Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသ၏ နှမ်းမျိုးစုံဈေးနှုန်းဈေးကွက်

    ပြည်နှမ်းဈေးကွက်၌ နှမ်းဈေးများမှာ ယခင်အပတ်ကထက်စာလျှင် အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့ပါသည်။ ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ ၆၆၃၇၁ဧက၊ ရိတ်ဧကမှာ ၆၆၃၇၁ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ၁၄.၉၅တင်းထွက်ရှိ၍ စုစုပေါင်းမိုးနှမ်းအထွက်တင်းမှာ ၉၉၁၉၃၄တင်းထွက်ရှိပါသည်။ ဆောင်းနှမ်းစိုက်ဧကမှာ ယခုအချိန်အထိ ၄၃၇၃ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုး ထားချိန်ဖြစ်၍ ခရိုင်းအတွင်းမြို့နယ်များမှထွက်ရှိသော နှမ်းများမှာ ကုန်သလောက်နည်းပါးသွားပြီး အခြားမြို့နယ်များမှဝင်ရောက်လာသော နှမ်းများဖြင့်သာ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ရောက်ရှိလာသော နှမ်းနီကို မြို့တွင်းဆီစက်သမားများက ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၅၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထို့အတူ နှမ်းနက်နှင့် စမုံနက်နှမ်းကို မန္တလေးဝယ်လက်နှင့် အောင်လံဝယ်လက်များက ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခုနိုဝင်ဘာလ တတိယပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၈၅၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

‌သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

      သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် စပါးဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်နှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၂၃၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၄၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခုနိုဝင်ဘာ၏ နောက်ဆုံးပတ်တွင် မော်လမြိုင်ခရိုင်သို့ (၂၁၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၉၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်း၍စီးထွက်ခဲ့သည်။

      သထုံခရိုင်အတွင်းသို့ နိုဝင်ဘာလ ဒုတိယပတ်တွင် ဆန်စီးထွက်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၆၀၀) အိတ်ခန့်ဖြင့် စုစုပေါင်း (၃၀၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်ဖြင့် စုစုပေါင်း (၂၅၀၀) အိတ်ခန့်၊း တန်ချိန်အားဖြင့် (၁၂၀)တန်ခန့်စီးဝင်ခဲ့သည်။

     သထုံခရိုင်အတွင်း၌ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စပါးဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ်(၃၀၀၀၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၂၈၀၀၀၀၀)ကျပ်နှင့် ကမာကြည်(၂၅၀၀၀၀၀)ကျပ်ခန့်နှင့် (၂၄)ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ်(၁၃၅၀၀၀)အိတ်အခန့်၊ ပေါ်ဆန်းဝါ (၁၃၀၀၀၀)အိတ်နှင့် ကမာကြည်(၁၁၀၀၀၀)အိတ်ခန့်၊ ဧည့်မထ(၆၅၀၀၀)အိတ်ခန့်ရှိပြီး ယခုအပတ်တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက အနည်းငယ်အတက်ဘက်သို့ ဦးတည်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်၏ ဈေးကွက်ဝင် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အသင်းဖွဲ့စည်းထားရှိမှု”

     မွန်ပြည်နယ်သည် နှစ်စဉ် ပျှမ်းမျှမိုးရေချိန် (၂၁၀)လက်မခန့်ရရှိကာ စိမ်းစိုသောတောင်ကုန်းတောင်တန်းများလည်း ပြည်နယ်အဝှမ်းတွင်တည်ရှိပါသည်။ မြေဩဇာကောင်းမွန်သည့် ကမ်းရိုးတန်းလွင်ပြင်နှင့် မြေပြန့်လွင်ပြင်များလည်းရှိသဖြင့် နှစ်တို၊ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းရန်အတွက် ရေခံ၊ မြေခံကောင်းများနှင့်ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်အတွင်းရှိ နှစ်ရှည်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများအဖို့ ကွမ်းသီးကို ကျယ်ကျယ်ပြန့်ပြန့်ရွေးချယ်စိုက်ပျိုးကြသည့်အလျောက် ကွမ်းသီးကဏ္ဍမှရရှိသော အကျိုးအမြတ်သည် ပြည်နယ်၏ စီးပွားရေးကဏ္ဍအတွက်လည်း ပမာဏတစ်ခုအထိ ကျောထောက်နှောက်ခံပြုပေးနေသည့် အခြေအနေတစ်ရပ်ဖြစ်သည်။

     အင်း၀ခေတ်စာဆိုဦးမင်းလူ၏ “တံတားဦးက ကွမ်းနုဝါ၊ ငမြဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ အသားဝါလို့ထွေး” ဟူ၍ စာဖွဲ့တင်စားရလောက်သည့်အထိ ရှေးကတည်းကပင် ကွမ်းစားခြင်းဓလေ့သည် မြန်မာလူမှုအသိုက်အဝန်းတွင် ဓလေ့တစ်ခုအဖြစ်တည်ရှိခဲ့သည်။ မွန်ပြည်နယ်တွင် မိရိုးဖလာမှသည် ယနေ့ထိတိုင် ကွမ်းသီးကို အစဉ်အဆက်စိုက်ပျိုးခဲ့သည့် နှစ်ရှည်သီးနှံတစ်ခုအဖြစ်တည်ရှိနေသည်။ ကွမ်းစားခြင်းဓလေ့နှင့်ယှဉ်၍ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် အခန်းကဏ္ဍသည်လည်း အလွန်ပင်အရေးပါလှပေသည်။

မွန်ပြည်နယ်အတွင်း ကွမ်းသီးနှစ်အလိုက် စိုက်ပျိုးထုတ်လုပ်မှု၊ စိုက်ဧက၊ ထွက်နှုန်း၊ ထွက်ရှိမှု

 

စဉ်

ခုနှစ်

စိုက်(ဧက)

အသီးခူး

(ဧက)

အထွက်နှုန်း

(ပိဿာ)

အထွက်

(ပိဿာ)

အထွက်

(တန်)

၂၀၁၈-၂၀၁၉

၅၆၂၆၁

၅၀၀၁၄

၁၀၈၈.၈၅

၅၄၄၅၇၅၁၃

၈၈၉၂၆

၂၀၁၉-၂၀၂၀

၅၆၂၆၁

၄၉၈၂၉

၁၀၇၈.၇၂

၅၃၅၇၁၇၀၈

၈၇၇၇၄

၂၀၂၀-၂၀၂၁

၅၆၂၆၁

၅၂၅၉၂

၁၀၁၆.၉၁

၅၃၄၈၁၅၉၃

၈၇၃၃၃

၂၀၂၁-၂၀၂၂

၅၆၂၆၁

၅၁၄၂၅

၁၀၅၅.၁၄

၅၄၂၆၀၇၀၉

၈၈၆၀၅

၂၀၂၂-၂၀၂၃

၅၆၅၀၈

၅၃၈၉၂

၁၀၃၉.၀၂

၅၅၉၉၄၆၁၁

၉၁၄၃၆

 

   (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်ထိ (၅၆၂၆၁)ဧကရှိပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင်  (၅၆၅၀၈) ဧကရှိသဖြင့် (၂၄၇)ဧကတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။

ဈေးနှုန်းဈေးကွက်အခြေအနေ

   ဈေးနှုန်းအနေဖြင့် ဒေသအလိုက်ကွဲပြားမှုရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် မော်လမြိုင်ပါးပုတ်သီး (အရိုင်း) တစ်ပိဿာလျှင် (၃၆၀၀)ကျပ်၊ မော်လမြိုင်အညိုသီး(အသန့်)တစ်ပိဿာလျှင် (၃၈၀၀)ကျပ်၊ မော်လမြိုင်အညိုသီး(ပြွမ်း) တစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ ရေးပေါင်းခြမ်း(99%အခြောက်) တစ်ပိဿာလျှင် (၅၄၀၀) ကျပ်၊ ရေးအံစာအသန့် (ခြောက်)တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကွမ်းသီးအခြမ်းအဝိုင်း(သန့်)တစ်ပိဿာလျှင် (၆၄၀၀-၇၅၀၀)ကျပ် ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ယခင်နှစ် နိုဝင်ဘာလဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ဈေးနှုန်းကျလာသည်ကိုတွေ့ရှိရပါသည်။ ပုံမှန်အားဖြင့် အိန္ဒိယဈေးကွက်တစ်ခုတည်းကိုသာမှီခိုနေရသောကြောင့် ဈေးကွက်ရွေးချယ်ဝယ်ယူနိုင်မှုနည်းပါးခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းမြင့်မားလာခြင်းနှင့် ပြည်ပတင်ပို့ရာတွင် အခွန်အခမြင့်မားလာခြင်းကြောင့် ယခုနှစ်တွင် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း ကွမ်းသီးလုပ်ငန်းရှင်ထံများမှသိရသည်။ မွန်ပြည်နယ်မှ ကွမ်းသီးလုပ်ငန်းရှင်များအနေဖြင့် ကွမ်းသီးကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းမရှိဘဲ ရန်ကုန်နှင့်မန္တလေးမြို့များမှ ကုန်သည်များကိုယ်တိုင်လာရောက်ဝယ်ယူခြင်း၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်ကလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခြင်း၊ ဒေသတွင်းဖြန့်ဖြူးရောင်းချခြင်းဖြင့် ပြည်တွင်းဈေးကွက်ကို အဓိကထားဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရသည်။

(၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် ကွမ်းသီးထွက်ရှိ၊ စားသုံး၊ တင်ပို့၊ သိုလှောင်မှု (ခန့်မှန်း)

စဉ်

အကြောင်းအရာ

ရေတွက်ပုံ(တန်)

ကွမ်းသီးထွက်ရှိမှု

၉၁၄၃၇

စားသုံးမှု

၁၂၀၀

တင်ပို့မှု

၅၅၆၃၇

သိုလှောင်မှု

၃၄၆၀၀

 

    ပုံမှန်အားဖြင့် ကွမ်းသီးကို ရာသီတစ်နှစ်တွင် (၂)ကြိမ်ဆွတ်ခူးနိုင်ပြီး နေရာဒေသမရွေးစိုက်ပျိုးနိုင်သေ ာသီးနှံဖြစ်သည့်အတွက် တစ်ကြိမ်ရင်းနှီးစိုက်ပျိုးခြင်းဖြင့် နှစ်(၃၀)ကျော်အထိ ဝင်ငွေရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ကွမ်းသီးပင်ကို ကြားသီးနှံနှင့်ရောနှောစိုက်ခြင်းဖြင့် ဝင်ငွေ ၂ဆတိုးစေသည့် ရာသီပေါ်နှစ်ရှည်သီးနှံဖြစ်သည့်အတွက် တောင်သူများအနေဖြင့် တွက်ခြေကိုက်သော နှစ်ရှည်သီးနှံပင်ဖြစ်သောကြောင့် ကွမ်းသီးပင်ကို စိုက်ပျိုးသင့်ပါသည်။

    မွန်ပြည်နယ်တွင် ရှေးယခင်ကတည်းကပင် ကွမ်းသီးကို မိရိုးဖလာနှစ်ရှည်ဥယျာဉ်ခြံစိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့ကြသော်လည်း တောင်သူများ၊ ကွမ်းသီး ကုန်သည်များနှင့်ဆက်စပ်ပတ်သက်ရာလုပ်ငန်းရှင်များနှင့်စုဝေး၍ “ကွမ်းသီး” နှင့်ပတ်သက်သည့် အစုအဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်နိုင်ခဲ့သည့်အနေအထားမရှိခဲ့သေးပေ။ ကွမ်းသီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချမှုနှင့်ပတ်သက်၍ ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်ရေး၊ ဈေးကွက် စသည့်အရပ်ရပ်သော အခြေ အနေတို့တွင် တောင်သူများ၊ လုပ်ငန်းရှင်များကြုံတွေ့နေရသည့်အခက်အခဲများကို ဝိုင်ဝန်းဆွေးနွေးအဖြေရှာ၍ စုပေါင်းဆောင်ရွက်နိုင်မည့် နေရာတစ်ခုကား လိုအပ်ချက်အဖြစ် ကာလရှည်ကြာတည်ရှိနေခဲ့သည်။ ထို့ကြောင့် ပြောင်းလဲလာသည့် ကွမ်းသီးစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့်ပတ်သက်သည့် ဈေးကွက်နှင့် နည်းပညာအခန်းကဏ္ဍများကိုလည်း လျစ်လျူရှုထား၍မရဘဲ ကွမ်းသီးတောင်သူများအနေဖြင့် မပြတ်သတိချနေရမည်ဖြစ်သည်။ ပြည်နယ်အတွင်းရှိ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူများအနေဖြင့် မိမိတို့တစ်သီးပုဂ္ဂလလုပ်ငန်းများအနေဖြင့်သာ နှစ်လရှည်ကြာစွ ာသီးခြားလည်ပတ်လုပ်ကိုင်လာခဲ့ကြကာ လုပ်ငန်းရှင်များအစုအဖွဲ့ ဖွဲ့၍ အသင်းအဖွဲ့အနေဖြင့် စုပေါင်းလုပ်ကိုင်ခြင်းမရှိသည့်အတွက် အစုအဖွဲ့ပုံသဏ္ဌာန်ဖြင့်ကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့ပေသည်။ ထိုအခြေအနေကြောင့် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာတွင် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲကြုံတွေ့ရပါက တစ်ဦးချင်းစီကိုယ်တိုင်သာ တာဝန်ယူဖြေရှင်းရသည့်အခြေအနေကိုရင်ဆိုင်ခဲ့ရပါသည်။ ထိုသို့လိုအပ်နေသည့် အခြေအနေကိုဖြည့်ဆည်းနိုင်ရန်အတွက် ကွမ်းသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့်  လုပ်ငန်းရှင်များက မွန်ပြည်နယ်၏ ကွမ်းသီးကဏ္ဍနှင့်ပတ်သက်သည့် အသင်းအဖွဲ့တစ်ခုဖွဲ့စည်းနိုင်ရန်အတွက် စတင်ကြိုးပမ်းခဲ့ကြသည်။

အသင်းအဖွဲ့ ဖွဲ့စည်းထားရှိမှု

    ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့တွင် “မွန်ပြည်နယ်ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း” အမည်ဖြင့် ကွမ်းသီးအသင်းအဖွဲ့ကို အသင်းသား (၃၇)ဦးဖြင့် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည်။ အကျိုးရလဒ်အနေဖြင့် ပြည်နယ်၏စီးပွားရေးကဏ္ဍ၌ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုအခန်းကဏ္ဍသည်လည်း အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်သည့်အားလျော်စွာ ကွမ်းသီးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကွမ်းသီးထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များအကြား ပိုမိုအားကောင်းသည့် ချိတ်ဆက်မှုမှတစ်ဆင့် ကျယ်ပြန့်သည့်ဈေးကွက်ထိုးဖောက်နိုင်မှုကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်ဒေသထွက် စိမ်းစားငါးပိ၊ ငါးပိရည်ကျို ဈေးကွက်နှင့်ဈေးနှုန်း

     မြန်မာနိုင်ငံ၏ပင်လယ်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် စိမ်းစားငါးပိနှင့် ငါးပိရည်ကျိုကို ထုတ်လုပ်စားသုံးကြသည်။ ၎င်းကမ်းရိုးတန်းပြည်နယ်များမှ မွန်ပြည်နယ်တွင်လည်း ဒေသထွက်ကုန်အမယ်အဖြစ် ငါးပိ၊  ငါးခြောက်၊ ငါးပိရည်ကျိုထွက်ရှိမှုနှင့် ရောင်းချမှုများမှာ ကောင်းမွန်လျက်ရှိသည်။  မွန်ပြည်နယ်အတွင်းရှိ  စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုကို ဈေးကွက်၊ ဈေးနှုန်းများရရှိထား၍ ယခင်နှစ်ထက် စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုတို့မှာ ဈေးကွက်တွင်ကျယ်စွာရရှိမှုနှင့် ဈေးနှုန်းပိုမိုရရှိခြင်း  ဒေသစားသောက်ဖွယ်အမယ်များအဖြစ်တွေ့ရှိရသည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုထွက်ရှိရာဒေသ

    မွန်ပြည်နယ်တွင် ရေးမြို့နယ်၊  သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ဒမင်းဆိပ်ကျေးရွာ၊ ကျိုက်ခမီမြို့နယ်များမှ ကျုံကဒတ်ကျေးရွာ၊ ကရင်တောင်ကျေးရွာ၊ ချောင်းဆုံမြို့နယ်၊ ဆယ်ဗလာကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်၊ ဇုတ်ကလိကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ တံငါရွာကျေးရွာ၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ကော့စိန်ကျေးရွာတို့မှ  စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုထွက်ရှိသည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုဈေးနှုန်း

     မွန်ပြည်နယ်ရှိ မြို့နယ်အတွင်းတို့မှထွက်ရှိသော စိမ်းစားငါးပိဈေးနှုန်းအခြေအနေများမှာ ငါးပိအမျိုးအစားခွဲခြားထားသောကြောင့် ဈေးနှုန်းလည်းကွာခြားမှုရှိပါသည်။ ကြိုက်နှစ်သက်သောဈေးနှုန်းဖြင့် စားသုံးသူများက ဝယ်ယူစားသောက်ကြသည်။ စိမ်းစားငါးပိတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၉၀၀၀-၉၅၀၀-၁၀၀၀၀-၁၁၀၀၀)အတွင်း ဈေးနှုန်းများရှိသည်။ ငါးပိရည်ကျိုဈေးနှုန်းများမှာ ငါးရံ့ငါးပိရည်ကျိုတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးပြေမငါးပိရည်ကျိုတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးဇဉ်ရိုင်းငါးပိရည်ကျိုတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးစုံအရော ငါးပိရည်ကျိုတစ်ပိဿာလျှင် ၅၀၀၀ကျပ်တို့ဖြစ်သည်။  စိမ်းစားငါးပိနှင့်ငါးပိရည်ကျိုဈေးနှုန်းသည် ယခင်နှစ်ထက် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အတွင်း ဈေးနှုန်းမြှင့်တက်လာခဲ့သည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုဈေးကွက်

    မွန်ပြည်နယ်မြို့နယ်များမှ ထွက်ရှိသော စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့် ငါးပိရည်ကျို ဒေသအစားအစာကို မွန်ပြည်နယ်၊ မြို့နယ်(၁၀)မြို့နယ်အတွင်းရှိ မော်လမြိုင်မြို့၊ ကျိုက်မရောမြို့၊  ကျိုက်ခမီမြို့၊ သံဖြူဇရပ်မြို့၊ ချောင်းဆုံမြို့၊ မုဒုံမြို့၊ ဘီးလင်းမြို့၊ သထုံမြို့၊ ပေါင်မြို့၊ ကျိုက်ထိုမြို့နယ်များသို့ ဖြန့်ဝေလျက်ရှိသည်။ ဒေသတွင်းအပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင်လည်း ကုန်သွယ်ဖြန့်ဖြူးလျက်ရှိသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုကို လူကြိုက်များသော ဒေသအစားအစာအဖြစ် ကြိုက်နှစ်သက်စွာစားသုံးကြသည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုထုတ်လုပ်သူများ အကျိုးအမြတ်ရရှိမှု

    စားသုံးမှုနှင့်ဈေးကွက်ဈေးနှုန်းရရှိနေသော မွန်ဒေသထွက် စိမ်းစားငါးပိ၊ ငါးပိရည်ကျိုပြုလုပ်သူများသည် ကုန်ကြမ်းထွက်ရှိသော ဒေသခံများဖြစ်ကြသည်။၎င်းဒေသမှရရှိသည့် ကုန်ကြမ်းတို့ကို လုပ်နည်းအတိုင်း အဆင့်ဆင့်ပြုလုပ်ကြသည်။ ထို့မှတစ်ဆင့် စားသုံးသူများအတွက် အသင့်စားနိုင်သည့် စိမ်းစားငါးပိ၊ ငါးပိရည်ကျိုတို့ကို ကုန်ချောဖြစ်သည်အထိပြုလုပ်ကြသည်။  ဈေးကွက်၌ရောင်းချတော့မည့် စိမ်းစားငါးပိ၊ ငါးပိရည်ကျို စသည့်ကုန်ချောကုန်စည်ကို ဘူးဖြင့်ထည့်သွင်း၍လည်းကောင်း၊ အိတ်ဖြင့်ထုပ်ပိုး၍လည်းကောင်း၊ လက်လီ/ လက်လားဖြန့်ချိရေးဖြင့် အမြို့မြို့အနယ်နယ်သို့  ကုန်စည်စီးဆင်းလျက်ရှိသည်။

    အကျိုးအမြတ်အနေဖြင့် မိသားစုတနိုင်တပိုင်ပြုလုပ်သူများ ဝင်ငွေတိုးပွားလာခြင်း၊ လုပ်သားများငှားရမ်းလုပ်ဆောင်သောလုပ်ငန်းများအနေဖြင့် ဒေသတွင်းပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ အလုပ်လုပ်ရခြင်းကြောင့် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်ရှင်နှင့်အလုပ်သမားအတွက် အကျိုးအမြတ်ရရှိခြင်း၊ ကုန်ကြမ်းကို မိမိပြည်တွင်း၌သာရရှိ၍ ကုန်ကြမ်းရှားပါးမှုကို စိုးရိမ်မှုမရှိခြင်းတို့မှာ မွန်ဒေသ၏စီးပွားရေးအားသာချက်တစ်ခုဖြစ်သည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုစားသုံးမှုများ

  စားသုံးသူများက စိမ်းစားငါးပိကို ဟင်းချက်ပြုတ်ရာတွင်လည်းကောင်း၊ ငါးပိကြော်ပြုလုပ်၍လည်းကောင်း၊ ငါးပိမီးဖုတ်၍ ကြက်သွန်နီဖြင့် သုပ်စား၍လည်းကောင်း၊  မြန်မာလူမျိုးတို့သည် ငါးပိကို ကြိုက်နှစ်သက်သောပုံစံအမျိုးမျိုးများဖြင့် ပြုလုပ်စားသုံးကြသည်။ မြန်မာလူမျိုးတို့၏ ရာသီချိန်အလှူပွဲများ၊ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်၊  ကထိန်အလှူ မင်္ဂလာပွဲ စသည်တို့၌ ထမင်းကျွေးမွေးရာတွင် ငါးပိရည်ကျိုကို (ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်) ထည့်၍ အနံ့မွှေးမွှေးငါးပိရည်ကျိုနှင့် တို့စရာတို့ဖြင့်လည်းကောင်း၊ မိသားစုထမင်းဝိုင်းတွင်လည်းကောင်း၊ ငါးပိရည်ကျိုကို မပါမဖြစ် ကြိုက်နှစ်သက်စွာချက်ပြုတ်စားသုံးကြသည်။ ထမင်းဝိုင်းအလယ်ဆုံအဖြစ် ငါးပိရည်ကျိုနှင့်တို့စရာအစုံ (ခရမ်းသီးပြုတ်၊ ဘူးသီးအသေးပြုတ်၊ ရုံးပတီသီးပြုတ်၊ ပေါက်ပန်းရွက်ပြုတ်၊ ခရမ်းကစော့သီး၊ ခံတက်ချဉ်၊ ချဉ်ဖတ်စုံ၊ တမာရွက်ချဉ်၊ မြင်းခွာရွက်၊ သခွားသီး)တို့မှာ ဒေသစာတစ်ခုဖြစ်သည့်အပြင်း ကျန်းမာရေးအရ ငါးမှရရှိသည့် အာဟာရဓာတ်ကြွယ်ဝစွာရရှိသော  မွန်ဒေသထွက် ငါးပိနှင့်ငါးပိရည်ကျိုအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။  

DOCA(မွန်)

အဝင်နည်းသည့်အပြင် ဈေးအနည်းငယ်အေးသည့် ရွှေဘိုမြေပဲလုံးဆံဈေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ လကုန်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(နီ၊ဖြူ)များမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ လကုန်အပတ်တွင် မြေပဲလုံးဆံဖြူတစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံး ဆံ(ဖြူ) တစ်တင်းလျှင် (၈၉၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၆၀၀)တင်း/ (၁၄)တန်ဖြစ်ကြောင်း၊   ယခင်နိုဝင်ဘာလ စတုတ္ထပတ်နှင့် ယခုလကုန်အပတ်၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၉၁၂၀ဝိ/)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၁၆၀ဝိ/-)ကျပ်ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၁၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ (ဖြူ) တစ်တင်းလျှင် (၈၀၀ဝိ/-)ကျပ်ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ယခင်အပတ်ထက် ဈေးအနည်းငယ်လျော့နည်းပြီး အဝင်များလာသည့် ရွှေဘိုနှမ်းဈေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ  နှမ်းဖြူနှင့်နှမ်းနက်များမှာ နိုဝင်ဘာလ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ လကုန်ပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀)တင်း/ (၇၃)တန် ဖြစ်ကြောင်း၊  နှမ်းနက်တစ်တင်းလျှင် (၁၀၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး နိုဝင်ဘာလ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀)တင်း/(၇၃)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၁၃၃၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၁၀၈၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင်(၆၆၀ဝိ/-)ကျပ်ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် နှမ်း (နက်) တစ်မျိုးတည်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၇၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်း(နက်)တစ်တင်းလျှင် (၂၈၀၀ဝိ/-)ကျပ်ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်၏ (၁၁/၂၀၂၃)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသောစစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

   ရွှေဘိုခရိုင်အနေဖြင့် (၁၁/၂၀၂၃)လအတွင်း ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်(၂)ဆိုင်နှင့် ဆီရောင်းဝယ်ရေးဆိုင်(၁)ဆိုင်အားလည်းကောင်း၊  အမှတ်(၄)ရပ်ကွက်ရှိ  သောက်ရေသန့်အရောင်းဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၆၁၀၀ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် ၆၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၂၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ် ထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP)  တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

     စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊  စားအုန်းဆီတစ်ပိဿာလျှင် ၅၁၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ထောပတ်သီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရွှေလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဩဇာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ ဆီးပန်းသီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ ယိုးဒယားသရက်သီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ သခွားမွှေးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရမည်းသင်းမြို့မှထွက်ရှိသည့် စပျစ်သီး အချွန်းသီး(အစေ့လွတ်) တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ စပျစ်သီး အဝိုင်းသီးတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ သလဲသီးတစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ပင်မှည့်သီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ကဗ္ဗလာသီးတစ်လုံးလျှင်(၂၅၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ မာလကာသီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်းရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                  

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပဉ္စမပတ်)အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၄၅,၀၀၀ကျပ်၊ ဧည့်မထ ဆန် (တစ်အိတ်)လျှင် ၁၀၅,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၂၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် (၆၀၀မှ ၇၀၀) ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် (၁၃၀၀၀မှ ၁၄၀၀၀) ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် (၃၀၀၀မှ ၃၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် (၁၂၀၀၀မှ ၁၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် (၁၄၀၀၀မှ ၁၅၀၀၀) ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် (၃၂၀၀မှ ၃၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် (၃၂၀၀မှ ၃၅၀၀) ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် (၉၂၀၀မှ ၉၅၀၀) ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် (၁၀၀၀၀မှ ၁၁၀၀၀) ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် (၁၈၀၀၀မှ ၁၉၀၀၀) ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် (၁၃၀၀၀မှ ၁၄၀၀၀) ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် (၂၀၀၀၀မှ ၂၂၀၀၀)ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် (၁၁၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ် စသည်ဖြင့်  ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။

    ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များဖြစ်သည့် ဧရာမင်းဆန် (တစ်အိတ်) ဈေးနှုန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ အာလူးဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်နေပြီး  ကြက်သွန်ဖြူ (ရှမ်းစ)၊ နနွင်း၊ ငရုတ်ခြောက်ဈေးနှုန်းများမှာ အနည်းငယ်လျော့နည်းနေကြောင်း၊ စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)      

 

 

                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း