Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချောက်မြို့နယ်၊ မြို့မစျေးတွင် ရောင်းချနေသော စားဖိုးဆောင်သီးနှံများ၏ စျေးနှုန်းအခြေအနေ

      ချောက်မြို့နယ်တွင် လူဦးရေ(၂၂၀၀၀၀)ဝန်းကျင်ရှိပြီး၊ အများစုမှာ နိုင်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသာဖြစ်ကြပါသည်။ ချောက်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ အဓိကစိုက်ပျိုးသော သီးနှံများမှာ မြေပဲ(၉၆၈၁၅)ဧက၊ နှမ်း(၂၆၄၈၉)ဧက၊ ပဲတီစိမ်း (၁၈၁၇၀)ဧက၊ ကုလားပဲ(၁၃၀)ဧက တို့ဖြစ်ကြောင်း လေ့လာသိရှိရပြီး စားဖိုဆောင်သီးနှံများ စိုက်ပျိုးမှု နည်းပါးကြောင်း တွေ့ရှိရပါသည်။

            မြို့နေလူဦးရေအတွက်  အဓိကလိုအပ်သော စားဖိုဆောင်သီးနှံများကို  နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ် အောင်ပန်း၊ တောင်ကြီးတို့မှ အဓိကမှာယူရောင်းဝယ်စားသုံးရပါသည်။ ချောက်မြို့နယ် မြို့မစျေးတွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၀) ရက်မှ (၂၄)ရက်အတွင်း ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံများ၏ စျေးနှုန်းအခြေအနေမှာ ခရမ်းချဉ် သီး(ထိုင်း) တစ်ပိဿာလျှင် (၁၆၀ဝိ/-၁၈၀ဝိ/-)၊ ခရမ်းချဉ်သီး(မြန်မာ) တစ်ပိဿာလျှင်(၁၈၀ဝိ/-၂၀၀ဝိ/-)၊ ဂေါ်ဖီထုပ် တစ်လုံး(၈၀ဝိ/-၁၀၀ဝိ/-)၊ ပန်းဂေါ်ဖီတစ်ပွင့်(၁၀၀ဝိ/-၁၅၀ဝိ/-)၊ဘူးသီးတစ်လုံး(၃၀ဝိ/-၇၀ဝိ/-)၊ ပဲသီး တစ်ပိဿာ(၁၈၀ဝိ/-၂၀၀ဝိ/-)၊ ကန်စွန်းရွက်တစ်စီး(၅ဝိ/-၁၀ဝိ/-)၊ ချဉ်ပေါင်ရွက်တစ်စီး(၅ဝိ/-၁၅ဝိ/-)၊ မုန်ညှင်းထုပ်တစ်ပိဿာ(၁၅၀ဝိ/-၂၀၀ဝိ/-)၊ အာလူးတစ်ပိဿာ(၂၀၀ဝိ/-၂၂၀ဝိ/-)၊ ငရုတ်ခြောက်ရှည် တစ်ပိဿာ (၇၀၀ဝိ/-၈၀၀ဝိ/-)၊ ကြက်သွန်နီတစ်ပိဿာ(၁၃၀ဝိ/-၁၇၀ဝိ/-)၊ ကြက်သွန်ဖြူ(ကြူကုပ်) တစ်ပိဿာ(၄၀၀ဝိ/-၅၀၀ဝိ/-)၊ ချင်းတစ်ပိဿာ(၁၈၀ဝိ/-၂၀၀ဝိ/-)၊ ကုလားပဲဆံတစ်ပြည်(၄၀၀ဝိ/-၄၅၀ဝိ/-)၊ မကျည်းသီးမှည့်တစ်ပိဿာ(၄၀၀ဝိ/-၄၅၀ဝိ/-)၊ သံပုရာသီးတစ်လုံး(၅ဝိ/-၁၀ဝိ/-)၊ နာနတ်သီးတစ်လုံး (၃၀ဝိ/- ၇၀ဝိ/-)၊ နဂါးမောက်သီးတစ်လုံး(၈၀ဝိ/-၁၂၀ဝိ/-)၊ ကြက်မောက်သီးတစ်လုံး(၁၅ဝိ/-၂၀ဝိ/-)၊ လှိုင်ချီးသီး တစ်ပိဿာ (၄၅၀ဝိ/-၅၅၀ဝိ/-)၊ သခွားမွှေး တစ်လုံး(၃၅၀ဝိ/-၄၅၀ဝိ/-)နှင့် ဒူးရင်းသီး (ယိုးဒယား) တစ်လုံး (၁၈၀၀ဝိ/-၂၀၀၀ဝိ/)စျေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ် လီမီတက်၊ မြေလတ်သားအသင်းစုမှ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး‌ကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင် ဦးစီးမှူး၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် First Top Co.ltd မှ ဝယ်ယူရရှိသော ဆီပေပါ(၁၆၀)ကို တစ်ရက်လျှင်ဆီ(၂၀)ပေပါနှုန်းဖြင့် (၂၀.၆.၂၀၂၂)ရက်နေ့မှ (၂၃.၆.၂၀၂၂) ရက်နေ့အထိ (၈၀)ပေပါ (၈၈၀၀)ပိဿာကို လူတစ်ဦးလျှင် တစ်ပိဿာ (၆၀၀ဝိ/-)ဈေးနှုန်းဖြင့် မကျီးကန် ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာနှင့် နွားကူးကျေးရွာများရှိ ပြည်သူများကို ရောင်းချပေးနေမှုအား ကွင်းဆင်း ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ၊ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများ မှန်ကန်စေရေး ၊ အ‌လေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူ ရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေးနှင့် စားအုန်းဆီများ သယ်ယူဖြန့်ဖြူးရာတွင် ဌာနမှ သတ်မှတ်ထားသည့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်  Food Grade အဆင့် ရှိ  Yellow Colour Drum ၊ Clean Drumများ ပြောင်းလဲအသုံးပြုကြရန်နှင့် မြေလတ်သား အသင်းစုအား စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဘက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ဌာနမှအသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း စနစ်တကျ မှန်မှန်ကန်ကန်ရောင်းချပေးခြင်းဖြင့် အတ္တပရမျှပါကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA( မကွေး )

 

သာယာဝတီခရိုင်အတွင်း ကြက်သွန်နီ ဈေးနှုန်းဈေးကွက်အခြေအနေ

          ၂၀၂၂ခုနှစ်၊ မေလ နောက်ဆုံးသီတင်းပတ်တွင် ကြက်သွန်နီ ဈေးနှုန်းများမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ၈၀၀/၁၀၀၀/၁၂၀၀ ကျပ်ခန့်သာရှိခဲ့ရာ မှ ဇွန်လ သီတင်းပတ်မှ စတင်၍ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ယခု သီတင်းပတ်တွင် ကြီး/လတ်/သေး တစ်ပိဿာလျှင် ၁၀၀၀/ ၁၅၀၀/၁၈၀၀ ကျပ်ခန့်ထိ မြင့်တက်လာခဲ့ပြီး ဈေးကွက်အရောင်းရ အများဆုံးမှာ အသေးစား ၁၀၀၀ကျပ် တန်ကိုသာ ဝယ်ယူသုံးစွဲမှု များကြောင်း သိရှိရပါသည်။ ယခင်နှစ် ဇွန်လတွင် ကြက်သွန်နီ စျေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး ၅၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၀၀ ကျပ်ခန့်သာရှိပြီး ယခုနှစ် ကာလတူတွင် စျေးနှုန်းများသည် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ စတင်ကာ ၁၈၀၀ ကျပ်ခန့်ထိမြင့်တက်လာကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မုံရွာပညာရေးဒီဂရီကောလိပ်၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ (နံနက် ၉း၃၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ၌ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောဆွေးနွေးကြပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲ၌ ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမင်းမင်းသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့ကောလိပ်သို့စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျှဉ်း၍ ယခုကဲ့သို့ လာရောက်ဆွေးနွေးဟောပြောပေးသည့်အတွက် တာဝန်ရှိသူများအား အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့လူနေမှုဘဝအတွက် အရေးကြီးသည့် မှတ်သားဖွယ်ဗဟုသုတများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ယခုဟောပြောပွဲမှ ရရှိသော သိမှတ်ဖွယ်ဗဟုသုတများကို ဆရာ၊ဆရာမအနေဖြင့် မိမိတာဝန်ကျရာကျောင်းများသို့ ရောက်ရှိသောအခါ ပြန်လည်ဝေမျှကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

       ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဖွဲ့စည်းပုံ၊ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စားသုံးသူအခွင့်အရေးများဖြစ်ပေါ်လာပုံ သမိုင်း၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ ဌာနကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း ဟောပြောပါသည်။

     ဆက်လက်၍ စားသုံးရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များနှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်းဟောပြောခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနကဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူအငြင်းပွားမှုများနှင့် ပတ်သက်၍ နမူနာဖြစ်စဉ် များနှင့်တကွ ရှင်းလင်း​ဟောပြောခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်အေးမြသိင်္ဂီ က အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များကို  ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်မှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး​ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။

    အဆိုပါ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲသို့ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သာယာဝတီခရိုင်အတွင်းရှိ မတ်ပဲဈေးနှုန်း ဈေးကွက်အခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် မတ်ပဲဈေးနှုန်းများမှာ မေလ နောက်ဆုံး သီတင်းပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၄၇၀၀၀ကျပ်နှင့် အမြင့်ဆုံး ၄၇၄၀၀ကျပ် ခန့်သာရှိရာမှ ဇွန်လ ပထမပတ်မှ စတင်၍ အနိမ့်ဆုံး ၄၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၈၅၀၀ ကျပ်ခန့်ထိ အနည်းငယ်စီ မြင့်တက်လျှက်ရှိပြီး ယခုအချိန်တွင် ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၅၀၀၀၀ကျပ်မှ ၅၁၆၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လျှက်ရှိပါသည်။ ပွဲရုံများမှ ရန်ကုန်မြို့သို့  တင်ပို့လျှက် ရောင်းဝယ်နေကြောင်းနှင့် ခရိုင်တွင်းမှ ရန်ကုန်သို့ နေ့စဉ် ကားစီး ရေ ၁၅ စီးမှ ၂၀ စီးခန့်ထိ တင်ပို့ပြီး အိတ်လုံးရေ ၆၀၀၀ခန့်မှ ၉၀၀၀ခန့်ထိ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

အောင်မြင်ဖြစ်ထွန်းနေသော တောင်ငူမြို့နယ် အရှေ့ဆင်ရွာမှ နှမ်းစိုက်ပျိုးရေး

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုစာရင်းတွင် မိုးနှမ်း ၁၀၁ ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာ ဦးစီးဌာန၏ စာရင်းများ အရ သိရှိရပါသည်။ မိုးမြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ စစ်တောင်းမြစ်ဘေးရှိ သဲနှုံးမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့နယ် တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  စစ်တောင်းမြစ်ဘေးရှိ ကျေးရွာ စိုက်ခင်း များရှိရာသို့ ကွင်းဆင်းလေ့လာရာ အရှေ့ဆင်ကျေးရွာအုပ်စု၊ ဆင်ရွာလေးရွာ၊ မကုန်ရွာ၊ နောင်ဘိုရွာ၊ နောင်ချိုရွာ၊ ကမ္ဘားနီရွာ၊ သဲတောရွာ၊ တာနှောင်းရွာရှိ တောင်သူဦးကြီးများ စိုက်ပျိုးထားသော နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။

              နှမ်းစိုက်ပျိုးချိန်တွင် နှမ်းမျိုးတစ်ပြည်လျှင် ၄၅၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ နှမ်း တစ် ဧက စိုက်ပျိုးမည်ဆိုလျှင် မျိုးအဖြစ် အနည်းဆုံး နို့ဆီဗူး ၁၂ လုံး(တစ်ပြည်ခွဲ)ခန့်နှင့် အများဆုံး ၂ ပြည်ခန့် လိုအပ်ကြောင်း၊ ယခုအခြေအနေအတိုင်းဆိုလျှင် စစ်တောင်းမြစ်ရေရှိနေပြီး မိုးကြီး၍ စစ်တောင်းမြစ်ရေလျှံမှုဖြစ်ပါက နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ဒုတိယပတ်၊ တတိယပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ တစ်ဧက အထွက်တင်း ၈ တင်းမှ ၁၀ တင်းခန့်အထိ ထွက်ရှိနိုင်ကြောင်း၊ နှမ်း ၁၆ ပြည် (တစ်တင်း)ကြိတ်လျှင် ဆီ ၆ ပိဿာခန့် ထွက်ရှိ ကြောင်း၊ တောင်သူတစ်ဦး ၃ ဧကမှ ၅ ဧကအထိ စိုက်ပျိုးထားကြောင်း၊ ထွက်ရှိလာသည့် နှမ်းများကို တနိုင်တပိုင် မိသားစုစားဆီအဖြစ်သာ သုံးကြောင်း၊ နှမ်းဖတ်များကို တိရစ္ဆာန်စာအဖြစ် နွားကျွေး၊ ဝက်ကျွေး အသုံးပြုကြောင်း၊ နှမ်းရိုးများကို လယ်ထဲချကာ မြေဩဇာအဖြစ် အသုံးပြုကြောင်း၊ တောင်သူတစ်ချို့လည်း နှမ်းရိုးများ မီးရှို့ပစ်ပါကြောင်း၊ ယခုနှမ်းဈေး တစ်ပြည် ၈၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ဈေးရှိကြောင်း၊ မိုးကြီးမှု၊ စစ်တောင်းမြစ်ရေလျှံမှု မရှိပါက နှမ်းစိုက် တောင်သူများ စားဆီဖူလုံမှု ရှိလာမည်ဖြစ်ကြောင်း အရှေ့ဆင်ကျေးရွာအုပ်စု နောင်ဘိုကျေးရွာမှ နှမ်းစိုက် တောင်သူ ဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မုံရွာမြို့၌ နဂါးမောက်သီး လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်သွက်နေ

        မုံရွာမြို့၌ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေကြောင်း၊  ထိုသို့ ဈေးကွက်၌ နဂါးမောက်သီးများလှိုင်လှိုင်ပေါများနေခြင်းမှာ နဂါးမောက်ခြံများမှ တစ်ပြိုင်တည်း အသီးများခူးဆွတ်ကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများကို အဓိကထား၍ ရောင်းချကြခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မုံရွာမြို့၊ နဂါးမောက်သီး ရောင်းချသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

          မုံရွာမြို့နယ်၊အက်တောကျေးရွာတွင်နဂါးမောက်စိုက်တောင်သူနည်းပါး၍ ကျောက်ပန်းတောင်း မြို့နယ်နှင့် ပုပ္ပားဒေသတစ်ဝိုက်မှ ထွက်ရှိတဲ့ နဂါးမောက်သီးများကို အဓိကထား ရောင်းချကြ ကြောင်း၊ ဈေးကွက်တွင် နဂါးမောက်သီး အရွယ် အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၂၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၅၀၀)ကျပ် ဝန်းကျင်ရောင်းချရကြောင်း ၊တစ်နေ့လျှင် နဂါးမောက်သီး (၁၀၀)လုံးပါ ခြင်းတောင်း (၁၅)ခြင်းမှ (၂၀)ခြင်း အထိ မုံရွာမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း၊ နဂါးမောက်သီးကို မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ယင်းမာပင် စသည့်မြို့နယ်များမှ ဝယ်ယူ  လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း) 

ပခုက္ကူ ကုန်စည်ဒိုင်၏ ဇွန်လ ပထမပတ်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

          ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိူး၊ ပဲတီစိမ်း၊ ပဲလွန်းပြာ၊ ပြောင်းဖူးစေ့(CP)နှင့် အခြားပဲမျိုးစုံတို့ အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင်  ၄၂၈၀၀ မှ ၄၃၃၀၀ ကျပ်၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးကို လိုက်၍ တစ်တင်းလျှင်  ၄၀၀၀၀ မှ ၄၅၀၀၀ ကျပ် ၊ စွန်တာနီ တစ်တင်းလျှင် ၄၂၀၀၀ ကျပ် ၊ ကုလားပဲဝါ (Hl) တစ်တင်းလျှင် ၄၆၀၀၀ ကျပ်၊ ကုလားပဲ ဝါလုံးကြီး (929) တစ်တင်းလျှင် ၄၇၀၀၀ ကျပ် ၊ ကုလားပဲဖြူလုံးကြီး (V2/V6 )တစ်တင်းလျှင် ၄၉၅၀၀ မှ ၅၀၀၀၀  ကျပ်၊ ပြောင်းဖူးစေ့ (Cp) တစ်တင်းလျှင် ၁၇၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ပဲစဉ်းငုံနီမှာ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်နှိုင်းယှဉ်ပါက  တစ်တင်း လျှင်(၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကြောင်း၊ ပဲတီးစိမ်းကြီးမှာ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် ဈေးနှိုင်းယှဉ်ပါက တစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရပါသည်။

           ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှုမှာ ပဲစဉ်းငုံနီ (၉၀၀)အိတ်၊ ကုလားပဲဝါ(Hl)  ၄၀၀ အိတ်၊ ကုလားပဲဝါလုံးကြီး (929) ၂၂၀ အိတ်၊ ကုလားပဲဖြူ လုံးကြီး (V2/V6 ) ၂၅၀ အိတ်၊ ပဲတီစိမ်းကြီး (၄၁၀၀) အိတ်၊ ထောပတ်ပဲဖြူ  (၁၀၀) အိတ် ၊ ပဲဇီးကွက်  ၅၀ အိတ်၊ ပြောင်းဖူးစေ့ (CP) ၃၀၀ အိတ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့လျှက်ရှိကြောင်း ကုန်သည်များ ထံမှ သိရှိရပါသည်။

DOCA(မကွေး)

တစ်နှစ်ထက်တနှစ် ဝယ်လိုအားများလာသော စစ်ကိုင်းတိုင်းဒေသကြီး ထောပတ်ပဲဈေးကွက်

           အဟာရဓာတ်ကြွယ်ဝသဖြင့် ပြည်တွင်းသာမကပြည်ပဈေးကွက်ပါ တွင်တွင်ကျယ်ကျယ်ရရှိလာသော ထောပတ်ပဲကို တစ်ပြည်လုံးစိုက်ဧက (၁၅၀၀၀၀)ခန့်စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုး၊ ဆောင်း စုစုပေါင်း ဧက (၄၀၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်မှုရှိသည့်အနက် ဆောင်းသီးနှံအဖြစ် ဧက (၃၀၀၀၀) ခန့် မိုးသီးနှံအဖြစ် ဧက (၁၀၀၀၀)ခန့် စိုက်ပျိုးသည်။ ရွှေဘိုနယ်ဘက်တွင် စိုက်ဧကအများဆုံးဖြစ်ပြီး ထွက်ရှိပဲများမှာဈေးကြိုက်လျှင် မုံရွာဘက်လာပြီးအများအားဖြင့်  စစ်ကိုင်းခရိုင်ဘက်ကစိုက်ပျိုး ထွက်ရှိသော ပဲများနှင့် မန္တလေးဘက်သို့ စီးဆင်းသည်။

              ကလေးခရိုင်၊ ယင်းမာပင်ခရိုင်နယ်လမ်းကြောင်းနှင့် ဂန့်ဂေါယောနယ်ဘက်က ထောပတ်ပဲများ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက်သည်။ မုံရွာမြို့တွင်‌ ထောပတ်ပဲပွဲရုံ(၅)ခုမှ ရန်ကုန်သို့ တင်ပို့‌ရောင်းချပါသည်။ တစ်ဧကကုန်ကျစရိတ် (၂)သိန်းခန့် ကုန်ကျပြီး (၁၀)တင်းဝန်းကျင်ထွက်ရှိရာ ဆောင်းထောပတ်ပဲပေါ်ချိန် ဖေဖော်ဝါရီလ ၁ တင်းဈေးနှုန်း (၄၀၀၀၀)ကျပ်ရသဖြင့် စိုက်ပျိုးတောင်သူသည် ၁ဧကလျှင် (၂)သိန်းကျပ် အမြတ်ရရှိကြောင်း သိရသည်။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ထောပတ်ပဲဝင်ရောက်ရာသီအစတွင် မန္တလေးဈေးကွက်၌ ၃တင်းဝင်(၁)အိတ်လျှင် (၁၆၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအမြင့်ဈေးရရှိခဲ့ကြောင်း သိရပါသည်။ မုံရွာကုန်စည်ဒိုင် ဈေးကွက်တွင် ယခုဇွန်လတတိယပတ်၌ (၁၉)ပိဿာဝင် (၁)တင်းလျှင် (၄၃၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ပစ္စည်းလက်ကျန်နည်းသွားပြီဖြစ်ကြောင်း နောက်လတွင် ထောပတ်ပဲ မိုးသီးနှံအဖြစ် စိုက်ပျိုးတော့မည် ဖြစ်ကြောင်း သိရသည်။

               ထောပတ်ပဲကို အသီးတောင့်များခြောက်သွေ့ပြီး အညိုရောင်ပြောင်းသွားမှ ခူးဆွတ်ကာ အစေ့ကို အစိုဓာတ်ရာခိုင်နှုန်း (၁၄)အောက်ရောက်မှ ထုတ်ပိုးသိမ်းဆည်းကြရပါသည်။ ယခင်နှစ်များက ဆေးအုပ်သဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းကျန်ပါက ပြည်ပဈေးကွက် တင်ပို့ရန်အခက်အခဲဖြစ်ခဲ့ရာ ယခုနှစ် များတွင် အချိန်ကြာစွာသိုလှောင်ထားခြင်း ဆေးအုပ်ခြင်းမပြုဘဲ ဈေးကွက်သို့ ‌ရောင်းချလျက်ရှိသည်။ ပြည်ပဈေးကွက်အတွက် ရန်ကုန်ဈေးနှုန်းမှာ (၂၂.၆.၂၀၂၂) ရက်နေ့တွင် ထောပတ်ပဲ မက်ထရစ် တစ်တန်လျှင် အနိမ့်ဈေး (၁၅.၄၃) ကျပ်သိန်းနှင့် အမြင့်ဈေး(၁၆.၅၃)သိန်း ဖြစ်ကြောင်း တွေ့ရသည်။ ထောပတ်ပဲကို ပြုတ်စားခြင်း၊ ပဲကြမ်းကြော်၊ ပဲရေပွ၊ ပဲမှုန့် အဖြစ်စားသုံးကြကာ ပြည်တွင်းပြည်ပဝယ်လိုအားသည် တစ်နှစ်ထက်တစ်နှစ်များလာသဖြင့် ဈေးကွက်မပျောက်ပျက်အောင် စိုက်ပျိုးထုတ်လုပ်မှုနှင့် အရည်အသွေးထိန်းသိမ်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ စတုတ္ထပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၉၃၀၀၀၊ တန်အားဖြင့် ၄၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၈၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၇၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀ ၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၂၀၀၀၀၊ တန်အားဖြင့် ၁၀၀၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀ လျှင် ကျပ်၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀ လျှင် ကျပ်၁၀၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း