ပုဂံညောင်ဦးဒေသ၏ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သည့် ပုန်းရည်ကြီးသည် မိရိုးဖလာအစဉ် အဆက် လက်ဆင့်ကမ်းလာသည့် အညာက ယဉ်ကျေးမှု ပြယုဂ်လုပ်ငန်းတစ်ခုဖြစ်ပါသည်။မြန်မာ နိုင်ငံသားတို့၏ မရှိမဖြစ်လက်စွဲ ဓာတ်စာဟုပင် တင်စားခေါ်ဝေါ်နိုင်သည်။ဘုရားဖူးလာ ဧည့်သည် များအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားသော ပုန်းရည်ကြီးထုပ်ကလေးများသည် လက်ဆောင် ပေးသူများအတွက်လည်း မျက်နှာပန်းလှပြီး လက်ဆောင်ရရှိသူများအဖို့မှာလည်း အာနိသင်ပြည့်ဝ သည့် ပုန်းရည်ထုပ်ကလေးများကြောင့် ပျော်တပြုံးပြုံးမော်မဆုံး ရှိတတ်ကြပါသည်။အသင့်သုံး စား သောက်ကုန်တစ်ခုဖြစ်သည့် ပုန်းရည်ကြီးသည် အလွန်အရသာရှိပြီး အကျိုးအာနိသင်ပြည့်ဝသည့် ဒေသထွက်ကုန် တစ်ခုဖြစ်ပြီး ပုဂံညောင်ဦးဒေသ၏ ဂုဏ်ယူဖွယ်ရာ ထုပ်ကုန်တစ်ခုဖြစ်ပါသည်။
ပုန်းရည်ကြီးကို ပဲအမျိုးမျိုးမှ ထုတ်လုပ်ချက်ယူနိုင်သော်လည်း ပဲပိစပ်ဖြင့် ကျိုချက်ထုတ် လုပ်ပါက အကောင်းဆုံးပုန်းရည်ကြီးကို ရရှိပါသည်။ ပထမဦးစွာပဲကို ရေစင်အောင်ဆေးပြီး (၁၀) ပိဿာဆံသည့် အိုးတစ်လုံးထဲတွင် ပဲတစ်ပြည်ခွဲကို ရေအပြည့်ဖြင့် နူးလာသည့်အထိ ပြုတ်ရပြီး သစ် ခေါက်ရောင်ပေါက်လာသောအခါ ပဲကိုဆယ်ယူ၍ ပဲရည်များကို အိုးများထဲတွင်ထည့်ကာ (၅)ရက်မှ (၇)ရက်ခန့်အထိ အချဉ်ဖောက်ရပါသည်။ အချဉ်ဖောက်ပြီးသောပဲရည်များကို ထပ်မံကျိုချက်ရသည်။ ကျိုသည့်အခါတွင်လည်း ယောင်းမဖြင့် အဆက်မပြတ် ပျစ်လာသည့်အထိ နာနာမွှေကာ အပျစ်အကျဲ ကို ခန့်မှန်းပြီးနောက် အိုးကိုမီးဖိုပေါ်မှချကာ အခြားအိုးများထဲသို့ လောင်းထည့်၍ အအေးခံရပါ သည်။ထိုသို့အအေးခံပြီးလျှင် လူတိုင်းအကြိုက်ပုန်းရည်ကြီးကို ရရှိပြီးဖြစ်ပါသည်။
ယခုအခါပုဂံဒေသတွင် ပုန်းရည်ကြီးလုပ်ငန်းရှင်(၁၅)ဦးသည် မြင်းပျံ ၊ မြင်းနက် ၊ ဇီးကွက်၊ ရွှေဥဩ ၊ မဏိစန္ဒာ စသည့် ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် စေတနာအဓိကထားကာ ထုတ်လုပ် ရောင်းချလျှက်ရှိပါသည်။ပဲတစ်တင်းကျိုလျှင် ပုန်းရည်ကြီး (၃)ပိဿာမှ(၅)ပိဿာခန့်အထိ ရရှိပြီး ဈေးကွက်တွင် နာမည်ရရှိပြီး လုပ်ငန်းရှင်တစ်ဦးသည် တစ်ရက်လျှင်ပျှမ်းမျှ (၁၅၀)ပိဿာခန့် နေ့စဉ်ထုတ်လုပ်ရောင်းချလျှက်ရှိသည်။ကုန်အမှတ်တံဆိပ်ပေါ်မူတည်၍ အထုက်သေး(၁၀)ထုပ်ပါ တစ်ပါကင်လျှင် ဈေးနှုန်းအနေဖြင့် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်း ချလျှက်ရှိပါသည်။
ပုန်းရည်ကြီးလုပ်ငန်းရှင်များသည် ကိုယ်ပိုင်အရင်းအနှီးဖြင့် ထုတ်လုပ်ရောင်းချခြင်းဖြစ်ပြီး FDA ၊ DOCA ဌာနတို့၏ လမ်းညွှန်ချက်များဖြင့် ဘွိုင်လာစနစ်ကိုအသုံးပြု၍ စနစ်တကျ ထုပ်ပိုးရောင်းချသူများ ရှိသကဲ့သို့ မိရိုးဖလာလုပ်ငန်းစဉ်အတိုင်း ထုပ်လုပ်ရောင်းချသူများလည်း ရှိသည် ကိုတွေ့မြင်ရပါသည်။မြန်မာရိုးရာအစားအစာ ပုန်းရည်ကြီးကို ပြည်တွင်းကုန်သွယ်မှုမှတဆင့် ပြည်ပ ကုန်သွယ်မှုအထိ ထိုးဖောက်အရောက်လှမ်းနိုင်ဖို့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအား အဆင့် မြှင့်တင်နိုင်ရန် လုပ်ငန်းရှင်များတွင် နည်းပညာနှင့်ငွေကြေးအရင်းအနှီးများ လိုအပ်လျှက်ရှိပါသည်။
ပုန်းရည်ကြီးတွင် ပရိုတင်းဓာတ် ၊ ကယ်လိုရီ ၊ ဆိုဒီယမ် ၊ သကြားဓာတ် ၊ အမျှင်ဓာတ် ၊ ကယ်ဆီယမ်ဓာတ် ၊ ကာဗိုဟိုက်ဒရိုတ် ၊ သံဓာတ် စသည့် ခန္ဓာကိုယ်ကျန်းမာစေသည့် ဓာတ်သတ္တိ များပါဝင်ပါသည်။ပုန်းရည်ကြီးသည် ဝမ်းကိုလျော့စေခြင်း၊ အစာကိုကြေစေခြင်း၊ အဆီကိုကျစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း၊ ဆီးချို ရောဂါကိုကာကွယ်ပေးပြီး ရောဂါဝေဒရှင်များ စားသုံးပါကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးပြီး ဆီးချိုရောဂါ ကိုသက်သာစေခြင်း စသည့်အကျိုကျေးဇူးများကို ရရှိစေပါသည်။
ထိုသို့အကျိုးကျေးဇူးများသော ပုန်းရည်ကြီးလုပ်ငန်းကို နိုင်ငံတော်မှ ချမှတ်သောစံချိန်စံညွှန်း များနှင့်အညီ တဆင့်ထက်တဆင့် ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်လာသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ် ပါသည်။ခရီသွားလုပ်ငန်းများနှင့်ဆက်စပ်လုပ်ကိုင်မည်ဆိုပါက ပြည်ပဝင်ငွေတိုးတက်အောင် ဆောင် ရွက်နိုင်မည့်လုပ်ငန်းတစ်ခုဖြစ်သည်မှာ မလွဲမသွေဖြစ်ပါသည်။ ယခုကာလတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ပဲခူး၊မကွေး၊နေပြည်တော်၊ရေနံချောင်း၊ပခုက္ကူ စသည့်မြို့များသို့ ပုံမှန်အတိုင်း ဖြန့်ချီ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)