်းရှိမွေးမြူရေးလုပ်ငန်းများမှ ပြောင်းဖူးစေ့ကို ဝယ်ယူ ကြပါတယ်။ ပြည်ပတင်ပို့မှုအနေဖြင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ Quota စနစ်ဖြင့်ရောင်းချခဲ့ကြပြီး၊ ကရင်ပြည်နယ်မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်(မယ်ယန်း)ကုန်သွယ်ရေးစခန်းများမှ ထိုင်းနိုင်ငံသို့လည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်း ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့တယ်လို့ ပြောင်းစျေးကွက်ကတဆင့်သိရပါတယ်။

ရှမ်းပြည်နယ်(တောင်ကြီး)

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသများ၏ မေလစတုတ္ထပတ်ကုန်သွယ်မှုအခြေအနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသများ၏ မေလစတုတ္ထပတ် ကုန်သွယ်မှုအခြေအနေ များကို သက်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပေးပို့နေ သော စာရင်းများအရ ကျိုင်းတုံ- မိုင်းခတ်- မိုင်းယန်း- မိုင်းလား နယ်စပ်လမ်းကြောင်းတွင် ယခုတစ်ပတ် ပို့ကုန်မရှိဘဲ၊ သွင်းကုန်အနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များသာ တင်သွင်းလျက် ရှိပြီး၊ အခြေခံစားသောက်ကုန် စျေးနှုန်းများ တည်ငြိမ်လျက်ရှိကာ၊ စပါးအဟောင်း(၄၀) ကီလို တစ်အိတ်လျှင်(၁၃၀၀၀)ကျပ်၊ စပါးအသစ်(၄၀)ကီလို တစ်အိတ်လျှင်(၁၂၅၀၀) ကျပ်စျေး အသီးသီးရှိပါသည်။ ဒေသဆန်မှော်ဘီ-၃ (၅၀) ကီလိုတစ်အိတ်လျှင် (၃၁၀၀၀) ကျပ်ဖြင့် စျေးငြိမ်လျက်ရှိနေပါတယ်။

 တာချီလိတ်မြို့ မယ်ယန်းကုန်သွယ်ရေးစခန်းမှ တစ်ပတ်အတွင်းအများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ပြောင်း၊ မင်းကနီး(စ်)ဒိုင်အောက်ဆိုဒ်၊ ဗူးခွံ၊ ပုလင်းခွံ၊ ဓါတ်ဆီတို့ဖြစ်ကြပြီး၊ သွင်းကုန်မှာ ဘိလပ်မြေ၊ ဒီဇယ်၊ ဓါတ်ဆီ၊ နေကြာစေ့၊ သံချောင်း၊ ဆပ်ပြာမှုန့်များဖြစ်ကာ ယခင်တစ်ပတ်ထက် ကုန်သွယ်မှုဒေါ်လာ(၂.၀၃၆)သန်း တိုးလာကြောင်းသိရပါတယ်။

မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေးလမ်းကြောင်းမှ ယခုတစ်ပတ်အတွင်း သွင်းကုန်မရှိဘဲ၊ အဓိက တင်ပို့သော ပို့ကုန်မှာ ငှက်ပျောဖြစ်တယ်လို့ သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်(တောင်ပိုင်း)မေလတတိယအပတ် ကုန်စည်းစီးဆင်းမှုအခြေအနေ

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ထီလာ၊ သာစည်၊ တောင်ငူနဲ့ ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံ စီးထွက်လျှက်ရှိရာ အောင်ပန်းကုန်စည်ဒိုင်၏ မေလတတိယအပတ်အတွင်း ပေးပို့သော စာရင်းများအရ ကြက်သွန်ဖြူတစ်ပိဿာ ၁၀၀၀ ကျပ် မှ ၂၀၀၀ ကျပ်စျေးနှုန်းဖြင့်ကုန်ချိန်(၇၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ၁၀၀ ကျပ်မှ ၆၅၀ ကျပ် စျေးနှုန်းဖြင့်ကုန်ချိန်(၂၈၀၀၀၀)၊ ချင်းတစ်ပိဿာ ၁၀၀၀ကျပ်မှ ၂၈၀၀ ကျပ် စျေးနှုန်းဖြင့် ကုန်ချိန် (၁၁၂၀၀၀)၊ နနွင်းတစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၂၂၀၀ ကျပ် စျေးနှုန်းဖြင့် ကုန်ချိန် (၃၅၀၀၀)၊ ချင်းခြောက်တစ်ပိဿာ ၂၂၀၀ ကျပ်မှ ၂၄၀၀ ကျပ် စျေးနှုန်းဖြင့် ကုန်ချိန်(၁၄၀၀၀၀)၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် ၈၀ ကျပ်မှ ၁၅၀ကျပ် စျေးနှုန်းဖြင့် ကုန်ချိန် (၄၂၀၀၀၀)၊ ပန်းမုံလာတစ်ပိဿာလျှင် ၁၀၀ ကျပ်မှ ၂၈၀ ကျပ်စျေးနှုန်းဖြင့် ကုန်ချိန်(၂၁၀၀၀၀)၊ ခရမ်းချဉ်တစ်ပိဿာ ၁၀၀ ကျပ်မှ ၃၀၀ ကျပ်နှုန်းဖြင့် ကုန်ချိန်(၂၂၀၀၀၀)၊ ပန်းနှမ်း တစ်ပိဿာ ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှုန်းဖြင့် ကုန်ချိန်(၂၁၀၀၀၀)၊ ပြောင်းတစ်ပိဿာ ၄၁၀ ကျပ်မှ ၄၄၀ ကျပ် စျေးနှုန်းဖြင့် ကုန်ချိန်(၉၈၀၀၀)၊ ကုန်စိမ်းအစုံကုန်ချိန်(၄၈၀၀၀၀) အသီးသီးစီးထွက် သွားကြောင်းသိရပါတယ်။ အောင်ပန်းစျေးကွက်သို့ မိုးဦးကာလဖြစ်၍ ခရမ်းချဉ်၊ ရွှေပဲ၊ ဂေါ်ဖီ၊ ပန်းမုံလာ စသော ကုန်စိမ်းများဝင်ရောက်နေသော်လည်း Covid-19 ကာလအတွင်း အဆွဲနည်း နေသေး၍ စျေးကျနေပါသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်စီးဆင်းမှု ထက်ဝက်ကျော် ကျဆင်းနေကြောင်း စျေးကွက် သတင်းများအရသိရှိရပါသည်။ 

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ် 

သထုံမြို့၏ စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်စီးထွက်မှုအခြေအနေ

          ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ဆုံးပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၆၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၈၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၂၀၀၀) နှင့် ပေါ်ဆန်း ကျပ် (၂၉၅၀၀) ဖြစ်ရာ မတ်လ ပထမ ပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးမှာ ကျပ် (၁၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ ကျပ် (၇၀၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၂၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ကြောင်း သိရှိရသည်။

          စီးဝင်/စီးထွက်မှုအခြေအနေမှာ ရွှေဘို၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် အိတ် (၆၀၀/၇၀၀) ခန့်ရှိပြီး သထုံမှ ဘားအံသို့ တစ်နေ့လျှင် အိတ် (၂၅၀/၃၀၀) ခန့် ထွက်ရှိရာ ဆန်ဝင်ရောက်မှုမှာ ယခင်အပတ်များထက် အိတ် (၁၀၀) ခန့် လျော့နည်းသွားကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

သထုံမြို့နယ်အတွင်း စားသုံးရုံသာမက အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျှက်ရှိသည့် သထုံဒူးရင်း

        သထုံမြို့နယ်၌ မျိုးကောင်းသည့် ကိုင်းကူးဒူးရင်းများကို မြို့နယ်အတွင်းရှိ ကျိုက္ကော်၊ နောင်ဘို၊ နောင်ကုလား စသည့် ကျေးရွာ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။ ဒူးရင်းသီးများသည် မိုးရာသီဝါဆိုလပတ်ဝန်းကျင်တွင် လှိုင်လှိုင်ပေါ်ပြီး ယခုအချိန်တွင် သထုံမြို့မဈေးတွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်တန်အထိ အရွယ် အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိကြကြောင်း၊ တစ်ရက်လျှင် အလုံးရေ (၁၀၀) မှ (၁၅၀) ထိ ဒေသတွင်း စားသုံးသူများသို့ ရောင်းချလျှက်ရှိပြီး ယခင်နှစ်ဈေးနှုန်းများကဲ့သို့ပင် ယခုပေါ်ဦပေါ်စရာသီတွင် တစ်ကီလို (၄၀၀၀) ကျပ်နှုန်းရှိကြောင်းသိရှိရပြီး ရန်ကုန်မြို့ဘက်မှလည်း မှာယူကြ၍ တင်ပို့နေရကြောင်း သထုံမြို့မဈေးရှိ ဒေါ်စိန်မြင့် သစ်သီးဆိုင်မှ ပြောပြချက်အရ သိရှိရ ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်တွင်စက်သုံးဆီဈေးနှုန်းကျဆင်းလျက်ရှိ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စက်သုံးဆီဈေးနှုန်းမှာ ဖေဖော်ဝါရီလ (၁၉) ရက် နေ့တွင် ဓါတ်ဆီ(ရိုးရိုး)တစ်ဂါလံလျှင်(၃၇၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် (၃၈၆၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး၊ မတ် လ(၁၉)ရက်နေ့တွင် ဓါတ်ဆီ(ရိုးရိုး) တစ်ဂါလံလျှင် (၂၇၀၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်ဂါလံလျှင်(၂၉၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ် မည်ဆိုလျှင်ဓါတ်ဆီ(ရိုးရိုး)(၁၀၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)(၉၆၀)ကျပ် ဈေးနှုန်း ကျဆင်းလျှက်ရှိ ကြောင်း ပြည်နယ်အတွင်းရှိ တော်ဝင်စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်မှ ထိုင်းနိုင်ငံသို့ ကုန်စည်များတင်ပို့မှုနှင့်တင်သွင်းမှုအခြေအနေများ

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့အတွင်း မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၈၄၀ တန်ဖိုးရှိ ငရုတ်သီးခြောက် ၈ ဒဿမ ၉၈ တန် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဘက်မှ တဆင့်ပြန်လည်တင်သွင်းမှုများမှာ အမေရိကန်ဒေါ် လာ ၁၂၀၀၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၉ ဒဿမ ၉၈ တန်သွင်းလာပါကြောင်း မယ်စဲ့နယ်စပ်ကုန် သွယ်ရေးစခန်းစာရင်းများအရ သိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း