Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရှိ တရုတ်နံနံပင်ဈေးနှုန်း၊ ဈေးကွက်

            နံနံပင်သည်အရွက်နှင့် အရိုးများကိုပါစားသုံးနိုင်သော ဟင်းရွက်ဖြစ်ပါသည်။ အရွက်များခူးယူပြီး အပင်ကို နှုတ်မပစ်ဘဲဆက်၍ထားပါကမျိုးစေ့ရနိုင်ပါသည်။ အလွန်မအေးသော ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အလွန်အေးသောနေရာများတွင် စိုက်ပျိုးပါကဖြစ်ထွန်းမှု နှေးနိုင်ပါသည်။ မျိုးစေ့များစိုက်သည့်အခါ အပူချိန်(၅၅)ဒီဂရီဖာရင်ဟိုက်ထက် နိမ့်လျှင်အပင်ပေါက်နည်း တတ်ပါသည်။ ပူနွေးသောရာသီကိုကြိုက်သောသီးနှံဖြစ်သည့်အတွက် အပူချိန်သင့်တင့်သောရာသီများတွင် စိုက်ပျိုးနိုင်ပါသည်။ ထို့ကြောင့် ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပြီး ပြည်မြို့ရှိဈေးကွက်သို့  လာရောက်ရောင်းချ ကြကြောင်းသိရပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် အနီးတဝိုက်ရှိ နယ်မြို့များသို့လည်း တင်ပို့‌ရောင်းချကြောင်း သိရပါသည်။ ယခင်က နံနံပင် ၁စည်းလျှင် (၁၀၀)ကျပ် နှုန်းရှိရာ ယခုအခါတွင်၃စည်းလျှင် (၅၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆောင်းရာသီ၏ရာသီစာပဲမြစ်

             ပဲစောင်းလျားပင်မှာ ပူပြီးစွတ်စိုသောနေရာများတွင် အများအပြားပေါက်ရောက်ပါသည်။ နွယ်ပင်အမျိုးအစားဖြစ်ပြီး တို့စရာအဖြစ် စားသောက်ကြသည့် ဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ အမြစ်မှထွက်ရှိလာသော ပဲမြစ်များကို မုန့်ပဲသားရေစာအဖြစ်စားသောက်ကြပါသည်။ ပဲစောင်းလျားပင်အား မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးကြပါသည်။ ပဲမြစ်များစိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ပဲမြစ်စိုက်ပျိုးသည့် တောင်သူအများစုမှာ နှစ်စဉ် ဩဂုတ်လတွင်စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ရောင်းချ ကြောင်းသိရှိရပါသည်။ ယခု အချိန်တွင် ပြည်ဈေးကွက်အတွင်းရောက်ရှိလာသည့် ပဲမြစ်များမှာ ပြည်မြို့နှင့် ဒေသအနီးတဝိုက်ရှိ ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့ရှိ ကျေးလက်ဒေသများ၏ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြံများမှရရှိပါသည်။ ပဲမြစ်၏အရသာမှာ ချိုပြီးစိမ့်၍ လူကြိုက်များသော အစားအစာဖြစ်ပါသည်။ ရာသီပေါ်စာဖြစ်သည့်ပဲမြစ်အား ဈေးကွက်အတွင်း ရောင်းချရာ၌ တစ်ပိဿာ လျှင် ၅၅၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ (၅၀)သားလျှင် (၃၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း ဈေးကွက်အတွင်း တွင်ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ လူကြိုက်များလှသော ဖိုးလမင်း ကော်ဖီမှုန့်

            တောင်ငူမြို့၏ ထုတ်ကုန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော ဖိုးလမင်း ကော်ဖီမှုန့်သည် အနံ့အရသာနှင့် ပြည့်စုံပြီး လူကြိုက်များလှသည့် ကော်ဖီမှုန့်အမျိုးအစားတစ်ခုဖြစ်သည်။ ဖိုးလမင်း ကော်ဖီမှုန့်ကို တောင်ငူမြို့ အမှတ်(၁)၊ ၆ လမ်း၊ ၁၄ရပ်ကွက်တွင်ထုတ်လုပ်ပြီး တောင်ငူမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

            တောင်ငူမြို့တွင် လူကြိုက်များပြီး ဈေးနှုန်းလည်းအသင့်အတင့်ဖြစ်ကာ ရောင်းအားကောင်းသော Brand တစ်ခုလည်း ဖြစ်ပါသည်။ ဖိုးလမင်းကော်ဖီမှုန့်ကို ၁၀၀ ရာခိုင်နှုန်း ကော်ဖီမှုန့်များဖြင့် ထုတ်လုပ်ထားပြီး မည်သည့်အရောအနှောမှ မပါဝင်ကြောင်း သိရပါသည်။

            သကြား၊ နို့ဆီ၊ နွားနို့များဖြင့်ရောစပ်ပြီး သုံးမိနစ် လေးမိနစ်ခန့် နှပ်ထားကာ အသင့်သောက်သုံးနိုင်ကြောင်း၊ အနံ့၊ အရသာထူးခြားကောင်းမွန်ကြောင်း၊ ၂၀၂၄ခုနှစ် ဇွန်လအစောပိုင်း တွင် ရောင်းချသောဈေးနှုန်းမှာ ၁၀ ကျပ်သား တစ်ထုပ်လျှင် ၅၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ တပိုင်တနိုင်ငွေနှင်းမိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရ

             တောင်ငူခရိုင် ဖြူးမြို့တွင် တပိုင်တနိုင်ငွေနှင်းမှို စိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိ လျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များမှာယူပြီး အလျား ၁၀ ပေ၊ အမြင့် (၂)ပေခန့်ရှိသည့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင်ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင် ပြုလုပ်ထားရပါသည်။

            မှိုပျိုးထုပ် စတင်ရောက်ရှိပြီးချိန်မှစ၍ စင်ပေါ်တွင် စနစ်တကျစီထားပြီး  တစ်နေ့(၃)ကြိမ် ရေလောင်းပေးရပါသည်။ လေးငါးရက်ခန့်အကြာတွင် မှိုအိတ်များမှ အဖြူရောင်မှိုပွင့်ကလေးများ တစ်အိတ်လုံးနီးပါး ပွင့်လာသည့်အခါတွင် အိတ်အဝကို ဖွင့်ပေးရပါသည်။ အိတ်ဝဖွင့်ပြီး တစ်ပတ်၊ ၁၀ ရက်ကြာလျှင် မှိုပွင့်များ ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။

            မှို တစ်ကြိမ်စိုက်ပျိုးလျင် လေးငါးကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။ မှိုပျိုးထုပ် ၇၅ ထုပ် စတင်စိုက်ပျိုးရာ မှို ၆ ပိဿာ ၇၅ ကျပ်သားခန့်ထွက်ရှိပါသည်။ မှို ပျိုးထုပ်တစ်ထုပ်လျှင် ၁၂၀၀ ကျပ်ဖြင့်ဝယ်ယူပြီး ထွက်ရှိလာသောမှိုများကို တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ငွေနှင်းမှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် မီးဖိုချောင်စရိတ် တွက်ချေကိုက်သောလုပ်ငန်းဖြစ်သောကြောင့် ရေရှည်စိုက်ပျိုးသင့်သည့် လုပ်ငန်းဖြစ်ကြောင်း တပိုင်တနိုင်စိုက်ပျိုးသူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

Anchorကျောက်ဖရုံသီးစျေးကွက်နှင့် ကျောက်ဖရုံသီးကောင်းကျိုးများ

          ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံတစ်မျိုး ဖြစ်ပါသည်။ အဆုတ်၊ အူမကြီးကို ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပြီးကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ နွေရာသီတွင်စားသုံးပေးလျင် အထူးသင့်လျော်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို အားနည်းတတ်သောသူ၊ ခေါင်းမူးတတ်သောသူ၊ ဖြူဖတ်ဖြူရော်ဖြစ်နေ သောသူ၊ မျက်လုံးအမြင်ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါခံစားနေရသောသူများနှင့် ဆီးရောဂါခံစား နေရသောသူများ အထူးစားသုံးပေးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အတွင်းရှိ အပူများကိုစုတ်ယူပေးသောကြောင့် လူတိုင်းစားသုံးပေးသင့်ပါသည်။ သွေးတိုးနှင့်ကျောက်ကပ် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

             ကျောက်ဖရုံသီးကို မျိုးစေ့ဖြင့် စိုက်ပျိုးကြသည်။ ဒေသမျိုးတွင် အလုံးလတ်(၁-၂)ပေနှင့် အလုံးကြီးနှစ်ပေနှင့် အထက်အရှည်မျိုးဟူ၍ ရှိသည်။ အလုံးလတ်မျိုးကို စီးပွားဖြစ်မြေလွှတ်စိုက်ပျိုးကြသည်။ အလုံးကြီးများကို အချို့ဒေသများတွင်စင်တင်၍ စိုက်ပျိုးကြသည်။  မျိုးအားလုံးသည် အပြင်ခွံတွင်ဖရောင်းပါဝင်မှုများ၍ အဖြူရောင်ပိုတောက်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများနှင့်တဲများအပေါ်တွင်တင်၍ နှစ်ပတ်လည်စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက်စီးပွားဖြစ် မြေလွှတ်၍စိုက်ပျိုးကြသည်။ မိုးတွင်းတွင်စိုက်ပျိုးပြီး (၂)လကြာသောအခါတွင် ခူးစွတ်ကြရသည်။ ၁ချိုးလျှင် အလုံး(၁၂၀) (၂)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ကျောက်ဖရုံသီးသည် ခူးစွတ်ပြီး (၁)လအကြာထိထား၍ရပါသည်။ ကျောက်ဖရုံသီးကို မင်းလှမြို့မစျေးတွင် ၁လုံးလျှင်  ၂၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံသီး‌ ရောင်းချသူတစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်ဝယ်ယူမှုအားကောင်းလာသည့် အသင့်စားငါးနှပ်ခြောက်ကင်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သည် ပင်လယ်နှင့် အနီးစပ်ဆုံးသော မြို့ဖြစ်သကဲ့သို့ ပင်လယ်ရေထွက်ကုန်ပစ္စည်းများ ထွက်ရှိသော မြို့တစ်မြို့လည်းဖြစ်သည်။ရေလုပ်ငန်းများ လုပ်ကိုင်ကြသဖြင့် ဒေသစီးပွားရေးအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြည့်ဆည်းပေးလျက် ရှိသည်။အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိကြသည်။ ပင်လယ်ရေထွက်ကုန်ပစ္စည်းများအနက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသင့်စားငါးနှပ်ခြောက်ကင်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်သူများရှိသလို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသူများလည်း ရှိပါသည်။ ယခုလို ပွင့်လင်းရာသီတွင် ဒေသထွက်ကုန် အသင့်စားငါးနှပ်ခြောက်ကင်လုပ်ငန်းများ ပိုမိုထုတ်လုပ်ရောင်းချနေရကြောင်း သိရသည်။

          ဖျာပုံမြို့တွင် အသင့်စားငါးနှပ်ခြောက်ကင် ထုတ်လုပ်သူများရှိသည့်အနက် “ကောင်းမြတ်” ငါးနှပ်ခြောက်ကင် လုပ်ငန်းသို့ သွားရောက်၍မေးမြန်းရာ လုပ်ငန်းရှင်တစ်ဦးလျှင် ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း(၅၀၀) ခန့် ရင်းနှီးမြှုပ်နှံမှုရှိပြီး လုပ်ငန်းပေါ်မူတည်၍ လုပ်သား (၅)ဦးမှ (၈)ဦးထိ ထားရှိကာ လုပ်သားတစ်ဦး၏ လုပ်ခအနေဖြင့် တစ်လလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းကျပ်ထိ ရှိသည်။ ကုန်ကြမ်းတစ်လဝယ်ယူမှုမှာ ပိဿာ (၁၀၀) မှ (၁၅၀) ထိ ဝယ်ယူရသည်။ ကုန်ကြမ်း တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ရှိပြီး ငါးနှပ်ခြောက်ကို အမြှီး၊ ခေါင်း ဖြတ်၍ (၁၅) မိနစ်ခန့် ရေစိမ်ကာ အညှီနံ့နှင့် အငန်ဓာတ်များ ကင်းစင်သွားအောင် ရေဆေးကြောပေးရသည်။ ထို့နောက် တစ်ရက်ခန့်အကြာ နေလှန်းရသည်။ နေလှန်းပြီးသည့် ငါးများကို ဗိုက်ခွဲ၍ ပြန့်သွားအောင် တူဖြင့် အသာအယာထုပေး ရသည်။ပြန့်သွားသည့် ငါးများကို မီးသွေးမီးဖိုပေါ်ရှိ ဇကာပေါ်တွင် တင်၍ မီးကင်ရသည်။ ငါးနှပ်ခြောက် တစ်ပိဿာ ထုတ်လုပ်ပါက (၆၀) ကျပ်သားခန့်သာ ကျန်ရှိပါသည်။ ၎င်းနောက် ပလပ်စတစ်အိတ်များ၊ ပလပ်စတစ်ဘူးများဖြင့် အလေးချိန်ချိန်တွယ်၍ ပါကင်ထုပ်ပိုးကာ ဈေးကွက်သို့ ဖြန့်ဖြူးရောင်း ချကြပါသည်။ပလပ်စတစ် ငါးကျပ်သား တစ်ထုပ်လျှင် (၁၇၀၀) ကျပ်၊ တစ်ဆယ်ကျပ်သား တစ်ထုပ်လျှင် (၃၅၀၀) ကျပ်၊ နှစ်ဆယ်ကျပ်သား တစ်ထုပ်လျှင် (၇၀၀၀) ကျပ်ရှိပြီး၊ ပလပ်စတစ်ဘူးအနေဖြင့် ငါးကျပ်သား တစ်ဘူးလျှင် (၂၅၀၀) ကျပ်၊ တစ်ဆယ်ကျပ်သား တစ်ဘူးလျှင် (၅၀၀၀) ကျပ်၊ နှစ်ဆယ်ကျပ်သား တစ်ဘူးလျှင် (၁၀၀၀၀) ကျပ် ဈေးနှုန်းအသီးသီး ရှိပါသည်။ ငါးနှပ်ခြောက် ကုန်ကြမ်းကို ဖျာပုံမြို့ ဘုန်းကြီးသောင်၊ ချောင်းဝမှ လည်းကောင်း၊ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံမှလည်းကောင်း ဝယ်ယူရရှိကြောင်း သိရှိရပါသည်။

 

 

          ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်၊မန္တလေး၊ နေပြည်တော်နှင့် ပုသိမ်မြို့များသို့ တင်ပို့ ရောင်းချလျက်ရှိပြီး၊ ဒေသထွက်ကုန် ဖြစ်၍ လက်ဆောင်ပစ္စည်းအဖြစ် မှာယူမှုများစွာရှိကြောင်း သိရ သည်။

DOCA(ဧရာဝတီ)

 

 

         

 

 

 

 

 

 

 

 

 

 

 

ဈေးကွက်ဝယ်ယူမှုအားကောင်းလာသည့် အသင့်စားငါးနှပ်ခြောက်ကင် ဓာတ်ပုံမှတ်တမ်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်မှ တနင်္သာရီတိုင်းဒေသကြီး(မြိတ်မြို့)သို့ ဆန်တင်ပို့မှုအခြေအနေ

            ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့်တင်ပို့လျက်ရှိပါသည်။  ဇန်နဝါရီ လ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ (မြိတ်မြို)သို့ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ  ဧည့်မထဆန်(၂၅၀၀)အိတ်၊  ပေါ်ဆန်းဆန်(၅၀၀)အိတ်၊ စုစုပေါင်း(၃၀၀၀)အိတ် တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ( MRF )၏ ရည်ညွှန်းသတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ ဆန်/ ဆန်ကွဲ စီးဝင်စီးထွက်မှု အခြေအနေ

 

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ မိုးစပါး။ နွေစပါးစိုက်ပျိုးနေပြီး မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ဆန်စက်အလုံးရေ (၁၀၇)လုံး ရှိပြီး စိုက်ပျိုးပြီး ၂၀၂၄-၂၀၂၅ခုနှစ်ထွက် မိုးစပါးများ ရိတ်သိမ်းထွက်ရှိပြီးဖြစ်၍ ဝယ်ယူကြိတ်ခွဲလျက်ရှိသည်။ ဆန်နှင့် ဆန်ကွဲ ကြိတ်ခွဲထွက်ရှိမှုများကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့်  အခြားဒေသများသို့ (စီးထွက်)လျက်ရှိသည်။  ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁လတွင်း ဆန်တန်အားဖြင့် ၁၂၈၇၁.၅၅ တန် စီးထွက်ကြောင်း မြို့နယ်စစ်ဆေးရေး စာရင်းများအရ သိရသည်။

            ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁လအတွင်း မအူပင်  ဆန်တင်ပို့မှု အိတ် ၁၅၆၈၊ ပန်းတနော် ဆန်တင်ပို့မှု ၅၆၉၂၊ ညောင်တုန်းဆန်တင်ပို့မှု ၁၉၄၁၂၀၊ ဓနုဖြူဆန်တင်ပို့မှု ၂၇၈၇၈ အိတ်နှင့် အခြားမြို့နယ်များမှ ဆန်တင်ပို့မှု ၂၉၆၇၆၆ အိတ် စုစုပေါင်း အိတ် ၅၂၆၀၂၄အိတ်နှင့် တန်အားဖြင့် ၂၆၃၀၁ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

            တင်ပို့မှုအနေဖြင့် ရန်ကုန်သို့အဓိကထားတင်ပို့ပြီး  ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အလုံဆိပ်ကမ်း၊ ကြီးမြင်တိုင်ဆိပ်ကမ်း၊ သီလဝါ စက်မှုဇုန်၊ တို့ကိုသာ တင်ပိုကြောင်း သိရသည်။

            ဆန်ကွဲတင်ပို့မှု ဒီဇင်ဘာလ ၁လအတွင်း မအူပင် ၁၂၂၀အိတ်၊ ပန်းတနော် ၂၇၀၂ အိတ်၊ ညောင်တုန်း ၄၃၃၅၂အိတ်။ ဓနုဖြူ ၁၂၃၀၀ အိတ် တင်ပို့ပြီး အခြားမြို့နယ်များမှ ၉၃၈၉၀ အိတ် စုစုပေါင်း ၁၅၃၄၆၄ အိတ်နှင့် ပျမ်းမျှ တန်ချိန်အားဖြင့် ၇၆၇၃တန် တင်ပို့ကြောင်း သိရှိရပါသည်။

  

DOCA(ဧရာဝတီ)

ပြည်သူများထံသို့ ကြက်ဉထုတ်လုပ်သူများမှ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးနေ

             ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဒေသတွင်းမှထွက်ရှိသော ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ရှမ်းရိုးမမွေးမြူရေးဇုန်ရှိ ကြက်မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်ဥအရောင်းဒိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်ပြီး ကြက်ဥထုတ်လုပ်သူများမှ ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် တောင်ကြီးမြို့ပေါ်ရှိ စည်ပင်သာယာမြို့မဈေး၊ အမှတ်(၅)ဈေး၊ စဝ်စံထွန်းဈေး၊ အဝေရာမီးပုံးပျံ ဈေး၊ အေးသာယာမြို့ရှိ အေးသီရိဈေးနှင့် ရွှေညောင်မြို့ရှိ ရွှေညောင်ဈေးတို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့မှ ဇန်နဝါရီလ (၁၅)ရက်နေ့ထိ အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တိုင်း နံနက်(၀၇:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်အထိ (၁)ပတ်လျှင် (၂)ရက်နှုန်းဖြင့် ကြက်ဥတစ်လုံး လျှင်(၃၈၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ဈေးကွက်ဝင်ထောပတ်သီးများထွက်ပေါ်လျက်ရှိ

  •  

          ထောပတ်သီးသည် လူကြိုက်များသော သီးနှံဖြစ်ပြီး စားသောက်ကုန်များထုတ်လုပ်ရာတွင်လည်းကောင်း၊ အလှကုန်/ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရာတွင်လည်းကောင်း အသုံးဝင်သည့် သီးနှံဖြစ်သောကြောင့် ဝယ်လိုအားများပြားလှပေသည်။ ကမ္ဘာ့နိုင်ငံများတွင် ထောပတ်သီးအမျိုးအစားများ စွာစိုက်ပျိုးကြပြီးယင်းတို့အနက် မက်ဆီကန်မျိုး၊ ဂွာတီမာလာမျိုး၊ အနောက်အိန္ဒိယမျိုး၊ ဘေကွန်မျိုး၊ ဖျူတီမျိုးနှင့် မြန်မာနိုင်ငံတွင်လူကြိုက်များလျက်ရှိသော ဟတ်စ်(Hass)မျိုးများသည် စိုက်ပျိုးမှုများသောထောပတ်မျိုးများဖြစ်သည်။

             မြန်မာနိုင်ငံတွင်ထောပတ်သီးကိုမေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလ နှင့်ဒီဇင်ဘာလတို့တွင် အသီးထွက်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်ပေါ်မူတည်၍ အသီးထွက်ရှိချိန်စောခြင်း၊ နောက်ကျခြင်းများကွာခြားနိုင်ပါသည်။ ထောပတ်တစ်ပင်၏သက်တမ်း မှာသက်တမ်း၆၀အထိရှင်သန်နိုင်ပြီး  သေချာစွာဂရုပြုစိုက်ပျိုးပေးလျှင် နှစ်စဉ်အလုံး ၃၀၀၀ မှ ၄၀၀၀ ခန့်အထိသီးနိုင်ပါသည်။

            မြန်မာနိုင်ငံအတွင်းထောပတ်သီးအများဆုံးထွက်ရှိရာဒေသများမှာမန္တလေးတိုင်းပြင်ဦးလွင်မြို့၊ ကယားပြည်နယ်လွိုင်ကော်မြို့၊ ချင်းပြည်နယ်ဖလန်းမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း တို့ဖြစ်ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်မြို့များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များမှထွက်ရှိလျက်ရှိကြောင်း သိရှိရပါသည်။

          ရှမ်းပြည်နယ်မှထွက်ရှိသောထောပတ်များသည် အရသာစေးပိုင် ကောင်းမွန်သောကြောင့် ပြည်နယ်တွင်းသာမကမြန်မာနိုင်ငံအရပ်ရပ်သို့ တင်ပို့ရာဈေးကောင်းရရှိလျက်ရှိပါသည်။ ရောင်းတန်း ဝင်ဒေသထောပတ်သီးတစ်လုံးလျှင် လက္ကာဈေးတစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ ကျပ်အတွင်းလည်းကောင်း၊ လက်လီဈေး ကျပ်၁၀၀၀မှ၁၅၀၀/၂၀၀၀ကျပ်အတွင်းလည်းကောင်း အရွယ်အစားနှင့် အသီးအမျိုးအစားပေါ်မူတည်၍ ဈေးကွက်ပေါက်ဈေးအမျိုးမျိုးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း