Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုသည့်နေကြာ

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ စိုက်ပျိုးရေးထွန်းကားရာနိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ စသည်တို့ကိုလည်းစိုက်ပျိုးကြောင်း၊ ပြည်တွင်းစိုက်ပျိုးရေးအနေဖြင့် နေ့စဉ်ချက်ပြုတ်စားသုံးသော စားသုံးဆီအတွက် မိမိတို့ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သော မြေပဲ၊ နှမ်း၊ နေကြာဆီများမှာ လုံလောက်မှုမရှိသည့်အတွက် စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှတင်သွင်း၍ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရပါသောကြောင့် ဆီထွက်သီးနှံများကို စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကထား၍စိုက်ပျိုးသည်။ အခြားတိုင်းပြည်နယ်များတွင်လည်း စိုက်ပျိုးကြောင်းသိရှိရပါသည်။

     မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံအများဆုံးစိုက်ပျိုးထွက်ရှိသောတိုင်းဖြစ်၍ မြန်မာပြည်၏ ဆီအိုးကြီးမြို့တော်ဖြစ်သော်လည်း ထွက်ရှိသော မြေပဲ၊ နှမ်းများကို ဆီကြိတ်ခွဲထုတ်လုပ်မှုနည်းပြီး  ပြည်ပနိုင်ငံများသို့ အများဆုံးတင်ပို့မှုပြုလုပ်ခြင်းကြောင့် ပြည်တွင်းစားသုံးဆီမဖူလုံ၍ နိုင်ငံတော်တွင် ဆီသုံးစွဲမှုလိုအပ်ချက်များကြောင့် ယခုအခါတွင် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် နေကြာစိုက်ပျိုးမှုအနေဖြင့် စိုက်ဧက(၁) သိန်းခန့်ရှိသော်လည်း နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီဖူလုံရေးကိုအထောက်အကူပြုမည့် နေကြာသီးနှံများတိုးချဲ့စိုက်ပျိုးမှုကို ဆောင်ရွက်လျက်ရှိရာ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ဧက (၄၆၀၀၀၀) ခန့်ထိတိုးချဲ့စိုက်ပျိုးလာပြီး (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် စိုက်ဧက(၅)သိန်းခန့်အထိစိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် နှစ်စဉ်ဒေသစီးပွားဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကိုအခြေပြု၍ လုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးရေးအနေဖြင့် ဒေသစီးပွားဖြစ်ကြက်သွန်နီစိုက်ပျိုးရေးအပြင် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည်။ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စားသုံးမှုများပြားလျက်ရှိသော မြေပဲ၊ နှမ်း ဆီထွက်သီးနှံကို အဓိကစိုက်ပျိုးကြပြီး နေကြာသီးနှံကိုမူ စိုက်ပျိုးမှုနည်းကြောင်းသိရှိရသည်။ မြို့နယ်အတွင်း၌ နေကြာကို (၂၀၀၀) ခုနှစ်မှ (၂၀၀၃)ခုနှစ်ထိ စိုက်ပျိုးမှုများခဲ့သော်လည်း စိုက်ပျိုးချိန်နှင့် နေကြာပွင့်များအဆံတည်ချိန်တို့တွင် ကျေးငှက်များ၏ဖျက်ဆီးမှုများခြင်းအပြင် ထွက်ရှိသည့်နေကြာများကို ဒေသတွင်းနေကြာဆီစားသုံးမှုနည်း၍ ဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် စိုက်ပျိုးမှုလျော့နည်းသွားကြောင်းသိရှိရပါသည်။ (၂၀၁၅)ခုနှစ်နောက်ပိုင်းတွင် ပြည်သူများ ကျန်းမာရေးအသိမြင့်မားလာပြီး နေကြာဆီစားသုံးမှုများလာခြင်းနှင့် သားရေစာအဖြစ် နေကြစေ့ကို နှစ်ခြိုက်စွာစားသုံးမှုများလာခြင်းအပြင် ဒေသခံတောင်သူများသည် မိသားစုစားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုပြန်လည်များလာကြောင်း၊ ယခင်ဘဏ္ဍာနှစ် (၂၀၂၁-၂၀၂၂)တွင် စိုက်ဧက(၃၀၀၀)ခန့်စိုက်ပျိုး၍ ယခုဘဏ္ဍာနှစ် (၂၀၂၃-၂၀၂၄)တွင် စိုက်ဧက(၇၀၀၀)ကျော်စိုက်ပျိုးကြောင်း‌၊ စိုက်ပျိုးရာတွင် သီးညှပ်အဖြစ် မြေပဲ၊ ကုလားပဲ၊ ပြောင်းဖူးနှင့် ပဲနီကြားစိုက်ခင်းများတွင် ကြားညှပ်အတန်းလိုက် စိုက်ပျိုးကြောင်း၊ နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ယခုဖေဖော်ဝါရီလတွင် နေကြာသီးနှံများကို စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း၊ ကိုင်းကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်တောင်သူများသည် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နောက်ဘဏ္ဍာနှစ်များတွင်လည်း ဆီထွက်သီးနှံနေကြာကို ကုန်းတွင်းပိုင်းယာမြေများတွင် တိုးချဲ့စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

နေကြာစိုက်ပျိုးမှုနှင့်ဆီထွက်ရှိမှု

       နေကြာစိုက်ပျိုးရာတွင် အထွက်တိုးရန်အတွက် စိုက်ပျိုးသည့်မျိုးသည် မျိုးကောင်းမျိုးသန့်ဖြစ်ဖို့ရန်လိုအပ်ပါသည်။ ဒေသတွင်းစိုက်တောင်သူများသည် မြို့နယ်စိုက်ပျိုးရေးဌာနမှ ဖြန့်ဝေပေးလျက်ရှိသည့် နေကြာမျိုးစေ့များကိုစိုက်ပျိုးကြပြီး ဆင်းရွှေကြာမျိုးကို အများဆုံးစိုက်ပျိုသည်။ နေကြာပင်အမြင့်သည် (၄)ပေမှ (၅)ပေအထိရှည်ပြီး အပွင့်အချင်းမှာ (၄)လက်မမှ (၉)လက်မအထိရှိသည်။ နေကြာတစ်ပွင့်တွင် အောင်စေ့ (၂၀၀မှ ၄၀၀ထိ)ပါရှိပြီး အစေ့တစ်စေ့တွင် ဆီပါဝင်မှု ၄၀ရာခိုင်နှုန်းခန့်ရှိပြီး ဆီထွက်နိုင်မှုမှာ နေကြာစေ့တစ်တင်းလျှင် အရည်အသွေးပေါ်မူတည်၍ ဆီ(၃)ပိဿာမှ (၄)ပိဿာထိထွက်ရှိသည်။ (၁)ဧကလျှင် မျိုးစေ့ကုန်ကျမှုအပေါ်မူတည်ပြီး တင်း(၂၅မှ ၃၀ထိ)ထွက်ရှိ၍ ဆီပိဿာ (၁၀၀)ကျော်ခန့်ထွက်ရှိကြောင်းသိရှိရသည်။ နေကြာစေ့မှကြိတ်ခွဲထွက်ရှိသည့် နေကြာဆီသည် မပြည့်ဝဆီအမျိုးအစားတွင်ပါဝင်သည်။ နေကြာစေ့သည် နေပူထဲတွင် အကာအကွယ်မရှိဘဲ ပွင့်သော ပန်းပွင့်၏အစေ့ဖြစ်သဖြင့် မှိုတက်နိုင်ချေအလားအလာနည်းပါးပြီး သီးနှံတွင် အစိုဓာတ်နည်းကာ မှိုဆိပ်ပါဝင်မှုနည်းခြင်းကြောင့် နေကြာစေ့မှထွက်ရှိသော နေကြာဆီသည် လူတိုင်းကျန်းမာရေးအတွက် စားသုံးသင့်သည့် ဆေးဖက်ဝင်နေကြာဆီဖြစ်ပါသည်။ နေကြာပင်သည် ရာသီဥတုဖောက်ပြန်ချိန်တွင်လည်း တခြားသီးနှံများနှင့်မတူဘဲ အပင်သည် ယိုင်လဲမှုဒဏ်ခံနိုင်ရည်ရှိပြီး ရွက်ခြောက်ရောဂါဒဏ်ကိုလည်းခံနိုင်ရည်ရှိ၍ သဘာဝဘေးဒဏ်ကို ကာကွယ်နိုင်ခြင်းရှိသော နေကြာသီးနှံကို စိုက်တောင်သူများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

နေကြာစားသုံးမှုကြောင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

    လူအများစုက သားရေစာအဖြစ် နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိသည့် နေကြာစေ့သည် တခြားသာမန်သရေစာများကဲ့သို့မဟုတ်ဘဲ ခန္ဓာကိုယ်အလှအပနှင့် ကျန်းမာရေးအတွက်ပါ အကျိုးပြုကြောင်းသိရှိရပါသည်။ လေ့လာချက်များအရ နေကြာစေ့သည် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါသည်။ မကြာခဏဝမ်းချုပ်တတ်သူများအနေဖြင့် တစ်နေ့လျှင် နေကြာစေ့လက်တစ်ဆုပ်ခန့်ပုံမှန်စားပေးပါက ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါသည်။ နေကြာစေ့တွင်ပါဝင်သော Vitamin-C နှင့် Vitamin-E ဓာတ်များသည် ခန္ဓာကိုယ်အတွက်မလိုအပ်သည့် ကိုလက်စထရောများကို လျှော့ချစေသောကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါအပြင် နှလုံးရောဂါဖြစ်ပွားနိုင်ချေနှင့် လေဖြတ်နိုင်ချေတို့ကိုလျော့နည်းစေသည်။ နေကြာစေ့တွင် သွေးတွင်းမှ မကောင်းသည့်ကိုလက်စထရောများကို လျှော့ချစေသည့် Fatty acid ပါဝင်သဖြင့် ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် အထူးသင့်လျော်ပါသည်။

      နေကြာဆီသည်မပြည့်ဝဆီအမျိုးအစားဖြစ်၍ လူတို့ကျန်းမာရေးအတွက် အထူးသင့်လျော်ပါသည်။ နေကြာဆီတွင် Vitamin-E များစွာပါရှိသဖြင့် နေရောင်ခြည်ကြောင့် အရေပြားပေါ်တွင်ဖြစ်စေသော တင်းတိတ်၊ မှဲ့ခြောက်များကိုပျောက်ကင်းစေပြီး ပါးရေတွန့်ခြင်းများကိုလည်းကာကွယ်ပေးနိုင်ပါသည်။ နေကြာဆီတွင်ပါဝင်သည့် Omega-6 သည် ဆံပင်ကိုနူးညံ့ပျော့ပျောင်းစေခြင်း၊ ဆံပင်ကျွတ်ခြင်းကိုသက်သာစေခြင်း စသည့်အကျိုးကျေးဇူးတို့ကိုရရှိစေခြင်းနှင့် အခြားအာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်နေသဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်စေပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချစေသည့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိပါသည်။

       လူသားတိုင်းသည် နေ့စဉ်နှင့်အမျှ ကျန်းမာစွာအသက်ရှင်ရပ်တည်နိုင်ရေးအတွက် စားသောက်နေထိုင်ကြရာတွင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ စပါးပြီးလျှင် ဒုတိယအများဆုံး စားသုံးဆီကို နေ့စဉ်နှင့်အမျှ မပါမဖြစ်စားသောက်ကြပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးဆီဖူလုံမှုမရှိ၍ ပြည်ပနိုင်ငံများမှ စားအုန်းဆီများတင်သွင်းလျက်ရှိပါသည်။ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပနိုင်ငံများမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက်    ယခုအချိန်တွင် နိုင်ငံတော်အစိုးရမှ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးရန် နေကြာသီးနှံများတိုးချဲ့ စိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိရာ တိုင်း/ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် ၎င်းကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ ပြည်တွင်း၌ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခြင်းဖြင့် လုပ်သားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများအနေဖြင့်လည်း ထုတ်ကုန်များကို တွင်းကျယ်စွာထုတ်လုပ်နိုင်ခြင်းဖြင့် စက်စွမ်းအားများမြင့်တက်၍  နိုင်ငံအတွင်းရှိ MSMEs အကြီးစား၊ အလတ်စား၊ အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးမှသည် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

ပြည်မြို့တွင်ရောင်းချလျှက်ရှိသော ကံမဖရဲ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိဈေးကွက်များသို့ ကံမဘက်မှ ဝင်ရောက်လာသော ဖရဲသီးများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကံမဘက်မှဝင်ရောက်လာသောဖရဲသီးများမှာ ပြည် ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုရှိပြီး တစ်နေ့လျှင် အလုံးရေ ၅၀၀ခန့် ဝင်ရောက်လျှက် ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခုဖေဖော်ဝါရီ လကုန်ပတ်တွင် ဖရဲသီး (အကြီး)တစ်လုံးလျှင် ၃၀၀၀ကျပ်၊ အလတ် တစ်လုံးလျှင် ၂၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၂၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ဖရဲသီးစိတ်၍ ရောင်းချသူများအနေဖြင့် တစ်စိတ်လျှင် ၂၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ် နှင်းဆီပန်းစိုက်ပျိုးခြင်းနှင့် အကျိုးအမြတ်ရရှိမှု့

         ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်းကျေးရွာတွင် နှင်းဆီပန်းများ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း သိရသဖြင့် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။ နှင်းဆီပန်းများကို အပင်ပေါက်ဝယ်ယူ၍ စိုက်ပျိုးကြပြီးပုံမှန်အားဖြင့် နိုဝင်ဘာလတွင် စိုက်ပျိုးကြကာ စိုက်ပျိုးသည့် မျိုးမှာကျောက်စိမ်းမျိုးဖြစ်ပါသည်။  နှင်းဆီပန်းကို စိုက်ပျိုးပြီး (၂)လသားအရွယ်တွင်  ပန်းများစတင်ခူးဆွတ်ရောင်းချကြပါသည်။ နှင်းဆီပန်းအပင် (၁၀၀၀) ကျော်စိုက်ပျိုးထားလျှင် တစ်ရက်ခြားတစ်ခါ ပန်းပွင့်ရေ (၈၀၀ မှ ၁၀၀၀)အထိ ခူးယူရရှိကြောင်း သိရှိရပါသည်။  နှင်းဆီပန်းများ ပေါ်ချိန်တွင် အခင်းထဲအထိ ဒိုင်များလာရောက်ဝယ်ယူကြပြီး တစ်ပွင့်လျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ထိုမှတစ်ဆင့် ရွှေတောင်မြို့ပေါ်ရှိ ဈေးကွက်များနှင့် ပြည်မြို့ပေါ်ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချသဖြင့် လက်လီဈေးမှာ တစ်ပွင့်လျှင်(၁၅၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ နှင်းဆီပန်းတစ်ခါပေါ်လျှင် (၄)လ မှ (၅)လ အထိ ခူးဆွတ်၍ရောင်းချရပါသည်။ နှင်းဆီပင်များကို တစ်ခါစိုက်ပျိုးထားပါက (၅)နှစ်အထိ ခူးဆွတ်ရောင်းချရပြီး တစ်နှစ်ပျမ်းမျှ အကျိုးအမြတ်မှာ ဈေးနှုန်းပေါ်မူတည်၍ ဈေးကောင်း လျှင်(၁၇)သိန်းခန့်အထိ အမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၉/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၇.၂.၂၀၂၄ )

  ၂၇.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၇.၂.၂၀၂၄ )

   ၂၇.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ တံမြက်စည်းတံရိုးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စိမ်ကြီးကျေးရွာတွင် ဒေသထွက်ကုန်ဖြစ်သော တံမြက်စည်းတံ ချိုးခြင်းလုပ်ငန်းကို ရွာသူရွာသားများက ပဲခူးရိုးမတောင်ကို အမီပြု၍ လုပ်ကိုင်ကြပါသည်။ ဒေသတွင်းထွက်သော အိမ်သုံးတံမြက်စည်းချောင်းများ ဖြစ်ရန်အတွက် အနောက်ဘက်ရှိ ပဲခူးရိုးမ တောင်ပေါ်သို့ စားသောက်ဖွယ်ရာများယူဆောင်ပြီး ခြေလျင်ဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း တက်ရောက်၍ နှစ်ရက် သုံးရက်ခန့် တံမြက်စည်းချိုးရပါသည်။

       တောင်ပေါ်မှ တစ်ခေါက်ပြန်ဆင်းလာလျှင် တံမြက်စည်းတံ ပိဿာချိန် ၁၀၀ မှ ၁၅၀ အထိ ပါရှိပါသည်။ ရွာသို့ရောက်လျှင် တံမြက်စည်းတံများအား နေပြန်လှန်း၍ သေသပ်လှပအောင် ခုတ်ထစ်ပြီး ညီညာစွာ ပြန်စီရပါသည်။ ခြောက်သွေ့သွားသော တံမြက်စည်းတံများကို ဈေးကွက်သို့ ပို့ရန်အတွက် အချောင်း ၁၀၀ လျှင် အစည်းတစ်စည်း စည်းရပါသည်။

        တံမြက်စည်းတံ အချောင်း ၁၀၀ တစ်စည်းလျှင် ယခင်က ၅၀၀ ကျပ်သာရောင်းရသော် လည်း ယခုအခါတစ်စည်းလျှင် ၈၀၀ ကျပ်ဖြင့် တံမြက်စည်းတံဝယ်ယူသူများထံသို့ ရောင်းချရပါ သည်။ ၎င်းမှတစ်ဆင့်ဝယ်ယူသူများက ဝယ်ယူစုဆောင်းရရှိသောတံမြက်စည်းတံများကို တံမြက်စည်း လုပ်ငန်းများသို့ ထော်လာဂျီများဖြင့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၂.၂၀၂၄ )

      ၂၇.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပေါက်မြို့နယ်၌ ပဲစင်းငုံစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ပဲစင်းငုံသီးနှံစိုက်ဧက(၃၅၀၀)ဧကခန့်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဧကအလိုက် သီးသန့်စိုက်ပျိုးခြင်းမရှိဘဲ မြေပဲ၊ ပြောင်း၊ ကုလားပဲ၊ ပဲတီစိမ်းစိုက်ခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးကြောင်း၊ ပဲစင်းငုံ(အနီ/အဝါ)မျိုးကို စိုက်ပျိုးကြောင်းသိရှိရသည်။ မိုးဦးကာလဖြစ်သော ဇွန်လနှင့် ဇွန်လိုင်လတို့တွင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် သီးနှံရိတ်သိမ်းကြောင်း၊ စိုက်ခင်းများကြား သီးညှပ်စိုက်ပျိုးခြင်းဖြစ်၍ ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရရှိသောသီးနှံဖြစ်၍ ဒေသစီးပွားအဖြစ် နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်းသိရှိရသည်။

       ပဲစင်းငုံသီးနှံတစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တောင်သူတစ်ဦးချင်း စိုက်ပျိုးချိန်ရာသီဥတုအနေအထား၊ မြေသားကွာခြားမှုအပြင် သွင်းအားစုအမျိုးမျိုးသုံးစွဲပုံမတူညီ၍ တစ်ဧကလျှင် (၈-၁၂)တင်းထိထွက်ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်ချိန်မှ ယနေ့ထိ ဈေးကွက်ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း၊ သီးနှံပေါ်စတစ်တင်းလျှင် ဒေသပေါက်ဈေး ကျပ်(၁၀၂၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ ယခင်နှစ်တွင် ကျပ်(၇၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုနှစ်တွင် ကျပ်(၄၈၀၀၀)ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲစင်းငုံတစ်ဧကအထွက်နှုန်း (၈)တင်းနှုန်းဖြင့်တွက်ချက်ပါက ကျပ်(၁၀၀၀၀၀)သိန်းခန့်ဝင်ငွေရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၇) သိန်းခန့်ရရှိကြောင်း၊ ပေါက်မြို့နယ်မှထွက်ရှိသည့် ပဲစင်းငုံများကို စီးပွားရေးဈေးကွက်အချက်အချာကျသည့် ပခုက္ကူမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာရှိ စိုက်တောင်သူ ဦးမြင့်ငွေထံမှသိရှိရပါသည်။

       ပဲစင်းငုံသီးနှံမှာ စိုက်ပျိုးကာလ(၆)လခန့်ကြာမြင့်ခြင်းဖြစ်၍ တောင်သူများအနေဖြင့် သီးထပ်စိုက်ပျိုးခြင်းများအပြင် စိုက်ပျိုးနိုင်သည့်မြေလွတ်များတွင် တိုးချဲ့စိုက်ပျိုးရန် အကောင်းဆုံး သီးနှံတစ်မျိုးဖြစ်သည်။ စိုက်တောင်သူများအနေဖြင့် ပြည်ပပို့ကုန်သီးနှံဖြစ်သော ပဲစင်းငုံကို ယခုနှစ်တွင် ဈေးကွက်ခိုင်မာပြီး အကျိုးအမြတ်များစွာရရှိသောကြောင့် လာမည့်စိုက်ပျိုးရာသီတွင်လည်း တိုးချဲ့စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

တောင်ငူခရိုင် ရေတာရှည်မြို့မှ ဘဂဝါသဘာဝအားဖြည့်ဆေး

           တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သုခလမ်းရှိ မဟာတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ထုတ်လုပ်သော ဘဂဝါအမှတ်တံဆိပ် သဘာဝအားဖြည့်ဆေးသည် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

              အိပ်ချင်သော်လည်း အိပ်မပျော်သူများ၊ ဟင်းကောင်းပြီး ထမင်းစားမကောင်းသူများ၊ အထိုင်များခြင်းကြောင့် ခါးနာခြင်း၊ ထုံကျဉ်ကိုက်ခဲ ညောင်းညာခြင်းဖြစ်သူများ၊ အာရုံကြော အားနည်း၍ စိတ်မကြည်မလင်ဖြစ်သူများ၊ နလန်ထခါစ လူမမာများ အားနည်းခြင်း၊ အားကစားသမား များ သွက်လက်ပေါ့ပါးမှုမရှိခြင်း အတွက် အထူးကောင်းမွန်သည့် သဘာဝအားဖြည့်ဆေး ဖြစ်ပါသည်။

        ထို့အပြင် ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ခန္ဓာ ကိုယ်အပူအအေးမမျှခြင်း၊ ချွေးထွက်များခြင်း၊ အမျိုးသားများ ဒူလာရောဂါဖြစ်ခြင်းအတွက်လည်း မှီဝဲသင့်သည့် ဆေးကောင်း ဖြစ်ပါသည်။ အမျိုးသမီးများ သွေးသားသန့်စင်စေခြင်း၊ အူလမ်းကြောင်း အတွင်းရှိ ဘက်တီးရီးယားပိုးမွှားများကို ရှင်းလင်းပေးခြင်းကြောင့် ပျို့အန်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ လေနှင့်ဝမ်းမကွဲ ဖြစ်နေသူများအတွက် အထူးကောင်းမွန်ပါသည်။

       အစာစားပြီး နာရီဝက်ကြာမှ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တစ်နေ့ (၃)ကြိမ် မှီဝဲသုံးစွဲ ရပါမည်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အစာအိမ်၊ လေးဖက်နာ၊ လေငန်း၊ ကျောက်ကပ်ရောဂါရှိသူများ လည်း မှီဝဲသုံးစွဲနိုင်ပါသည်။ လူအများ  နေ့စဉ်မစားသုံးဖြစ်သော ချိုချဉ်အေးခါး အရသာများကို ဆေး အဖြစ် စီမံဖော်စပ်ထားသောကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သော သဘာဝအားဖြည့် ဆေးတစ်မျိုးဖြစ်ပါသည်။

       ဆေးတစ်ဖုံတွင် ထန်းလျက် ၃၀ ကျပ်သား၊ မန်ကျည်းမှည့် ၂၀ ကျပ်သား၊ ကန့်ကလာ ၅၀ ကျပ်သား၊ ရှားစောင်းလက်ပတ် ၁၀ ကျပ်သား၊ သစ်ကြံ့ပိုး ၅ ကျပ်သား၊ ဗန်ဒါစေ့ ၅ ကျပ်သား၊ ဆားပုပ် ၃ ကျပ်သား၊ ဆေးပိုးတီ ၃ ကျပ်သား၊ ထောပတ် ၁ ကျပ်သား၊ နှမ်းဆီတစ်ကျပ်သားဖြင့် ဖော်စပ် ထားပြီး ဘေးဥပါဒ်ဖြစ်စေသော ဓါတုဆေးဝါးများ လုံးဝ မပါဝင်ကြောင်း သိရှိရပါသည်။

          ဘဂဝါ သဘာဝအားဖြည့်ဆေးကို တစ်ဗူးလျှင် ၅၀၀၀ ကျပ်ဖြင့် အမြို့မြို့၊ အနယ်နယ် သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသဖြင့် မြန်မာတိုင်းရင်းဆေးရောင်းချသည့် ဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း