Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇေယျာသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ ကျေးရွာများ၌ အထူးဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေးလျက်ရှိ

            စားအုန်းဆီ များသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရန် အတွက် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ယာများ၊ ဌာနဆိုင်ရာဝန်ထမ်းများသို့ အထူးဈေးနှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ဈေးကားဖြင့် ရောင်းချပေးလျက်ရှိပါသည်။

            “၃-၈-၂၀၂၂ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးအေးထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ လယ်ဝေးမြို့နယ်၊ ရှမ်းရွာတွင် ဆီပိဿာချိန် (၆၆၀)ကို လည်းကောင်း၊ ဈေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်လေး ကျေးရွာတွင် ဆီလုပ်ငန်းရှင်ဦးအေးချမ်းသူမှ ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ သပြေပင်ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်မြင့်မှ ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ သက်နှင်းအင်းကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်မှ ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဈေးကားဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်း” သိရှိရပါသည်။

              ယခုလိုရောင်းချနေမှုများမှာ စားသုံးသူပြည်သူများအတွက် အဆင်ပြေမှုများစွာရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုကိုလည်း ထိန်းချုပ်ပေးနိုင်သောကြောင့် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချမှုများကို အကောင်းဆုံးကြိုးစားလျက်ရှိ‌ ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ဩဂုတ်လပထမပတ်အတွင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများမြှင့်တက်လျက်ရှိ

            ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊သီးညှပ်အဖြစ် စိုက်ပျိုးကြ၍ စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်သော ပြည်နယ်ဖြစ်ပြီး   စိုက်ပျိုးရေးအတွက် လိုအပ်သောသွင်းအားစုများကို အခြားဒေသများမှ တင်သွင်းလျက်ရှိရာ ယခု ဩဂုတ်လပထမပတ်အတွင်း  ဈေးကွက်အတွင်းဖြစ်ပေါ်နေသော  ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေး ဈေးနှုန်းများမှာ ဓာတ်မြေဩဇာ ပုလဲ တစ်အိတ်လျှင် (၉၄၀၀၀) ကျပ်၊မြှားတံဆိပ် ကွန်ပေါင်း တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၉၉၀၀၀) ကျပ်၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို (star)250CC (၈၀၀၀) ကျပ်နှင့် 500CC (၁၃၀၀၀) ကျပ် ၊ Rocket 500CC (၁၄၅၀၀)ကျပ်၊   ဆိုင်ဘာမတ် 500CC (၁၅၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဇူလိုင်လပထမပတ်တွင် ပုလဲ တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်၊မြှားတံဆိပ် ကွန်ပေါင်း တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို (star)250CC (၆၅၀၀) ကျပ်နှင့် 500CC (၁၁၀၀၀) ကျပ် ၊ Rocket 500CC (၁၂၅၀၀)ကျပ်၊   ဆိုင်ဘာမတ် 500CC (၁၃၅၀၀)သာရှိခဲ့ရာ  ယခုဩဂုတ်လပထမပတ်နှင့် ယခင် ဇူလိုင်လပထမပတ်နှိုင်းယှဉ်လျှင် ယခင် ဇူလိုင်လပထမပတ်ထက် ပုလဲ တစ်အိတ်လျှင် (၄၀၀၀) ကျပ်၊မြှားတံဆိပ် ကွန်ပေါင်း တစ်အိတ်လျှင် (၂၀၀၀)ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၄၀၀၀) ကျပ်၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို (star)250CC (၁၅၀၀) ကျပ်နှင့် 500CC (၂၀၀၀) ကျပ် ၊ Rocket 500CC (၂၀၀၀)ကျပ်၊   ဆိုင်ဘာမတ် 500CC (၁၅၀၀) ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း ပြင်ပ ဈေးကွက်ရှိ နိုင်ငံခြားငွေလဲနှုန်းမြှင့်တက်လာခြင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)

 

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ်ကျဆင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ ထုတ်လုံတာဝန်ခံ ဦးမင်းဇော်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် တောင်ငူမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးနှုန်းအတက်အကျကို အခါအားလျော်စွာ ကွင်းဆင်းလေ့လာခဲ့ပါသည်။

        ယခင်လတွင်  စက်သုံးဆီဈေးနှုန်းများမှာ 92 RON တစ်လီတာလျှင် ၂၂၈၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၇၀၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၇၂၅ ကျပ်အထိရှိခဲ့ပြီး ယခုလ လက်ရှိဈေးနှုန်းမှာ 92 RON တစ်လီတာလျှင် ၁၇၃၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၁၇၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၇၀ ကျပ်ရှိပါသည်။

         သို့ဖြစ်ရာ စက်သုံးဆီဈေးနှုန်းမှာ 92 RON တစ်လီတာလျှင် ၅၅၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၅၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၆၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၅၅ ကျပ်အထိ ဈေးလျော့သွားကြောင်း လေ့လာချက်များအရ သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်နဂါးမောက်သီးဈေးကွက်

          ပြည်မြို့ရှိ ဈေးကွက်များတွင် ဇူလိုင်လ တတိယပတ်လလောက်မှ စ၍ နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်နေပြီး အရောင်းအဝယ်လည်းဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့အနီးအနားရှိ ကျေးရွာများမှ တပိုင်တနိုင်စိုက်ပျိုးထားသောကြောင့် နဂါးမောက်သီးများ အများအပြား ဝင်ရောက်လျက်ရှိပြီး ဈေးကောင်းလည်းရရှိကြောင်း သိရှိရပါသည်။  နဂါးမောက်သီး အလုံး အချော အသေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သိရပါသည်။ နဂါးမောက်သီး အလုံးချော တစ်လုံးလျှင် ၇၀၀ကျပ် မှ ၅၀၀ကျပ်အထိရှိပြီး နဂါးမောက်သီးအလတ်ဆိုဒ် (၃)လုံးလျှင် ၁၀၀၀ကျပ် ခန့်သာရှိတော့သဖြင့် စားသုံးသူများအနေဖြင့်လည်း စိတ်ကြိုက်ဝယ်ယူနိုင်သဖြင့် ရောင်းအားတက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

  ပြည်မြို့နယ်အတွင်း ဒေသထွက်အရောင်အသွေးစုံ ပန်းဟော်လန်

          ဟော်လန်ပန်းများစိုက်ပျိုးရာတွင် ပန်းမျိုးဥများအားဝယ်ယူစိုက်ပျိုးရသည်။ မျိုး(၃)ပြည် လျှင် (၇၅၀၀)ကျပ်နှုန်းဖြစ်ပြီး ပန်းမျိုးဥ တစ်ပြည်လျှင် ၅ပေအကွာ မြောင်းအရှည် ၈/၉ပေရှိ မြောင်း (၆)မြောင်း ရရှိပါသည်။ ကုန်ကျစရိတ်မှာ ပန်းမျိုးဥအပေါ် စိုက်ပျိုးမှုကို အခြေခံပြီး တွက်ချက်ရပါသည်။ မျိုးဥများအားစိုက်ပျိုးရာတွင် မြေကြီးအတွင်း(၄)လအကြာတွင် မြေပေါ်သို့ အတက်ကလေးများစတင်ထွက်ရှိလာပြီးနောက် (၄)လအကြာတွင် ပန်းများစတင် ထွက်ပေါ်လာ ပါသည်။ ဟော်လန်ပန်းစိုက်ပျိုးရာဒေသများမှာ ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာရှိ တောင်လုံး ညိုရွာ၊ ရန်ကုန်- ပြည်ကားလမ်းပေါ်ရှိ ရွှေတောင်မြို့နယ်များတွင်လည်း ပန်းပင်များအား ဒေသထွက်အဖြစ်စိုက်ပျိုးကြပါသည်။

          ပန်းများခူးရာတွင် တစ်ပတ်လျှင်တစ်ကြိမ် ခူးယူရပြီး (၅)တံပါ အကြီးတစ်စည်းလျှင် ၁၅၀၀ ကျပ်၊ (၅)တံပါ အသေးတစ်စည်းလျှင် ၉၀၀-၁၀၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ထွက်ရှိ လာသောပန်းများကို ပြည်မြို့၊ ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ ရောင်းချ ပါသည်။ ပန်းများအားလုံးအခင်းပြတ်ခူးယူပြီး (၂)လအကြာတွင်  ပန်းမျိုးဥအဖြစ်ပြန်လည် တူးဖော်ပြီးနောက် တစ်ကြိမ်ပြန်လည်စိုက်ပျိုးရန် ပန်းမျိုးဥအဖြစ် ထားရှိပါသည်။ ဟော်လန်ပန်းကို တစ်နှစ်လျှင် (၂)ကြိမ် စိုက်ပျိုးပါသည်။ ပန်းမျိုးများမှာ အရောင်အသွေးစုံလင်စွာဖြင့် ပတ္တမြား၊ ဆင်စွယ်ဖြူ၊ အဝါကြား၊ ပန်းရောင်၊ ရွှေလိပ်ပြာ၊ နှင်းဆီနီ၊ မိတ်ကပ်နှင့် ခရမ်းပြာအရောင်တို့ဖြစ်ပါသည်။

DOCA(ပဲခူး)

 

ဒေသတွင်းဝယ်လက်နှင့်သာ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ချင်းဈေးကွက်နှင့် ကြက်သွန်နီဈေးဆက်လက်မြင့်တက်

          ပြည်ချင်းပွဲရုံများသို့ အောင်ပန်းချင်းတက် အခက်ကြီးများ အဝင်ပုံမှန်ရှိနေ သည်ဟု သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရောင်းဝယ်ရေးသမားများနှင့် လက်လီဈေး ရောင်းချသူများ အဝယ်ရှိနေပြီး ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်ပြီး ရောင်းဝယ်လျှက်ရှိနေပါသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင် ချင်းတစ်ပိဿာ (ပွဲရုံဈေး) ၉၀၀/၁၀၀၀ကျပ် အိတ်စွဲဈေး ဖြစ်ပြီး ချင်းသန့် လက်ကားဈေးတစ်ပိဿာလျှင် ၁၄၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ လက်လီဈေးများတွင် တစ်ပိဿာ(ချင်းသန့်) ၂၀၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျှက်ရှိနေပါသည်။

          ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမှာ ယခင်ဇွန်လဒုတိယပတ်တွင် လက်လီ/လက်ကား ၁ပိဿာလျှင် ကျပ် ၁၈၀၀-၂၀၀၀ရှိခဲ့ရာ ဇူလိုင်လနောက်ဆုံးပတ်တွင် ကျပ် ၂၀၀၀-၂၂၀၀ရှိ၍ တစ်ပိဿာလျှင် ကျပ် ၂၀၀နှုန်းခန့် မြင့်တက်သွားခဲ့ပါသည်။ ဝင်ရောက်မှုအနေနှင့် အောင်လံ၊ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ပိဿာ (၃၀)ဝင်အိတ် ၁၅၀ တစ်ပတ်လည်ခန့်ကို ရက်ခြားအဝင်ရှိနေ၍ အဝင်မှာ နည်းသွားပါသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်သာအရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းမှာ ပွဲရုံဈေး တစ်ပိဿာ (ကြီး/လတ်/သေး)ကျပ် ၂၀၀၀/၁၉၀၀-၁၈၀၀/၁၇၀၀နှင့် လက်လီဈေး အသေးများတွင် ကျပ် ၂၃၀၀-၂၂၀၀/၂၁၀၀-၂၂၀၀/၁၉၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လှောင်မန်ကျည်းမှည့်များဒေသတွင်း အရောင်းအဝယ်သာရှိ

            ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် လှောင်မန်ကျည်းမှည့်လက်ကျန်များဖြင့်သာ ဒေသတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မန်းကျည်းမှည့်ပွဲရုံများတွင် မန်ကျည်းမှည့် တစ်ပိဿာဈေးမှာ (အသား) ၃၆၅၀-၃၇၀၀ကျပ်နှင့် လက်လီဈေးမှာ (အသား) ဈေးတစ်ပိဿာ ၄၃၀၀ကျပ် ဈေးဖြင့် ရောင်းချနေပြီး ဈေးကွက်များတွင် အစေ့ပါ မန်ကျည်းမှည့်ကို ရောင်းချခြင်း မရှိတော့သည်ကို  တွေ့ရှိရပါသည်။ တစ်ပတ်အတွင်း မန်ကျည်းမှည့်ပိဿာချိန် ၆၀၀ကျော် အရောင်းအဝယ် ပုံမှန် ဖြစ်လျှက် ရှိပါသည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာလျှင် ၂၈၀၀-၃၀၀၀ကျပ် ဈေးဖြင့်ရောင်းချလျှက် ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။       

DOCA(ပဲခူး)

ပြည်ခရိုင်တွင် နွေစပါးဈေးများ ဆက်လက်မြင့်တက်

            ပြည်ခရိုင် နွေစပါးဈေးမှာ ဇူလိုင်လနောက်ဆုံးပတ်တွင် ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ ပြည်မြို့နယ်တွင် ယခင်က ၇၇၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုတွင် တင်း ၁၀၀လျှင် ၇၉၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင် ၇၅၀၀၀၀ကျပ်၊ ယခုပေါက်ဈေးမှာ ၇၆၆၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ယခင်က ၇၆၀၀၀၀ကျပ်၊ ယခု ၇၈၀၀၀၀ကျပ်ဖြင့် တင်း ၁၀၀လျှင် ၂သောင်းကျော် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်ဈေးများမှာ ဈေးမြင့်တက်ခြင်းမရှိဘဲ ၁၀၈ပေါင်တစ်အိတ်လျှင် ၃၂၀၀၀ကျပ်ဈေးဖြင့် ဆက်လက်ဈေးရှိနေခဲ့ပြီး စပါးဈေးများတက်လာသော်လည်း  ဆန်စက်ပိုင်ရှင် များမှာ စပါးဝယ်ယူခြင်း မရှိတော့သည့်အတွက် စပါးဈေးများမြင့်တက်နေသော်လည်း အရောင်းအဝယ် မရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အရောင်းအဝယ်အေးနေတဲ့ ပြည်ကြက်သွန်ဖြူဈေးကွက်

           ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ရှမ်းစလက်ကားအလုံးကြီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀-၃၅၀၀၊ အလုံးသေး တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၈၀၀ဈေးရှိပြီး၊ လက်လီ အလုံးအကြီး အသေးရောရာ တစ်ပိဿာလျှင် ကျပ်၃၅၀၀-၄၀၀၀ဈေးရှိပါသည်။ ကြူကုတ်လက်ကား တစ်ပိဿာလျှင် ကျပ် ၃၄၀၀-၃၅၀၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀ဈေးရှိပါသည်။ ယခုရက်ပိုင်းတွင် အခြားတိုင်းများသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်း လက်လီ/လက်ကား ဝယ်ယူသူများ ဖြင့်သာ အရောင်းအဝယ်ဖြစ်သော်လည်း အရောင်းအေးကြောင်းသိရှိရပါသည်။ ကြက်သွန်ဖြူ ရှမ်းစ အိတ်နှီးကြားတစ်အိတ်လျှင် ပိဿာချိန် ၆ ပိဿာမှ ၁၅ ပိဿာအထိပါဝင်ပြီး၊ ကြူကုတ် တစ်အိတ် လျှင် ပိဿာချိန် ၂၅ပိဿာမှ ပိဿာ ၃၀အထိပါဝင်၍ တစ်ပတ်လျှင် အိတ် ၃၀၀ခန့် အဝင်ရှိနေ သော်လည်း အရောင်းအဝယ်အေးနေသည့်အတွက် ရှမ်းပြည်၊ အောင်ပန်းနှင့် မန္တလေးဘက်မှ အဝင်များလည်းယခင်ရက်များထက်  အဝင်အေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးတက်နေ

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လ တတိယပတ်မှာ ပဲဈေးများတက်လာခဲ့ပြီး ရန်ကုန်ဝယ်လက်နှင့် မြို့တွင်းရောင်းဝယ်မှုများရှိနေကြောင်း သိရှိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင်  မတ်ပဲအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး  ဇူလိုင်လတတိယပတ်တွင် ပဲတစ်တင်းကို ၅၃၀၀၀-၅၃၅၀၀ ကျပ်ဖြင့်  ရန်ကုန်အဝယ်တစ်ရက်ကို ၁၅၀/၂၀၀ခန့် အဝယ် ရှိပါသည်။ ဇူလိုင်လစတုတ္တပတ်တွင် မတ်ပဲတစ်တင်းကို ၅၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ် အနည်းငယ် ရှိခဲ့ပါသည်။

          ဇူလိုင်လတတိယပတ်တွင် ပဲစင်းငုံဈေးတက်လာပြီး ပဲတစ်တင်းကို ၄၅၅၀၀-၄၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္တပတ်တွင် ပဲစင်းငုံ ဈေးထပ်တက်လာပြီး ပဲတစ်တင်းကို ၄၆၅၀၀ကျပ်ဖြင့် ရန်ကုန်သို့တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် တင်ပို့ပါသည်။

           ကုလားပဲသီးနှံဈေးမှာ ဇူလိုင်လ တတိယပတ်တွင် ကုလားပဲ(ဟော်လန်) တစ်တင်းကို ၅၁၅၀၀ - ၅၁၇၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက် သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လကထက် ဈေးတက် လာခဲ့ပြီး ဇူလိုင်စတုတ္တပတ်တွင် ကုလားပဲဈေးတက်လာပြီး ကုလားပဲ(ဟော်လန်) တစ်တင်းကို ၅၂၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၂၅၀၀ ဖြင့်မြို့တွင်းခွဲစက်သမားများ ရန်ကုန်အဝယ်နှင့် နယ်စုံ တင်ပို့မှုရှိခဲ့ပါသည်။

       ပြည်ကုန်စည်ဒိုင်တွင်ပဲကြီးအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လတတိယပတ်တွင် ပဲကြီး (ကမ်းနား)တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၅၀/၃၀၀ခန့် အဝယ် ရှိခဲ့ပါသည်။ ဇူလိုင် စတုတ္တပတ်တွင် ပဲကြီး(ကမ်းနား) တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန်အဝယ် အနည်းငယ် ရှိခဲ့ပါ သည်။

         ဇူလိုင်တတိယပတ်တွင်  စားတော်ပဲ(ကျွန်း)သီးနှံတစ်တင်းကို ၉၅၀၀၀-၁၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ဇူလိုင်လစတုတ္ထပတ်တွင်  စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကို အိတ် ၂၀၀ခန့်အဝယ်ရှိခဲ့ပါသည်။

        ဇူလိုင်လတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဈေးဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် အနည်းငယ်ရှိပြီး တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် အဝယ်ပါသည်။  ဇူလိုင်လ စတုတ္တပတ်တွင် ပဲဈေးအေးနေပြီး ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ရှိခဲ့ပါသည်။

         ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးများတက်နေပြီး ယခင်နှစ်ကဈေးထက် တက်နေပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ယခင်နှစ်ကထက် ပိုကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း