Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးအနည်းငယ်မြင့်တက်လာ

          မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးကို ဒေသအတွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျှက်ရှိသော်လည်း ယခုအချိန်သည် ခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်မဟုတ်သည့်အတွက် ဒေသတွင်းလုံလောက်စွာ မထွက်ရှိတော့သဖြင့် အခြားမြို့နယ်များမှ တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချရသောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ခရမ်းချဉ်သီးများကို အင်းလေး၊ အောင်ပန်းတို့ဘက်မှ ဝယ်ယူရောင်းချရရှိကြောင်း၊ သယ်ယူစရိတ်၊ ကားခနှင့်လုပ်သားခဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ပေါက်ဈေးနှုန်းမှာ အနည်းငယ် အတက်အကျ ရှိနိုင်ကြောင်းသိရသည်။ မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခင်မေလ တတိယအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၃၀၀-၁၄၀၀ထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခုဇွန်လ တတိယအပတ်တွင် ကျပ် ၁၈၀၀-၂၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊  ဈေနှုန်းမြင့်ရခြင်းမှာ ခရမ်းချဉ်သီး ရာသီချိန် မဟုတ်တော့သဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိမှု နည်းသွားခြင်း၊ ဝယ်လိုအားများလာခြင်းနှင့် အခြားဒေသများမှ တင်သွင်းရခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လာကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာ

“ပေါ်ဦးပေါ်စ နွေစပါးဆန်စျေးကွက် အခြေအနေ”

                 မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင် ဆောင်ရွက်သောဒေသဖြစ်ရာ စပါးကိုအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး၊နွေစပါးအဖြစ် နှစ်ရာသီလုံး စိုက်ပျိုးကြပြီး ၂၀၂၁ - ၂၀၂၂ခုနှစ်အတွက် နွေစပါး လျာထားဧက(၄၃၅၀၂)ဧက လျာထားခဲ့ပြီး (၄၆၇၇၇)ဧကစိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည် ။ နွေစပါးများကို မတ်လကုန် ဧပြီလဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းတွင်  စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ နွေစပါးမျိုးကွဲများအနေဖြင့် ရက်(၉၀) ၊ ရက်(၁၁၀)မျိုးများကို အများဆုံးစိုက်ပျိုးပြီး မနောသုခ၊ရွှေသွယ်ရင် စပါးမျိုးများလည်း စိုက်ပျိုးကြပါသည်။ စိုက်နည်းစနစ်အနေဖြင့် တိုက်ရိုက် အစေ့ချ ၊ ကြဲခင်းအဖြစ်အများဆုံး စိုက်ပျိုးကြပြီး ပျိုးထောင် စိုက်အနည်းငယ်သာ စိုက်ပျိုးကြကြောင်း၊ ရေသောက်နည်းလမ်းအနေဖြင့် ဆည်ဘောင်ရိုး ၊ ရေလှောင်တမံတည်ရှိရာဖြစ်၍ အများစုမှာ ဆည်ရေသောက်ဧရိယာများပြီး သဘာဝရေနဲ့ လည်းစိုက်ပျိုးကြပါသည် ။ ယခုအခါတွင် နွေစပါး (၉၆၀၁)ဧက ရိတ်သိမ်းပြီးဖြစ်၍ တစ်ဧကလျှင် အထွက်နှုန်း(၁၀၆)တင်း ခန့်ထွက်ရှိကြောင်း  သက်ဆိုင်ရာဌာနစာရင်းများ အရသိရှိရပါသည် ။ နွေစပါး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် လယ်ကန်သင်းပေါ်အ‌ရောက် ရိတ်သိမ်းချွေလှေ့ခ (၁၀၀၀၀၀/-)ကျပ်၊ မြေပြင်ခြင်း ၊ မျိုးကြဲပတ်ခြင်းနှင့် အပင်ပြုစုခြင်းအတွက်(၂၅၀၀၀၀/-) ကျပ်၊ မျိုး ၊ ဓါတ်မြေသြဇာ ၊ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး၊ လုပ်အားခအတွက်(၂၉၀၀၀၀/-)ကျပ် ၊ စုစုပေါင်းကုန်ကျငွေ(၆၄၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျ ကြောင်း ၊ ပေါ်ဦးပေါ်စ နွေစပါးစျေးကွက်အနေဖြင့် ဇွန်လဆန်းပိုင်းမှာ (၄၆)ပေါင်ကိုက် စပါးတင်း (၁၀၀)လျှင် မနောသုခ(၈၀၀၀၀၀/-)ကျပ်၊ ရက်(၉၀) ၊ ရက်(၁၁၀)လျှင် (၇၈၀၀၀၀/-)ကျပ် ရှိခဲ့ရာမှ ယခု ဇွန်လလယ်မှာတော့ မနောသုခ (၈၅၀၀၀၀/-)ကျပ်၊ ရက်(၉၀)၊ရက်(၁၁၀)လျှင်(၈၅၀၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိရာ စျေးနှုန်းမြှင့်တက်နေပြီး တောင်သူများ စျေးကောင်းရရှိနေကြောင်း ၊ ဆန်စျေးကွက်အနေဖြင့် (၂၄)ပြည် တစ်အိတ်လျှင် ဇွန်လဆန်းပိုင်း၌ မနောသုခ (၂၈၀၀၀/-)ကျပ် ၊ ရက်(၉၀) ၊ ရက်(၁၁၀)လျှင် (၂၇၀၀၀/-)ကျပ် ရှိခဲ့ရာမှ ဇွန်လအလယ်ပိုင်းတွင် မနောသုခ(၃၀၀၀၀/-)ကျပ်၊ ရက်(၉၀)၊ရက်(၁၁၀) လျှင်(၃၁၀၀၀/-)ကျပ်  စျေးနှုန်းများဖြင့် အရောင်းအဝယ်သွက်လျက်ရှိပြီး မန္တလေးကုန်သည် ပွဲစားများထံသို့အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ စက်ပိုင်၊ ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည် ။ မိုးစပါးများဖြစ်သော မဂျမ်းတော နှင့် မနောသုခ ဆန်များသာဒေသတွင်း စားသုံးသူများသည့်အတွက်ကြောင့် နွေစပါးအားရိတ်သိမ်းပြီး လယ်ကန်သင်းပေါ်တွင် ပွဲစား  ၊ စက်ပိုင်များထံသို့ စပါးအစိုအတိုင်း ရောင်းချကြကြောင်း၊ ယခုနှစ်တွင် သွင်းအားစု ဓါတ်မြေသြဇာစျေးကြီးပေမယ့် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိလို့ တောင်သူတွက်ချေကိုက်လျှက်ရှိပြီး ယခုစျေးအတိုင်း ဆက်လက်ရောင်းချရနိုင်ရေး မျှော်လင့်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                      

အညာသနပ်ခါးအကြောင်း တစေ့တစ်စောင်း

သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများဖြစ်ကြသော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းနှင့်် မကွေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ ယခင်နှစ်ကထက် ယခုကာလ၌ သနပ်ခါးဈေးကွက်ဈေးကောင်းရရှိနေကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ သနပ်ခါးစိုက်ပျိုးထွက်ရှိရာဒေသများအနက် “သနပ်ခါးမြို့တော်” ဟုတင်စား ခေါ်ကြသော အရာတော်မြို့၌ သနပ်ခါးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် လာကြောင်း သိရသည်။

          သနပ်ခါးပင်ကို အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ သနပ်ခါးပင်သည် ရေငတ်ဒဏ်နှင့်ပူပြင်းသောရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်သောနှစ်ရှည်ပင်ဖြစ်သော်လည်း ဂရုတစိုက်ပြုစုပျိုးထောင်ရသောအပင်မျိုး ဖြစ်ပေသည်။ မိမိက ဂရုတစိုက်ပြုပြင်ပေးခြင်း၊ မြေပြုပြင်ပြီး မြေဆီ၊ မြေခွန်ကျွေးလျှင် ကြိုးစားသလောက် အကျိုးအမြတ်ရနိုင်သောအပင်မျိုး းဖြစ်သည်။ သနပ်ခါးပင်ကို မြေချ၍စတင်စိုက်ပျိုးသည့်နေ့မှသုံးနှစ်အထိ အချိန်ကာလတစ်ခုအား စောင့်ဆိုင်းရပါမည်။ သနပ်ခါးပင်သည် တစ်ဖန်ပြန်၍ စိုက်ပျိုးစရာမလိုသော အဖိုးတန်နှစ်ရှည်ပင်ဖြစ်သည်။

          ယခင်နှစ်ကာလများ၌ လျှော်ဖြူစိုက်ခင်းများ၊ ဇင်ရွေးစိုက်ခင်းများ၊ မိရိုးဖလာစိုက်ပျိုးသီးနှံများဖြစ်ကြသော ပဲအမျိုးမျိုး၊ ဝါ၊ နှမ်း၊ ပြောင်းနှင့်ဆီထွက်သီးနှံတို့ကိုသာ အဓိကထားစိုက်ပျိုးကြသော်လည်း ယခုအခါသနပ်ခါးစိုက်ပျိုးခြင်းကို  စီးပွားဖြစ်စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ သနပ်ခါးပင်မျိုးစိတ်ကို ရှေးရိုးအပင်မျိုးစေ့နှင့်စိန်မင်းဟုခေါ်သော  ပြုပြင်ဖန်တီးထားသောစပ်မျိုး မျိုးစိတ်ဟူ၍ နှစ်မျိုးတွေ့ရသည်။ သနပ်ခါးပင်များသည် မြေနီကျောက်ကုန်းများတွင် လျှင်မြန်စွာ စ်ထွန်းလွယ်၍ အခေါက်ထူပြီး အပွေးသန်ကာ ရနံပိုမိုမွှေးကြိုင်ကြောင်း သိရှိရပါသည်။ သနပ်ခါးအစေ့မှ ပျိုးပင်ပေါက်ရန် အချိန်ကာလအားဖြင့် (၁)လခွဲခန့်ကြာကြောင်း၊ သနပ်ခါးပျိုးပင်များစိုက်ပျိုးရာတွင်ပျိုးထုပ်များအတွင်း၌ မြေဆွေးနှင့်နုန်းမြေကို မျှတစွာထည့်ပြီးစိုက်ပျိုးရကြောင်း၊ သနပ်ခါးပျိုးပင်ပေါက်များကို မြေချ၍စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ဝါဆို၊ ဝါခေါင်လများ ဖြစ်ကြောင်း သိရှိရပါသည်။ သနပ်ခါးပျိုးပင်များစိုက်ပျိုးရာတွင် (၅) တောင်ခြား၍သော်လည်းကောင်း၊ (၆)တောင်ခြား၍သော်လည်းကောင်း မိမိနှစ်သက်ရာအကွာအဝေးဖြင့် အတန်းအလိုက်စိုက်ပျိုးကာ တစ်ဧကလျှင် ပျိုးပင်(၂၅၀-၃၀၀)အထိ စိုက်ပျိုးနိုင်ကြောင်း၊ အချို့သနပ်ခါးခြံများတွင် နေရာအကျယ်အဝန်းနှင့်  အရေအတွက်အနည်းအများပေါ်မူတည်ကာ ပျိုးပင်(၃၀၀-၃၅၀) အထိလည်းစိုက်ပျိုးနိုင်ကြောင်း သိရသည်။

          သနပ်ခါးပင်သည် နှစ်ရှည်ပင်အမျိုးအစားတွင်ပါဝင်သော ာအပင်တစ်မျိုးဖြစ်ရာ ပျိုးပင်မြေချစိုက်ပျိုးသည့်ရက်မှ  (၅-၇)  နှစ်အတွင်း အရွယ်ရောက်ပြီးသောသနပ်ခါးပင်များကို စတင်ခုတ်ယူနိုင်ပြီး တဖန်ပြန်၍အတက်ပေါက်သနပ်ခါးပင်များကိုလည်း (၃)နှစ်တစ်ခါ ခုတ်ယူနိုင်ကြောင်းသိရသည်။ သနပ်ခါးခုတ်ယူရန်အကောင်းဆုံးအချိန်မှာ တော်သလင်းလပြည့်ကျော်မှ သီတင်းကျွတ်လအတွင်းဖြစ်သည်။ ခုတ်ယူရရှိသောသနပ်ခါးပင်များကို ဖြတ်တောက်၍ မြန်မာနိုင်ငံတစ်ဝန်းသို့ အတုံးဈေးဖြင့်သော်လည်းကောင်း၊ သနပ်ခါးခဲ( လက်သွေးခဲ) အဖြစ်ပြုလုပ်၍သော်လည်းကောင်း၊ အဖျားသားများကို နာမည်ကြီးဒေါ်သီအမှတ်တံဆိပ်နှင့် ရွှေပြည်နန်းသနပ်ခါးစက်ရုံများသို့လည်း တင်ပို့ရောင်းချ၍ ဒေသတွင်း၌လည်း အသုံးပြုသူများခြင်း၊ ဝယ်လိုအားများခြင်းတို့ကြောင့် ဈေးကောင်းရနေကြောင်း၊ သနပ်းခါးပင်များကို (၃)နှစ်တစ်ခါ ခုတ်ယူရာတွင် တစ်ဧကလျှင်(၂၅)သိန်းခန့် အမြတ်ကျန်ရှိကြောင်း၊ တစ်နှစ်ပျှမ်းမျှနှုန်းဖြင့် တစ်ဧကလျှင် (၈)  သိန်းခန့်အမြတ်ရ၍ သနပ်ခါးစိုက်ဧကများကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း အရာတော်မြို့နယ်သနပ်ခါးစိုက်တောင်သူတစ်ဦးထံမှ လေ့လာသိရှိရပါသည်။

            အချုပ်အားဖြင့်ဆိုရသော် မြန်မာတို့၏ရိုးရာသနပ်ခါးကို ပြည်တွင်း၌  ရောင်းဝယ်ကုန်သွယ်မှုပြုလုပ်ခြင်းသာမက အရည်အသွေးမြှင့်တင်၍ ကုန်ချောအဖြစ်ထုတ်လုပ်ကာ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပနိုင်ငံများသို့တင်ပို့လျှင် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

           

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇွန်လ စတုတ္တပတ်တွင် ဖြစ်ပေါ် နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၄၅၀၀၀၊ ပဲတီစိမ်း(သေး)တစ်တင်းကျပ်၃၆၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၃၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၅၀၀၀-၅၀၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၆၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၇၈၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၅၁၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၁၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

             ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၄၀၀၀-၄၅၀၀၀၊ ဂျုံနီတစ်တင်း ကျပ် ၄၃၇၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၇၀၀၀-၆၉၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်း ကျပ် ၄၃၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၅၀၀၀၊  ပဲပုတ်စေ့(ဗမာ) တစ်တင်း ကျပ် ၆၁၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၃၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၅၄၀၀၀-၅၇၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၃၀၀၀၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၁၀၀၀၊ ပဲယင်းဝါတစ်တင်း ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၆၆၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၄၀၀၀၊ ပြောင်းဖြူ တစ် တင်းကျပ် ၁၅၀၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်းကျပ် ၅၇၀၀၀၊ နှမ်းနက် တစ်တင်းကျပ် ၆၃၀၀၀ -၇၃၀၀၀၊ နှမ်းဖြူတစ်တင်းကျပ် ၆၂၅၀၀၊ နှမ်းနီ တစ်တင်း ကျပ် ၅၇၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၄၃၀၀-၄၃၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၃၀၀-၄၃၅၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၂၀၁၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၄၂၀-၁၄၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၁၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းနှင့် ဆီထွက်သီးနှံဈေးနှုန်း များဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ ဈေးတက်နေကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

ဈေးနှုန်းမြင့်တက်လာတဲ့ မုံရွာကြက်သွန်နီဈေးကွက်

          ယခုလအတွင်း မုံရွာဈေးကွက်၌ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ နေ့စဥ်နှင့်အမျှ မြင့်တက်လာသလို စာဖိုဆောင်သီးနှံဖြစ်သည့်ကြက်သွန်နီဈေးမှာလည်း တရိပ်ရိပ်နှင့် မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ မေလကုန်ဇွန်လဆန်းပိုင်မှစ၍ ကြက်သွန်နီက တရိပ်ရိပ်မြင့်တက်ခဲ့ပြီး ကုန်သည်များမှ နယ်အထိဆင်းပြီဝယ်ယူမှုများရှိနေကြောင်း၊ ဇွန်လဆန်းက နယ်ဈေးတစ်ပိဿာ (၁၀၀၀) ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း တောင်သူများကုန်လက်ကျန်အခြေအနေနှင့် သိုလှောင်ကာလကလည်း ကျန်ရှိနေသေးသည့်အပေါ်  အနည်းငယ်စီခွဲ၍ ရောင်းနေကြောင်း၊ ယခုအပတ်တွင် ကုန်သည်များမှ ကြက်သွန်အရည်အသွေးပေါ်မူတည်ပြီး နယ်ဈေးတစ်ပိဿာ (၁၅၀၀ိ-၁၇၀၀ိ/-) ကျပ်ထိ ဈေးပေးဝယ်ယူမှုများရှိလာကြောင်း တောင်သူအများစုက ယခုနှစ်ကြက်သွန်စိုက်ပျိုးထွက်ရှိမှုနှင့် ကုန်လက်ကျန်မှ ယခင်နှစ်ကထက်လျော့နည်းနေသည့်အတွက် အမြင့်ဆုံးဈေး ကျပ် (၂၀၀၀ိ/-) ကျော်အထိ မျှော်မှန်းထားကာ လက်ရှိဈေးဖြင့်မရောင်းချကြသေးဘဲ စောင့်ကြည်နေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

          ယခင်နှစ်က ကြက်သွန်နီစိုက်ဧကများပြားခဲ့သလို အထွက်နှုန်းလည်းများပြားခဲ့ကြောင်း၊ ပြည်ပဝယ်ယူမှုနည်းခဲ့သည့်အတွက် ဈေးကောင်းမရခဲ့ကြောင်း ယခင်နှစ်ကာလတူဈေးမှာ တစ်ပိဿာ (၄၀၀ိ-၅၀၀ိ/-) ကျပ်သာရှိခဲ့ပြီး ရာသီကုန်ခါနီးတွင် (၇၀၀ိ-၈၀၀ိ/-) ကျပ်ဖြစ်ပေါ်ခဲ့သော်လည်း ဈေးပြန်ကျသွားကာ တစ်ပိဿာ(၂၀၀ိ-၂၅၀ိ/-) ကျပ် ထိကျဆင်းသွားခဲ့ကြောင်း၊ တစ်ပိဿာ(၁၀၀၀ိ/-) ကျပ် မရ၍ မရောင်းလိုက်ရသည့်တောင်သူများအရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

          ယခုလက်ရှိ ဈေးကွက်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလတ်ချော (၁၃၀၀ိ/-) ကျပ်၊လတ်သန့် (၁၅၀၀ိ/-) ကျပ်၊ လက်ကြီး (၁၇၀၀ိ/-) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့်မူဆယ်မြို့များသို့ တင်ပို့လျက်ရှိကြောင်း ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် ကြက်သွန်စိုက်ပျိုးမှုနည်းခဲ့သလို အထွက်လည်းနည်းခဲ့ကြောင်း တောင်သူများကုန်လက်ကျန်အပေါ်ထိန်းညှိပြီး ခွဲရောင်းနေကြောင်း ရာသီကလည်းကျန် တက်ရိပ်လည်းရှိနေသေးသည့်အတွက် တောင်သူများတက်ဈေးမျှော်၍ ရောင်းချမှုနည်းနေသေးကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာကြက်သွန်နီဈေးကွက်ကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်နေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(ကြီး/လတ်/သေး)ကျပ် ၈၀၀-၁၀၀၀-၁၂၀၀နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀-၁၂၀၀-၁၆၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှဧက(၁၂၀၀၀)ခန့် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)       

 

                  

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

အင်ဒိုနီးရှားစားအုန်းဆီပို့ကုန်ခွန် ယာယီလျှော့ချ

          အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှုစည်းကြပ်ခွန် အမြင့်ဆုံးနှုန်းထားကို  အမေရိကန်ဒေါ်လာ ၂၀၀ သို့လျှော့ချလိုက်သော်လည်း ဩဂုတ်လတွင် ပြန်လည်မြင့်တက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် မကြာသေးမီက  ထုတ်ပြန်ခဲ့သည့် စားအုန်းဆီတင်ပို့မှု အခွန်မူဝါဒအရ အပြောင်းအလဲများကို ဆောင်ရွက်သည့်စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံးအခွန်နှုန်းကိုတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ အစား၂၀၀သို့ လျှော့ချသတ်မှတ်လိုက်သည်ဟု ဇွန်လ ၁၄ ရက်တွင်ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ ပို့ကုန်အရှိန်မြှင့်တင်မှု အစီအစဉ်အတွက် အထူးနှုန်းထားများဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ နှုန်းထား အသစ်များသည် ထုတ်ပြန်ကြေငြာသည့် ဇွန်လ ၁၄ ရက်နေ့မှ စတင်သက်ရောက်ပြီး ပို့ကုန်အရှိန် မြှင့်တင်ရေးအစီအစဉ်ပြီးဆုံးချိန် ဇူလိုင်လ ၃၁ ရက်တွင်ပြီးဆုံးမည်ဖြစ်ကြောင်း၊ထို့နောက်ဩဂုတ်လ ၁ ရက်မှစ၍ စားအုန်းဆီကြမ်းပို့ကုန်ခွန် အမြင့်ဆုံးနှုန်းထားသတ်မှတ်ချက်ကို တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၂၄၀ သို့ပြောင်းလဲမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယဆန်ကွဲ တရုတ်သို့အများဆုံးတင်ပို့

          တရုတ်နိုင်ငံသည် အိန္ဒိယဆန်ကွဲအများဆုံးတင်သွင်းနေသည့်နိုင်ငံဖြစ်ကြောင်း၊ ယခင်က အိန္ဒိယဆန်ကွဲကို အာဖရိကနိုင်ငံများသို့ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံက အိန္ဒိယမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁.၆၃ သန်းတင်သွင်းခဲ့ရာ ၉၇% ခန့်ရှိ တန်ချိန် ၁.၅၇၆ သန်းမှာဆန်ကွဲဖြစ်ကြောင်း၊ ဆန်ကွဲကို အကြီးအသေး(၂)မျိုးခွဲခြားရာ၌ ဆန်စေ့အပြည့် အလျား၏ထက်ဝက်ကျော်ပါက ဆန်ကွဲအကြီး ၊ ထက်ဝက်‌အောက်ဆိုပါက  ဆန်ကွဲ အသေးဟုသတ်မှတ်ကြောင်း၊ကုန်သွယ်ရေးကျွမ်းကျင်သူများက တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယဆန်ကွဲကို ပြည်တွင်း ဝိုင်အရက်ထုတ်လုပ်မှုအတွက် စက်မှုကုန်ကြမ်းအဖြစ်ဝယ်ယူခြင်းအပြင် ခေါက်ဆွဲထုတ်လုပ်ရန်အတွက်လည်း ဝယ်ယူသည်ဟုပြောကြားကြကြောင်း၊အိန္ဒိယဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌဟောင်းက တရုတ်နိုင်ငံသည် ဆန်ကွဲကို အဓိကထားဝယ်ယူပြီး ဝိုင်အရက်ချက်ရာတွင်ကုန်ကြမ်းအဖြစ် အသုံးပြုခြင်း၊ ခေါက်ဆွဲထုတ်လုပ်ခြင်းများပြုလုပ်ကြောင်း‌၊ ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်မီက တရုတ်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ပြီး ဆန်စက်အချို့ကိုကြည့်ရှုခဲ့ကြောင်း၊ ကျွမ်းကျင်သူတို့က ဆန်ကွဲအဝယ်များလာခြင်းသည် ယူကရိန်းကိုရုရှားကကျူးကျော်စစ်ဆင်နွှဲခြင်းကြောင့် ပြောင်းဈေးနှုန်းများမြင့်တက်လာသည့်အတွက် ဆန်ကွဲကို ပိုမိုအသုံးများလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယ ဂျုံ တင်ပို့မှုကို UAE (၄)လကြာရပ်ဆိုင်း

          အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် ကမ္ဘာ့ဒုတိယအများဆုံး ဂျုံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှထွက်ရှိသည့် ဂျုံနှင့်ဂျုံမှုန့်များ တင်ပို့မှုနှင့်တစ်ဆင့်ခံတင်ပို့မှုတို့ကို(၄)လကြာ ရပ်ဆိုင်း ရန် အမိန့်ထုတ်ထားကြောင်း၊ ပင်လယ်ကွေ့နိုင်ငံ UAE ၏ စီးပွားရေးဝန်ကြီးဌာနက ကမ္ဘာ့ ဂျုံ ကုန် သွယ်မှု ပြတ်တောက်ခြင်းများ ပေါ်‌ပေါက်နေသဖြင့် (၄)လ ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊အိန္ဒိယနိုင်ငံက ဂျုံကို UAE  ပြည်တွင်းစားသုံးမှုအတွက် တင်ပို့ရန်ခွင့်ပြုထားသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ ကြောင်း၊ အိန္ဒိယက ဂျုံ ပြည်ပတင်ပို့မှုကို မေလ ၁၄ ရက်တွင်ရုတ်တရက်ပိတ်ပင်လိုက်ရာ Letter of Credit(LC)ဖွင့်ပြီးသားဂျုံများကိုမူ ဆက်လက်တင်ပို့ရန်ခွင့်ပြုထားကြောင်း၊ ပြည်တွင်းစားသုံးမှု ဂျုံ ဖူလုံပြီး သေချာစေရန် ဂျုံပြည်ပတင်ပို့မှုကိုပိတ်ပင်ထားပြီးနောက် ဂျုံတန်ချိန် ၄၆၉၂၀၂ တန် တင်ပို့ ရန် ခွင့်ပြုခဲ့ကြောင်း‌၊ မေလ ၁၃ ရက်မတိုင်မီ UAE သို့တင်သွင်းခဲ့သည့်ဂျုံများကို ပြည်ပတင်ပို့ခြင်းနှင့် တစ်ဆင့်ခံပြည်ပတင်ပို့ခြင်းပြုလိုသောကုမ္ပဏီများသည် စီးပွားရေးဝန်ကြီးဌာနတွင် ခွင့်ပြုမိန့် ဉီးစွာ လျှောက်ထားရန်လိုအပ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယသကြားပြည်ပတင်ပို့မှု ထပ်မံကန့်သတ်နိုင်ဖွယ်ရှိ

          အိန္ဒိယနိုင်ငံက သကြားပြည်ပတင်ပို့မှု အများဆုံးပမာဏ ကန့်သတ်ထားခြင်းကို ဒုတိယအကြိမ် အဖြစ်အောက်တိုဘာလ၌စတင်ကျင့်သုံးဖွယ်ရှိကြောင်း၊ပြည်တွင်းသကြားဖူလုံစေရေးနှင့် ပြည်တွင်း သကြားဈေးနှုန်းများ ဈေးမတက်အောင်ထိန်းထားရန်အတွက်ဖြစ်ကြောင်း၊အိန္ဒိယသည် ကမ္ဘာပေါ် တွင်  သကြားအများဆုံးထုတ်လုပ်နေသည့်နိုင်ငံဖြစ်ပြီး  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သကြားပြည်ပတင်ပို့မှုကို တန်ချိန် (၆-၇)သန်းအထိသာ ခွင့်ပြုရန် ကန့်သတ် နိုင်ဖွယ်ရှိကြောင်း‌၊လက်ရှိသကြားရာသီကာလတစ်လျှောက် တင်ပို့ခဲ့သည်ထက် ၃ ပုံ ၁ ပုံခန့် လျော့ နည်းမည်ဖြစ်ကြောင်း၊ကြံအများဆုံးထွက်သည့် Maharashtra ၌  မိုးဉီးကာလတွင် ပျမ်းမျှမိုးရေချိန် ၏ ၆၀% အောက်တွင်သာ ရွာသွန်းခဲ့သဖြင့် ကြံစိုက်ခင်းများထိခိုက်ပြီး အထွက်နည်းဖွယ်ရှိကြောင်း‌၊ အိန္ဒိယနိုင်ငံသည်  ၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြင့် ပြည်ပသို့ သကြားတင်ပို့မှုများ အတွက် အများဆုံးပမာဏကန့်သတ်ချက်ကို မေလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယခုနှစ် သကြား ရာသီတွင် တန်ချိန် ၁၀ သန်းအထိသာ တင်ပို့ခွင့်ပြုထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

ဆူရှီစားသောက်ဆိုင်လုပ်ငန်း အကြီးအကျယ်လိမ်လည်မှု ဘန်ကောက်တွင်ဖြစ်ပွား

          ဆိုင်ခွဲဖွင့်ခွင့်ပေးပြီး ဆိုင်ခွဲများဖြင့်လုပ်ကိုင်သည့် Daruma Sushi Co ၏လုပ်ငန်းရှင်က ထိုင်းနိုင်ငံမှ ပြည်ပသို့တိမ်းရှောင်သွားသဖြင့် လူပေါင်း ၄၀၀ ကျော်တို့က ရဲကို လိမ်လည်မှုဖြင့် တိုင်ကြားပြီး အမှုဖွင့်ထားကြကြောင်း၊ Daruma Sushi Co က လူကြိုက်များသည့် နာမည်ကြီးဂျပန် ဘူဖေးစားသောက်ဆိုင်ခွဲများလိုင်စင်ချပေးပြီး လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Central Investigation Bureau(CIB)က ကုမ္ပဏီပိုင်ရှင်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးတွင် စုံစမ်းရာ ဇွန် ၁၆ ရက်ည၌ ဒူဘိုင်းသို့သွားမည့်လေယာဉ်ဖြင့်အဖော်မပါဘဲလိုက်ပါသွားပြီး ဒူဘိုင်း မှတဆင့် ဆက်လက်ခရီးဆက်ပြီး ၎င်းသွားရောက်မည့်ခရီးဆုံးလေဆိပ်ကိုမသိရကြောင်း၊ လိမ်လည်ခံရသူများမှာ Daruma Sushi Co ကရောင်းချသည့် e-voucher ဝယ်ယူထားသူများ၊ ဆိုင်ခွဲ့ဖွင့်ရန် လိုင်စင်ကြေးပေးသွင်းထားသူများနှင့် ကုမ္ပဏီသို့ပစ္စည်းပေးသွင်းထားပြီး ငွေမရှင်းပေးရသေးသူများ ပါဝင်ကြောင်း‌၊ လူပေါင်း ၄၀၀ ကျော် ငွေကြေးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း ဘတ်သန်း ၁၀၀ ခန့် ရှိမည်ဟုခန့်မှန်းကြောင်း၊ စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ရုံးဌာနတွင်လည်း လာရောက်တိုင်တန်းထားသူများပြားကြောင်း‌၊ Daruma Sushi ၏ ဆိုင်ခွဲ ၂၇ ခုတို့ ဆိုင်မဖွင့်ဘဲ တံခါးများ ပိတ်ထားခဲ့ပြီး နောက်ရက်တွင် ကုမ္ပဏီပိုင်ရှင်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ Daruma Sushi ဆိုင်တွင် ပုံမှန်စားသောက်နေသည့် အမျိုးသမီးတစ်ဉီးက ဆူရှီဆိုင်ခွဲလိုင်စင်ယူ၍ဖွင့်ရန် ဆုံးဖြတ်ခဲ့ရာ Daruma Sushi မှ ဝန်ထမ်းက franchise fee ပေးသွင်းရန်လိုအပ်‌ပြီး ပေးသွင်းပြီးပါက အချိန်တန်လျှင် လစဉ် အမြတ်ငွေ ခွဲဝေပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ franchise fee ဘတ် ၂ သန်းပေးသွင်းပြီး ဆိုင်ခွဲ ဖွင့်လှစ်‌ရောင်းချခဲ့ရာ ဆိုင်ခွဲမှနေ့စဉ်ဝင်ငွေကို ကုမ္ပဏီငွေစာရင်းထဲသို့ နေ့စဉ်မပျက်မကွက်ပေးသွင်း ရကြောင်း၊တစ်လပြည့်လျှင် အမြတ် ၁၀% ကို သူမ၏ငွေစာရင်းထဲသို့ ပြန်ပြောင်းထည့်ပေးမည်ဟု ဆိုကြောင်း၊ သူမရောင်းချသည့်ဆိုင်ခွဲက အမြတ်မရသော်လည်း ပထမ ၂ လတွင် တစ်လ တစ်ကြိမ် ၁၀% အမြတ်ဝေစုအဖြစ် ဘတ် တစ်သိန်းကို ၂ လတိုင်တိုင် လစဉ်ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်လတွင်မူ ၎င်းတို့သုံးစွဲသည့် Line Group Chat မှာ ပိုင်ရှင်က ဆော်လမွန်များရရန် အခက်အခဲများရှိနေ ကြောင်းအသိပေးခဲ့ပြီး သူမနှင့် ဆက်သွယ်၍မရတော့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစျေး တည်ငြိမ်လျက်ရှိ

            ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်းရှိပြီး ရန်ကုန်စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၁ဝဝိ/-)နှုန်း စျေးပေါက်နေကြောင်းနှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပြီး သီဟိုစေ့စျေးနှုန်းမှာသီဟိုစေ့ အကြမ်းတစ်ပိဿာလျှင် (၃၄၀ဝိ/-)ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် (၂၂၇၀ဝိ/) ကျပ်ရှိကြောင်း သိရှိရပါသည်။ ကွမ်းသီးနှင့် သီဟိုစေ့ဈေးနှုန်းများမှာ ယခုအပတ်နှင့် ယခင်ပတ်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် ရန်ကုန်စျေးကွက်တွင် အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိပါကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေး အနည်းငယ်မြင့်တက်လျက်ရှိ

              တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထားရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် ယခုနှစ်အပတ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး ယခုအပတ် (၂. ၆. ၂၀၂၂) မှ (၁၇. ၆ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅ဝ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။

              ရော်ဘာကို ရန်ကုန်သို့ တင်ပို့လျက်ရှိပြီး ကော့သောင်းနှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ တင်ပို့ရာတွင် တစ်ပေါင်လျှင် (၁၄၅ဝိ/-)ကျပ်ဖြင့် ဈေးပေါက်၍ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ထိုသို့စျေးနှုန်းမြင့်တက်ရခြင်းမှာ ထိုင်းဘတ်ငွေစျေးနှုန်းမြင့်တက်ရခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၇ဝိ/-)  (၈ဝိ/-) နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

ပြည်မြို့ရဲ့  ရွှေဖရုံသီးဈေးကွက်

            ပြည်မြို့တွင်ရောင်းချနေသော ရွှေဖရုံသီးများကို ပုတီးကုန်း၊ သဲကုန်းနှင့် ဝက်ပုတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။ အများဆုံး စိုက်ပျိုးသောဒေသများမှာ သဲကုန်းမြို့ တွင် အများအပြားစိုက်ပျိုးတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရွှေဖရုံသီးများကို သီရိမင်္ဂလာဈေးသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်း သိရပါသည် ။ ရွှေဖရုံသီးများကို ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၁၅)လုံးမှ (၂၅)လုံးဝင် ရွှေဖရုံသီးအိတ်များဖြင့် တင်ပို့လျှက်ရှိပါသည်။ ရွှေဖရုံသီးတွင် ထိုင်ဝမ်မျိုးနှင့် ဒေသမျိုးဟူ၍ (၂)မျိုးရှိပြီး ထိုင်ဝမ်လက်ရိုက်သီး အနုသီးတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ် ၊ အလုံးကြီး တစ်လုံးလျှင် (၁၂၀၀-၁၅၀၀) ကျပ်ရှိပြီး ဒေသမျိုး အနုသီး တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ရှိ၍ အရင့်အလုံးကြီး တစ်လုံးလျှင် (၂၃၀၀-၂၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း