Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖြူးမြို့ တပိုင်တနိုင်ငွေနှင်းမိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရ

              တောင်ငူခရိုင် ဖြူးမြို့တွင် တပိုင်တနိုင်ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိ လျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များမှာယူပြီး အလျား ၁၀ ပေ၊ အမြင့် (၂)ပေခန့်ရှိသည့်စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင် ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင် ပြုလုပ်ထားရကြောင်းသိရသည်။

              မှိုပျိုးထုပ် စတင်ရောက်ရှိပြီးချိန်မှစ၍ စင်ပေါ်တွင် စနစ်တကျစီထားပြီး  တစ်နေ့(၃)ကြိမ် ရေလောင်းပေးရပါသည်။ လေးငါးရက်ခန့်အကြာတွင် မှိုအိတ်များမှ အဖြူရောင်မှိုပွင့်ကလေးများ တစ်အိတ်လုံးနီးပါး ပွင့်လာသည့်အခါတွင် အိတ်အဝကိုဖွင့်ပေးရပါသည်။ အိတ်ဝဖွင့်ပြီး တစ်ပတ်၊ ၁၀ ရက်ကြာလျှင် မှိုပွင့်များ ခူးဆွတ်နိုင်ပြီဖြစ်ကြောင်းသိရသည်။

              မှို တစ်ကြိမ်စိုက်ပျိုးလျင် လေးငါးကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။ မှိုပျိုးထုပ် ၇၅ ထုပ် စတင်စိုက်ပျိုးရာ မှို ၆ ပိဿာ ၇၅ ကျပ်သားခန့်ထွက်ရှိပါသည်။ မှို ပျိုးထုပ်တစ်ထုပ်လျှင် ၁၂၀၀ ကျပ်ဖြင့်ဝယ်ယူပြီး ထွက်ရှိလာသောမှိုများကို တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ငွေနှင်းမှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် မီးဖိုချောင်စရိတ် တွက်ချေကိုက်သောလုပ်ငန်းဖြစ်သောကြောင့် ရေရှည်စိုက်ပျိုးသင့်သည့် လုပ်ငန်းဖြစ်ကြောင်း တပိုင်တနိုင်စိုက်ပျိုးသူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမား ကြီးများသည် စိုက်ပျိုးမြေများ ကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

              ယခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်းကြောင့် တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာတချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ စပါးခင်းများပျက်စီးမှုရှိသော်လည်း သီးနှံမှဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် မတ်ပဲကို အားထားစိုက်ပျိုးကြပါသည်။

             မတ်ပဲစိုက်ပျိုးသည့် ကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်တကျစိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးနှင့် သွင်းအားစုများ စနစ်တကျနှင့် အချိုးကျမှန်ကန်စွာ သုံးစွဲနိုင်ရေးများကို ကျေးရွာများတွင် သင်တန်းပေးခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းတာဝန်ခံများမှ ကြီးကြပ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

             မတ်ပဲစိုက်ပျိုးရိတ်သိမ်းပြီး နွေစပါးများပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အထွက်နှုန်းကောင်း၊ သက်တမ်းတို မတ်ပဲမျိုးများကို စိုက်ပျိုးလာကြပါသည်။ မြန်မာနိုင်ငံဆီထွက်သီးနှံနှင့်ပဲမျိုး စုံအသင်းမှ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် တောင်သူများအတွက် မတ်ပဲ ဧက ၁၀၀၊ ပဲတီ စိမ်း ဧက ၃၀၀ တို့ကို မျိုးစေ့များ အခမဲ့လှူဒါန်းထောက်ပံ့ပေးထားပါသည်။

             အထွက်ကောင်း TBL 9 မတ်ပဲ ၉၈၅၀ ဧက၊ ရေဆင်း ၅ မတ်ပဲ ၅၂၅၀ ဧက၊ ရေဆင်း ၇ မတ်ပဲ ၅၆၉၁ ဧက၊ စုစုပေါင်း ၂၀၇၉၁ ဧက စိုက်ပျိုးထားပါသည်။ မတ်ပဲသက်တမ်း ၇၅ ရက်မှ ၉၀ ရက်သာရှိသဖြင့် နွေစပါးများလည်း အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။

            တောင်ငူမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဂီမုန်တိုင်းအရှိန်ကြောင့်ပျက်စီးခဲ့သည့် ဆောင်းသီးနှံပြန်လည်စိုက်ပျိုးနိုင်ရန် ကျေးရွာအုပ်စု (၁၃)ခု၊ ဧကပေါင်း (၁၄၀၀၆)ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ချေးငွေထုတ်ချေးထားပြီးဖြစ်ရာ မတ်ပဲအတွက်လိုအပ်သည့် သွင်းအားစုများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပွင့်အားဆေးများကို ဝယ်ယူစုဆောင်းထားရှိကြကြောင်းသိရသည်။

             ယခင်နှစ်က အထွက်နှုန်း ၁၉.၇၈ တင်းဖြစ်ပါသည်။ မတ်ပဲစိုက်ဧကများအားလုံး အပင်ပေါက် ကောင်းမွန်လျက်ရှိပါသည်။ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိပါက တောင်သူဦးကြီးများ ဝင်ငွေတိုးတော့မည်ဖြစ်ပါသည်။

              ယခင်နှစ်က မတ်ပဲဈေးနှုန်းမှာ ပိဿာ(၃၀)အိတ် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်ဖြစ်ပြီး ယခုနှစ်ပေါက်ဈေးမှာ ၁၇၅၀၀၀ ကျပ် ဖြစ်ပါသည်။ တောင်သူလယ်သမားတစ်ဦးချင်း မတ်ပဲပေါ်ချိနတွင် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိ၍ ဈေးကောင်းရောင်းရပါက ဝင်ငွေတိုးကာ တိုင်းပြည်၏ GDP တိုးတက်လာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်ဖရုံသီးစျေးကွက်နှင့် ကျောက်ဖရုံသီးကောင်းကျိုးများ

           ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ အဆုတ်၊ အူမကြီးကိုကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပြီးကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ နွေရာသီတွင်စားသုံးပေးလျှင် အထူးသင့်လျော်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို အားနည်းတတ်သောသူ၊ ခေါင်းမူးတတ်သောသူ၊ ဖြူဖတ်ဖြူရော်ဖြစ်နေသောသူ၊ မျက်လုံးအမြင်ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါခံစားနေရသောသူများနှင့် ဆီးရောဂါခံစားနေရသောသူများ အထူးစားသုံးပေးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အတွင်းရှိ အပူများကိုစုတ်ယူပေးသောကြောင့် လူတိုင်းစားသုံးပေးသင့်ပါသည်။ သွေးတိုးနှင့်ကျောက်ကပ် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

            ကျောက်ဖရုံသီးကို မျိုးစေ့ဖြင့် စိုက်ပျိုးကြသည်။ ဒေသမျိုးတွင် အလုံးလတ်(၁-၂)ပေနှင့် အလုံးကြီးနှစ်ပေနှင့် အထက်အရှည်မျိုးဟူ၍ရှိသည်။ အလုံးလတ်မျိုးကို စီးပွားဖြစ်မြေလွှတ်စိုက်ပျိုးကြသည်။ အလုံးကြီးများကို အချို့ဒေသများတွင်စင်တင်၍ စိုက်ပျိုးကြသည်။  မျိုးအားလုံးသည် အပြင်ခွံတွင်ဖရောင်းပါဝင်မှုများ၍ အဖြူရောင်ပိုတောက်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများ နှင့်တဲများအပေါ်တွင်တင်၍ နှစ်ပတ်လည်စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ် မြေလွှတ်၍စိုက်ပျိုးကြသည်။ မိုးတွင်းတွင်စိုက်ပျိုးပြီး (၂)လကြာသောအခါတွင် ခူးစွတ်ကြရသည်။ ၁ချိုးလျှင် အလုံး(၁၂၀) (၂)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ကျောက်ဖရုံသီးသည် ခူးစွတ်ပြီး (၁)လအကြာထိထား၍ရပါသည်။ ကျောက်ဖရုံသီးကို မင်းလှမြို့မစျေးတွင် ၁လုံးလျှင်  ၂၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံသီး‌ရောင်းချသူတစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှို စိုက်ပျိုးရောင်းချ

             ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်းတွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျစိုက်ပျိုးခြင်းမရှိသဖြင့် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။

             ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သောအခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား(၉)ပေနှင့် အကျယ်(၃)ပေကို ကျပ်(၄၅၀၀၀)ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင်(၁၀-၁၅)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း ကောက်ရိုးမှိုတစ်ဆယ်ကျပ်သား လျှင်(၁၂၀၀)ကျပ်၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀၀)ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် ဘိလပ်မြေဈေးနှုန်း၊ ဈေးကွက်

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ်ဘိလပ်မြေ‌ (50kg)တစ်အိတ်လျှင် ငွေကျပ်(၂၁၀၀၀)နှင့် “ကြံ့နှစ်ကောင်”အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ (50kg)တစ်အိတ်လျှင် ငွေကျပ်(၂၀၀၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာလဒုတိယပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

              ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်းခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက်ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျင် ပုတ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပေမဲ့ ဈေးနှုန်းအနေဖြင့် သက်သောသောကြောင့် ယခုအခါမှာတော့ ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်း  ယခင်နိုဝင်ဘာလတွင် ခရမ်းချဉ်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၀၀၀/၁၀၀၀၀)ကျပ် ဈေးနှုန်ုးတို့ ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

            ယခု ဒီဇင်ဘာလဒုတိယအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့်  တစ်ပိဿာ လျှင်(၅၅၀၀/၆၅၀၀)ကျပ်ဖြစ်ပြီး (၂၅)ကျပ်သားလျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် ကိုက်လန်ပင်စိုက်ပျိုးဝင်းငွေတိုး

           ကန့်ဘလူခရိုင်သည် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် ကိုက်လန်ပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။

              ကိုက်လန်ပင်စိုက်ပျိုးရန်  မျိုးစေ့ကိုအရင်ပျိုးထားပြီး ပျိုးပင်သက်(၁)လအကြာတွင် စတင်စိုက်ပျိုးနိုင်ပါသည်။ ဧက (၀.၂၅) ကို တစ်ကျင်းလျှင် တစ်ပင်ခန့်၊  အရေအတွက် အားဖြင့် (၅၀၀၀)ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ထွန်ယက်မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေပေးခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သွင်းအားစုထည့်ခြင်းအတွက် စုစုပေါင်းကုန်ကျစရိတ်မှာကျပ်(၂)သိန်းခန့် ကုန်ကျခဲ့ပြီး  ကိုက်လန်ပင်များကို (၅)ရက်လျှင် တစ်ကြိမ်ရေပေးရပါသည်။

              ကိုက်လန်ပင်ကို တန်ဆောင်မုန်းလဆန်းတွင် စတင်စိုက်ပျိုးကာ ယခုနတ်တော်/ ပြာသိုလ၌ စတင်ခူးဆွတ်ရောင်းချရပြီး  ကိုက်လန်ဖူးများကို ခေါင်ညွှန့်စခူးသည့်အချိန်တွင် တစ်ရက်ကို (၅၀)စီးခန့်သာ ဆွတ်ခူးရရှိပြီး နှစ်ပတ်အကြာတွင် နောက်အတက်ပေါက်များ ခူးဆွတ်ချိန်တွင် တစ်ရက်ကို အစီး(၃၀၀/၄၀၀)ခန့် ခူးဆွတ်၍  တစ်စီးကိုပေါ်ဦးပေါ်ဖျားတွင်(၃၅၀/၄၀၀)ကျပ် ဈေးနှုန်းရောင်းရပြီး ယခုဒီဇင်ဘာလ လှိုင်လှိုင်ပေါချိန်တွင် ကိုက်လန်တစ်စည်းကို (၃၀၀)ကျပ် ဈေးနှုန်းဖြင့် နေ့စဉ်ခူးဆွတ်ရောင်းချလျက်ရှိပြီး ခူးဆွတ်ရသည့် အချိန်ကာလ မှာ(၂)လကျော် ကြာမြင့်စွာစွတ်ခူးရောင်းချရသည့် စားဖိုဆောင်သီးနှံဖြစ်သည့်အတွက် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရှိ ပန်းဂေါ်ဖီဈေးနှုန်း အခြေအနေ

           ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်း ချလျက်ရှိကြောင်းသိရပါသည်။ ကန့်ဘလူမြို့ မြို့မဈေးတွင် ပန်းဂေါ်ဖီများကို ယခင်လများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခုဆောင်းပိုင်းကာလဖြစ်သည့်  နိုဝင်ဘာလကုန် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး/အ‌သေး ဗြွန်ဈေး(၁၃၀၀)ကျပ်ဖြင့် ဝယ်ယူကာ စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချရာတွင် ပန်းဂေါ်ဖီ(အကြီး) တစ်ပွင့်လျှင်(၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ (အလတ်)တစ်ပွင့် လျှင်(၁၈၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(အသေး) တစ်ပွင့်လျှင်(၁၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး  ဒီဇင်ဘာလ(ပထမပတ်) တွင် ပန်းဂေါ်ဖီအပွင့် အကြီး/ အသေးပေါ်မူ တည်၍ တစ်ထုတ်လျှင် (၃၀၀၀/၂၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ရှိပြီး  ယခင်ဒီဇင်ဘာလ ပထမအပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန် စီးထွက်မှုအခြေအနေ

            ဒီဇင်ဘာလ (ပထမ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၆၀၂၀၁ ၊ မန္တလေး သို့ အိတ်ရေ ၈၀၂၃၃၊ နေပြည်တော်သို့ အိတ်ရေ ၅၁၅၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၄၄၃၃၊ ကျောက်ပတောင်းသို့ အိတ်ရေ ၁၈၅၊ မိတ္ထီလာသို့ အိတ်ရေ ၉၅၀၀၊ တောင်ငူသို့ အိတ်ရေ ၈၃၅၊ ပဲခူးသို့အိတ်ရေ ၄၀၄၅၊ မကွေး အိတ်ရေ ၁၆၆၅၊  ဘားအံသို့ အိတ်ရေ ၁၁၀၇၀၊ ကချင် သို့ အိတ်‌ရေ ၃၂၆၀၊ မွန် သို့ အိတ်‌ရေ ၈၈၀၀၊ ပြည်သို့ အိတ်ရေ ၂၃၀၊ မူဆယ်သို့ အိတ်ရေ ၇၅၅ ၊ ကရင်သို့ အိတ်ရေ ၃၇၅၊  စုစုပေါင်း အိတ်ရေ (၁၉၆၁၀၂)  အိတ်၊ တန်အား ဖြင့် (၉၈၀၅) စီးထွက်ခဲ့ပြီး ယခုဒီဇင်ဘာလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၆၅၇၊ မန္တလေး သို့ အိတ်ရေ ၇၆၇၉၇၊ နေပြည်တော်သို့ အိတ်ရေ ၈၅၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၂၇၂၅၊ ကျောက်ပတောင်းသို့ အိတ်ရေ ၆၃၂၀၊ မိတ္ထီလာသို့ အိတ်ရေ ၁၀၄၁၅၊ တောင်ငူသို့ အိတ်ရေ ၈၆၀၊ ပဲခူးသို့အိတ်ရေ ၁၆၃၅၊ မကွေး အိတ်ရေ ၁၂၉၀၊  ဘားအံသို့ အိတ်ရေ ၈၂၄၀၊ ကချင် သို့ အိတ်‌ရေ ၉၂၉၀၊ မွန် သို့ အိတ်‌ရေ ၅၄၅၄၊ ပြည်သို့ အိတ်ရေ ၂၆၀၊ ဧရာဝတီသို့ အိတ်ရေ ၁၇၀၊  စုစုပေါင်း အိတ်ရေ (၁၇၉၉၆၃)  အိတ်၊ တန်အား ဖြင့် (၈၉၉၈) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၆၁၃၉) အိတ်၊ တန်အားဖြင့် (၈၀၇)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

     

စစ်ကိုင်းတိုင်းဒေသကြီး၏ မြေပဲသီးနှံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ

              စစ်ကိုင်းတိုင်းဒေသကြီးသည် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း အစရှိသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိရာဒေသတစ်ခုဖြစ်ရာ ဆီထွက်သီးနှံဖြစ်သည့် မြေပဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ တန့်ဆည်၊ ကနီ မင်းကင်း အစရှိသည့် ဒေသများတွင် အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြေပဲသီးနှံနှင့် စပ်လျဉ်း၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေ၊ ဈေးကွက်ဈေးနှုန်းအခြေအနေ၊ မြေပဲဆီ ထုတ်လုပ်နိုင်မှု အခြေအနေ၊ မြေပဲတစ်ပိဿာ လျှင်ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေတို့မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေပဲ စိုက်ဧက (၉၄၄၄၅၄)  ဧကခန့်ရှိပြီး၊ မြေပဲဆီ (တစ်ပိဿာ) ဈေးနှုန်းမှာ (၁၅၅၀၀) ကျပ်၊ မြေပဲဖတ် တစ်ပိဿာဈေးနှုန်ူးမှာ (၆၀၅၀) ကျပ်၊  မြေပဲဆီထုတ်လုပ်နိုင်မှုအခြေအနေမှာ မြေပဲဆံတစ်ပိဿာကြိတ်ခွဲလျှင်  ဆီ (၄၀) ကျပ်သားခန့်ထွက်ရှိပြီး၊ မြေပဲဖတ်အနေဖြင့် (၅၀) ကျပ်သားခန့် ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ (၈၂၃၅၀၀) ကျပ်ခန့် ကုန်ကျပြီး၊ တစ်ဧက အထွက်တင်းမှာ (၅၅) တင်းခန့် ထွက်ရှိကြောင်း၊ တစ်တင်းကုန်ကျစရိတ် မှာ (၁၄၉၇၃) ကျပ်ခန့်၊ မြေပဲလုံးဆံ တစ်ပိဿာ ရောင်းဈေးမှာ (၉၀၀၀) ကျပ်နှင့် အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၉၃၆၅၀၀) ကျပ်ခန့် ရရှိပြီး မုံရွာဒေသမှ ထွက်ရှိသော မြေပဲသီးနှံများမှ အချို့ကိုမန္တလေးကုန်စည်ဒိုင်သို့  တင်ပို့ပြီး၊ ကနီ၊ မင်းကင်း ဒေသမှ ထွက်ရှိ သောမြေပဲသီးနှံများအား မုံရွာကုန်စည်ဒိုင်သို့ တင်ပို့လျက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း