Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 တောင်သူလုပ်ငန်းရှင် အကျိုးတူ သကြားမုန်လာဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများသည် သကြားမုန်လာဉလုပ်ငန်းရှင်များနှင့်အတူ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကန္တလီကျေးရွာတွင် သကြားမုန်လာဉစိုက်ပျိုးနေသည့် ဦးဇော်လင်းနှင့် သွားရောက်တွေ့ဆုံ၍ သကြား မုန်လာစိုက်ပျိုးထွက်ရှိမှု ၊ တွက်ခြေကိုက်မှု အခြေအနေများအား လေ့လာခဲ့ပါသည်။

          လုပ်ငန်းရှင်မှ မျိူးစေ့ထုတ်ပေးခြင်း၊ ထွက်ရှိပစ္စည်းများအား ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ စိုက်ပျိုးပင်များအတွက် လိုအပ်သော ဆေးများအား လမ်းညွှန်ဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပြီး တောင်သူတစ်ဦးလျှင် ယခင်နှစ်တွင် (၂) ကျိုးစိုက် ပါက အကျိုးအမြတ် သိန်း ၅၀ ခန့်ရရှိကြောင်း သိရှိရပါသည်။ သကြားမုန်လာစိုက်ပျိုးရန် မျိုးစေ့အား ပျိုးခုံပြုလုပ်၍ ပျိုးပင်ရက် (၂၀၅) ရက်ခန့်တွင် စိုက်ပျိုးပြီး ဘောင်အကျယ် (၃) တောင်ခန့်အကွာတွင် ပင်ခြားတစ်ထွာခန့် စိုက်ပျိုး၍ မိုးအကုန် ဆောင်းဦးပေါက် အောက်တိုဘာ၊ နိုဝင်ဘာလောက်တွင် စိုက်ပျိုးကြပြီး ဉများ ရောင်းတန်းဝင် သက်တမ်း ကာလ (၃-၄) လခန့်သာ ကြာမြင့်ပါသည်။ ပေါင်းလိုက်၊ မြေဘောင်အတွက် (၃) ကြိမ်ခန့်သာ ပြုလုပ်ရသည်။ သကြားမုန်လာဉ လေ့လာတွေ့ရှိချက်များ အရပါဝင်ပစ္စည်းများမှာ သံဓာတ်၊ ဘီသိန်းခေါ် (Antioxidant) ဓာတ်များပါဝင်နေပြီး ဘီသိန်းဓာတ်မှာ ဆဲလ်များဖြစ်တည်မှုကို အားကောင်းစေပြီး အဆိပ်အတောက်များကို ဖယ်ရှားရာတွင် အဓိကကျသော အသည်းအတွင်းရှိ ဆဲလ်များကို ပြန်လည်သန်စွမ်းလာစေပါသည်။ သကြားမုန်လာဉအား အခွံမခွာဘဲ ပေါင်းပြီး၊ ပြုတ်ပြီးစားသုံးခြင်း၊ တခါတရံ အစိမ်းစားသုံးခြင်းများ ရှိပါသည်။ ကိုယ်ခံအားကို တိုးပွားစေပြီး သွေးတိုးမှုနှုန်းကို လျော့ချစေပါသည်။ ဈေးနှုန်းအရ ယခုနှစ်တွင် တစ်ကီလိုလျှင် (၂၀၀၀) ကျပ် အရည်အသွေးပေါ်မူတည်၍ ဈေးရရှိပြီး တစ်ကီလိုတွင် ပျမ်းမျှ (၃) လုံးခန့်ရှိသည်။ ဈေးကွက်လိုအပ်မှု အရသာလိုသလောက် စိုက်ခင်းသို့ ချိတ်ဆက်ဝယ်ယူဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပြီး ဒေသခံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ အကျိုးအမြတ်ရှိ၍ စိုက်ပျိုးရန် ဆန္ဒရှိသော်လည်း ဈေးကွက် အနေအထားအရ လက်ရှိစိုက်ပျိုးသူမှ လမ်းညွှန်မှု  အားနည်းနေသဖြင့် မြို့နယ် အနေအထား အရ ဒေသခံ စိုက်ပျိုးသူ တောင်သူ (၂) ဦးသာရှိသည်။ သကြားမုန်လာဉ၏ အသုံးဝင်ပုံများကို စိုက်ပျိုးထုတ်လုပ်သူ များနှင့် ကုန်ချောထုတ်သူများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းဝယ်မှု ချိတ်ဆက်နိုင်လျှင် အကျိုးအမြတ်များ ရရှိနိုင်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကယားမှ ဒေသထွက် မက်ခါသီးအကြောင်း တစေ့တစောင်း

          ကယားပြည်နယ်ရှိ တိုင်းရင်းသားများ၏ ရှေးအခါကပင် အစဉ်အဆက် ဟင်းခတ်အမွေးအကြိုင်အဖြစ် အသုံးပြုလာခဲ့သည့် မက်ခါသီး (သို့မဟုတ်) Szechuan Pepper or Sichuan Pepper ကို ကယားရိုးရာအစားအစာများဖြစ်သော ရိုးရာဆန်ပြုတ်ချက်ရာတွင်လည်းကောင်း၊ ဟင်းချက်ရာတွင်လည်းကောင်း၊ ကယားဝက်အူချောင်း၊ ကယားတာလပေါ့ဟင်းနှင့် အထောင်းအမျိုးမျိုးတို့တွင်လည်း ထည့်သွင်းချက်ပြုတ်၍ စားသုံးကြသည့် အသီးဖြစ်ပါသည်။ မက်ခါသီး၏ အရသာမှာ ငရုတ်ကောင်းနှင့် ဆင်တူ၍ လျှာကို ထုံစေသည့်ပူရှိန်းရှိန်းအရသာရှိပါသည်။ ဒေသအချို့တွင် ပေါက်ရောက်မှုရှိသော်လည်း ကယားဒေသထွက် မက်ခါသီးက အရသာပိုမိုကောင်းမွန်သောကြောင့် ကယားမက်ခါသီးကိုသာ လူသိများခြင်းဖြစ်သည်။

          မက်ခါသီးပင်ကို အယဉ်ပင်နှင့်အရိုင်းပင်ဟူ၍ (၂)မျိုးတွေ့ရပြီး၊ အယဉ်ပင်၏ အရွက်မှာ ပိုမိုနူးညံ့၍ ရှည်မျောမျောရှိ၍ အနံ့သည်မွေးပြီး အနည်းငယ် စူးရှရှအနံ့ရှိပါသည်။ အရိုင်းပင်မှာ အလေ့ကျပေါက်လေ့ရှိပြီး အရွက်မှာ ပိုကြမ်း၍ ပိုလုံးပြီး မွှေ့ရနံ့စူးရှပါသည်။ စစိုက်သည့် အချိန်မှစ၍ (၅)နှစ်မှ အသီးသီးပြီး ယခင်က တောတောင်ထဲတွင် သဘာဝပေါက်သော အပင်ငယ်များ ရှာဖွေ၍ ပြန်လည်စိုက်ပျိုးကြပါသည်။ ယခုအခါတွင် နည်းစနစ်ကျကျ ပျိုးပင်ပေါက် ပြုလုပ်၍ စိုက်ပျိုးရောင်းချလာကြပါသည်။ အသီးစသီးချိန်တွင် အဝါရောင်ပန်းပွင့်မှ အစိမ်းရောင်အသီးအဖြစ်သို့ အစိမ်းရောင်အသီးမှ အနီရောင်ပြောင်းပြီး ရင့်မှည့်လာသည်အထိ ထားရှိပြီးမှ ခူးယူပြီး အခြောက်လှမ်းကာသိမ်းရပါသည်။

            ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးကိုအထောက်အကူပြုစေသည့် အသီးဟု ဆေးပညာရှင်တွေ ညွှန်းဆိုထားသော မက်ခါသီးတွင် ပိုတက်ဆီယမ်၊ သံဓါတ်၊ ဗီတာမင်အေ၊ ဇင့်၊ Copper၊ Manganese၊ Phosphorous နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ပြီး (စပါးလင်) ပင်တွင် ပါဝင်သည့် ဒြပ်ပေါင်းများလို စိတ်ကြည်လင်လန်းဆန်းမှုကို လှုံ့ဆော်ပေးနိုင်စွမ်းနှင့် မက်ခါသီး၏အနံ့သည် စားချင်စိတ်ကိုဖြစ်ပေါ်စေပြီး အစာခြေစနစ်ကို အားကောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည့် အသီးတစ်မျိုးပင်ဖြစ်ပါသည်။

DOCA(ကယား) 

ရှမ်းရိုးရာလက်မှုပညာ သင်ဖြူးဖျာလုပ်ငန်းအကြောင်းတစေ့တစောင်း

           မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများစွာ ရှိကြသည်။ ထိုတိုင်းရင်းသားလူမျိုးများတွင် မိဘဘိုးဘွားများလက်ထက်ကတည်းက လက်ဆင့်ကမ်းသယ်ဆောင်လာသော ရိုးရာလက်မှုပညာများစွာရှိခဲ့ကြသည်။ ထိုသို့လက်ဆင့်ကမ်းသယ်ဆောင်လာသော ရိုးရာလက်မှု ပညာများထဲတွင် သင်ဖြူးဖျာယက်လုပ်သော ပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

            ရှေ့ဘိုးဘွားများလက်ထက်ကတည်းက မိမိအိမ်သို့ဧည့်ကောင်းဆောင်ကောင်းများ လာရောက်သည့်အခါ သင်ဖြူးဖျာကိုခင်း၍ ရေပူ၊ ရေအေးနှင့် ဧည်ခံစကားပြောကြသည်။ သင်ဖြူးဖျာသည် အပူအအေးမျှတ၍ ကျန်းမာရေးနှင့်ညီညွှတ်သောကြောင့် ခင်းထိုင်၊ ခင်းအိပ်ရာ၌ အလွန်အသုံး ဝင်လှသည်။ ပူအိုက်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်သာမက အေးမြသော ရှမ်းပြည်နယ်တွင်လည်း သင်ဖြူးဖျာကို မက်မက်မောမော အသုံးပြုခဲ့ကြသည်။ ထိုကြောင့် ရှေ့ယခင်က သင်ဖြူးဖျာကို အိမ်တိုင်းလိုလိုပင် မရှိမဖြစ်ပစ္စည်းတစ်ခုအဖြစ် ဆောင်ထားကြသည်။

              မြန်မာနိုင်ငံတွင် သင်ဖြူးဖျာယက်လုပ်သော လုပ်ငန်းများစွာရှိသည့်အနက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာ၊ မယ်ဆတ်ကျေးရွာနှင့် မိုင်းယောင်းမြို့၊ အမှတ်(၂) ရပ်ကွက်၊ လွယ်ရွာတို့တွင်ယက်လုပ်သော သင်ဖြူးဖျာများသည် ဘိုးဘွားများလက်ထက်မှ လက်ဆင့်ကမ်းသယ်ဆောင်လာသော ရှမ်းရိုးရာလက်မှုပညာတစ်ခုဖြစ်ပါသည်။ သင်ဖြူးဖျာယက်လုပ်ရန် အဓိကလိုအပ်သောကုန်ကြမ်းပစ္စည်းမှာ တောင်စင်ဖက်(ရှမ်းဘာသာဖြစ်-ကန်သောင်ကျင်ဟုခေါ် သည်) ပင်စည်းအရိုးဖြစ်သည်။ ၎င်းအပင်ကို သစ်တောများအတွင်းရှိ လျှိုမြောင်စိမ့်စမ်းများတွင် ရာသီမရွေး ရှာဖွေခုတ်ယူနိုင်သည်။ တောင်စင်ဖက်ကို ဟိုယခင်ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ် အိတ်များ မသုံးစွဲမီအချိန်က ကောက်ညှင်းပေါင်းထုတ်များ၊ ဟင်းထုတ်များထုတ်ရာတွင်ဖြစ်စေ၊ ပစ္စည်းများထုတ်ပိုးရာတွင်ဖြစ်စေ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါသည်။

          သင်ဖြူးဖျာယက်လုပ်ရန် သစ်တောများမှခုတ်ယူလာသော လုံးပတ်လက်မဝက်၊ အရှည်၅ပေ ခန့်ရှိသည့် တောင်စင်ဖက်အပင်ကို နှစ်ခြမ်းခွဲ၍ ခြောက်အောင်နေလှန်းရသည်။ နေလှန်းထားသော ခွဲခြမ်းများကို ရေတွင် ခုနှစ်ရက်ခန့်စိမ်ပြီး(အချို့သူများက၄၅မိနစ်ခန့်ပြုတ်ပြီး) အကြောများခွာကာ အခွေလေးများပြုလုပ်၍ တစ်ရက်ခန့် နေပြန်လှန်းရပါသည်။ မစိုမခြောက်အနေတော် နေလှန်းထားသော တောင်စင်ဖက်ပင်အကြောများသည် သင်ဖြူးဖျာယက်လုပ်ရန်အတွက် အသင့်အနေအထားသို့ ရရှိပါသည်။ သင်ဖြူးဖျာများကို မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် ယက်လုပ်သူများရှိသကဲ့သို့ လယ်ယာလုပ်ငန်းခွင် ပြီးဆုံးချိန်များတွင် မိသားစုအပိုဝင်ငွေရရှိရန် ယက်လုပ်သူများလည်းရှိကြပါသည်။

          သင်ဖြူးဖျာများကို အကြမ်း၊ အချောဟူ၍နှစ်မျိုး ယက်လုပ်ကြသည်။ အချောကို ၆ပေ×၃ပေ (အကြီး)၊ ၅ပေ×၂.၅ပေ(အလတ်)နှင့် ၄ပေ×၂ပေ(အသေး)ဟူ၍ သုံးမျိုးယက်လုပ်ကြသည်။   အများအားဖြင့် အကြမ်း၅ပေ×၂.၅ပေ(အလတ်)ဆိုဒ်ကိုသာအများဆုံး ယက်လုပ်ကြသကဲ့သို့ မှာယူသူ၏ စိတ်ကြိုက် ယက်လုပ်ပေးရသည်လည်းရှိသည်။ ကျွမ်းကျင်သော သင်ဖြူးဖျာယက်လုပ်သူတစ်ဦးသည်  တစ်ရက်လျှင်သင်ဖြူးဖျာအချော ၆ပေ×၃ပေ(အကြီး)ဆိုဒ်တစ်ချပ်(သို့မဟုတ်) အကြမ်း ၅×၂.၅ (အလတ်)ဆိုဒ်နှစ်ချပ်သာ ယက်လုပ်နိုင်သည်။ သင်ဖြူဖျာအချောအကြီးတစ်ချပ် (၁၅၀၀၀)ကျပ်၊ အလတ်တစ်ချပ် (၁၀၀၀၀)ကျပ်နှင့် အသေးတစ်ချပ်(၈၀၀၀)ကျပ်ဖြင့် ရောင်းချရသည်။ သင်ဖြူးဖျာ အကြမ်းတစ်ချပ်လျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချရသည်။ ယက်လုပ်ရရှိသော သင်ဖြူးဖျာအချောများကို  ရှမ်းပြည်နယ်အတွင်းရှိ အခြားဒေသများနှင့် ထိုင်းနိုင်ငံသို့လည်ကောင်း သင်ဖြူးဖျာအကြမ်းများကို ထိုင်းနိုင်ငံသို့လည်ကောင်း တစ်ပိုင်တနိုင်အနေနှင့် ပို့ဆောင်ရောင်းချကြသည်။

         ရှမ်းရိုးရာယက်လုပ်သောသင်ဖြူးဖျာများကို နှစ်ဖက်လှ၊ နှစ်ထပ်ပုံစံ ယက်လုပ်ထားပါသည်။ ခိုင်ခန့်လှပပြီးအေးမြသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသထွက် သင်ဖြူးဖျာများသည် အခြားဒေသမှထွက်ရှိသော သင်ဖြူးဖျာများနှင့်ပုံစံမတူဘဲ တစ်မူထူခြားလှပါသည်။ ဟိုယခင်အချိန်ဘိုးဘွားမိဘများလက်ထက်ကသင်ဖြူးဖျာများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသော်လည်း ယနေ့အချိန်တွင် ဈေးနှုန်းသက်သာသော ပလတ်စတစ်ဖျာများကို အလွယ်တကူဝယ်ယူ အသုံးပြုလာကြပါသည်။

        သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများဖြစ်သော မိုင်းဆတ်မြို့နှင့်မိုင်းယောင်းမြို့တို့ရှိကျေးရွာများတွင် ရိုးရာသင်ဖြူးဖျာယက်လုပ်ခြင်းကြောင့် မိသားစုစားဝတ်နေရေး ပြေလည်ပြီး ဝင်ငွေရရှိနေသော်လည်း သင်ဖြူးဖျာယက်လုပ်သူများ နည်းပါးလာခြင်းနှင့် သင်ဖြူးဖျာအသုံးပြုမှု များနည်းပါးလာခြင်းတို့ကြောင့် ရှမ်းရိုးရာလက်မှုပညာဖြင့် ယက်လုပ်သော သင်ဖြူးဖျာလုပ်ငန်းများ တိမ်ကောသွားမည်ကို စိုးရိမ်ရပါသည်။ ထို့ကြောင့် ဈေးနှုန်းသက်သာသော ပလပ်စတစ်ဖျာများအစား ကျန်းမာရေးနှင့်ညီညွှတ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ပြည်တွင်းဖြစ် သင်ဖြူးဖျာများကိုသာ ဝယ်ယူသုံးစွဲသင့်ပါကြောင်းနှင့် ရှမ်းရိုးရာလက်မှုပညာသင်ဖြူးဖျာယက်လုပ်သူများသည် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေနေပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

 

ကျိုင်းတုံ၌ ဖူးစားပြောင်းစိုက်တောင်သူများနှင့် တွေ့ဆုံကွင်းဆင်းလေ့လာ

              ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၃.၂၀၂၂)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ကျိုင်းတုံ၊ လွယ်လုံအုပ်စု၊ တုံဆီရွာရှိတောင်သူတစ်ဦးအား ဖူးစားပြောင်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

             ဖူးစားပြောင်းအား ရာသီမရွေးစိုက်ပျိုးလေ့ရှိသော်လည်း ကျိုင်းတုံမြို့မှ တောင်သူများသည် ဖေဖော်ဝါရီလတွင် ပိုမိုစိုက်ပျိုးလေ့ရှိကြောင်း၊ မျိုးစေ့မှာ တရုတ်မျိုးစေ့ဖြစ်ပြီး (၁) ဧကလျှင် မျိုးစေ့အထုတ်(၅၀)ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်ထုတ်လျှင် နို့ဆီဗူးတစ်ဗူးခန့်ရှိပြီး စိုက်ပြီး(၃) ရက်ခန့်တွင် အပင်ပေါက်ရာ ပိုးကျမြန်၍ချက်ချင်း ပိုးသတ်ဆေးဖြန်းပေးရကြောင်း၊ ပိုးသတ်ဆေးအား (၁၅)ရက် တစ်ကြိမ်ခန့်ဖြန်းပေးရပြီး အနည်းဆုံး(၅)ကြိမ်ဖြန်း ပေးရကြောင်း၊ စိုက်ပျိုးပြီးချိန်မှ (၁၀)ရက်ခန့်အကြာတွင် မြေသြဇာနှင့်ရေထည့်ပေးရပြီး (၃)ကြိမ်ခန့် ထည့်သွင်းပေးရကြောင်း၊ အပင်ပေါက်ပြီး(၂)လခန့်အကြာတွင် အဖူးထွက်၍ ရက်(၈၀)ကျော်တွင် ခူးပေးရပြီး ရက်(၉၀)ကျော် ပါက အဆိုပါဖူးစားပြောင်းမှာ စားသုံး၍မရတော့ပါကြောင်း၊ စိုက်ပျိုးမှု တစ်ဧကလျှင် (၄၅၀၀)ကီလို ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။

         ဖူးစားပြောင်းစိုက်ပျိုးရာတွင် (၁)ဧကလျှင် ပိုးသတ်ဆေး၊ မြေသြဇာ၊ မျိုးစေ့နှင့် လုပ်အားခတို့တွက် စုစုပေါင်းကုန်ကျစရိတ်မှာ (၆)သိန်းကျပ်ခန့်ကုန်ကျပြီး ပြန်လည်ရရှိငွေအဖြစ် (၁၃)သိန်း ကျပ်ခန့် ရရှိကြောင်း၊ သို့သော် ယခုနှစ်တွင် ပိုးသတ်ဆေး၊ မြေသြဇာနှင့် မျိုးစေ့စျေးနှုန်းများမှာ များပြားသောကြောင့် ယခင်နှစ်ထက် အမြတ်နည်းကြောင်း သိရှိရပါသည်။

             သို့ဖြစ်ပါ၍ တောင်သူများတပိုင်တနိုင်စိုက်ပျိုးကြပြီး ရာသီမရွေးစိုက်ပျိုး၍ရသောကြောင့် ဒေသနေပြည်သူများအတွက် စားသုံးရန်ဖူလုံမှုရှိ၍ အရသာရှိပြီးစားကောင်းသော ဖူးစားပြောင်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ ဒုတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၇၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၉၇၄၀၀၊ တန်အားဖြင့် ၄၈၇၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၈၇၆၀၀၊ တန်အားဖြင့် ၄၃၈၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၉၈၀၀၊ တန်အားဖြင့် ၄၉၀ လျော့၍ စီးထွက်ခဲ့ပါသည်။

         ရွှေဘိုမြို့၏ မတ်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေး

            ယနေ့အချိန်အခါသည် အသိပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ/နိုင်ငံသားအားလုံး၏ အသိပညာရှိမှု၊ တတ်မြောက်ကျွမ်းကျင်မှုနှင့် ပြောင်းလဲနေသည့် သတင်းအချက်အလက်များအပေါ်ရယူနိုင်မှုအပေါ်မူတည်နေပါသည်။ Globalization ခေတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုပုံစံတွင် မိမိတစ်ဦးတည်းသာ တည်ဆောက်လုပ်ကိုင်ခြင်းထက် လုပ်ငန်းတူများနှင့် ပေါင်းစပ်၍ အသင်းအဖွဲ့ပုံစံဖြင့် လုပ်ကိုင်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ SMEs လုပ်ငန်းများ ပေါင်းစပ်ခြင်းအားဖြင့် သတင်းအချက်အလက်ပိုမိုရရှိနိုင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံဉာဏ်ကောင်းများရရှိနိုင်ခြင်း၊ အရင်းအနှီးအင်အားပိုမိုရရှိနိုင်ခြင်းကြောင့် ပမာဏကြီးကြီး မားမားကို အရည်အသွေးရှိရှိ စရိတ်သက်သက်သာသာဖြင့် ထုတ်လုပ်လာနိုင်ခြင်းကဲ့သို့အားသာချက် များရှိလာမည်ဖြစ်ပါသည်။

          နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှု အဆင့်အတန်းကိုသိရှိလိုပါက ထိုနိုင်ငံ၏ SMEs လုပ်ငန်းများ ရှင်သန်တိုးတက်နေမှုကို ကြည့်ရုံဖြင့်သိနိုင်ပါသည်။ လက်တွေ့စီးပွားရေး အဆောက်အအုံတွင် SMEs လုပ်ငန်းသာမက အသေးစားလုပ်ငန်းများထက် ပိုမိုသေးငယ်သည့် မိသားစုလုပ်အားကိုသာ အခြေပြုသောလုပ်ငန်းများ(Miro business)လုပ်ငန်းငယ်လေးမှတစ်ဆင့် အလတ်စားလုပ်ငန်းများ(Medium business)၊ နောက်တစ်ဆင့်အနေဖြင့် လုပ်ငန်းကြီးများ (Lare Firm) နှင့်အများပိုင်ကုမ္ပဏီ(Public company)အဖြစ် အဆင့်ဆင့်ကြီးပွားတိုးတက်လာခြင်းသည် ဒေါင်လိုက်တိုးတက်မှုဖြစ်စဉ်ပင် ဖြစ်သည်။ ထို့အတူ အလျားလိုက်တိုးတက်မှုဖြစ်စဉ်တွင် လုပ်ငန်း၏ထုတ်လုပ်မှုစွမ်းအား (Productivity) တိုးတက်လာမှုအပေါ်အခြေပြုပြီး အသုံးပြုသည့်နည်းပညာနှင့် တီထွင်ကြံဆမှု(Innovation) တို့အပေါ် မူတည်ပါသည်။

       နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာ ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ(Export Led Growth Model) ကို အထူးအလေးပေးရန်လိုအပ်ပါသည်။  ထုတ်လုပ်သူလယ်သမားအဆင့်မှစပြီး ထုတ်လုပ်မှုဖြစ်စဉ် (Supply chain) တစ်လျှောက်လုံး ပါဝင်သည့်လုပ်ငန်းရှင်များ၊ တန်းဖိုးမြှင့်ဖြစ်စဉ် (Value chain) တွင် ပါဝင်သည့်လုပ်ငန်းရှင်များ၊ SMEs လုပ်ငန်းရှင်များ အသိခံယူချက်ပြောင်းလဲ တိုးတက်မှုရှိမှသာလျှင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်မည်ဖြစ်ပြီး ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ပို့ကုန်ဖွံ့ဖြိုးစေခြင်းဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ပို့ကုန်ဖွံ့ဖြိုးမှုတွင် အမျိုးသားပို့ကုန်မဟာဗျူဟာတိုးတက်လာနိုင်ခြင်းစသည့်အကျိုးကျေးဇူးများကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

    အမျိုးသားပို့ကုန်မဟာဗျူဟာ၏ အဓိကမျှော်မှန်းချက်မှာ ထွန်းသစ်စမြန်မာနိုင်ငံတော်အတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့ (Sustainable export led growth and wealth for an emerging Myanmar) ဖြစ်သည့်အတွက် ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုမော်ဒယ် (Export Led growth Model) ကို ဖော်ဆောင်ပေးခြင်းပင်ဖြစ်ပါသည်။ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစင်တာမှ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများမှ သဘောတူရွေးချယ်ထားသည့် ဉီးစားပေးအကောင်ထည်ဖော်မည့် ကုန်စည်ပို့ကုန်ငါးမျိုးအဖြစ် ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့်ချုပ်ပြီးအထည်၊ သစ်နှင့်သစ်တောထွက်ပစ္စည်းတို့ဖြစ်ပြီး ဝန်ဆောင်မှုပို့ကုန်တစ်မျိုးကို ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း (Tourism)  အဖြစ်ရွေးချယ်ထားပါသည်။

     ဆန်စပါးသည် မြန်မာလူမျိုးများ၏ အဓိကအစားအစာဖြစ်သည့်အလျောက် အရေးပါဆုံး လယ်ယာသီးနှံဖြစ်ပါသည်။ သမိုင်းကြောင်းအစဉ်အလာအရ စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးရပြီး အစောပိုင်းနှစ်များအထိ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့ခဲ့သည်နိုင်ငံ ဖြစ်ပါ သည်။ ၎င်းအချိန်ကရရှိခဲ့သော စီးပွားတိုးတက်မှုသည် ဆန်စပါး လုပ်ငန်းဖွံ့ဖြိုးခဲ့မှုကြောင့်ဖြစ်သည်။ အစိုးရလက်ထက်တွင် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ ဆက်တိုက်ပြုလုပ်လာမှုနှင့်အတူ ယခင် ဆန်ပို့ကုန်ပင်လယ်ရေကြောင်းမှသာခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် နယ်စပ်များမှတစ်ဆင့် တင်ပို့ခွင့်ပြုခဲ့သည့်အတွက် ဆန်ပို့ကုန်သိသိသာသာ တိုးတက်လာခဲ့ပါသည်။ ဈေးကွက်ဝင်ရောက်မှု အခက်အခဲ (market entry issue) များအနေဖြင့် ဈေးကွက်ကောင်းရရှိရန်အားနည်ခြင်း၊ ဈေးကွက်သတင်းရရှိရန်အားနည်းခြင်း၊ ပြည်ပနိုင်ငံများ၏ လက်ရှိဆန်အရည်အသွေးသတ်မှတ်ချက်များ သိရှိရန်အားနည်းခြင်း၊ တရုတ်နိုင်ငံသို့တရားဝင်လမ်းကြောင်းမှ တင်ပို့ရန် လိုအပ်ခြင်းတို့ရှိနေပါသေးသည်။ ဆန်စပါးကဏ္ဍသည် လယ်ယာသီးနှံများအနက် အရေးပါဆုံးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ တင်ပို့နိုင်မည့်ကုန်စည်(သီးနှံများစသည့်) ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသော နည်းပညာရှင်များ(သီးနှံ) အလိုက်ကျွမ်းကျင်ပညာရှင်များနှင့် လက်တွေ့ကျကျသင်ယူခြင်း၊ စိုက်ပျိုးနိုင်သည့်ကာလ ၊ ထုတ်လုပ်မှုစရိတ်၊ တွက်ခြေကိုက်မှု စသည်များကိုလေ့လာ၍ သုတေသန စာတမ်းများပြုစုခြင်းနည်းစနစ်ကို လက်တွေ့ကျကျသင်တန်းပို့ချပေးခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်လူ၊ ပစ္စည်းများရှာဖွေခြင်း၊ ငွေကြေးပံ့ပိုးမှုရယူ အကူအညီရနိုင်ခြင်း၊ ဉပမာ-နိုင်ငံတော်(သို့မဟုတ်) ပုဂ္ဂလိကအသင်းအဖွဲ့အစည်းတို့မှ ချေးငွေအမျိုးအစားအလိုက် ပံ့ပိုးပေးနိုင်ခြင်း(ရှိ/မရှိ) သတင်းအချက်အလက်များကို ဖြန့်ဝေဆောင်ရွက်ရန်ဖြစ်ပါသည်။

    လယ်ယာသီးနှံများအနက် ပဲမျိုးစုံသည်အများဆုံးတင်နေသည့် လယ်ယာပို့ကုန်ဖြစ်ပြီး စိုက်ဧကအားဖြင့် ဒုတိယအများဆုံးဖြစ်သည့်အပြင် လယ်သမားများအတွက် ဝင်ငွေအများဆုံး ဖန်တီးပေးနိုင်သည့်(Cash crop) လည်းဖြစ်သည့်အတွက် အရေးပါသည့်သီးနှံ ဖြစ်ပါသည်။ မြန်မာ့ ပဲမျိုးစုံအများစုကို အိန္ဒိယဈေးကွက်ကို အဓိက တင်ပို့နေရဆဲဖြစ်၍ မှီ ခိုမှုများလွန်းနေသောကြောင့် ပို့ကုန်ရငွေ မတည်ငြိမ်မှုများလည်း အမြဲကြုံတွေ့နေရ‌ကြောင်း လေ့လာတွေ့ရှိနေရပါသည်။ အားသာချက်မှာ သဘာဝ ရေမြေအခြေအနေချင်း တူညီသည့်အတွက် အိန္ဒိယပဲများနှင့် မြန်မာ့ပဲများ အရောင်၊ အဆင်း၊ အနံ့ အရသာကလည်း တူညီမှုများကြောင့် အိန္ဒိယဈေးကွက်ကိုရရှိခြင်း ဖြစ်ပါသည်။ ပဲမျိုးစုံ ပို့ကုန်ဈေးကွက်သစ်များ ထိုးဖောက်နိုင်ရေးအတွက် အာရှအခြေပြုဈေးကွက် အနည်းငယ်မှ ဈေးကွက်သစ်များ( ဥရောပနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ)သို့တင်ပို့နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပြီး ပဲမျိုးစုံအခြေပြုတန်ဖိုးမြှင့် ပို့ကုန်ထုတ်လုပ် တင်ပို့နိုင်ရေး ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များပေါင်းစပ်လုပ်ကိုင်ကြမည်ဆိုပါက ပဲမျိုးစုံပို့ကုန် တန်ဖိုးသိသိသာသာ တိုးချဲ့နိုင်မည်ဖြစ်ပြီး တောင်သူလယ်သမားများ၏ ဝင်ငွေကိုလည်း ယခုထက်ပိုမိုဖြည့်စွမ်းနိုင်မည် ဖြစ်ပါသည်။ ပို့ကုန်အမျိုးအစား‌ ဒေသအလိုက် ထွက်ရှိသည့် ကုန်ပစ္စည်းအမျိုးအမည်များ၊ ရှာဖွေထားရှိသည့် ကုန်စည်( သီးနှံ)ကို သုတေသနပြုလုပ်ခြင်းများ၊ သုသေတနရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လယ်ယာထွက်ကုန် Value added များပြုလုပ်ပေးပြီး စားသောက်ကုန်များအဖြစ်ဆောင်ရွက်ခြင်း၊ ဒေသထွက်ကုန်များကို  Value added များ ပြုလုပ်ပြီးကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ မိမိဒေသနှင့် ကိုက်ညီသည့် အခြေခံအဆောက်အဦများ အခြေအနေများအရ ညှိနှိုင်းဆောင်ရွက်ပေးခြင်းပြည်တွင်းလုပ်ငန်းရှင်များနှင့်ပြည်ပလုပ်ငန်းရှင်များ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ပဲမျိုးစုံ ပို့ကုန် သိသိသာ တိုးချဲ့နိုင်မည်ဖြစ်ပြီး အခြားဆီထွက်သီးနှံများ၊ ရေထွက်ကုန်ပစ္စည်းများ၊အထည်အလိပ်နှင့် ချုပ်ပြီးအထည်များ၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများကိုလည်း အလားတူဆောင်ရွက်နိုင်ပါက ပို့ကုန်များတိုးတက်လာမှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း စေတနာရှေ့ထား၍ တင်ပြအပ်ပါသည်။

DOCA(ရန်ကုန်)

                                     

မြဝတီမြို့ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

           ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်အတွင်းရှိ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီကုန်ဈေးနှုန်း အခြေအနေများအား မြဝတီမြို့ စက်သုံးဆီအခြေခံစားသောက်ကုန်ဈေးကွက်ရောင်းချသူများထံမှ သိရသည်။

           ကမ္ဘာ့ရေနံဈေး ဆက်လက်မြင့်တက်နေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ ဒီဇယ်တစ်လီတာကို ကျပ်(၃၀၀)အထိ ဈေးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ မတ်လ (၁၀)ရက်နေ့တွင် သိရှိပါသည်။ ယနေ့ ၂၀၂၂ခုနှစ် မတ်လ ၁၃ရက်နေ့ မြဝတီမြို့အောက်တိန်း92 တစ်လီတာကို ၂၂၅၀ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၂၉၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၇၅ကျပ်၊နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာကို ၂၃၃၄၅ကျပ် ပေါက်ဈေး ဖြစ်ပေါ်နေကြောင်း မြဝတီမြို့ ပုဂ္ဂလိကစက်သုံးဆီဆိုင်တစ်ဆိုင်မှ ထုတ်ပြန်ချက်အရသိရပါသည်။ ကမ္ဘာ့ရေနံစိမ်းကလည်း မတ်လ (၇)ရက်နေ့မှ တစ်စည်ကို အမေရိကန်ဒေါ်လာ (၁၃၀)အထက်ကို မြင့်တက်ခဲ့တယ်လို့ သိရပါသည်။   

          ပြည်တွင်းရွှေဈေးကွက်မှာလည်း အခေါက်ရွှေ ကျပ်သိန်း (၂၀၀၈၀၀၀)နီးပါးရှိနေပြီး၊ ၁၅ပဲ ရည်မှာ ၁၉၉၈၀၀၀ကျပ် ဖြစ်ပေါ်လျှက်ရှိပါသည်။ ဒါ့အပြင်ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာဈေး သည် မတ်လ ၁၂ရက်နေ့အထိ ၁၇၇၈ ဝယ်ယူနေပြီး၊ ရောင်းဈေးမှာ ၁၇၈၃ဖြစ်ပါသည်။ ထိုင်းဘတ် ငွေလဲလှယ်နှုန်းမှာ ၅၃.၂၄ ဖြစ်ပေါ်လျှက်ရှိကြောင်း မြဝတီမြို့ငွေလဲလှယ်သူများထံမှ သိရပါသည်။

           အခြေခံစားသောက်ကုန်ဈေးနှုန်းအနေဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းလျှက်ရှိသော စားအုံးဆီဈေးနှုန်းမှာလည်း နိုင်ငံခြားငွေလဲနှုန်းမြင့် တက်လာသောကြောင့် ၁ပိဿာလျှင် ယခင် ၃၀၀၀ကျော်မှ ယခု ၈၅၀၀ကျော်ထိ မြင့်တက်လျှက်ရှိကြောင်း စားသောက်ကုန်ခြောက်ရောင်းချသူများထံမှ သိရသည်။ ပဲဆီဈေးနှုန်းမှာ ယခင် ၇၅၀၀ကျပ်မှ ယခု ၁ပိဿာ ၉၅၀၀ကျပ်ဖြစ်ပေါ်လျှက်ရှိပါသည်။ ငရုတ်သီးခြောက် ၁ပိဿာ ယခင် ၆၀၀၀မှ ယခုဈေး ၁၀၀၀၀ကျပ်၊ ငရုတ်သီးအပုပွ ယခင် ၁ပိဿာ ၁၂၀၀၀ကျပ်မှ ယခုဈေး ၁ပိဿာ ၂၀၀၀၀ကျပ်၊ ကြက်သွန်နီအသစ်များကို ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိရပါသည်။ ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း ဈေးနှုန်းကျဆင်းခြင်းမတွေ့ရဘဲ၊ အရောင်းအဝယ် ပုံမှန်အခြေအနေသာရှိပါသည်။ ကြက်သွန်နီမြစ်သား ယခင် ၁ပိဿာ ၉၀၀ကျပ်မှ ယခု ၁၂၀၀ကျပ်၊ ကြက်သွန်ဖြူဥတစ်လုံး ယခု ၁ပိဿာ ၃၆၀၀ကျပ်၊  ကြက်သွန်ဖြူကြူကုတ် ယခင် ၁ပိဿာ ၅၀၀၀မှ ယခု ၇၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) ၂၅၀၀ကျပ်မှ ယခု ၅၀၀၀ ကျပ်ထိလည်းကောင်း၊ မကျည်းသီး ယခု၁ပိဿာ ၄၀၀၀ကျပ်ဖြစ်ပြီး ကုလားပဲဈေးနှုန်းမှာလည်း ယခင် ၁ပိဿာ ၂၈၀၀ကျပ်မှ ယခုဈေး ၄၃၀၀ကျပ်၊ ဂျင်း ၁ပိဿာ ယခင်ဈေး ၂၅၀၀ကျပ်မှ ယခုဈေး ၄၀၀၀ကျပ်၊ အာလူး ၁ပိဿာ ယခင်ဈေး ၄၀၀၀မှ ယခုဈေး ၈၀၀၀ကျပ်နှုန်း ဈေးနှုန်းများဖြင့် မြဝတီမြို့ လက်လီဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရပါသည်။

          အဆိုပါဈေးနှုန်းများသည့် မတ်လ ၁၂ရက်နေ့မှာ ဖြစ်ပေါ်နေသော မြဝတီမြို့ လက်လီဈေး ကွက်အခြေအနေတွေဖြစ်ကြောင်းနှင့် ဈေးတည်ရှိရာမြို့နယ် ဒေသနေရာတစ်ခုနဲ့တစ်ခု ကွာခြားမှုအပေါ်မူတည်၍ ဈေးအနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မိချောင်းကွင်းဖတ် စိုက်ပျိုးသော တောင်သူများနှင့် တွေ့ဆုံကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မိချောင်းကွင်းဖတ်စိုက်ပျိုးသည့်တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ရွှေကညင်ပင်ကျေးရွာရှိ မိချောင်းကွင်းဖတ်စိုက်ပျိုးတောင်သူဦးကျော်စိုးထံမှ သိရသည်။

          ကျောင်းကုန်းမြို့နယ်တွင် ယခင်မိချောင်းကွင်းဖတ်စိုက်ပျိုးသော တောင်သူ(၂၅/၃၀)ဦး ခန့်ရှိပြီး ဈေးကွက်ဝယ်လိုအားရှိသော်လည်း ဈေးနှုန်းခန့်မှန်း၍မရသောကြောင့် နောက်ပိုင်းတွင် မိချောင်းကွင်းဖတ်စိုက်ပျိုးသောတောင်သူများ လျော့နည်းလာသောကြောင့် ၂၀၁၆ ခုနှစ်တွင် မိချောင်းကွင်းဖတ်၁ပိဿာကို ကျပ်(၁၂၀၀၀)ရရှိပြီး တောင်သူများတွက်ချေကိုက်မှုရှိသော်လည်း ၂၀၁၇ခုနှစ်တောင်သူအများစုစိုက်ပျိုးလာချိန် မိချောင်းကွင်းဖတ်၁ပိဿာကို (၃၄၀၀)ကျပ်ဖြစ်သွားသည့်အတွက် တွက်ချေကိုက်မှုမရှိသည်၍ ၂၀၁၈၊၂၀၁၉ခုနှစ်များတွင် တောင်သူအများစုမစိုက်ပျိုးသောကြောင့် စိုက်ဧကလျောနည်းခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် တာဝန်ခံဦးတင်ကိုမှ ဈေးကွက်အခြေအနေအား မေးမြန်းခဲ့ရာ ဒေသခံတောင်သူများထံမှ သိရသည်။

       ယခုနှစ်တွင်မိချောင်းကွင်းဖတ်စိုက်ပျိုးသူတောင်သူဦးကျော်စိုးထံက မိုးဦးကာလ ဇွန်လမှစတင်ပြီး ဖေဖော်ဝါရီလအထိ ကြဲခင်းဖြစ်၍ (၉)လခန့်စိုက်ပျိူးရကြောင်း၊ စိုက်ပျိုးပြီးစီးချိန်လိုအပ်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖျန်းပေးရပြီး ရေတင်ပေးရကြောင်း၊ (၁)ဧက ပျမ်းမျှအထွက်နှုန်းမှာ(၁၀)တင်းမှ(၁၅)တင်းအထိ ထွက်ရှိနိုင်ဟု ခန့်မှန်း၍ လက်ရှိ ၁ပိဿာ ကျပ်၆၀၀၀ပေါက်ဈေးရှိပြီး (၁)ဧက စိုက်ပျိုးထုတ်လုပ်မှုမှာ ကျပ်သုံးသိန်းခန့်ရှိ၍ ၁ဧကလျှင်ပိဿာ၁၅၀ခန့် ထွက်ရှိပါက ကျပ်(၉၀၀၀၀၀)ဝန်းကျင်ရရှိမှာဖြစ်သည့်အတွက် အကျိုးအမြတ်မှာ ၁ဧကကို ကျပ်(၆)သိန်းခန့်ရရှိနိုင်ကြောင်း ပြည်ပဈေးကွက် ဝယ်လိုအားရှိသော မိချောင်းကွင်းဖတ်ကို ယခုနှစ်ဈေးကွက်အခြေအနေအရ နောက်နှစ်ကို တောင်သူအများစု ပြန်လည်စိုက်ပျိုးခြင်းဖြင့် ပြည်ပဝင်ငွေတိုးမြှင့်ရရှိနိုင်မှာဖြစ်ကြောင်း မိချောင်းကွင်းဖတ် စိုက်ပျိုးသည့်တောင်သူများအား ကျောင်းကုန်းမြို့နယ်တာဝန်ခံဦးတင်ကိုမှ ကွင်းဆင်းလေ့လာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ကျိုင်းတုံ မန်ကျည်းသီးဈေးကွက်

                 ကျိုင်းတုံမြို့သည် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မတ်လအတွင်း မန်ကျည်းသီးဈေးကွက်အခြေအနေမှာ ကျိုင်းတုံရှိ နေအိမ်များ၊ ခြံများ၌ ပေါက်ရောက်လျက်ရှိသော မန်းကျည်းပင်များကို အပင်ချုပ်စနစ်ဖြင့်ဝယ်ယူပြီး အစေ့ထုတ်ကာ ကျိုင်းတုံမြို့ဈေးများ၌ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

                ကျိုင်းတုံမြို့တွင် မန်ကျည်းသီးတစ်ပင်၏ထွက်ရှိနှုန်းမှာ ပျှမ်းမျှပိဿာချိန် (၄၀) မှ (၅၀) ထိ ထွက်ရှိကြောင်းသိရှိရပြီး၊ တစ်ပိဿာလျှင် ရောင်းဈေး (၂၅၀၀)ကျပ် မှ (၃၀၀၀)ကျပ် ထိ ရရှိကာ သဘာဝကပေးသော မန်ကျည်းပင်ကြောင့် အထွေထွေကုန်ကျစရိတ်များနုတ်ကာ တစ်ပင်လျှင် (၂၅၀၀၀) ကျပ်နှုန်း အမြတ်အစွန်းရရှိပါသည်။ မန်ကျည်းသီးရောင်းဝယ်ဖောက်ကားသူများ အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိ၍ ဝင်ငွေများရရှိနေပါသည်။

         ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ကြည့်လျှင် ယခင်နှစ်မန်ကျည်းသီးတစ်ပင်လျှင် (၃၀၀၀၀)ကျပ်၊ အပင်တက်ခ (၁၅၀၀၀)ကျပ်၊ မန်ကျည်းသီးကောက်ခ (၁၅၀၀၀)ကျပ်၊ အစေ့ထုတ်ခ (၈၀၀၀)ကျပ် နှင့် သယ်ယူပို့ဆောင်ခ (၁၅၀၀၀)ကျပ် ရှိ၍ အမြတ်အစွန်းမှာ မန်ကျည်းသီးတစ်ပင်လျှင် (၁၇၀၀၀) ကျပ်ထိ ရရှိပါသည်။ ယခုနှစ်တွင် မန်ကျည်းပင်တစ်ပင်လျှင် (၃၅၀၀၀)ကျပ်၊ အပင်တက်ခ (၂၀၀၀၀)ကျပ်၊ မန်ကျည်းသီးကောက်ခ (၁၈၀၀၀)ကျပ်၊ အစေ့ထုတ်ခ (၁၂၀၀၀)ကျပ်နှင့် သယ်ယူပို့ဆောင်ခ (၂၀၀၀၀)ကျပ် ကုန်ကျပြီး အမြတ်အစွန်းမှာ တစ်ပင်လျှင် (၂၅၀၀၀)ကျပ် ဖြစ်သည့်အတွက် ယခင်နှစ်ထက်အမြတ်အစွန်းပိုမိုရရှိကာ မန်ကျည်းပင်လုပ်ကိုင်ရောင်းဝယ်သည့် မိသားစုများအပိုဝင်ငွေရရှိနေကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

၁၄.၃.၂၀၂၂ ရက်နေ့ မှ ၂၀.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၁၄.၃.၂၀၂၂ ရက်နေ့ မှ ၂၀.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း