ကတွတ်ပင်သည် သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံ သစ်တောတိုင်းလိုလိုမှာ ပေါက်ရောက်တက်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုတွေ့ရတက်ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်အတွင်းအနောက်ရွာသစ်ကျေးရွာနှင့် ပျဉ်းပင်ကိုင်း ကျေးရွာအနီး သစ်တောကြိုးဝိုင်းများတွင် အလေ့ကျပေါက်ရောက်နေကြောင်း သိရှိရပါသည်။
ကတွတ်ပင်သည်နှစ်ရှည်ပင်ဖြစ်ပြီး ညောင်ပင်မျိုးတွင်ပါဝင်၍ အမြဲစိမ်းလန်းသော အပင်မျိုး ဖြစ်ပါသည်။ အသီးမှာအဝါရောင်ရှိပြီး အညိုရောင်အမွှေးနုများ ဖုံးအုပ်ထားပါသည်။ ကတွတ်သီးမှာ အချိုသီးနှင့်အချဉ်သီးဟူ၍ နှစ်မျိုးရှိတက်ပါသည်။
ကတွတ်သီးကို ရှေးနှစ်ပေါင်း ၅၀၀၀ကျော်ကတည်းက လူတို့စတင်စားသုံးခဲ့ကြပြီး လူ့ခန္ဓာ ကိုယ်အတွက် လိုအပ်သော အာဟာရဓါတ်များ ဖြည့်ဆီးပေးသလို ကျန်းမာရေးအတွက် များစွာ အကျိုးပြုသော အသီးတစ်မျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။
ကတွတ်သီးတွင် အမျှင်ဓါတ်များ ကြွယ်ဝစွာပါဝင်၍ အစာချေစနစ်ကို ကောင်းမွန်စေသည့် အတွက် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ကြောင်းသိရှိရပါသည်။ ဖျားနာမှုကို တိုက်ဖျက်ပေးနိုင် သည့် Bioactive ကွန်ပေါင်း ကင်ဆာဆဲများကိုသေစေနိုင်သလို အမျှင်ဓါတ်ကလည်း ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း၊ ပိုတက်ဆီယမ်ဓါတ် မြင့်မားစွာပါဝင်သည့်အတွက် သွေးတိုးသမားများ စားသုံးသင့်သလို ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေသည့်အတွက် အအေးမိဖျားနာ အလွယ်တကူမဖြစ်နိုင်စေနိုင်ကြောင်း သိရပါသည်။
သို့သော်လည်း အစားအစာစားသုံးရာတွင် "တန်ဆေးလွန်ဘေး" ဆိုရိုးအတိုင်း ကတွက်သီး ကို အလွန်အကျွံစားသုံးမိပါက အစာအိမ်နာကျင်သည့်ဝေဒနာခံစားနိုင်သလို အစေ့ကလည်း အသည်းကိုထိခိုက်စေနိုင်ပါသည်။ ပိုတက်ဆီယမ်ဓါတ်များ၍ သွေးတိုးဆီးချိုသမားများအတွက် သင့်လျှော်သော်လည်း သွေးအတွင်းသကြားဓါတ်နည်းသူများနှင့် အရေပြားဓါတ်မတည့်သူများအနေ ဖြင့် ချင့်ချိန်စားသုံးသင့်ကြောင်း လေ့လာသိရှိိရပါသည်။
ကတွက်သီးမှာနှစ်ပတ်လည်သီးသော အသီးမျိုးဖြစ်သော်လည်း ကဆုန်လနှင့် နယုန်လများ တွင် ပထမအကြိမ်အသီးအများဆုံးသီးပြီး ဝါဆို၊ ဝါခေါင်လများတွင် ဒုတိယအကြိမ် အများဆုံးသီး ကြောင်းနှင့် ကျန်လများတွင် အနည်းငယ်သာသီးသလို အရည်အသွေးလည်းမကောင်းကြောင်း သိရှိရပါသည်။
ကတွက်သီးကို တစ်ချို့က အလုံးလိုက်စားကြသလို တစ်ချို့ကလည်း ထန်းလျှက်၊ ကြံသကာ၊ သကြားတို့ဖြင့် ယိုထိုး၍ ရိုးရာအစားအစာဖြင့်စားသုံးကြကြောင်းသိရပါသည်။ တစ်ချို့ကလည်း ယိုမျိုးစုံလုပ်ငန်းလုပ်ကိုင်၍ ဘုရားဖူးခရီးသွားများအတွက် ဒေသထွက်ကုန် ရိုးရာအစားအစာအဖြစ် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေကြကြောင်း သိရှိိရပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့နယ်အတွင်း ယိုလုပ်ငန်းထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးခန့်ရှိကြောင်းသိရပါသည်။ စာရေးသူမှ ကတွက်ယိုလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး တိုးတက်စေရေးအတွက် ကတွက်ယိုထုတ်လုပ်သည့် လုပ်ငန်းအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား စုံစမ်းမေးမြန်းခဲ့ရာ ကတွက်ယိုသည် နှစ်ပေါက်အောင်နှပ်ထား၍ရသည့် ဓါတုဗေဒကင်းလွတ်စားဖွယ်ရာဖြစ်သဖြင့် အသီးရသမျှ ယိုလုပ်ငန်းမပျက်လုပ်ကိုင်နေရကြောင်း သိရှိရပါသည်။
ကတွတ်ယိုထိုးရာတွင် ရရှိလာသော အသီးများကို ရေစင်အောင်ဆေးပြီး အသီး၏ အောက်ခြေပိုင်းနှင့် ထိပ်ပိုင်းကိုဓါးဖြင့်လှီး၍ လေးစိတ်စိတ်ပြီး တစ်ဒယ်စာအတွက် အလုံးကြီးလျှင် ၁၁၀၀ ဝန်းကျင်၊ အလုံးသေးလျှင် ၁၅၀၀ ဝန်းကျင်၊ သကြား(၈)ပိဿာခန့်နှင့် ဆားအနည်းငယ် ထည့်၍ ယိုထိုးရမှာဖြစ်ပြီး တစ်ဒယ်လျှင် ကတွက်ယိုအချိန် ၁၀ပိဿာခန့် ရရှိကြောင်း သိရပါသည်။
ကတွတ်ယိုတစ်ဒယ်စာကုန်ကျမှုအနေဖြင့် ကတွတ်သီး၊ သကြား၊ ပလပ်စတစ်ဘူးနှင့် လုပ်သားခအတွက် ၃၀၀၀၀ကျပ်ဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ်အနေနဲ့ တစ်ဒယ်အပေါ် ၃၅၀၀ကျပ် ဝန်းကျင်ရရှိကြောင်း သိရပါသည်။ ထုတ်လုပ်မှုအနေနဲ့ ယခင်က တစ်နှစ်လျှင် ကုန်ချိန် ၁၅၀၀-၂၀၀၀ ပိဿာကျော် ထုတ်လုပ်နိုင်သော်လည်း ယခုကိုဗစ်-၁၉ ကာလအတွင်း ပိဿာချိန် ၅၀၀ခန့်သာထုတ်လုပ်ရောင်းချနိုင်ကြောင်းသိရပါသည်။
ကတွတ်ယိုလုပ်ငန်းသည် အလေ့ကျပေါက်ပင်မှ ရရှိသောအသီးကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် စီးပွားဖြစ်လုပ်ကိုင်၍ ရသော လုပ်ငန်းဖြစ်သဖြင့် အသီးခူးရောင်းချသူများအနေဖြင့် စိုက်စရိတ်၊ အရင်းအနှီးမလိုဘဲ မိသားစုအပိုဝင်ငွေရသလို စီးပွားရေးလုပ်ငန်းရှင်ဘက်ကလည်း အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်ရရှိစေသော လုပ်ငန်းဖြစ်သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ လူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)