Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အောင်ဆန်းငွေလာဆန်စက်အား သွားရောက်လေ့လာ

              ပြည်တွင်းထုတ်ကုန်များ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် (၆.၆.၂၀၂၂) ရက်နေ့ (၁၅း၀၀) နာရီ အချိန်တွင် ဘားအံမြို့၊ ထုံးအိုင်စံပြကျေးရွာရှိ အောင်ဆန်းငွေလာ တန်(၆၀)ကျ ဆန်စက်သို့ သွားရောက် လေ့လာခဲ့ပါသည်။

          အောင်ဆန်းငွေလာဆန်စက်၏ တစ်နေ့တစ်ကြိမ်ခွဲနိုင်မှုနှင့် ရရှိလာသောဆန်နှင့် ဆန်ထွက်ပစ္စည်းဈေးနှုန်းတို့ကို ဆန်စက်ပိုင်ရှင် ဒေါ်ပန်းဖူးဒါလီအောင်အား မေးမြန်းခဲ့ရာ ဆန်စက်မှ တစ်နေ့လျှင် (၈) နာရီအတွင်း စပါးတင်း (၁၅၀၀) ကြိတ်နိုင်ပြီး အခြောက်ခံစက်မှလည်း စပါးတင်း (၁၃၀၀) ခြောက်ခံနိုင်ကြောင်း သိရှိရပြီး (၁၀၈) ပေါင်ရှိသော ဆန်ချော(ရှယ်) တစ်အိတ်လျှင်(၃၅၀၀၀/-) ကျပ်၊ ဆန်ကွဲ (ပွိုင့်) ပေါင် (၆၀) တစ်အိတ်လျှင် (၁၃၅၀၀/-) ကျပ်၊ ဆန်ကွဲ (သေး) (၁၀၈) ပေါင်လျှင် (၂၉၀၀၀/-) ကျပ်နှင့် ဖွဲနုပေါင် (၆၀) တစ်အိတ်လျှင် (၁၃၅၀၀/-) ကျပ်၊ဖွဲပြာ တစ်အိတ်လျှင် (၁၀၀၀/-) ကျပ်တို့ဖြင့် ဆန်စက်အထိုင်ဈေးဖြင့် ရောင်းချကြောင်းနှင့် အောင်ဆန်းငွေလာ ဆန်စက်သည် ကရင်ပြည်နယ်တွင် ဆန်ကြိတ်ခွဲနိုင်သော (တန်) အများဆုံးထွက်ရှိသည့် ဆန်စက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသည် ပြည်တွင်းကုန်သွယ်မှု တိုးတက်စေရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးစေရေးအတွက် ဒေသတွင်းအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ထုတ်ကုန်များတိုးမြှင့်စေရန် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများသို့ ကွင်းဆင်းလေ့လာဆောင်ရွက်မှုများ တွန်းအားပေးဆောင်ရွက်လျက် ရှိနေပါသည်။

DOCA(ကရင်)

 

မကွေးမြို့၏ စက်သုံးဆီစျေးနှုန်း ၂၀၂၂ ခု မေလ စတုတ္ထပတ်နှင့် ဇွန်လ ပထမပတ် နှိုင်းယှဉ်ခြင်း

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက္ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးထားသော စက်သုံးဆီစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်း စိစစ်ကြီးကြပ်လျှက်ရှိပါသည်။

            မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသည် ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၂ခုနှစ် ၊ မေလ စတုတ္ထပတ်အတွင်း ဒီဇယ်(ရိုးရိုး) (၁)လီတာ (၂၃၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁) လီတာ (၂၄၀ဝိ/-)ကျပ်၊ ဓါတ်ဆီ(92)(၁)လီတာ(၂၂၇ဝိ/-)ကျပ်နှင့် ဓါတ်ဆီ(95) (၁)လီတာ (၂၃၈၅)ကျပ် အသီးသီးရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ၊ ဇွန်လ ပထမပတ်အတွင်း  ဒီဇယ်(ရိုးရိုး)  (၁)လီတာ (၂၄၅၅)ကျပ်၊  ဒီဇယ်(ပရီမီယမ်)    (၁)လီတာ (၂၄၈၅)ကျပ်၊ ဓါတ်ဆီ(92)(၁)လီတာ( ၂၂၀၅) ကျပ်နှင့် ဓါတ်ဆီ (95)(၁) လီတာ (၂၂၅၅)ကျပ်တို့ဖြစ်သဖြင့် ယခင်မေလ စတုတ္ထပတ်နှင့် ယခုဇွန်လ ပထမပတ်တို့ နှိုင်းယှဉ် ကြည့်ပါက ဒီဇယ်(ရိုးရိုး)(၁) လီတာလျှင် (၈ဝိ/-)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) (၁)လီတာ လျှင်(၈၅) ကျပ်တို့   စျေးနှုန်းမြှင့်တက်ခဲ့ပြီး ဓါတ်ဆီ(92)(၁)လီတာလျှင် (၆၅)ကျပ်နှင့် ဓါတ်ဆီ (95)(၁)လီတာ (၁၃ဝိ/-)ကျပ်တို့ စျေးနှုန်းသက်သာလာကြောင်း တွေ့ရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီး ပို့ကုန်/သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ( ၅/၂၀၂၂ ) လအတွင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( ၁.၅၃၇၅ )၊ သွင်းကုန်အမေရိကန်ဒေါ်လာသန်း( ၀.၂၉၁ ) စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ( ၁.၆၆၆ ) အမေရိကန်ဒေါ်လာရှိခဲ့ပြီး၊ ပို့ကုန်ပစ္စည်းများအနေဖြင့် စွန်ပလွန်သီး၊ မက်မွန်သီး၊ စီးကရက်နှင့် အခြား နန်းဖာလုံ ကုန်စုံပစ္စည်းများ၊ သွင်းကုန်အနေဖြင့် ဓါတ်မြေသြဇာ၊ ဇီယာစေ့၊ ဆံပင်၊ ဂျုံမှုန့်များ ဖြစ်ကြောင်း၊  ယခင် ( ၄/၂၀၂၂ ) လတွင် ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( ၁.၈၀၃ )၊  သွင်းကုန် အမေရိကန် ဒေါ်လာသန်း ( ၀.၂၂၈ ) ရှိပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း(၂.၀၃၁)ရှိသည့်အတွက် ယခုလနှင့် နှိုင်းယှဉ်ပါက ယခင်လထက် အမေရိကန် ဒေါ်လာသန်း ( ၀.၃၆၅ )လျော့နည်းခဲ့ကြောင်း၊ ကလေးမြို့နယ်တွင်( /၂၀၂၂ )လအတွင်း ကုန်စည်စီးဆင်းမှုများအနေဖြင့် ကုန်ပစ္စည်းများသယ်ဆောင်ရာတွင် လမ်းကြောင်း တစ်ခုတည်းကိုသာ အသုံးပြုနေရသည့်အတွက် မိုးတွင်းကာလတွင်ခရီးအနည်းငယ်ကြန့်ကြာမှုများရှိပါကြောင်း၊  ယခုကာလတွင် ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် စားသောက်ကုန်များသာ အဓိကထားတင်ပို့ရောင်းချလျက်ရှိပါကြောင်း  သိရှိရသည်။

DOCA(စစ်ကိုင်း)

ရာသီစာသီးနှံ လိုင်ချီးသီးများ ဆွတ်ခူးရောင်းချ၍ နှစ်စဉ်ဝင်ငွေရရှိ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ သာစည်ကျေးရွာတွင် နှစ်ရှည်လိုင်ချီးသီးပင်များအား  မြေယာလွတ် မိမိအိမ်ဝန်းများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် မိုးတွင်းကာလတွင် အပိုဝင်ငွေအဖြစ် နှစ်စဉ်ရရှိလျက်ရှိကြောင်း သိရသည်။

             မိမိအိမ်နောက်ဖေးတွင် စိုက်ပျိုးထားသည့် လိုင်ချီးသီးပင်များကို ကိုင်းပွား၍ စိုက်ပျိုးမည်ဆိုပါက နှစ်ချင်း အသီးသီးပြီး အစေ့မှစိုက်ပျိုးမည်ဆိုပါက ( ၁၀ ) နှစ်မှ ( ၁၅ ) ခန့် ကြာမှ အသီးများ စတင်သီးသည်ဟု သာစည်ကျေးရွာနေ လိုင်ချီးစိုက်ပျိုးသူ ဒေါ်လှစိန်မှ ပြောကြားပါသည်။

            လိုင်ချီးသီးသည် အရသာအလွန်ချိုသော်လည်း သကြားဓါတ်သည် သဘာဝသစ်သီး သကြားဓါတ်ဖြစ်ပါသည်။ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိသောကြောင့် အစာကျေညက်လွယ်ပြီး အရွယ်တင် နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် တိုင်းရင်းဆေးဝါးကုထုံးများတွင်လည်း အသုံးပြုလေ့ရှိသည်ဟု လေ့လာသိရှိရပါသည်။

             လိုင်ချီးသီးသည် ဇန်နဝါရီလတွင် စတင်ဖူးပွင့်ပြီး ဧပြီလ နောက်ဆုံးပတ်တွင် စတင် အသီးများရောင်းချပြီး ဇွန်လတွင် အသီးများ ခူးဆွတ်ရောင်းချပြီးဖြစ်ပါသည်။ အပင်အရွယ်အစား ပေါ်မူတည်၍ အသီးအနည်း/အများ အလိုက် ဝင်ငွေရရှိမှု ကွာခြားပါသည်။ ပေါ်စတွင် လိုင်ချီးသီး တစ်လုံးလျှင် ( ၅၀ ) ကျပ်ခန့် ဈေးနှုန်းရရှိပြီး အသီးလှိုင်လာပါက အလုံး ( ၃၀ - ၃၅ ) လုံးလျှင် ( ၁၀၀၀ ) ကျပ်ဖြင့် ရောင်းချရပါသည်။ အချို့အပင်များသည် တစ်ရာသီတွင် ( ၁၀၀၀၀၀ ) ကျပ်ခန့်နှင့် အပင်ကြီးပါက ( ၃၀၀၀၀၀ ) ကျပ်ခန့် ပုံမှန်ဝင်ငွေ ရရှိလျက်ရှိပါသည်။

              ထိုကဲ့သို့  မိမိတို့၏အိမ်ဝန်းခြံများအတွင်း ရာသီစာသီးနှံဖြစ်သည့် လိုင်ချီးသီး စိုက်ပျိုးထားရှိခြင်းဖြင့် နှစ်စဉ်ငွေပုံမှန်ရရှိနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာ

            ကသာမြို့၊ ဒေသတွင်းခရမ်းချဉ်သီး သီးနှံစိုက်ပျိုးသူများအနေဖြင့် ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းပေါ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် အသီးများ စတင်ခူးဆွတ်ကြကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်းသီးစတင် ထွက်ရှိချိန်တွင် တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးကောင်းရရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ပေါက်ချိန်တွင် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၂၅၀ကျပ်ထိသာ ရရှိကြောင်း ကသာမြို့ ဒေသတွင်း ခရမ်းချဉ်းသီးစိုက်ပျိုးသူထံမှ သိရသည်။

          ဧပြီလနှင့် မေလမှစ၍ ဈေးကွက်အတွင်းတွင် ဒေသတွင်းစိုက်ပျိုးသည့် ခရမ်းချဉ်သီးများ နည်းပါးလာသည့်အတွက် မန္တလေး၊ မုံရွာဘက်မှ ခရမ်းချဉ်သီးများ စတင်ဝင်ရောက်လာပြီး တစ်ပတ်လျှင် ပိဿာ(၂၀)ပါ သေတ္တာအလုံး (၅၀)ခန့် ကသာမြို့နယ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ ကျပ်ခန့်ထိ တစ်ဖြည်းဖြည်း ဈေးနှုန်း မြင့်တက်လာရာမှ ယခု ဇွန်လပထမပတ်တွင် ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် အလုံးသေး (၁၅၀၀)ကျပ်နှင့် အလုံးကြီး ကျပ် (၂၀၀၀) ထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးကွက်အတွင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တစ်ပိုင်တစ်နိုင် လက်ရက်ကန်းလုပ်ငန်းသို့ ကွင်ဆင်းလေ့လာ

          စစ်ကိုင်းမြို့နယ်တွင် မိရိုးဖလာ လက်ဆင့်ကမ်းအမွေအဖြစ် ဆွေစဉ်မျိုးဆက် ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းမြို့နယ်တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့်  ကျေးရွာ (၃၃) ရွာကျော်တွင် တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူပေါင်း(၂၀၀၀) ကျော်ခန့်ရှိသဖြင့် ၂၀၁၄ ခုနှစ်က ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ  ဦးဆောင်၍ စစ်ကိုင်းမြို့နယ်ရက်ကန်းအသင်းကို အလုပ်အမှုဆောင်(၂၅)ဦး၊ အသင်းသား(၂၂၆၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ စစ်ကိုင်းမြို့ပေါ်၌ လက်ရက်ကန်းလုပ်ကိုင်သူ (၃၀)ဦးနှင့် စက်ရက်ကန်းလုပ်ကိုင်သူ (၅)ဦး၊ ပေါင်း(၃၅)ဦးခန့် ရှိရာ  စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ ဒေါ်ဇာဇာစိုး၏ တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားဖြစ် လုပ်ကိုင်သော လက်ရက်ကန်းလုပ်ငန်းသို့ ဇွန်လ ၂ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦး သွားရောက်တွေ့ဆုံခဲ့ပါသည်။

     ရက်ကန်းလုပ်ငန်းရှင် ဒေါ်ဇာဇာစိုးသည် လွန်ခဲ့သည့် နှစ်(၂၀)ခန့်က လက်ရက်ကန်းစင် (၅) စင် အား အရင်းအနှီးငွေကျပ် တစ်သိန်းဖြင့်မတည်၍ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ လက်ရက်ကန်းစင် (၅)စင်တွင် အမျိုးသမီးလုပ်သား(၈)ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ပါကြောင်း၊ လက်ရက်ကန်းအတွက် လိုအပ်သော ကုန်ကြမ်း ရိုးရိုးချည်( စီလွန်ချည်) ကို စစ်ကိုင်းမြို့၊ ချမ်းသာ ပိုးထည်တိုက်မှ ဝယ်ယူကြောင်း၊ လက်ရက်ကန်းစင်(၁)စင်၊ လုံချည်(၁)ကွင်းလျှင် (၅/၆) ရက် ရက်လုပ်ရပြီး လက်ခ (၂၅၀၀ဝိ/-)ရကြောင်း၊ လုံချည် (၁)ကွင်းလျှင် ရင်းနှီးငွေအနေဖြင့် ချည်ဘိုး (၁၅၀၀ဝိ/-)နှင့် လုပ်အားခ (၂၅၀၀ဝိ/-)၊ ပေါင်း(၄၀၀၀ဝိ/-) ရှိပြီး (၄၅၀၀ဝိ/-) ဖြင့် ကုန်ကြမ်း ဝယ်ယူသော စစ်ကိုင်းမြို့ရှိ ချမ်းသာပိုးထည်တိုက်သို့ ပြန်သွင်းကြောင်း၊ လက်ကန်းစင်(၁)စင်လျှင် ပျမ်းမျှ လုံချည်(၅)ကွင်းနှုန်းဖြင့် (၅)စင်လျှင် လုံချည်(၂၅)ကွင်း ထွက်ရှိပြီး အလုပ်ရှင်တစ်ဦးအနေဖြင့် အမြတ်များစွာမယူဘဲ အလုပ်သမားအား သင့်လျော်သော လုပ်ခများပေး၍ လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင် ဒေါ်ဇာဇာစိုးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သုံးပုံတစ်ပုံနီးပါးတက်လာတဲ့ ကားဈေးနှုန်းနဲ့  မုံရွာကားဈေးကွက်

              လက်ရှိကာလတွင် ပြည်တွင်းကားဈေးနှုန်းတွေဟာ ငွေကျပ် သိန်းဆယ်ဂဏန်းဝန်းကျင်အထိ မြင့်တက်လာပြီး ‌မော်ဒယ်မြင့်ကားများထက် Use ကားများသာ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မုံရွာကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

              ယခုလို ပြည်တွင်းကားဈေးနှုန်းတွေ အမြင့်တန်းမှာ ရောက်ရှိနေတာဟာ ဒေါ်လာဈေးနှင့် စက်သုံးဆီ ဂယက်ကြောင့်  ဖြစ်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

             “ပြည်တွင်းကားဈေးက မူလပေါက်ဈေးထက် ဈေးတွေတက်နေတာပေါ့။ ကားအမျိုးအစားပေါ် မူတည်ပြီး ၁၅ သိန်းကျော်၊ ၃၀ သိန်းလောက်ထိ မြင့်တက်လာတယ်။ ဈေးကွက်အနေအထားကလဲ အေးတယ်။ အရင်ကဆို အခုလို ရာသီအချိန်မျိုးဆို ကားတွေရောင်းနေရပြီး ဒီနှစ်ကျ အတော်လေး ပါးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်အနည်းငယ်လောက်ပဲရှိတယ်။ ဒီနှစ် တစ်နှစ်လုံးတော့ ဒီလိုပုံစံနဲ့ပဲ သွားနေအုံးမယ်ထင်ပါတယ်။ ဈေးကွက်က ထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုးတော့ မရှိနိုင်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကားမူဝါဒတွေက မပြောင်းလဲဘူး၊ အဲ့တော့ ကားဈေးကွက် ဒီအတိုင်းပဲ ဆက်ရှိနေမယ်။ ကြိုက်ဝယ်၊ ကြိုက်ရောင်း ဒီသဘောမျိုးလေးပဲပေါ့” လို့ မုံရွာမြို့ရှိ ကားဝယ်ရောင်းတစ်ဦးက ပြောပြခဲ့ပါတယ်။

               ဒါ့အပြင် ယခုနှစ်အတွင်း ပြည်တွင်းကားဈေးနှုန်းတွေဟာ အမြင့်ပိုင်းသာရှိနေနိုင်မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြပါတယ်။

               ယခင်က သိန်း ၁၅၀ လောက်ဖြင့် ဝယ်ယူလို့ရတဲ့ ဟွန်ဒါဖစ်ဟာ ယခုကာလမှာတော့ ကျပ်သိန်း ၂၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

               ထို့အပြင် မုံရွာမှာ မော်ဒယ်မြင့်ကားများထက် တပတ်နွမ်း ဂျပန်ကျ ယခင်တင်သွင်းပြီး (Use) ကားများသာ  ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ ပိုမိုအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

DOCA(စစ်ကိုင်း)

ကသာခရိုင်အတွင်းရှိ စိန်တလုံးသရက် ဈေးနှုန်း/ဈေးကွက် အခြေအနေ

            ကသာခရိုင်အတွင်းတွင် စိန်တလုံးသရက်သီးစိုက်ဧကအနေဖြင့် (၁၀၄၇)ဧကကျော် စိုက်ပျိုးပြီး ကသာမြို့နှင့် ထီးချိုင့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် ပေ (၂၀) ပတ်လည် စိုက်ပျိုးပါက အပင်(၁၀၀)ဝန်းကျင်ခန့် စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းအနေဖြင့် အပင်(၃)နှစ် သားမှ(၄)နှစ်သား တစ်ပင်လျှင် သရက်သီးအလုံးရေ (၂၀၀)ဝန်းကျင်ခန့် သီးပြီး (၅/၆)နှစ်သားတွင် သရက်သီးအလုံးရေ (၃၀၀/၄၀၀) ခန့် သီးကြောင်း သိရှိရပါသည်။

          ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ကသာခရိုင်အတွင်းတွင်ရှိသော စိန်တလုံးသရက်သီးအား ကသာခရိုင်တွင်းရှိ ခြံပိုင်ရှင်များမှ စုစည်း၍ ကားငှားကာ မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် မူဆယ်ပွဲရုံသို့ အလုံး(၄၀)ခန့်ပါ သရက်သီးအလုံးအကြီး တစ်ခြင်းတွင် ယွမ်(၁၂၀ မှ ၁၅၀)ခန့်ကြား ရရှိပြီး အလုံး(၄၅)လုံးပါ အလုံးသေးတစ်ခြင်းလျှင် ယွမ် (၁၂၀ မှ ၁၃၀) ကြား ရရှိကြောင်း သိရှိရပါသည်။

          ယခင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် တရုတ်သို့ ကားအဝင်များပိတ်ထားသဖြင့် ကသာခရိုင်တွင်း သရက်သီးစိုက်ပျိုးသူများအနေဖြင့် အရှုံးပေါ်ခဲ့ကြောင်း သိရှိရပြီး ယခုနှစ်တွင် ကားလမ်းကြောင်းများ ပုံမှန်ပြန်လည်ဖွင့်လာသဖြင့် ကသာခရိုင်အတွင်း သရက်စိုက်ပျိုးသူများ အနေဖြင့် ဈေးကောင်းရရှိလျက်ရှိကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘဲဥများဈေးကောင်းရခြင်းကြောင့် ပဲခူးခရိုင်အတွင်းမှ ဘဲမွေးမြူသူများ အဆင်ပြေလျှက်ရှိ

            မြန်မာနိုင်ငံ၌ ဘဲမွေးမြူခြင်းကို ပဲခူးတိုင်းဒေသကြီး၌ အများဆုံးမွေးမြူလျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် တတိယအများဆုံး မွေးမြူလျှက်ရှိကြောင်း သိရပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ္ပင်မြို့နယ်မှ ဘဲမွေးမြူသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းချက်အရ ယခုနှစ်တွင် 18 kg ဘဲဥတစ်လုံးလျှင် ၁၇၉ ကျပ်ဖြင့်လည်းကောင်း၊ 19 kg ဘဲဥတစ်လုံးလျှင် ၁၈၇ ကျပ်ဖြင့်လည်းကောင်း၊ 20 kg ဘဲဥတစ်လုံးလျှင် ၁၉၅ ကျပ်ဖြင့်လည်းကောင်း၊ 21 kg ဘဲဥတစ်လုံးလျှင် ၂၀၅ ကျပ်ဖြင့်လည်းကောင်း၊ 22 kg ဘဲဥတစ်လုံးလျှင် ၂၁၅ ကျပ်ဖြင့်လည်းကောင်း၊ 23 kg ဘဲဥတစ်လုံးလျှင် ၂၂၀ ကျပ်ဖြင့်လည်းကောင်း လက်ကားဈေးအနေဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး လက်လီ ဈေးကွက်၌  ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ ဘဲဥအရွယ်အစားအလိုက် ဈေးနှုန်းသတ်မှတ် ရောင်းချလျှက်ရှိကြောင်း သိရသည်။

          အဆိုပါ ဘဲမွေးမြူသူ၏ ပြောကြားချက်အရ ဘဲဥမှာ တစ်နှစ်ပတ်လုံးဥပါကြောင်း၊ အစာကောင်းကောင်းကျွေးနိုင်ပါက(၃)လခွဲတွင် စဥပြီး အစာမကောင်းပါက (၇)လမှ စဥ ပါကြောင်း၊ အမွှေးအတောင်ပြင်သည့် (၅)ပတ် (၆)ပတ် ဝန်းကျင်သာ ဥ ဥနှုန်း ကျဆင်းတတ်ပါကြောင်းနှင့် လက်ရှိဈေးကွက်ဈေးနှုန်းများအရ  အစာဈေးမြင့်မားသော်လည်း မိမိတို့ ဘဲမွေးမြူသူများအတွက် အကျိုးအမြတ်ရရှိလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ဒိုက်ဦးမြို့နယ် ဆန်စက်နှင့် ပဲမျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ

           စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ တိုင်းရုံးမှ တာဝန်ရှိဝန်ထမ်းများနှင့် ဒိုက်ဦးမြို့နယ်တာဝန်ခံတို့သည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၁.၆.၂၀၂၂ ရက်နေ့၊  (၁၃:၀၀) နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်ရှိ ဆင်ဖြူတော်ဆန်စက်နှင့် ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းသို့ သွားရောက်ပြီး ပိုင်ရှင် ဦးသိန်းဝင်းနှင့်  တွေ့ဆုံ၍ ယခုလက်ရှိ ဆန်စပါးဈေးနှုန်း အခြေအနေ၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေများ ၊ တင်ပို့နေမှုအခြေအနေများ    ၊ သယ်ယူပို့ဆောင်ခနှုန်းထားများ ၊ လုပ်သားတင်ချခများ၊ ပဲလက်ကျန်အခြေအနေ၊ စက်သုံးဆီဝယ်ယူရရှိမှု အခြေအနေများ နှင့် ဆန်စပါး လက်ကျန်အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထို့သို့တွေ့ဆုံမေးမြန်းရာတွင် ယခုအချိန် နွေစပါး တင်း(၁၀၀) လျှင် ၇၇၀၀၀၀/-ကျပ်နှုန်း၊ မိုးစပါး တင်း (၁၀၀) လျှင် ၈၄၀၀၀၀/-မှ ၈၅၀၀၀၀/- ကျပ်အထိ ဝယ်ယူရပါကြောင်း၊ ဆန်ဈေးအားဖြင့် ဒေသဆန် တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပါကြောင်း၊ မန္တလေးသို့ တင်ပို့ရာတွင် ကားခအနေဖြင့် ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် (၁၃၀၀) ကျပ်ရှိပြီး ၊ ရန်ကုန်သို့ တင်ပို့ရာတွင် ဆန်တစ်တင်းခွဲတစ်အိတ်လျှင် (၈၅၀) ကျပ်နှုန်း ပေးရပါကြောင်း ၊ ပဲလက်ကျန်အနေဖြင့် အနည်းငယ်သာ ကျန်ရှိပါကြောင်း၊ ယခုချိန် ပဲတီစိမ်း တစ်တင်းလျှင် ၅၀၀၀၀/- ကျပ်၊  ပဲလွန်းဖြူ တစ်တင်းလျှင် ၄၅၀၀၀/- ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်းနှင့် တင်ပို့မှုအနေဖြင့် မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း