Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၏ရှမ်းပြောင်းဖူးဈေးနှုန်း

         မြင်းခြံမြို့နယ်သည် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံနှင့် ဖူးစားပြောင်းများဖြစ်သော ထောပတ်ပြောင်း၊ သကြားပြောင်းများစိုက်ပျိုးလျက်ရှိရာ အအေးပိုင်းရာသီဥတုကို နှစ်သက်သော ရှမ်းပြောင်းဖူးများမှာ ဒေသတွင်းစိုက်ပျိုမှုမရှိကြောင်း၊ ဒေသတွင်းရောင်းချသော ရှမ်းပြောင်းဖူးများကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တို့မှ မှာယူတင်သွင်းပြီး ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင်  အေးမြသီတာဈေး၌ ရောင်းချနေသော တောင်ကြီးရှမ်းပြောင်ဖူး တစ်ဖူးလျှင် (၆၀၀) ကျပ်၊ ၁၀ဖူးလျှင် (၅၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ရှမ်းပြောင်းစီးစီးချိုချိုလေးသည်   လူကြိုက်များ၍စားသုံးများပြားပြီး ဈေးကွက်တွင် အရောင်းအဝယ်ကောင်းကြောင်း၊  နေ့စဉ်ရှမ်းပြောင်းဖူး (၁၀၀-၁၅၀) ဖူးခန့်ရောင်းချရကြောင်း ကုန်စိမ်းသီးနှံရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)         

ဈေးကောင်းရနေသည့် ဒေသထွက်နဂါးမောက်သီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသား အဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။

       ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်သီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ရောင်းချ လျက်ရှိကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချ နေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်နှင့် အကြီး တစ်လုံးလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နဂါးမောက်သီးများ အဝင်နည်းလာသည့်အတွက် ဈေးကောင်းရလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခြံမြို့၏ပန်းငရုတ်ပွ (ခေါ်) ပန်းငရုတ်ချိုဈေးနှုန်းများ

          မြင်းခြံမြို့နယ်သည်  ဆည်ရေသောက်အသင့်အတင့်ရှိပြီး ဥယျာဉ်ခြံမြေနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသော်လည်း အအေးပိုင်းဒေသတွင်စိုက်ပျိုးသော ပန်းငရုတ်ပွများကို အပူပိုင်းဒေသ၌ စိုက်ပျိုးဖြစ်ထွန်းမှုမရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသောငရုတ်ပွများကို ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော အောင်းပန်းမြို့ပွဲရုံများမှ မှာတင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော ပန်းငရုတ်ပွ ၂၅ ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ပေါက်ဈေးဖြင့်ရောင်းချကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သောကြောင့် စားသုံးမှုများကြောင်း၊ လက်လီလက်ကား ရောင်းချမှုအနေဖြင့် နေ့စဉ်ကုန်ချိန် (၃၀-၅၀) ပိဿာခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌ နေ့စဉ်ဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့်  အိမ်ခြံ ဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ကောက်ရိုးမှို တစ်ပိဿာလျှင် လက်လီဈေး(၁၀၀၀၀)ကျပ်၊ လက်ကားဈေး (၉၅၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် CPကြက်နှင့် ဗမာကြက်သားဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သားများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    မြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်လာလ တတိယပတ်အတွင်း  CPကြက် ကောင်လုံးဈေး (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်နှင့် (၂၅) ကျပ်သားလျှင် (၇၀၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုလတတိယပတ်အတွင်း ဒေသကြက်(၁)ပိဿာ လျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း  ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

 

     ကန့်ဘလူမြို့မဈေးရှိ ပဲပင်ပေါက်နှင့် ပဲချဉ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချသည့်အပြင်၊ ဒေသထွက် ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အသုံးများကြောင်း၊ အသုံးပြုမည့်ပဲကို ကြိုတင်ရေစိမ်ထားရကြောင်း၊ ရရှိလာသောပဲပင်ပေါက်များကို သန့်ရှင်းအောင်ပြုလုပ်ပြီး ပဲချဉ်ပြုလုပ်ရကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ဖြစ်ပေါ်နေသော ပဲပင်ပေါက်ဈေးနှုန်းမှာ ပဲပင်ပေါက် လက္ကားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်နှင့် ပဲချဉ်လက္ကားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၁၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲပင်ပေါက်နှင့် ပဲချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငရုတ်သီးခြောက်နှင့် ငရုတ်သီးမှုန့်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု) တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်၊ ငရုတ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြိုတွင် ရောင်းချလျက်ရှိသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ်ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်းမှာ မျှစ်စိမ်း(၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ် နှင့်မျှစ်ပြုတ် (၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် မျှစ်ခြောက်လှန်းရန်နှင့် မျှစ်ချဉ်ပြုလုပ်ရန် ဝယ်ယူကြသည့်အတွက် မျှဉ်စိမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မျှစ်ချဉ် သည် မျှစ်စိမ်းရှားပါးလာသည့်အချိန်၌သာ အရောင်းသွက်လေ့ရှိကြောင်း လုပ်ငန်းရှင်များထံမှ  သတင်း ရရှိပါသည်။         

DOCA(စစ်ကိုင်း)

                  

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးခြောက်နှင့်တို့ဟူးစိမ်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့ မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော တို့ဟူးစိမ်းဈေးနှုန်းများမှာ လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်ကား(၁)ပိဿာ လျှင်(၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် တို့ဟူးခြောက်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဒေသထွက် ဖီးကြမ်း၊ ကက်သဲနှင့် ခွန်စိမ်းငှက်ပျောသီးများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်း ငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက် ဖီးကြမ်းသီးနှင့် ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီး  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ()ဖီးလျှင် (၃၅၀၀)ကျပ်၊ အလုံး အသေး()ဖီးလျှင် (၂၅၀၀)ကျပ်နှင့် ကက်သဲငှက်ပျောသီး()ဖီးလျှင် (၂၅၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျော သီး()ဖီးလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ငှက်ပျောသီးရောင်းချသူများထံမှ သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း