Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆံဈေး အနည်းငယ်တက်လာ

     ရွှေဘိုခရိုင်၌ ၂၀၂၃-၂၀၂၄ခုနှစ် မိုးမြေပဲကို (၇၃၉၀၅)ဧက စိုက်ပျိုးပြီး တစ်ဧကလျှင် (၄၂)တင်းခန့်ထွက်ရှိကြောင်း၊ မိုးမြေပဲကို ဇွန်လတွင်စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ မြေပဲလုံးဆံများမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှ စတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ လကုန်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံတစ်တင်းလျှင် (၁၂၄၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၀၃)တန် ဖြစ်ကြောင်း၊   ‌ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်ပတ်၌ မြေပဲလုံးဆံ တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် မြေပဲလုံးဆံတစ်တင်းလျှင် (၄၈၀ဝိ/-)ကျပ် ဈေးပိုမို ရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆံတစ်တင်းလျှင်(၉၁၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက်  မြေပဲလုံးဆံတစ်တင်းလျှင် (၃၃၆၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း စက်တင်ဘာလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ပွဲရုံသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ အဝင် /အထွက် တင်းများ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ကုလားပဲ v2(၁၃၅)တင်း ဈေးနှုန်းမှာ(၉၆၀၀၀)ကျပ်၊ ကုလားပဲ 929(၆၈၅.၅) တင်း ဈေးနှုန်းမှာ (၉၂၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ်(၉၄.၅)တင်း ဈေးနှုန်းမှာ(၈၇၀၀၀)ကျပ်၊ မတ်ပဲ အမျိုးအစား(၇၂၀)တင်း ဈေးနှုန်းမှာ(၁၀၀၀၀၀)ကျပ်၊ နှမ်း(နက်)(၃၄.၅)တင်း ဈေးနှုန်းမှာ (၂၁၀၀၀၀)ကျပ်၊ နှမ်း(ဖြူ)(၆၇.၅)တင်း ဈေးနှုန်းမှာ (၁၅၂၀၀၀)ကျပ်၊ နေကြာ(၄၉၀.၅)တင်း ဈေးနှုန်းမှာ (၇၀၀၀၀)ကျပ်၊ ပဲတီစိမ်း(၅၄၇.၅)တင်း ဈေးနှုန်းမှာ (၇၈၀၀၀)ကျပ်နှင့် cpပြောင်းဆံ(၁၅၀၀)တင်း ဈေးနှုန်းမှာ (၁၉၀၀၀) ကျပ်  အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။

    ယခင် စက်တင်ဘာလ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင်(၂၀၀၀)ကျပ်၊ ကုလားပဲ 929တစ်တင်းလျှင်(၂၀၀၀)ကျပ် နှင့် ပြောင်းဆံ တစ်တင်းလျှင် (၆၀၀၀)ကျပ်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး ကုလားပဲv2 တစ်တင်းလျှင်(၁၀၀၀)ကျပ်၊ ပဲတီစိမ်း တစ်တင်းလျှင်(၁၀၀၀)ကျပ်နှင့် နေကြာ တစ်တင်းလျှင်(၁၂၀၀၀)ကျပ်  ယခင်လဈေးနှုန်းထက် မြင့်တက်လျက် ရှိကြောင်း၊ ယခုရာသီတွင် ပြောင်းဆံများ အဝင်အများဆုံးကာလဖြစ်ပြီး ကန့်ဘလူမြို့ မြေထူး၊ မှော်တော်၊ စန္ဒယား၊ ကျောက်အိုင်ကျေးရွာများအားလုံးမှ ဝင်ရောက်လာကြောင်း ၊ ပဲတီစိမ်း၊ မတ်ပဲတို့ကိုတော့ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆကုန်း၊ ဆကိုင်း၊ ခရောင်ရင်း၊ ရင်းသာကျေးရွာများမှ အများဆုံး ဝင်ရောက်ကြောင်းနှင့် မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံ တစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

 

“အောင်သပြေပန်းများ အရောင်းသွက်”

              တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်၊ အမှတ်(၅) ဈေးတွင် ပန်းတိမ်ငိုပန်း၊ ဂန္ဒမ္မာပန်း၊ ခိုင်ရွှေဝါပန်း၊ နှင်းဆီပန်း၊ အောင်သပြေပန်းနှင့် သစ်ခွပန်းစသည့် အလှပန်းနှင့် ဘုရားပူဇော် သောပန်းများမျိုးစုံရှိသည့်အနက် အောင်သပြေပန်းမှာ အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။

            အောင်သပြေပန်းမှာ ပန်းအခက်နှင့် ပန်းအငုတ်ဟူ၍နှစ်မျိုးရှိပြီး အောင်သပြေငုတ်မှာ ဘုရားပန်းအိုးထိုးရာတွင် ကြာရှည်အထားခံကြောင်းသိရှိရသည်။ အောင်သပြေငုတ်မှာ ကြာရှည် အထားခံသည့်အတွက် ဘုရားကျောင်းဆောင်များတွင် စိမ်းစိမ်းစိုစိုနှင့်လှပပြီး ကျက်သရေရှိသည့် အတွက် လူတိုင်းနီးပါးကြိုက်နှစ်သက်ကြောင်းလည်း သိရှိရသည်။

           အောင်သပြေငုတ်ကို နေ့စဉ်ပုံမှန်ရေလဲလှယ်ပေးပါက အရွက်များကြွေခြင်းမရှိပဲ (၁) လခန့်အထိ အထားခံကြောင်းသိရသည်။ အောင်သပြေငုတ်ကို အကြီးအသေးနှစ်မျိုးခွဲ၍ ရောင်းချကြပြီး အကြီးတစ်ပင်လျှင် (၃၀၀၀) ကျပ်နှင့် အသေးတစ်ပင်လျှင်(၂၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရသည်။

                အောင်သပြေငုတ်များကို ပျဉ်းမနား၊ တပ်ကုန်း စသည့်မြို့နယ်များမှလည်း ဝယ်ယူပြီးရောင်း ချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ခရိုင်အတွင်းမှ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းဈေးကွက်အခြေအနေ

        ပြည်ခရိုင်အတွင်းရှိ စားဖိုချောင်သီးနှံအုပ်စုတွင်ပါဝင်သော ကြက်သွန်ဖြူနှင့်အာလူးမှာ ရှမ်းပြည်နယ် တောင်ကြီးဘက်မှ အဝင်ရှိပြီး တစ်ခါဝင်လျှင် သီးနှံ(၂)မျိုးပေါင်း အိတ်၃၀၀ခန့်အဝင်ရှိပြီး တစ်အိတ်လျှင် ပိဿာ၃၀ဝင်ဆံ့ကြောင်းသိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိဈေးရှိပြီး အာလူးသီးနှံအနေဖြင့် အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ တစ်ပိဿာလျှင် (၆၅၀၀-၆၈၀၀-၇၀၀၀)ကျပ်ဈေးအထိရှိပါသည်။ ကြက်သွန်ဖြူ၊ အာလူးသီးနှံများအနေဖြင့် မိမိတို့ခရိုင်အတွင်း စိုက်ပျိုးထွက်ရှိမှုမရှိသည့်အတွက် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှထွက်ရှိသောသီးနှံများ ဒေသတွင်းဝင်ရောက်မှုကို ရောင်းချရခြင်းဖြစ်ပါသည်။ ဒေသတွင်းမှ လက်လီဝယ်ယူသူများ၊ လုပ်ငန်းရှင်များနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် မိုးနှမ်းများရိတ်သိမ်းပြီးစီး

         ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အနေဖြင့် ယခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧက ၃၂၂၆ဧကစိုက်ပျိုးခဲ့ပါသည်။ ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာတွင် မိုးနှမ်းစိုက်ပျိုးဧက (၁၇)ဧကစိုက်ထားကြောင်းသိရှိရ၍ ကုန်ကျစရိတ်နှင့် အထွက်နှုန်း၊ ဈေးကွက်အခြေအနေများကိုသိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။ မိုးနှမ်းကို ဇွန်လဆန်းတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြပါသည်။ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၄)သိန်းကျပ်ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၀)တင်းခန့်ထွက်ရှိကြောင်းသိရပါသည်။ ရောင်းချ သောဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချရ၍ အသားတင်အမြတ်အနေဖြင့် တစ်ဧကလျှင် ၁၁၀၀၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင်လည်း ယခုနှစ်ကဲ့သို့ မိုးနှမ်းတစ်ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၄)သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းမှာ ၁၀တင်းခန့်ထွက်ရှိသော်လည်း ဈေးနှုန်းမှာတစ်တင်းလျှင် (၁)သိန်းကျပ်သာရရှိ၍ ဈေးနှုန်းကွာခြားသဖြင့် တောင်သူအကျိုးအမြတ်အနေဖြင့် ကျပ်(၆)သိန်းသာရရှိ၍ ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေသော ထန်းပင်ပေါက်

        ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ပုတီးကုန်း၊ ပေါင်းတလည်ကျေးရွာများတွင် ၎င်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ အဆိုပါ ထန်းမြစ်စိုက်ပျိုးရန်အတွက် ထန်းသီးအစေ့ရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်းများတူး၍ မြှပ်ပြီး စိုက်ပျိုးကာ တန်ဆောင်မုန်းလဆန်းပိုင်းတွင် ထန်းပင်မြစ်များတူးဖော်ရောင်းချကြပါသည်။ ယခုအချိန်တွင် ထန်းပင်မြစ်များစတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ထန်းပင်မြစ်(၁၀)ချောင်းပါ တစ်စည်းလျှင် (၂၀၀၀)ကျပ်၊ (၂၅၀၀)ကျပ်တို့ဖြင့် ဈေးကောင်းရလျက် ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရာသီစာ တန်ဆောင်မုန်းပဲသီးဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ယခုတန်ဆောင်မုန်းကာလ တန်ဆောင်မုန်းပဲသီးများကို ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ တန်ဆောင်မုန်းပဲကို ဝါခေါင်လမှစတင်၍ စိုက်ပျိုးပြီး (၄)လအကြာ တန်ဆောင်မုန်းလတွင် အသီးများကို စတင်ခူးဆွတ်ရောင်းချကြပါသည်။ တန်ဆောင်မုန်းပဲသီးများကို မှော်ဇာ၊ တွင်းမြည်း၊ တောင်လုံးညို၊ ဇီးအုပ်၊ ပေါက်တော၊ မြောင်းငယ်လှ၊ ပေါက်ခေါင်းစသောဒေသများတွင် အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ယခင်နှစ်ဈေးနှုန်းအနေဖြင့် တန်ဆောင်မုန်းပဲသီး (၈)တောင့်တစ်စည်းလျှင် ကျပ်(၃၀၀)မှ ကျပ်(၄၀၀)အထိရှိခဲ့ပြီး၊ ယခုနှစ်ဈေးနှုန်းမှာ (၈)တောင့်တစ်စည်းလျှင် (၅၀၀)ကျပ်မှ (၆၀၀)ကျပ်အထိရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ဆေးဖက်ဝင် ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥ

       ယာကွန်ဥကို ဆေးဖက်ဝင်သည့်အပင် Superfood ဟုခေါ်ကြပါသည်။ Diet Potato ဟုလည်းခေါ်ကြ၍ ဝိတ်ကျစေရန်အတွက် အထောက်အကူပြုပါသည်။ ယာကွန်ဥ၏အရသာမှာပန်းသစ်တော်သီးကဲ့သို့ အရည်ရွှမ်းရွှမ်း၊ စိမ်းစားဥကဲ့သို့ ခပ်စပ်စပ်အရသာရှိပါသည်။ မြေကြီးထဲမှ ပန်းသီးဟုလည်းတင်စားကြ၍ ပန်းသီးသည် ဈေးကြီးသည့်အတွက် ပန်းသီးအစားထိုး ရောင်းချကြပါသည်။ ယာကွန်ဥတစ်လုံးစားပြီး ရေတစ်ခွက်အဝသောက်လျှင် ဟာနေသည့်ဝမ်းကို ပြည့်စေ၍ ပူနေသော ရင်ကိုလည်းအေးစေပါသည်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက် မှုများဖြည့်စည်းပေး၍ နွမ်းလေ ချိုလေဖြစ်ပါသည်။ အခြားအာနိသင်အကျိုးကျေးဇူးများမှာ သွားပိုးစားခြင်းကိုကာကွယ်ပေးခြင်း၊ ဝမ်းမှန်၊ ဆီးမှန်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောအဆီဓာတ်များကိုဖယ်ရှားပေးခြင်း၊ သွေးအတွင်းရှိ အချိုဓာတ်များကိုလျော့နည်းစေခြင်း၊ အမျှင်ဓာတ်ပါ၍ အူမကြီးကင်ဆာကိုကာကွယ်‌ပေးခြင်း၊ အရွက်ကို (လက်ဖက်ခြောက်)အနေဖြင့် သောက်သုံးပါက သွေးသန့်စေခြင်း၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ နှလုံးသွေးကြောကျဉ်း၊ အစာအိမ်နှင့်ဆီးကျောက်တည်ခြင်း၊ လေးဘက်နာ၊ ဘီပိုး၊ စီပိုးအကောင်ရေလျော့နည်း၍ နာတာရှည်ဝမ်းချုပ်ခြင်း စသည့် ရောဂါအများအပြားကို လျော့ပါးသက်သာပျောက်ကင်းစေကြောင်းသိရပါသည်။

    ရှမ်းတောင်ဒေသထွက် ပေါ်ဦးပေါ်ဖျားရာသီစာ ဆေးဖက်ဝင်ယာကွန်ကို အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် ဝယ်ယူစားသုံးကြကြောင်းသိရှိရ၍ ယာကွန်ဥတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ (၅၀)သားလျှင် (၂၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    အောက်တိုဘာလ၊ လကုန်အပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၉၅၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့်  ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၂၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 100ccတစ်ဗူးလျှင်(၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ်ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင်(၇၃၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ပြည်မုန့်ညှင်းဖြူဈေးမြင့်သော်လည်း အရောင်းသွက်

         ယခုအောက်တိုဘာလ လကုန်ပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီးဘက်မှ တစ်ဖာလျှင် (၆)ပိဿာဝင်ဆံ့သည့် (၁၀)ဖာကို ၅ရက်ခြားတစ်ကြိမ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ယခုမိုးကုန်ခါနီးတွင် ဟင်းသီးဟင်းရွက်အနည်းငယ်ရှားပါးသဖြင့် ပြည်ဈေးကွက်သို့ မုန့်ညှင်းဖြူအဝင်ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)နှုန်းဖြင့်ဝယ်ယူရသဖြင့် ပြည်မြို့ပေါ်ရှိဈေးများတွင် လက်လီ (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀/၂၀၀၀)နှုန်းဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြသည်။

        ယခင်ဇွန်လ နောက်ဆုံးပတ်တွင် မုန်ညှင်းဖြူ (၁၀)ကျပ်သားလျှင် ကျပ်(၈၀၀-၁၀၀၀)ခန့်သာရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)နှုန်းမြင့်တက်သွားသော်လည်း အဝင်ရှိသလောက်ရောင်းဝယ်မှုဖြစ်သဖြင့် အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း