Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၁.၂၀၂၄ )

   ၂၂.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် ရာသီစာပဲမြစ်

     ပဲစောင်းလျားသီးမှထွက်ရှိသော အတောင့်ကို ပဲစောင်းလျားသီးအတောင့်ဟုခေါ်ပြီး ၎င်းမှထွက်ပေါ်လာသည့် အမြစ်ကို ပဲမြစ်ဟုခေါ်ပါသည်။ ပဲစောင်းလျားပင်မှာ ပူပြီး စွတ်စိုသော နေရာများတွင် အများအပြားပေါက်ရောက်ပါသည်။ နွယ်ပင်အမျိုးအစားဖြစ်ပြီး တို့စရာအဖြစ် စားသောက်ကြသည့် ဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ အမြစ်မှထွက်ရှိလာသော ပဲမြစ်များကို မုန့်ပဲသားရေစာအဖြစ်စားသောက်ကြပါသည်။ ပဲစောင်းလျားပင်အား မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးကြပါသည်။ ပဲမြစ်များစိုက်ပျိုးရာတွင် ပေါင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ပဲမြစ်စိုက်ပျိုးသည့် တောင်သူအများစုမှာ နှစ်စဉ် ဩဂုတ်လတွင်စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ရောင်းချကြောင်းသိရှိရပါသည်။ ယခု အချိန်တွင် ဈေးကွက်အတွင်းရောက်ရှိလာသည့် ပဲမြစ်များမှာ ပြည်မြို့နှင့် ဒေသအနီးတဝိုက်ရှိ ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့ရှိ ကျေးလက်ဒေသများ၏ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြံများမှရရှိပါသည်။ ပဲမြစ်ကို ရာသီစာစားစရာအဖြစ်ပြုတ်ပြီး ဆီ၊ ဆားတို့နှင့်စားလျှင် အရသာကောင်းမွန်ပါသည်။ ပဲမြစ်၏အရသာမှာ ချိုပြီးစိမ့်၍ လူအကြိုက်များပြီး ၎င်းမှာ ကျန်းမာရေးအတွက် လည်းကောင်းမွန်ပါသည်။ ရာသီပေါ်စာဖြစ်သည့်ပဲမြစ်အား ဈေးကွက်အတွင်းရောင်းချရာ၌ တစ်ပိဿာလျှင် (လုံးချော) ၃၅၀၀ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ (ဇန်နဝါရီလ) ပဲဈေးနှုန်းပြောင်းလဲမှုအခြေအနေ

    ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုတွင် နှစ်စပိုင်းဖြစ်သော ဇန်နဝါရီလ၌ ပဲဈေးနှုန်းများကောင်းမွန်လျက်ရှိပြီး ပဲသစ်များလည်းဝင်ရောက်လျက်ရှိပါသည်။

မတ်ပဲ

      ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၇၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၁၅၀/၂၀၀) အိတ်ခန့်အဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် မတ်ပဲဈေးနှုန်းမြင့်တက်လာပြီး ပဲတစ်တင်းကို ၉၇၅၀၀ကျပ်ခန့်ရှိကာ ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀) အိတ်ခန့်ရှိပါသည်။

ပဲတီစိမ်း

   ဇန်နဝါရီလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၄၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၄၀၀/ ၅၀၀) ခန့် ရန်ကုန်၊ မန္တလေးအဝယ်ရှိပါသည်။ ဒုတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၇၀၀၀ကျပ်ဖြင့် ပဲဈေးတက်နေပြီး တစ်ရက်လျှင် အိတ် (၅၀၀/၆၀၀)ခန့် မန္တလေးအဝယ်ရှိပါသည်။ 

ပဲစဉ်းငုံ

      ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပထမပတ်တွင် ပဲစဉ်းငုံအသစ်များဝင်စပြုနေပြီး ပဲတစ်တင်းလျှင် ၁၂၀၀၀၀ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ ပဲစင်းငုံအသစ်များကို လှောင်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၆၀၀/၇၀၀) ခန့်ရှိခဲ့ပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို ၁၀၈၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၆၀၀/၇၀၀) ခန့်ရှိခဲ့ပါသည်။

ကုလားပဲ

     ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၉၆၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၉၇၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၃၀၀ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။

ပဲကြီး

     ဇန်နဝါရီလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ရက်လျှင် အိတ်၄၀၀ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

    ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၂၅/၃၀) ခန့်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၃၀ခန့်ရှိခဲ့ပါသည်။

ဘိုကိတ်

     ဇန်နဝါရီလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၅၀/၁၀၀) ခန့်ရှိပါသည်။ ဒုတိယအပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၅၀/၁၀၀) ခန့်ရှိခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်သွက်လျက်ရှိပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲသီးနှံများမှာ ပိုမိုအရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါ်ဦးပေါ်ဖျားဖြစ်နေသော လေးပင်ဆီးသီး

     ဆီးသီးအမျိုးပေါင်းများစွာရှိသည့်အနက် လေးပင်ဆီးသီးကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားသို့သွားသည့် လမ်းမကြီးပေါ်ရှိ လေးပင်ရွာမှထွက်ရှိပါသည်။ လေးပင် ဆီးသီးသည် အခြားဆီးသီးများနှင့်မတူဘဲ အရသာမှာ အသီးသီးစကပင် ကြွပ်ပြီး ချိုသောအရသာရှိပါသည်။ အသီးရင့်မှည့်လာသည်နှင့်တစ်ပြိုင်တည်း အသီးတွင် အပွေးများတက်ကာ အရသာမှာ ပို၍ချိုမြလာပါသည်။ အရသာမှာ ချိုမြနေသော်လည်း ပိုးမဝင်သောဆီးသီးဖြစ်ပါသည်။

     လေးပင်ဆီးသီးသည် နိုဝင်ဘာလမှ မတ်လအထိထွက်ရှိပါသည်။ လေးပင်ဆီးသီးကို ယိုထိုး၍ စားသောက်ခြင်းမျိုးမရှိပါ။ ပြည်မြို့တွင် လေးပင်ဆီးသီးကို Online မှ အော်ဒါစနစ်ဖြင့် ရောင်းချခြင်းနှင့် ဈေးဆိုင်တချို့တွင် ရောင်းချခြင်းဟူ၍ (၂)မျိုးရှိပါသည်။ Online အော်ဒါစနစ်ဖြင့် ရောင်းချခြင်းမှာ အရောင်းအဝယ်ပိုမိုတွင်ကျယ်ပါသည်။ လေးပင်ဆီးသီးကို Order ကောက်ရာတွင် ပြည်ရာနှင့်ချီရောင်းချကြောင်းသိရှိရပါသည်။ လေးပင်ဆီးသီးကို ယခင်နှစ်တွင် တစ်ပြည်လျှင် ၄၀၀၀ကျပ်နှုန်းဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်ပေါ်ခါစတွင် တစ်ပြည်လျှင် ၆၀၀၀ကျပ်နှုန်းဖြင့် စတင်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်တွင် စပါးဈေးနှုန်းများ ဆက်လက်မြင့်တက်

   ပြည်ဈေးကွက်အတွင်း၌ မိုးစပါးဈေးနှုန်းများမှာ ဈေးကောင်းဆက်လက်ရရှိနေပါသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်အထိ စပါးဈေးနှုန်းမှာ ၄၆ပေါင်ပါ တင်း(၁၀၀)လျှင် ၁၉၃၀၀၀၀ကျပ်၊ ဆန်(၁၀၈)ပေါင်ပါ တစ်အိတ်လျှင် ၆၉၀၀၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလတွင် စပါး ၄၆ပေါင်ပါ တင်း(၁၀၀)လျှင် ကျပ်သိန်း(၂၀) ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။ ကရင်မနှင့် မှော်ဘီစပါးဈေးနှုန်းမှာ ယခုဇန်နဝါရီလတွင် ကျပ်သိန်း(၂၀)ကျပ်ဖြင့် ဈေးနှုန်းတူညီနေပါသည်။ ရတနာတိုး ထိုင်းနှံကောက်များစပါးများမှာအရောင်းအဝယ်မရှိတော့ဘဲ ဆန်တစ်အိတ်လျှင် ၆၈၀၀၀ကျပ်ဖြင့်သာအရောင်းအဝယ်ရှိနေပါသည်။ ဆင်းသွယ်ဆန်တစ်အိတ်လျှင် ၇၃၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်အတွင်း ရောင်းချနေပြီး ရိုးနီဆန် (အဟောင်း)တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။

      ဆန်ကွဲ Extra တစ်အိတ်လျှင် ယခင်၌ ၅၀၀၀၀ကျပ်၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် ၅၀၅၀၀ကျပ်၊ 234 တစ်အိတ်လျှင် ၄၈၀၀၀ကျပ်မှ ၄၈၅၀၀ကျပ်ထိဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ပြည်မှ ရန်ကုန်သို့ ဆန်တင်ပို့ရောင်းချမှုမှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ၂၁၀၀အိတ်တင်ပို့ရောင်းချမှုရှိကြောင်းလည်းသိရပါသည်။ ဆန်စပါးဈေးနှုန်းဆက်လက်မြင့်တက်လာရခြင်းမှာ စပါးအဝယ်လိုက်လာခြင်းအတွက်ကြောင့်လည်းကောင်း၊ နွေစပါးမပေါ်သေးသည့် ကာလဖြစ်သောကြောင့်၊ ရိတ်ခြွေခစရိတ်မှာလည်း ယခင်နှစ်ထက် နှစ်ဆမြင့်တက်လာခြင်းကြောင့် စပါးဈေးနှုန်းများ ဆက်လက်မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

လှိုင်လှိုင်ပေါ်လာပြီဖြစ်သော ပြည်ဒေသထွက် ပန်းဂေါ်ဖီဈေးကွက်

    ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီကို ရာသီပေါ်အစားအစာအဖြစ် စားသုံးမှုများပြီး ၎င်းမှာ လူသိများသောအသီးအနှံလည်းဖြစ်ပါသည်။ ပြည်မြို့ပေါ်ရှိဈေးများတွင် အောက်တိုဘာလကုန်လောက်မှစ၍ ပန်းဂေါ်ဖီများစတင်ရောင်းချကြပါသည်။ ပန်းဂေါ်ဖီမှာ အေး၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြေပြန့်ဒေသများ၌ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးပြီး တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အနေဖြင့် ပန်းဂေါ်ဖီကို စီးပွားဖြစ်စိုက်ပျိုးကြပြီး စိုက်ပျိုးသည့် ကျေးရွာများမှာ မှော်ဇာကျေးရွာ၊ ပြည်မြို့အနီးတဝိုက်ရွာများနှင့် ပေါင်းတလည်မြို့ရှိ ခွေးရဲကျေးရွာတို့တွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသောပန်းဂေါ်ဖီများကို ပြည်မြို့တွင်းရှိ ဈေးများအပြင် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်းတင်ပို့ရောင်းချကြပါသည်။ ပြည်မြို့တွင် ပန်းဂေါ်ဖီများလှိုင်လှိုင်ထွက်ပေါ်ချိန် ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ပုတီးကုန်း၊ သဲကုန်းနှင့်ရွှေတောင်ဘက်မှ ပန်းဂေါ်ဖီများဝင်ရောက်လာပြီး ဈေးလည်းသက်သာလာပြီဖြစ်ပါသည်။ ပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင် ၆၀၀ကျပ်/ ၅၀၀ကျပ်ဖြစ်ပြီး အသေးတစ်ပွင့်လျှင် ၃၀၀ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

လှောင်လက်သမားများလက်ဝယ်ရှိနေသော ပြည်မန်ကျည်းသီးမှည့်ဈေးနှုန်း

   ဒေသတွင်းထွက်ရှိသည့် ပြည်မန်ကျည်းသီးမှည့်လက်ကျန်များမှာ ပွဲရုံလှောင်လက်သမားများ၏ လက်ဝယ်၌သာရှိသောကြောင့် အခြားဒေသများဖြစ်သော ပခုက္ကူမှဝင်ရောက်လာသော မန်ကျည်းသီးမှည့်ဈေးနှုန်းအပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရပါသည်။ အရောင်းအဝယ်အနေဖြင့် အရောင်းသွက်နေသော်လည်း ဒေသတွင်းမန်ကျည်းမှည့် လှောင်သမားများ၏ လက်ဝယ်၌ ဈေးနှုန်းမြင့်တက်နေပါသည်။ ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် မန်ကျည်းသီးမှည့်(ပွဲရုံ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်နှင့် ပခုက္ကူမန်ကျည်းသီးဈေးနှုန်းမှာ ၄၅၀၀ကျပ်တို့ရှိကြောင်းသိရပါသည်။ လက်လီတစ်ပိဿာဈေးနှုန်းများမှာ ဒေသမန်ကျည်းသီးမှည့် ၄၀၀၀ကျပ်နှင့် ပခုက္ကူမန်ကျည်းသီးမှည့် ၅၅၀၀ကျပ်အထိတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မန်ကျည်းရွက်များ ဈေးနှုန်းမြင့်တက်

   ပြည်မြို့ပေါ်ရှိ ဈေးကွက်အတွင်း ယခုဆောင်းရာသီတွင် ရှားပါးလျက်ရှိသော မန်ကျည်းရွက်နုများမှာ ဈေးကောင်းရလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းတွင် ပိဿာချိန်၁၀ခန့်ဖြင့် ၂ရက်ခြားသာဝင်ရောက်မှုရှိပါသည်။ ပြည်အနီးတဝိုက်ဒေသများနှင့် ရွှေတောင်၊ ပန်းတောင်း၊ ကံမနယ်ဘက်များမှ ဝင်ရောက်မှုရှိပြီး မန်ကျည်းရွက်ကို သုပ်စားခြင်း၊ ချဉ်ရည်ဟင်းချက်စားခြင်း၊ ပဲနှင့်ဟင်းချိုချက်စားခြင်း၊ ငါးခြောက်၊ ပုစွန်ခြောက်တို့နှင့်ကြော်စားခြင်းများပြုလုပ်ကြပါသည်။ မန်ကျည်းရွက်နုနုတွင် ဗီတာမင် C, A၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လဆီယမ်နှင့် ပိုတက်ဆီယမ်တို့ပါဝင်သဖြင့် သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ နာကျင်ရောင်ရမ်းခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေပြီး လေရောဂါနှင့်ဆက်စပ်သည့် ရောဂါအခံရှိသူများအနေဖြင့် အလွန်အကျွံစားသုံးမိလျှင် လေချုပ်နိုင်သောကြောင့် သတိထားစားသောက်သင့်ကြောင်း လေ့လာသိရှိရပါသည်။ ဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းမှာ ၁၀ကျပ်သားလျှင် ကျပ်၇၀၀ခန့်ရှိပြီး လှိုင်လှိုင်ပေါ်ချိန် နွေအကုန်မိုးဦးကာလတွင် ဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ကျပ် (၂၀၀-၃၀၀) သာရှိသဖြင့် ယခုကာလတွင် ဈေးကောင်းရလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်အတွင်း၌ နံနံပင်များရှားပါး

   ယခုကဲ့သို့ဆောင်းရာသီကာလတွင် နံနံပင်များမှာ ပြည်ဈေးကွက်အတွင်း လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်နေသော်လည်း ယခုနှစ်၌ နံနံပင်စိုက်တောင်သူများအနေဖြင့် လျော့နည်း၍စိုက်ပျိုးကြသည့်အတွက် ယခုကဲ့သို့ ရှားပါးပြီး ဈေးနှုန်းမြင့်တက်လျက်ရှိနေခြင်းဖြစ်ကြောင်း၊ ပြည်မြို့ပေါ်ဈေးများသို့ နံနံပင်လက်လီ/ လက်ကားရောင်းချသည့် လုပ်ငန်းရှင်၏ပြောကြားချက်အရသိရပါသည်။ ပြည်အနီးတဝိုက်ရှိ ကျေးရွာများနှင့် ဝက်ထီးကန်၊ ရွှေတောင်၊ ပေါင်းတလည်၊ ဆင်တဲနယ်ဘက်များမှ ဝင်ရောက်မှုရှိပြီး တစ်ပိဿာအထုံး အစည်း ၂၀၀ခန့်သာ မြို့ပေါ်ဈေးအသီးသီးသို့ ရက်ခြားအဝင်ရှိနေပါသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလဆန်းမှစ၍ နံနံပင်ဈေးနှုန်းများချိုသာမှုရှိပြီး ယခုဇန်နဝါရီလဆန်းမှစ၍ ပြန်လည်ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ဇန်နဝါရီလလယ်ပိုင်းတွင် နံနံပင် ၅ပင်ပါတစ်စည်းလျှင် ကျပ် (၂၀၀-၃၀၀) ခန့်ရှိပြီး တစ်ပိဿာလျှင် ကျပ် (၇၀၀-၈၀၀)ခန့်ဖြင့် ဖောက်သည်ယူရကာ ကျပ်၁၀၀၀နှုန်းဖြင့် ပြန်လည်ရောင်းချမှုရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီများ အဝင်များ၍ ဈေးနှုန်းကျဆင်းနေ

  ပြည်ဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းတွင် မကွေးတိုင်း၊ ရေနံချောင်း၊ တောင်တွင်း၊ ပခုက္ကူဘက်မှ ကြက်သွန်နီပိဿာချိန် ၁၆၀၀၀ခန့် နေ့စဉ်အဝင်ရှိနေသည့်အတွက် ကြက်သွန်နီလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ အဝင်များလျက်ရှိနေပါသည်။ အဝင်များသဖြင့် ဈေးနှုန်းမှာ ကျဆင်းလျက်ရှိပြီး ဒီဇင်ဘာလလယ်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် (၄၈၀၀-၅၀၀၀) နှုန်းအထိဈေးနှုန်းမြင့်တက်ခဲ့ရာမှ တဖြည်းဖြည်းကျဆင်းလာပါသည်။ အရောင်းအဝယ်မှာ သာယာဝတီခရိုင်၊ ပန်းတောင်း(ဥသျှစ်ပင်) နှင့် ဧရာဝတီတိုင်း(ကြံခင်း)တို့သို့ နယ်ကျော်စီးဆင်းမှုနှင့် အိတ်ဆွဲဝယ်ရောင်းသမားများ၊ ဒေသတွင်းလက်လီဝယ်လက်များနှင့် အရောင်းအဝယ်ရှိပြီး ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံခန့်အရောင်းအဝယ်ဖြစ်နေပါသည်။ ဈေးနှုန်းမှာ မြို့ပေါ်လက်ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၂၆၀၀/၂၈၀၀-၂၅၀၀/၂၃၀၀-၂၄၀၀) နှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် (၃၂၀၀/၃၀၀၀-၂၉၀၀/၂၈၀၀-၂၇၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါသည်။  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင်ဖြစ်ပေါ် ခဲ့သော ကြက်သွန်နီ လက်လီ/လက်ကားတစ်ပိဿာဈေးနှုန်း ကျပ် (၂၂၀၀-၂၄၀၀) နှုန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အကျဘက်သို့ ဦးတည်သည့်ဈေးနှုန်းမှာ ကျပ် (၃၀၀-၄၀၀) ခန့်ပိုနေသေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း