Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မူဆယ်မြို့နယ်အတွင်းရှိ အခြေခံကုန်ဈေးနှုန်းများ အခြေအနေ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ (၂၆.၂.၂၀၂၄) ရက်နေ့တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၂၅၀၀၀၀) ကျပ်၊ ရှမ်းဆန်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်ရှိပြီး၊ စားသုံးဆီဈေးနှုန်းများမှာ  ပဲဆီသန့် တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ စားသုံးဆီ(ရိုးရိုး) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ရှိပြီး၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင်  (၈၀၀၀) ကျပ်၊ ကုန်စိမ်း ဈေးနှုန်းမှာ အာလူး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ သခွားသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ကုလားပဲ တစ်ဗူးလျှင် (၂၅၀၀) ကျပ်၊ မုန်ညှင်းချဉ် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင်(၇၀၀၀) ကျပ်ရှိပြီး အသားငါး ဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၃၀၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်(၃၀၀၀၀) ကျပ်၊ ငါး(အာဗြဲခြောက်) တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မူဆယ်မြို့ လက်လီဈေးရောင်းချသူများမှတစ်ဆင့် သိရှိရပါသည်။

DOCA(ရှမ်း)

အရောင်းသွက်လျက်ရှိသော မုန်ညှင်းဖြူနှင့် ဂေါ်ဖီထုပ်ဈေးကွက်

   ပြင်ဦးလွင်မြို့သည် ရာသီဥတုကောင်းမွန်ပြီး အမြဲတမ်းစိမ်းလန်းစိုနေသည့်အတွက် သီးနှံများ စိုက်ပျိုးရာ၌ ကောင်းမွန်သည့်သာယာလှပသော တောင်ပေါ်ဒေသဖြစ်ပါသည်။ ယခုလိုအေးမြသည့် ဆောင်းရာသီအချိန်တွင် စိုက်ပျိုးလုပ်ကိုင်သူများက ရာသီပေါ်သီးနှံများကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသလို ဈေးကွက်အတွင်း တင်ပို့ရောင်းချရန်အတွက် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်သူများလည်းရှိကြောင်း သိရပါသည်။

     ယခုလအတွင်း ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေသည်မှာ ပြင်ဦးလွင်ဒေသထွက် ရာသီချိန်မုန်ညှင်းဖြူနှင့် ဂေါ်ဖီထုပ်များ ဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ် မုန်ညှင်းဖြူထုပ် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဖြင့်ရောင်းချမှုရှိခဲ့ပြီး ယခုနှစ်တွင် မုန်ညှင်းဖြူထုပ် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၅၀၀) ကျပ်မှ (၃၀၀) ကျပ်အထိသာ ရောင်းချလျက်ရှိကြောင်း၊ စိုက်ပျိုးလုပ်ကိုင်သူများပြားလာပြီး လမ်းပန်းဆက်သွယ်ရေးအနေဖြင့်လည်း ကုန်ပစ္စည်းသယ်ယူစရိတ်မြင့်မားလာ၍ တခြား ဒေသ များသို့ တင်ပို့ ရောင်းချမှုနည်းပါး၍လည်းကောင်း၊ ယခင်နှစ်လောက်ဈေးရရှိမှု နည်းပါးကြောင်း၊ ရာသီသီးနှံဖြစ်သည့်အတွက် မုန်ညှင်းဖြူထုပ်နှင့် ဂေါ်ဖီထုပ်များကို လတ်လတ်ဆတ်ဆတ်ကြော်စား ခြင်းနှင့် အသားနှင့်ရော၍ကြော်စားခြင်းဖြင့်လည်းကောင်း အမျိုးမျိုးချက်ပြုတ်စားနိုင်ပြီး ကျန်းမာရေး အတွက်လည်း ကောင်းမွန်သည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည်။

DOCA(ရှမ်း)

ပြည်ခရမ်းမီးအုံးသီးဈေးကွက်

    ယခုဖေဖော်ဝါရီလလယ်တွင် ပြည်မြို့ပေါ်ဈေးများသို့ ပုတီးကုန်း၊ သဲကုန်း၊ ပေါင်းတလည်နှင့် တောင်ခွေးရဲအုပ်စုတို့မှ ဆောင်းရာသီစိုက် ခရမ်းမီးအုံးသီးများ ဝင်ရောက်မှုရှိနေပြီး ဈေးကောင်းရလျှက်ရှိကြောင်း သိရှိရပါသည်။ တစ်ပတ်လျှင်ရက်ခြား အလုံး (၅၀)ခန့်သာ ဝင်ရောက်မှုရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

   ယခုအချိန်သည် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ခရမ်းသီးမီးအုံးတစ်လုံးလျှင် အကြီး ကျပ် ၁၀၀၀၊ အလတ်ကျပ် ၈၀၀၊ အသေးကျပ် ၆၀၀ခန့် စသည်ဖြင့် ရောင်းချမှုရှိပြီး လှိုင်လှိုင်ပေါ်ချိန် မတ်လဆန်းလောက်တွင် သောင်းပြောင်းတစ်လုံးလျှင် ကျပ် ၄၀၀၊ ၅၀၀ ခန့်သာ ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်သံပုရာသီး၊ ရှောက်သီးရှားပါး၍ဈေးမြင့်

    ယခုတစ်ပတ်တွင် ပြည်မြို့ပေါ်ဈေးကွက်များအတွင်း သံပုရာသီးနှင့်ရှောက်သီးများ ရှားပါး၍ ဈေးမြင့်တက်မှုရှိနေကြောင်း သိရှိရပါသည်။ ယခင်မိုးတွင်းစိုက်သံပုရာသီးနှင့် ရှောက်သီးများမှာ မိုးရေရ၍ အလုံးချောကာ ပေါများသဖြင့် ဈေးနှုန်းအနေဖြင့် ဈေးချိုသော်လည်း ယခု ဆောင်းတွင်းကာလ ရေသွင်း စိုက်ပျိုးရသဖြင့် ရှားပါးကာ ဈေးမြင့်ရခြင်းဖြစ်ကြောင်း သိရှိရပါ သည်။ ပြည်မြို့ပေါ် ဈေးများသို့ ယခုအချိန်တွင် ဇီးအုပ်၊ နတ်တလင်းနှင့် ရွှေတောင်ဘက်မှ အဝင်ရှိနေပြီး တစ်ပတ်လျှင်ရက်ခြား သံပုရာသီးနှင့် ရှောက်သီးအလုံး ၁၀၀၀၊ ၁၅၀၀ ခန့် ဝင်ရောက်မှုရှိနေပါသည်။ ဈေးကွက်အတွင်း သံပုရာသီးတစ်လုံးလျှင် ကျပ် ၃၅၀-၄၀၀ ရှိပြီး ရှောက်သီးတစ်လုံးလျှင် ကျပ် ၇၀၀-၈၀၀-၁၀၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တစ်ပင်လုံးမှ ဝင်ငွေရသောဘူးသီး

      ပြည်ခရိုင်အတွင်းရှိ ဈေးများတွင် ဒေသထွက်ရာသီပေါ်သီးနှံဖြစ်သော ဘူးသီးနှင့် ဘူးညွန့်များ ရောင်းချနေသည်ကို တွေ့ရပါသည်။ ဘူးညွန့်များမှာ စားသုံးသူများသည့် အပင်တစ်မျိုး ဖြစ်သောကြောင့် စိုက်ပျိုးသူများအတွက်လည်းနေ့စဉ် အပိုဝင်ငွေရရှိစေသော အပင်ဖြစ်ပါသည်။ ဘူးသီးများကိုချက်ပြုတ်၍ စားကြသလို အကြော်ဆိုင်များတွင်လည်း အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများသော အသီးအနှံတစ်မျိုးဖြစ်၍ စိုက်ပျိုးသူများအတွက် အပိုဝင်ငွေ ရရှိစေပါသည်။ ဘူးပင်မှရရှိသော ဘူးညွန့်များကိုလည်း ကြော်ချက်၍စားကြသလို ပြုတ်၍ အတို့အမြုပ်အဖြစ်စားလို့ရသည့် ဘူးသီးပုတ်ဟုခေါ်သော ဘူးသီးလေးများကိုပါ စားကြသည့်အတွက် တစ်ပင်လုံးမှဝင်ငွေရသော ဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ ဘူးညွန့်များကို စတင်ပေါ်ချိန်တွင် (၃)ညွန့်ပါ တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါတွင် (၅)ညွန့် (၇)ညွန့်ပါ တစ်စည်းလျှင် (၂၀၀)ကျပ်၊ ဘူးသီးတစ်လုံးလျှင် အရွယ်အစားအလိုက် ၃၀၀ကျပ်၊ ၅၀၀ကျပ်မှစ၍ ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ကျပ်များ အထိရောင်းချလျက်ရှိကြောင်း သိရရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက်ရွှေဖရုံသီး

      ရွှေဖရုံသီး စိုက်ပျိုးရာတွင် ပူနွေးသောရာသီတွင်စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းပါသည်။ သက်တမ်းမှာ (၄)လကြာမြင့်၍ မြေဩဇာအနေဖြင့် နုန်းဆန်သောမြေ၊ မြေနီသဲဝန်း မြေများတွင် ကောင်းမွန်ဖြစ်ထွန်းပါသည်။ ရွှေဖရုံပင်အား စိုက်ပျိုးလျှင် (၃)ပေခြား တစ်တန်းနှင့်တစ်တန်း (၂၀)ပေခွာ၍ တစ်ကျင်းလျှင် အစေ့(၃-၄)စေ့ချ စိုက်ရပါသည်။ တစ်ဧကလျှင် မျိုးစေ့ (၃)ကီလို ဂရမ် ပါဝင်ပါသည်။ ရွှေဖရုံပင်ငယ်များ တစ်လသားခန့်ရှိသောအခါ ကြားထွန်ဝင်ပေးပြီး အပင်ခြေရင်းရှိ ပေါင်းများကို လက်ပေါင်းလိုက်ပေးရပါသည်။ ရွှေဖရုံသီးများကို ကောင်းစွာရင့်မှည့်မှ ခူးဆွတ်ရန်လိုပြီး ခူးဆွတ်ရာတွင် အညှာပါအောင်ခူးဆွတ်ထားပါက ကြာရှည်အထားခံပါသည်။ ရွှေဖရုံသီးမှာ ကယ်လိုရီ ၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိုတ်၊ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်တို့ အဓိကပါဝင်ကြပါသည်။ ဖရုံသီးမှာတန်ဖိုးရှိသော ဗီတာမင်နဲ့ အာဟာရဓါတ်များစွာပါဝင်သောကြောင့် လူတို့စားသုံးရန်သင့်တော်ပါသည်။ ရွှေဖရုံသီးများအား ခြံဖြင့် သီးသန့်စိုက်ပျိုးသလို အိမ်ခြံဝန်းအတွင်းတွင် လည်း စားဖိုဆောင်သီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးအစေ့လှော်ဆိုလျှင်လည်း အစာပြေ ၊ အပျင်ပြေဝါးစားလျှင် စိမ့်သောအရသာဖြင့် အလွန်စားကောင်းပါသည်။

      ဖရုံသီးပင်များကိုတစ်နိုင်တစ်ပိုင်အဖြစ် ကျေးလက်ဒေသများတွင် စိုက်ပျိုးကြပြီး စီးပွားဖြစ်အနေဖြင့် မှော်ဇာရွာ၊ တောင်လုံးညိုရွာများတွင် စိုက်ပျိုးပြီး ထိုဖရုံသီးများကို ပွဲစားများမှတစ်ဆင့် ရန်ကုန်သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ရောင်းချသောဈေးများမှာ အလုံးချော တစ်လုံးလျှင် ၂၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ပြန်လည်မြင့်တက်လာသော ကြက်သွန်နီဈေးနှုန်း

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ပခုက္ကူကျွန်းတို့တွင် မိုးစိုက်(ဥစိုက်)ကြက်သွန်နီများ လှိုင်လှိုင်ပေါ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ အခြားမြို့နယ်များဖြစ်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံချောင်း၊ ဆင်ဖြူကျွန်း၊ ယောဒေသတို့မှ ကြက်သွန်နီများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖေဖော်ဝါရီ(တတိယပတ်)မှစ၍ ဈေးနှုန်းများ တရိပ်ရိပ်တက်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။

      ယခင်အပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ ယောထိပ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အလတ်စ ကျပ်(၁၃၀၀)၊ အနိမ့်စ ကျပ်(၁၁၀၀)၊ ဆင်ဖြူကျွန်းကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၈၅၀)၊ အလတ်စ ကျပ်(၁၇၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်၏ ကြက်သွန်နီဈေးနှုန်းများမှာလည်း အရည်အသွေးကိုလိုက်၍ လက်ကားဒိုင်ပြတ်ဈေးမှာ ယောဒေသထွက် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ် (၂၀၅၀)၊ အလတ်စ ကျပ်(၁၇၀၀)၊ အနိမ့်စ ကျပ်(၁၄၀၀)၊ ဆင်ဖြူကျွန်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၁၅၀)ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင်ရောင်းချသော လက်လီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စ ကျပ်(၂၃၀၀)၊ အနိမ့်စ ကျပ်(၂၀၀၀) ဈေးနှုန်းတို့ဖြင့် ရောင်းချနေပါသည်။ ကြက်သွန်နီကုန်စည်ဒိုင်တွင် နေ့စဉ် ကုန်ချိန်ပိဿာ (၂၀၀၀၀မှ ၅၅၀၀၀)ထိအရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီဈေးတက်သဖြင့် အဝယ်သွက်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ကုန်စည်ဒိုင်၏ မတ်ပဲဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူတို့တွင် ပဲစင်းငုံ(နီ)၊ ကုလားပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲလွန်း၊ ပဲပုတ်၊ အခြားပဲအမျိုးမျိုးများ စိုက်ပျိုးကြပါသည်။ ရေစကြိုမြို့နယ်တွင် မတ်ပဲကို ကျယ်ကျယ်ပြန့်ပြန့်အဓိကစိုက်ပျိုးကြပြီး စိုက်ဧကအနေဖြင့် မိုး/ဆောင်းစိုက်ပျိုးမှုမှာ ဧက(၄၂၀၀)ကျော်ရှိပြီး အထွက်တင်းအနေဖြင့် (၁၈)တင်းထွက်ရှိကြောင်းသိရှိရပါသည်။ ဖေဖော်ဝါရီလ(တတိယပတ်)တွင် မတ်ပဲဈေးများ တဖြည်းဖြည်းဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

      ဖေဖော်ဝါရီ(ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၀၂၅၀၀မှ ၁၀၅၀၀၀)၊ ဖေဖော်ဝါရီလ (တတိယပတ်)တွင် ကျပ်(၉၈၅၀၀)ဖြင့် နေ့စဉ်အိတ်ရေ (၅၀မှ ၂၀၀ထိ) အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့တင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ ဖေဖော်ဝါရီ(တတိယပတ်) စားသုံးဆီဈေးကွက်အခြေအနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၂၇၀၀-၁၃၀၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခင်ဇန်နဝါရီလ(ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှကြည့်လျှင် ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီဈေးနှုန်းမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ထိုသို့ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဆီထွက်သီးနှံဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာဈေးနှုန်းတို့မြင့်တက်၍ စားသုံးဆီများဈေးနှုန်းများလည်းမြင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာဆီများတစ်ပိဿာလျှင် ကျပ် (၁၀၀၀)ခန့်ဈေးနှုန်းမြင့်တက်သွားကြောင်း၊ ကျန်စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

     ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာအဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များကလည်း မြေပဲဆံ၊ မြေပဲဆီများကို ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မရန်းသီးများစတင်ထွက်ပေါ်

     မရန်းပင်သည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေစေးဆန်ပြီး နုန်းမြေ၊ ပူအိုက်စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ စိုက်ပျိုးပြီး (၇)နှစ်ကြာလျှင် အသီးစတင် ခူးဆွတ်နိုင်ပြီး အသီးထွက်နှုန်းမှာ အပင်ငယ်လျှင် အလုံးရေ ၅၀၀၀/၇၀၀၀အထိရရှိပြီး အပင်ကြီး လျှင် အလုံးရေ ၂၀၀၀၀/၃၀၀၀၀ အထိရရှိနိုင်ပါသည်။ မရန်းသီးသည် ရာသီချိန် သာပေါ်ပြီး ဈေးကွက်တွင် ရောင်းချိန်သိပ်မကြာတဲ့သီးနှံဖြစ်ပါသည်။ ဇန်နဝါရီလလောက်မှာစတင်ပေါ်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှုနည်းပါးသွားပါသည်။ ပေါ်စတွင်တစ်ပိဿာလျှင် ၅၀၀၀၀ခန့်အထိရှိပြီး ယခု ဖေဖော်ဝါရီ တတိယပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ် ကျဆင်းလာပါသည်။ အလုံးအကြီးအသေးပေါ်မူတည်၍လည်း ဈေးနှုန်း ကွာခြားခြင်းများလည်းရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း