Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လွိုင်ကော် စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ဆန် ဈေးနှုန်း တည်ငြိမ်နေ

      လွိုင်ကော်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းမှာ ဧည့်မထ စပါး ၄၆ ပေါင် တင်း(၁၀၀)လျှင် ငွေကျပ် ၇၅၄၀၀၀/- ဖြစ်ပြီး တတိယပတ်တွင် ၇၄၁၅၀၀/- ကျပ် သို့ ကျဆင်းသွားပြီး ပြည်နယ်အတွင်း အရောင်းအဝယ် အေးနေကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။ ဧည့်မထ(ဒေသ) ရွှေရင်အေး(၁) ဆန်ဈေးနှုန်း မှာဖေဖော်ဝါရီလပထမပတ်တွင် တစ်အိတ်လျှင် ( ၃၅၀၀၀ )ကျပ်၊ တစ်ပြည်လျှင် (၁၆၀၀)ကျပ် ဖြစ်ပြီး ယနေ့ထိဆန်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်မြို့တွင် ကြက်သွန်(နီ/ဖြူ) ဈေးနှုန်းအနည်းငယ်ကျဆင်း

         ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဖော်ဖော်ဝါရီလ ပထမပတ်တွင်  ကြက်သွန်နီ တစ်ပိဿာလျှင် ၂၂၀၀ (ကျပ်) မှ တတိယပတ်တွင် ၂၀၀၀ (ကျပ်) ကျဆင်းသွားကြောင်း၊ ကြက်သွန်(ဖြူ) တစ်ပိဿာလျှင် ဖေဖော်ဝါရီ ပထမပတ်၌ ၅၀၀၀ (ကျပ်) မှ တတိယပတ်တွင်  (၄၅၀၀)ကျပ် ကျဆင်းသွားကြောင်းနှင့်  ကြက်သွန်ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်နယ်အတွင်း ကြက်သွန်(နီ/ဖြူ) အသစ်များ အနည်းငယ်ပေါ်သောကြောင့်ဖြစ်ကြောင်း ကုန်သည်တစ်ဦး ထံမှသိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး၏ (၈)ခုမြောက် ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

တောင်တွင်းကြီးကုန်စည်ဒိုင်ဖွင့်ပွဲကို (၈.၂.၂၀၂၀)နေ့တွင် တောင်တွင်းကြီးမြို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများဖြစ်သော မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိတ်ဖက်ဌာနများ၊ မကွေး၊ အောင်လံကုန်စည်ဒိုင်မှ တာဝန် ရှိသူများ၊ တောင်တွင်းကြီးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင် စုစုပေါင်း(၁၂၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်မှ လတ်တလောတက်ရောက်လာခဲ့သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၁၂) ကြိမ်မြောက် အစည်းအဝေးတက်ရောက်ခဲ့မှုအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့၊ ဖြေလျော့ ဆောင်ရွက်ပေးခဲ့ပြီး အခြေအနေများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရေး ခရီးစဉ်သွားရောက်ခဲ့သည့် ဒေသများမှ ဆောက်ရွက်နေမှုများအား မိမိတို့ဒေသတွင် ဆောင်ရွက် သင့်ပါက အတုယူ ဆောင်ရွက်သင့်သည့်အချက်များနှင့် တောင်တွင်းကြီးကုန်စည်ဒိုင်အား ယခုထက် စည်းလုံးညီညွတ်စွာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိက မှန်လေးမှန်ရှိသလို ကုန်စည်ဒိုင်များတွင်လိုက်နာရမည့် မှန်လေးမှန်ဖြစ်သည့် ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ဖြစ်ဖို့နှင့် ကုန်စည်ဒိုင်စည်းမျဉ်းစည်းကမ်းများ၊ အသင်းဖွဲ့ စည်းမျဉ်းစည်းကမ်း မှတ်တမ်းထားရှိရမည်ဖြစ်ကြောင်းနှင့် အသင်းသားများမှ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရေးတို့အား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်မှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ မိမိတို့နှင့်နီးစပ်သည့် တောင်သူများအား စည်းရုံးချိတ်ဆက်၍တောင်တွင်းကြီးမြို့တွင် တဆက်တစပ်တည်း ပေါင်းစည်းလယ်ယာစနစ်များ ဖြစ်ထွန်းရေးအတွက် ဆောင်ရွက်မည်ဆိုပါက မိမိတို့ဌာနဆိုင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ယခုတောင်တွင်းကြီး  ကုန်စည်ဒိုင်ကိုလည်း စဉ်ဆက်မပြတ် တိုးတက် ဖွံ့ဖြိုးစေရန် ဆုမွန်ကောင်းများ တောင်းပါကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်လည်း တွေ့ဆုံဆွေးနွေး မေးမြန်းပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ပထမပိုင်း အစီအစဉ်အဖြစ် ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ဒုတိယပိုင်းတွင် တောင်တွင်းကြီးကုန်စည်ဒိုင်ရုံးခန်းသစ်အား တက်ရောက်လာ သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တောင်တွင်းကြီးကုန်စည်ဒိုင် ဥက္ကဌ ဦးချိုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မော်လမြိုင် မုန့်မျိုးစုံလုပ်ငန်းရှင်များ အစုအဖွဲ့ ဖွဲ့စည်း

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့ကို ‌ဆောင်ရွက်လျှက်ရှိပြီး အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိရာ ၁၁.၂.၂၀၂၀ ရက်နေ့တွင် မော်လမြိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များစုစည်း၍ အစုအဖွဲ့ ဖွဲ့စည်းခြင်းကို မွန်ပြည်နယ်စားသုံး သူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          ပထမဦးစွာ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဌာန အနေဖြင့် အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကူညီထိန်းကျောင်းပေးနေကြောင်း၊ တစ်ဦး တစ်ယောက်ချင်းဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းက ပို၍ ထိရောက်အောင်မြင် ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ရာတွင် အဖွဲ့အတွက် အမှန်တကယ်အလုပ်လုပ်သူ၊ ပေါင်းသင်း ဆက်ဆံရေးအဆင်ပြေမည့်သူများကို ရွေးချယ်ကြစေလိုကြောင်း၊ အချို့မဲခွဲဆုံးဖြတ်ရမည့်ကိစ္စများတွင် အဆင်ပြေစေရန် EC အဖွဲ့ကို မဂဏန်းဖြင့် ဖွဲ့စည်းကြစေလိုကြောင်း၊ ကုန်ပစ္စည်း (မုန့်မျိုးစုံ) ပေါ်၌ မိမိ ထုတ်ကုန်တံဆိပ်အမှတ်အသားများဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်အညီ ဖော်ပြဆောင်ရွက်ကြရန်နှင့် ဌာနမှ ကူညီဆောင်ရွက်ပေးလျှက်ရှိသော အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများက စားသုံးသူကာကွယ်ရေးဥပဒေသိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ၂/၂၀၁၉ အမိန့် ကြော်ငြာစာများပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

          မော်လမြိုင်မြို့ မုန့်မျိုးစုံလုပ်ငန်းရှင်များ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို နာယက (၂) ဦး၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဘက်ဘဏ္ဍာရေးမှူး အပါအဝင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မော်လမြိုင်မုန့်မျိုးစုံလုပ်ငန်းရှင်များအစုအဖွဲ့ကို အဖွဲ့ဝင်စုစုပေါင်း (၂၅) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

 

 

မော်လမြိုင်ကုန်စည်ဒိုင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

   မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ချိတ်ဆက်မှု ဆောင်ရွက်နိုင်ရေးအတွက် မော်လမြိုင်ကုန်စည်ဒိုင်ကို ၂၁.၁.၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်လှစ်ပြီးခဲ့သည့်ကုန်စည်ဒိုင်၏ လုပ်ငန်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန်၊ ကုန်စည်ဒိုင်သီးနှံပေါက်ဈေးနှုန်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန်၊ ဒေသထွက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်၊ ကုန်စည်စီးဆင်းမှု သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၅.၂.၂၀၂၀ ရက်နေ့က မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

         အဆိုပါ အစည်းအဝေးတွင် သီးနှံများ၊ ဒေသထွက်ကုန်များ၏ ဈေးနှုန်းများ၊ ဈေးကွက်သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာကုန်သည်အသင်းအဖွဲ့အသီးသီးမှ ဈေးနှုန်းများကို တာ၀န်ရှိသူများက လက်မှတ်ရေးထိုး၍ ကုန်စည်ဒိုင်သို့ ပေးပို့ရမည်ဖြစ်ပြီး ကုန်စည်ဒိုင်မှ သတင်းအချက်အလက်များကို စုစည်း၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်တွင် စတော်ဘယ်ရီစိုက်တောင်သူများဈေးကောင်းရ၍ အဆင်ပြေ

           ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်များရှိ ကျေးရွာများတွင် စတော်ဘယ်ရီခြံများမှ စတော်ဘယ်ရီသီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းရနေတယ် လို့သိရပါတယ်။

          စိုက်ပျိုးထွက်ရှိတဲ့ စတော်ဘယ်ရီသီးများကို တောင်ကြီး၊ ဟိုပုံး၊ အေးသာယာ၊ ရွှေညောင်မြို့များမှတစ်ဆင့် ပြည်တွင်းမြို့များ အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ ဒေသသီး၊ ထိုင်ဝမ်သီး၊ ယိုးဒယားသီး တစ်ခြင်းကို ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ ကျပ် အထိရောင်းချ၍ ဝင်ငွေကောင်းကာ အဆင်ပြေနေတယ်လို့ စ‌တော်ဘယ်ရီစိုက် တောင်သူများထံက တစ်ဆင့်သိရပါတယ်။

တောင်ကြီးခရိုင်
စားသုံးသူရေးရာဦးစီးဌာန

ထန်းလျက်ကုလားထိုင်လုပ်ငန်းရှင် နှင့် တွေ့ဆုံခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် အိမ်တွင်းတပိုင်တနိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည့်ထန်းလျက်လုပ်ငန်းရှင်အသင်းသို့ ၂၆.၁၂.၂၀၁၈ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်၍ တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပါသည်။

          ထန်းလျက်ကုလားထိုင်လုပ်ငန်းကို ၂၀၀၇-၂၀၀၈ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ရာ ယခုအချိန်တွင် ရင်းနှီးမတည်ငွေ ၁၀၀,၀၀၀ိ/ ကျပ်မှ ၁၅၀,၀၀၀ိ/ ကျပ်ရှိပြီး (၁)ရက်လျှင် ကုလားထိုင်(၂) လုံးပြီးမြောက်ကြောင်း၊ စျေးကွက်ကုန်ချောကို မြောင်မြို့နယ်၊ မြင်းမူမြို့နယ်များသို့ ရောင်းချလျက်ရှိကြောင်း၊ ကုလားထိုင် ၁ လုံးလျှင် ၆၅၀၀ိ/ ကျပ်ရောင်းချပြီး ကုန်ကြမ်းကို ဒေသတွင်းမှာသာ ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် ကုလားထိုင် ၂ လုံးပြီးအောင် လုပ်သား ၂ ဦး လုပ်ကိုင်ရကြောင်း၊ လုပ်ခနှုန်းမှာ တစ်နေ့လျှင် ၅၀၀၀ိ/ ကျပ် ပေးရကြောင်း၊ ကုန်ကြမ်းဝယ်ယူခနှင့် လုပ်သားခအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ၆၅၀၀ိ/ ကျပ် ဖြစ်ပြီး လုပ်ငန်းရှင်အတွက် အမြတ်ရငွေမှာ တစ်နေ့လျှင် ၆၅၀၀ိ/ ကျပ်ရရှိကြောင်း သိရှိခဲ့ရပါသည်။

သင်းယုနွယ်

စစ်ကိုင်း

တောင်ကြီးစျေးကွက်အတွင်း ပြောင်းအဝင်ရှိသလောက် အထွက်များ

တောင်ကြီးစျေးကွက်အတွင်း ပြောင်းအဝင်ရှိသလောက် အထွက်များ

           ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးစျေးကွက်တွင် အစေ့ထုတ်ပြောင်းတွေကတော့ ပိုမိုဝင်ရောက်လာပါတယ်။ မိုးရွာသွန်းမှုကလည်းအတော်နည်းသွားတာဖြစ်တဲ့အတွက် ပြောင်းအဖူးချိုးမှုတွေ မြို့နယ်တိုင်းလိုလိုမှာ ပြုလုပ်နေကြပါတယ်။ လုပ်သားခနေ့တွက်မှာ တစ်ယောက်ကို ၄၀၀၀ ကျပ် ပေးရပါတယ်။ မိုးလင်းလာတာ နဲ့အမျှ နေလှန်းပြောင်းအခြောက်တွေလည်း ဝင်ရောက်လာပြီး လုပ်ငန်းပူတဲ့သူတွေကတော့ တောင်လေးလုံးရှိ မြနဒီနဲ့ ပြောင်းအခြောက်ခံစက်နှင့် မြို့နယ်အတွင်းရှိ ပြောင်းအခြောက်ခံစက်ငယ်တွေမှာ လှော်နေကြဆဲဖြစ်ပါတယ်။ အခြောက်ခံစက်မှာ ပြောင်းလှော်ခနှုန်းတွေကတော့ တစ်ပေါင်း (ပြောင်းတစ်တင်းခွဲဝင် ၇၀-၈၀အိတ်) ကို ၁၅၀၀၀ ကျပ် ပေးရတယ်လို့ဆိုပါတယ်။ အစိုဒီဂရီနှင့် အရည်အသွေးပေါ်မူတည်ပြီး ပြောင်းအစိုတစ်ပိဿာ ၃၀၀-၃၂၀ ကျပ် စျေးအသီးသီးရှိပြီ၊ အခြောက်တစ်ပိဿာ ၄၅၀-၄၇၀ ကျပ်စျေး အသီးသီးရှိတယ်လို့ ဆိုပါတယ်။ ပြောင်းတစ်ဧကအထွက်နှုန်းကတော့ မြေအမျိုးအစားအလိုက် တင်း ၅၀ မှ ၈၀ အထိ ရှိတယ်လို့ သိရပါတယ်။ စျေးကွက်မှာ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုကတော့ တင်း (၃၀၀၀၀) ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ စျေးကွက်ကဝယ်ယူရရှိတဲ့ ပြောင်းတွေကိုတော့ ရန်ကုန်၊ မန္တလေး ဝယ်လက်များသို့ တင်ပို့နေကြတယ်လို့ သိရပါတယ်။ နောက်သီတင်းပတ်မှာတော့ အရောင်းအဝယ် ပိုဖြစ်လာမယ်လို့ ပြောင်းစျေးကွက်က သတင်းရရှိပါသည်။

(စောမောင်)

တောင်ကြီး

ဆင်းဧကရီ(၃)ခေါ် ဆင်း- ၃ သစ်အဖွင့်စျေး

တောင်သူတွေအကြိုက်နဲ့ စက်ပိုင်များမလိုက်သေးတဲ့ ဆင်းဧကရီ(၃)ခေါ် ဆင်း- ၃ သစ်အဖွင့်စျေး

          မြန်မာနိုင်ငံအထက်ပိုင်း၊ ကသာခရိုင်၊ ဆင်း ၃ ဆန် လွယ်ဂျယ်နယ်စပ်မှ တရုတ်သို့ တင်ပို့မှုရှိ နေလို့ တောင်သူများ စိုက်ပျိုးမှုများသလို ဒေသတွင်းဆန်စက်လိုင်ငန်းရှင်များ  ပွဲစားကုန်သည်များ  အလုပ်အကိုင်အခွင့်အလမ်းများရကြပါတယ်။ ၂၀၁၈ -၂၀၁၉ ခုနှစ်ကသာခရိုင် မိုးစပါး စိုက်ဧက (၃၆၃၆၄၄) ရှိပြီး ဆင်း- ၃ စပါးစိုက်ဧက ၇၅ ရာခိုင်နှုန်းရှိတယ်လို့ သက်ဆိုင်ရာဌာနက သိရပါ တယ်၊ အောက်တိုဘာလဆန်းပိုင်း အစောစိုက်စပါးစပေါ်ပြီဖြစ်ပြီး ယခင်နှစ်များနှင့်မတူ ဆင်း- ၃ စပါးတင်း တစ်ရာ (၇)သိန်းစျေးနဲ့ ဖွင့်လို့ တောင်သူများစျေးကောင်းရလို့ အကြိုက်တွေ့ပေမယ့် ဒေသတွင်း စက်ပိုင်ကုန်သည်အများစုမှာ စျေးမလိုက်သေးပဲ အကျစျေးစောင့်နေကြောင်းသိရပါသည်။

          ဆင်း- ၃ စပါးဟောင်းတင်းတစ်ရာ(၈.၅) သိန်းစျေး၊ ဆန်တစ်အိတ် ၃၅၀၀၀ ကျပ်ရှိနေပါတယ်။ စပါးဟောင်းစျေးမြှင့်တက်နေမှုအရှိန်နဲ့ စပါးသစ်စျေး လိုက်မြင့်နေတာဖြစ်နိုင်ပါတယ်၊ စပါးသစ်လှိုင် လှိုင်ပေါ်ချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ စျေးပြန်ကျသွားနိုင်ပါတယ်၊ ယခင်နှစ်စပါးသစ်ပေါ်ချိန် တင်းတစ်ရာ(၆)သိန်းစျေး၊ ဆန်တစ်အိတ် ၂၄၀၀၀ ကျပ်ရှိခဲ့ပါတယ်၊ တောင်သူများစျေးမြှင့်ရောင်းရပေ မယ့် ဆန်ဝယ်စားရာမှာ စျေးမြင့်ပြန်ဝယ်စားရလို့ သိမ်မထူးခြားပါဘူး၊ လက်လုပ်လက်စားတွေ အခက်ကြုံနိုင်ပါတယ်။တရုတ်အဆွဲများတဲ့ ဆင်း- ၃ ဆန်ကို  တရုတ်နယ်စပ်ကို ဗန်းမော် လွယ်ဂျယ် လမ်းကြောင်းနဲ့မန္တလေး မူဆည်လမ်းကြောင်းကနေ တင်ပို့နေကြပါတယ်၊ လက်ရှိစပါးသစ်(၇) သိန်း စျေးနဲ့ဖွင့်ပေမယ့် ဝယ်လိုအားနည်းနေပါတယ်၊စက်ပိုက်ကုန်သည်အများစုကပါ စပါးလှိုင်လှိုင်ပေါ်ချိန်နဲ့ စျေးအကျကို စောင့်နေကြတယ်လို့ ဆန်စက်လုပ်ငန်းရှင်များထံက သိရပါသည်။

          ကသာခရိုင်အဓိက ငွေကြေးလှည့်ပတ်စီးဆင်းရာမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ ရေးကအရေးပါလှပါတယ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ကသာခရိုင်အတွင်းမြို့နယ်အလိုက် မိုးစပါးစိုက်ပျိုးမှု မှာ ကသာခရိုင်မြို့နယ်(၃၂၈၁၃)ဧက၊ အင်းတော်မြို့နယ် (၅၆၃၉၆)ဧက၊ ဗန်းမောက်မြို့နယ် (၃၈၈၅၉) ဧက၊ ပင်လည်ဘူးမြို့နယ်(၅၈၈၁၄) ဧက၊ ဝန်းသိုမြို့နယ် (၃၈၇၃၀) ဧက၊ ကောလင်းမြို့နယ်(၉၇၇၉၅) ဧက၊ ထီးချိုင့်မြို့နယ်(၄၀၂၃၇)ဧက၊ ခရိုင်ချုပ်စုစုပေါင်း(၃၆၃၆၄၄)ဧကဖြစ်ပြီး အထွက်နှုန်း(၈၅.၇၈) တင်းဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရသိပါသည်။

                          ကြည်နိုင်ဦး(အင်းတော်)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ

          ကြက်သွန်နီသည် နေ့စဉ်စားသုံးသောအစားအစာတို့တွင် မပါမပြီးအလွန်အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်းလျာများကိုအနံ့အရသာကောင်းမွန်စေရုံမျှမကစားသုံးသူတို့၏ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီကိုနှစ်စဉ်စိုက်ဧက (၁.၈)သိန်း ကျော် ရှိကြောင်းသိရှိရပြီးမန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြက်သွန်နီ(မိုး) စိုက်ဧက(၂၄၀၀)ကျော်၊ ဆောင်းစိုက်ဧက (၃၅၀၀၀)ကျော် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီးထွက်ရှိမှုမှာပိဿာ သိန်း(၁၅၀၀)ကျော်ခန့် ထွက်ရှိ ပါသည်။ မျိုး၊ အလေအလွင့်၊ စားသုံးမှုနုတ်ပါကနှစ်စဉ်ပိုလျှံမှုပိဿာသိန်း(၉၀၀)ခန့်ရှိပါသည်။တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (မိုး)တစ်ဧက(၈)သိန်းခန့်၊ ဆောင်း တစ်ဧက (၁၇)သိန်းခန့် ကုန်ကျပြီးမိုးထွက်ရှိမှုမှာတစ်ဧကပိဿာ(၂၅၀၀)ခန့် ဆောင်းစိုက် တစ်ဧက အထွက် ပိဿာ(၄၅၀၀)မှ (၅၀၀၀)ခန့် ထွက်ရှိကြောင်းသိရပါသည်။ကြက်သွန်နီစိုက်ပျိုးသည့် မျိုးများမှာ မြေနဲမျိုး၊ ရွှေဖလားထိပ်မောက်၊ မြင်းခြံမျိုးများကို အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော ကြက်သွန်နီများမှာ ဒေသတွင်းစျေးကွက်အနေဖြင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဟုမ္မလင်း၊ ခန္တီး၊ ကချင်ပြည်နယ်နှင့် ရန်ကုန်၊ မန္တလေးစျေးကွက်များသို့ အများဆုံးတင်ပို့ကြောင်း သိရှိရပါသည်။ စီးထွက်မှုအခြေအနေမှာမုံရွာခရိုင်မှ ထွက်ရှိသော ကြက်သွန်နီ များမှာ မုံရွာစျေးကွက်ရှိကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်ပြီးမုံရွာပွဲရုံများမှတစ်ဆင့် ဝယ်လိုအားရှိသော မန္တလေး၊ ရန်ကုန်၊ လားရှိုး၊ ပခုက္ကူ၊ မြင်းခြံ၊ မြစ်ကြီးနား၊ ခန္တီးတို့သို့ နေ့စဉ် ပိဿာ(၂၅၀၀၀ မှ ၃၀၀၀၀) တစ်လတန်(၇.၅သိန်းမှ ၈သိန်း)ခန့် ပုံမှန်တင်ပို့လျက် ရှိကြောင်း လေ့လာသိရှိရပါသည်။

          ၂၀၁၇-၂၀၁၈ ခုနှစ် ထွက်ရှိသည့် ကြက်သွန်နီများ၏ စျေးကွက်လက်ကျန်အခြေအနေမှာ (ခန့်မှန်း)၃၀ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးကြောင်းလေ့လာသိရှိရပါသည်။ ပိဿာအားဖြင့် သိန်း(၂၅၀)ခန့် ကျန်ရှိနေသေးကြောင်း ပွဲရုံ၊ ကုန်သည်၊ ကြက်သွန်စိုက်တောင်သူများထံမှ လေ့လာသိရှိရပါသည်။ ကာလတူကာလထက် လက်ကျန်အနည်းငယ် လျော့နည်းကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ယခုနှစ်စျေးနှုန်းများမှာလည်း တစ်ပိဿာလျှင် ကျပ် (၁၂၀၀ိ/ မှ ၁၄၀၀ိ/) ရှိနေပြီး စျေးနှုန်းအခြေအနေမှာ ယခင်နှစ် တစ်ပိဿာကျပ် (၂၀၀၀ိ/) ထက် လျော့နည်းနေသေးကြောင်း သုံးသပ်ရပါသည်။ ယခင်နှစ်ကထက် စျေးမျှော်လင့်ချက်ဖြင့် ကြက်သွန်နီများစျေးထိန်းရောင်းချမှုကြောင့် ပြည်တွင်းစျေး (၂၅၀၀ိ/) ကျပ်ခန့် လပိုင်းမျှအမြင့်စျေးဖြစ်ပေါ်ခဲ့ကြောင်းသုံးသပ်တွေ့ရှိရပါသည်။

          စျေးကွက်သဘောအရကုန်ပစ္စည်းများသည် နိမ့်ရာမှမြင့်ရာသို့ စီးဆင်းလေ့ရှိသဖြင့် တရုတ် ကြက်သွန်နီများမုံရွာအရောက်စျေးမှာ တစ်ပိဿာ လျှင် ကျပ်(၈၅၀ိ/) ဖြင့် နေ့စဉ်ပိဿာ (၅၀၀၀၀)ခန့် ဝင်ရောက်ခဲ့ကြောင်းဖြစ်စဉ်များရှိသဖြင့် ပြည်ပကြက်သွန်နီများ စျေးကွက်မဝင်ရောက်မီ မိုးကြက်သွန်နီ များများစိုက်၍ သင့်တင့်မျှတသောစျေး (တောင်သူတွက်ခြေကိုက်) ဖြင့် စိုက်ပျိုးမှု၊ ရောင်းချမှု သင့်တင့်မျှတသောစျေးကွက်ကိုဖော်ဆောင်ကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

 

 

ဒေါ်ဝေဝေ

မုံရွာမြို့

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း