Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူကြက်သွန်နီ၏ ဖေဖော်ဝါရီလ(တတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများမှ ကုန်စည်ဒိုင်ဈေးကွက်သို့ မိုးကြက်သွန်နီများ ဥပုသ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃)သောင်းမှ (၅)သောင်းအထိဖြစ်ပြီး တစ်ပတ်အတွင်း ပိဿာ(၂)သိန်းခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)ထက် ကြက်သွန်နီကုန်ချိန်ပိဿာအဝင် လျော့နည်းသွားကြောင်း၊ မိုးကြက်သွန်နီများ တူးဖော်ရာသီကုန်ဆုံးချိန်နီး၍ ကုန်ဝင်နည်းကြောင်း ဈေးကွက်မှသိရှိရသည်။

      ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးမှာ ထိပ်စ ကျပ်(၂၂၂၅)၊ အလတ်စ ကျပ်(၂၀၅၀)၊ အနိမ့်စ ကျပ်(၁၆၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ်(၂၁၀၀)၊ အလတ်စ ကျပ်(၁၈၇၅)၊ အနိမ့်စ ကျပ်(၁၄၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုဖေဖော်ဝါရီလ (တတိယပတ်)တွင် မိုးကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးနှုန်းမှာ ထိပ်စ ကျပ်(၁၂၅)၊ အလတ်စ ကျပ်(၁၇၅)ခန့်၊ အသေးစ ကျပ်(၂၀၀)ခန့်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်ပဝယ်လိုအားဈေးကွက်များခြင်းနှင့် ဒေသတွင်းမိုးကြက်သွန်နီ(အသစ်)များ ကုန်လက်ကျန်နည်းခြင်းကြောင့်ဖြစ်ကြောင်းသိရှိရသည်။ 

     ဆိပ်ဖြူမြို့မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၃)သိန်း ခန့်၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

တောင်ငူမြို့မှ ငှက်ပျောသီး၊ အုန်းသီးဈေးနှုန်းဈေးကွက်

       မြန်မာလူမျိုးတို့သည် အလှူ၊ မင်္ဂလာဆောင်နှင့် ရိုးရာနတ်ပွဲများတွင် ငှက်ပျောသီးနှင့် အုန်းသီးတို့မှာ မပါမရှိဖြစ်ရာ အလှူ၊ မင်္ဂလာဆောင်ပေါများသည့် ယခုကာလတွင် ငှက်ပျောသီးနှင့် အုန်းသီးတို့မှာ ရောင်းအားကောင်းလျက်ရှိပါသည်။

         ရခိုင်ငှက်ပျောသီးမှာ မိုးတွင်းကာလက တစ်ဖီးလျှင် ၆၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိရှိရာမှ ယခုအခါတွင် တစ်ဖီးလျှင် ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဈေးနှုန်း မြင့်တက်ပါသည်။ ရွှေနီငှက်ပျောသီးမှာ မိုးတွင်း ကာလက တစ်ဖီးလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိရာမှ ယခု အခါ ၇၀၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်ပါသည်။

       သီးမွှေးမှာ မိုးတွင်းကာလက တစ်ဖီးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိရာမှ ယခုအခါတွင် ၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။ ဖီးကြမ်းမှာ မိုးတွင်းကာလက တစ်ဖီးလျှင် ၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရှိရာမှ ယခုအခါ တစ်ဖီးလျှင် ၃၅၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်ပါသည်။

         ပွဲတင်အုန်းသီးမှာ မိုးတွင်းကာလက တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိရှိပြီး ယခုအခါတွင် ၂၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ကြောင်းနှင့် အရောင်းအဝယ်မှာလည်း သွက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ သခွားသီးစိုက်ပျိုးရေး

       တောင်ငူမြို့နယ်၊ ပေါင်းလောင်းတိန်ကျေးရွာသည် ဟင်းသီးဟင်းရွက်များစိုက်ပျိုးဖြစ် ထွန်းလျက်ရှိရာ သခွားသီးကိုလည်း တောင်သူအများစု စိုက်ပျိုးကြပါသည်။ သခွားသီးသည် တစ်နှစ် ပတ်လုံးစိုက်ပျိုးနိုင်သော်လည်း မိုးရာသီတွင်မူ အထွက်နှုန်းနည်းပါးသည်။

        သခွားသီးစိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ ဘောင်ပေါ်တွင် ကျင်းကလေးများတူးပြီး သခွားစေ့ကို ကျင်းထဲထည့်ကာ မြေဆွေးပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးထားသည့် သခွားစေ့များ အပင်မထွက်မချင်း နေ့စဉ်ရေလောင်းပေးရပါသည်။ အပင်ပေါက်လာပါက အနွယ်တက်နိုင်ရန် ကိုင်းတံများ ထောင်ပေးရပါသည်။

       သခွားအနွယ်များတက်လာပါက အပင်အားဆေးဖျန်းပေးရပါသည်။ ထို့နောက်အပွင့်များ ဝေဆာလာပါက ပိုးသတ်ဆေးဖျန်း၍ အသီးအားဆေး ဖျန်းပေးရပါသည်။ အသီးကင်းများထွက်လာပါက နှစ်ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။

       သခွားသီးကို ငါးပိရည်အတို့ တို့၍လည်းကောင်း၊ သုပ်စား၍လည်းကောင်း၊ သခွားသီး ဟင်းရည်အဖြစ်လည်းကောင်း စားသုံးကြပါသည်။ ယခုအခါတွင် ပေါင်းလောင်းတိန်ကျေးရွာမှထွက်သော သခွားသီးများကို တောင်ငူမြို့ ညောင်ပင်ဈေးသို့ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် လာရောက် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ပြောင်းဖူးဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့များမှ ရထားနှင့်သော်လည်းကောင်း၊ ကားများဖြင့်သော်လည်းကောင်း၊ ပြည်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၊ တောင်ခွေးရဲ ကျေးရွာများတွင်လည်း အများဆုံးစိုက်ပျိုးရောင်းချနေကြောင်း သိရှိရပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

          ယခုအချိန်တွင် ထွက်ရှိသော ပုတီးကုန်းပြောင်းနှင့် သကြားပြောင်း (ခ) ပြောင်းဝါများကို စားသုံးသူများက ရာသီစာအဖြစ် စားသုံးကြပါသည်။ ပြောင်းဖူးများကို ပြုတ်၍လည်းစားသုံးကြသလို လက်ဖက်နှင့်သုပ်၍လည်း စားသုံးကြပါသည်။ ပြောင်းဖူးသက်သက်ပြုတ်၍လည်း စားသုံးကြပါသည်။ အချပ်လိုက်ကြော်၍လည်း စားသုံးကြသည်။

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မြို့သစ်ဈေးတွင် ပုတီးကုန်းပြောင်းဖူးအစိမ်း တစ်ဖူးလျှင် (၄၀၀)ကျပ်၊ သကြားပြောင်း (ခ) ပြောင်းဝါစိမ်း တစ်ဖူးလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ပြည် - ရန်ကုန်ရထားပေါ်တွင်လည်း ပြောင်းဖူးပြုတ်များကို စားသုံးသူ ခရီးသည် များက ဝယ်ယူစားသုံးမှုကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ရောင်းအားကောင်းနေသည့် ရာသီပေါ်မေမြို့ပန်း

     ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မြို့မအုပ်စု၊ ရေကျော်ကျေးရွာတွင် မေမြို့ပန်းများ စိုက်ပျိုးထားသဖြင့် ကွင်းဆင်းလေ့လာခဲ့ပါသည်။

       (၂၂.၂.၂၀၂၄)ရက်နေ့ ၊  နံနက် (၁၀:၀၀)နာရီအချိန်တွင် ရေကျော်ကျေးရွာရှိ မေမြို့ပန်း စိုက်ကွင်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်ခဲ့ရာ စိုက်ပျိုးသည့်မျိုးမှာ ကြွေဖြူမျိုးဖြစ်ပြီး တစ်ဧကလျှင် အပင်ပေါက်(၈၀၀၀)ကျော်ခန့် စိုက်ပျိုးရပါသည်။ မေမြို့ပန်းကို သီတင်းကျွတ်လတွင် စိုက်ပျိုးပြီး ပြာသိုလတွင် စတင်ခူးဆွတ်၍ ရောင်းချရပါသည်။ မေမြိုပန်းကို စတင်စိုက်ပျိုးချိန်မှစ၍ ခူးဆွတ်ချိန်အထိ စုစုပေါင်း ကုန်ကျ စရိတ်မှာ သိန်း(၂၀)ကျော်ကုန်ကျကြောင်း သိရှိရပါသည်။  မေမြို့ပန်းများထွက်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် အပင်ရေ(၄၅၀၀)ကျော် ခူးဆွတ်ပြီး တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ထွက်ပေါ်ချိန်တွင် ပန်းကို (၁)လကြာကြာ ခူးဆွတ်၍ ရောင်းချကြောင်း သိရှိရပါသည်။  မေမြို့ ပန်းဈေးများအနေဖြင့် (၂)ကိုင်းပါရှိသော ပန်းစီး တစ်စီးလျှင်(၁၀၀)ကျပ်ဖြင့် အခင်းထဲထိ လာရောက်ဝယ်ယူသော ရွှေတောင်မြို့မှ ပန်းဒိုင်များကို လက်ကားရောင်းချပြီး ထိုမှတစ်ဆင့် မြို့ပေါ်ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးကွက်များတွင်ရောင်းချသော မေမြို့ပန်းမှာ တစ်စီးလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းချသဖြင့် တစ်ဆင့်ရောင်းချသူများအနေဖြင့်လည်း တွက်ချေကိုက်သောပန်းဖြစ်ပါသည်။ တောင်သူအကျိုးအမြတ်မှာ ဈေးနှုန်း၊ ဈေးကွက်ပေါ်မူတည်ပြီးကွာခြား၍ ခန့်မှန်းခြေအကျိုးအမြတ်အနေဖြင့်  ရာသီချိန်တွင် (၁၀)သိန်း ကျော်ခန့်အမြတ်အစွန်းရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ကြယ်ဖြူပန်း စိုက်ပျိုး၍အပိုဝင်ငွေများရရှိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အင်ကြင်းစင်ကျေးရွာတွင် ကြယ်ဖြူပန်းများ စိုက်ပျိုးထားရှိသဖြင့် ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက် လေ့လာခဲ့ရာ တောင်သူ ဦးလှထွန်းမြင့် မှ စိုက်ပျိုးထားသော ကြယ်ဖြူပန်းများကို ပြင်ဦးလွင်မှ တစ်ပင်လျှင် (၁၀)ကျပ်နှုန်းဖြင့် အပင်ရေ(၁၅၀၀)ခန့်ကို ဝယ်ယူစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ကြယ်ဖြူပန်းစိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းခန့်ကုန်ကျပြီး  နတ်တော်လဆန်းမှ စတင်၍စိုက်ပျိုးကာ တပို့တွဲလဆန်းတွင် ခူးယူရောင်းချရပါသည်။ ပန်းများ ထွက်ပေါ်ချိန်တွင် ပန်းဒိုင်များမှ လာရောက်ဝယ်ယူကြသဖြင့် ဘုရားပန်းအိုးတစ်အိုးထိုးစာ ပန်းတစ်စည်းလျှင် ၁၀၀-၁၅၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ဈေးများတွင် လက်ကား‌ ရောင်းချရာ ပန်းတစ်စည်းလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချသဖြင့် တစ်ဆင့်ခံရောင်းချသူများ အနေဖြင့်လည်း အမြတ်အစွန်းများရရှိသလို ပန်းစိုက်တောင်သူများအနေဖြင့်လည်း ကြယ်ဖြူပန်း ရာသီချိန်တွင် အကျိုးအမြတ်အနေဖြင့် ပျမ်းမျှ သိန်း(၂၀)ခန့်ရရှိကြောင်း သိရှိရပါသည်။

     ထို့ကြောင့် ရွှေတောင်မြို့နယ်တွင် ပန်းများစိုက်ပျိုးသူတောင်သူများအနေဖြင့် တွက်ချေကိုက်ပြီး အပိုဝင်ငွေများရရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲရိတ်သိမ်းကာလ ပဲသယ်ခြင်းနှင့် ဖရဲသီးများ အရောင်းသွက်

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ယခု ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် မတ်ပဲများ လှိုင်လှိုင်ရိတ်သိမ်းနေချိန်ဖြစ်ပြီး  မတ်ပဲများ ရိတ်ခြွေရာတွင် မတ်ပဲသယ်ခြင်းများကို အသုံးပြုကြသည့်အတွက် ဈေးကွက်အတွင်း ပဲသယ်ခြင်းများ ရောင်းအားကောင်းလျက်ရှိပါသည်။ ပဲသယ်ခြင်းများကို အဝိုင်းကွက်နှင့် လေးထောင့်ကွက်စသည်ဖြင့် (၂)မျိုး ရောင်းချနေပြီး အရည်အသွေးကို လိုက်၍ ပဲသယ်ခြင်း တစ်ခြင်းကို  (၅၀၀၀-၇၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

     ပဲသယ်ခြင်းများ ရောင်းအားကောင်းနေသလို ပဲရိတ်ခြွေရာတွင် ကျွေးရန် ဖရဲသီးများ ဝယ်ယူသည့်အတွက် ဈေးကွက်အတွင်း ဖရဲသီးများလည်း အရောင်းသွက်နေကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ဖရဲသီးများလည်း လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်ပြီး ဖရဲအကြားသီး၊ အကြီး တစ်လုံး (၅၀၀၀-၄၀၀၀) ကျပ် ၊ အလတ်တစ်လုံးလျှင် (၃၅၀၀-၃၀၀၀) ကျပ် ၊ အသေးတစ်လုံးလျှင် (၂၀၀၀-၁၅၀၀ ) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၀၀၂၀၀)ကျပ်ခန့်နှင့် အမြင့်ဆုံး (၁၀၁၅၀၀) ကျပ်ထိ ရှိပြီး ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်းမှာတော့ ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၉၈၇၀၀) ကျပ်ခန့်မှ အမြင့်ဆုံး (၁၀၀၂၀၀) ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စီးထွက်မှုအနေနဲ့ ဇန်နဝါရီလအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အိတ်လုံးရေ (၁၆၀၂၅၀) ခန့်ထိ တင်ပို့နိုင်ခဲ့ပြီး ယခုလဖေဖော်ဝါရီလ တတိယပတ်ထိ တင်ပို့မှုမှာ အိတ်လုံးရေ (၁၀၈၃၀၀) ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ဆီ၊ကြက်ဥ၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၁၉.၂.၂၀၂၄ ရက်နေ့တွင် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူ များက တိုက်ရိုက်ရောင်းချပေးသည့် ဈေးကားများဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာစိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာနတို့မှ ပူးပေါင်း ရောင်းချပေးလျက်ရှိပါသည်။

    သာယာဝတီမြို့နယ် သာယာဝတီမြို့ဈေးရပ်ကွက်ဈေးလမ်းရှိ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ဈေးတွင် ၁၉.၂.၂၀၂၄ ရက်နေ့က မနောသုခဆန်(၁)ပြည်လျှင် ၃၀၀၀/ ကျပ်ဈေးနှုန်း ဖြင့် ဆန်အိတ် (၅)အိတ်၊ ကြက်ဥ ၁လုံးလျှင် ၂၀၀ ကျပ်ဈေးနှုန်းဖြင့် အလုံးရေ (၈၀၀) လုံး၊ ဆီပိဿာ (၁၁၀)ပိဿာ၊ ကြက်သားပိဿာ(၃၀)ပိဿာ၊ ငါးမြစ်ချင်း(၃၀)ပိဿာနှင့် ဟင်းသီးဟင်းရွက် မျိုးစုံ ရောင်းချပေးလျှက်ရှိပါသည်။ လက်ပံတန်းမြို့ စက်မှုလက်မှုသိပ္ပံကျောင်းတွင် ဆန်အိတ်(  ၆) အိတ်၊ ကြက်ဥ အလုံးရေ(၁၆၃၀)၊ ဆီပိဿာ (၇၈) ပိဿာ၊ ကြက်သားပိဿာ (၃၀)ပိဿာ၊ ငါးမြစ်ချင်း(၁၅) ပိဿာနှင့် ခရမ်းချဉ်သီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူမြို့ပေါ်ရှိ စားသုံးဆီဈေးကွက်အခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ပေါ်တွင် စားသုံးဆီလက်လီလက်ကားအရောင်းဆိုင်(၁၈)ဆိုင်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (တတိယပတ်) တွင် စားသုံးဆီဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိပြီး ဆုံပဲဆီသန့်တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ စက်ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၄၅၀၀)၊ ပဲစက်ကျဆီ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၂၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၈၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

     ယခင်ဇန်နဝါရီလ (တတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက မြေပဲ/ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး စားသုံးဆီဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကျန်စားသုံးဆီများမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဒေသတွင်းဆီထွက်သီးနှံဈေးနှုန်းမြင့်တက်၍ စားသုံးဆီဈေးနှုန်းမှာလည်း မြင့်တက်သွားကြောင်း မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း