Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ခရိုင်တွင်ကြံရာသီတွင်ကြံစိုက်တောင်သူများဝင်ငွေကောင်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧက စုစုပေါင်း (၂၈၆၅၅)  ဧက စိုက်ပျိုးထားရှိပြီး ခင်းသစ်စိုက်ဧကမှာ (၁၈၇၉၉)ဧက ၊ လမိုင်းစိုက်ဧကမှာ (၉၈၅၆) ဧက စိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ပြည်ခရိုင်အနေဖြင့် မြို့နယ်(၄)မြို့နယ်ရှိသည့် အနက်ကြံ ကို ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင်သာ အများအပြားစိုက်ပျိုးကြပါသည်။

(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်ဖြစ်သော ဒီဇင်ဘာလ ပထမပတ်မှစ၍ ကြံသီးနှံများ စတင် ထွက်ပေါ်လာ နေပြီဖြစ်ပါသည်။ ထွက်ပေါ်လာသောကြံများကို ပြည်မြို့ရှိနဝဒေးသကြားစက်နှင့် အင်ငါးခွသကြားစက် သို့တင်သွင်းရောင်းချကြပါသည်။ ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၂၂၇၅၀၀)ကျပ် ခန့် ကုန်ကျပြီး ကြံတစ်ဧကခန့်မှန်းအထွက်နှုန်းမှာ စိုက်ခင်း အသစ် တွင်(၂၅-၃၀)တန်၊ လမိုင်းတွင် (၁၄-၂၀)တန်ခန့်ထွက်ရှိနိုင်သည်ဟု တောင်သူထံမှ သိရှိရပါသည်။ ခင်းသစ်တွင်ရေရရှိသော နေရာများ၌ တစ်ဧကလျှင် (၅၀-၆၀)တန်ခန့် ထွက်ရှိသည်ဟု စိုက်ပျိုး သူတောင်သူများ ထံမှ သိရှိရပါသည်။ သကြား စက်သို့ ရောင်းချသောဈေးနှုန်းအနေဖြင့် ကြံတစ်တန် လျှင် စက်အရောက်ဈေး (၁၈၀၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်းသိရပါသည်။ ယခင်နှစ်တွင် ကြံတစ်တန်ဈေးနှုန်းမှာ (၁၂၅၀၀၀)ကျပ် ဈေးမဖြင့်ရောင်း ချခဲ့သဖြင့် ယခုနှစ်တွင်ကြံတစ်တန်လျှင် (၅၅၀၀၀)ကျပ်ခန့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခုနှစ် တွင်ကြံဈေးလည်းကောင်းလာသဖြင့် ကြံစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် (၂၅)တန် အထွက် နှုန်းဖြင့် ခန့်မှန်း ထွက်ရှိမည် ဆိုပါက တစ်ဧကဝင်ငွေမှာ (၄၅)သိန်းခန့်ရရှိပြီး အသားတင်အကျိုးအမြတ် အနေဖြင့်(၂၂)သိန်းကျပ် ခန့်မှန်းရရှိနိုင်မည်ဟု တောင်သူတစ်ဦးထံမှသိရှိရပါသည်။

ပြည်ခရိုင်အနေဖြင့်သကြားစက် (၂)စက်ရှိရာ ပြည်မြို့နယ်တွင်နဝဒေးသကြားစက်၊ ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွ၊ သကြားစက်တို့ဖြစ်ပါသည်။ ထိုစက်(၂)စက်မှာ နှစ်စဉ်ကြံရာသီ ချိန် မှသာစတင်လည်ပတ်လျက်ရှိရာယခုနှစ်တွင် (၁၀.၁၂.၂၄)ရက်နေ့မှစ၍ သကြားစက်များကို စတင်ဖွင့်လှစ် ကြိတ်ခွဲလျက်ရှိပါသည်။ ယခုနှစ်တွင် နဝဒေးသကြားစက်အနေဖြင့် ကြိတ်ခွဲထုတ်လုပ် ရန်လျာထားတန်ချိန်မှာ တန်(၂၃၀၀၀၀)ခန့်ဖြစ်ပြီး စက်လည်ပတ်ရန်ကြာသည့်ကာလမှာ (၃)လ သတ်မှတ်ထားပါသည်။ ၎င်းသကြားစက်မှ ကြံများကိုလက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလျက်ရှိ ပါသည်။ အင်ငါးခွသကြားစက် အနေဖြင့် ယခုနှစ်တွင် ကြံကြိတ်ခွဲလျာထားချက်မှာ တန်ချိန် (၁၃၀၀၀၀)ခန့်ရှိပြီး စက်လည်ပတ်ရန်ကြာ သည့်အချိန်ကာလမှာ ရက်(၁၀၀)သတ်မှတ်ထားကြောင်း သိရပါသည်။ ထိုစက်မှာ ပစ္စည်းရောက်ငွေချေ စနစ်ဖြင့်ဝယ်ယူကြောင်းသိရပါသည်။

ကြံရာသီဖြစ်၍ ကြံစိုက်တောင်သူများအနေဖြင့် ကြံများကိုခုတ်၍ သကြားစက်သို့ ပို့ဆောင် ရောင်း ချကြပါသည်။ ကြံဈေးမှာလည်းမြင့်လာသဖြင့် ယခုနှစ်တွင် ကြံစိုက်တောင်သူများ အဖို့အမြတ် အစွန်းများပြီး တွက်ချေကိုက်သည့်နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)

ချည်ထည်လုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးရေး

 

          မြန်မာနိုင်ငံ၏ ရာသီဥတုမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ပူပြင်းလာသဖြင့် လူအများမှာ အပူဒဏ်ကို နွေရာသီရောက်တိုင်း နှစ်စဉ်လိုလိုခံစားရပါသည်။ ထိုသို့အပူဒဏ်ကို အံတုကာကွယ် နိုင်ရန်အတွက် လူတို့၏ကိုယ်ခန္ဓာတွင် အေး၍ပေါ့ပါးလွတ်လပ်သော အဝတ်အထည်များကို ရွေးခြယ်၍ ဝတ်ဆင်ကြပါ သည်။  ထိုသို့ဝတ်ဆင်ကြသဖြင့် ချည်ထည်လုပ်ငန်းယက်လုပ်သော ရက်ကန်းစင်များ တိုးတက်လာခဲ့ ပါသည်။ ပြည်ခရိုင်အနေဖြင့် ရွှေတောင်မြို့နယ်တွင် မြန်မာရိုးရာ စည်းလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးခန့်ရှိ ကြောင်းသိရပါသည်။ ယခင်ကရွှေတောင်မြို့နယ်ရှိ ကျီးသဲရွာနှင့် မြို့မရွာတို့တွင် စီးပွားဖြစ်ရက်ကန်းစင် များရှိသလို တစ်နိုင်တစ်ပိုင် ရက်ကန်းစင် များလည်းရှိပြီး ရှေးယခင်ကပင် ရက်ကန်းလုပ်ငန်းဖြင့် ထင်ပေါ်ကျော်ကြားခဲ့ပါသည်။ ရွှေတောင်၊ကျီးသဲရွာတစ်ရွာလုံး၏ အသက်မွေးဝမ်းကျောင်းမှာ ပိုးထည် ရက်လုပ်ခြင်းလုပ်ငန်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ပိုးထည်အပြင် ချည်ထည်များကိုပါ တိုးချဲ့ထုတ်လုပ် လာကြောင်းသိရပါသည်။ ထိုသို့ချည်ထည်များအဖြစ်ပြောင်းလဲထုတ်လုပ်ရာတွင် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ချည်ချော နှင့်ချည်ကြမ်းလုံချည်များကို ရက်လုပ်လာကြပါသည်။ ရွှေတောင်စည်းလုံချည် အဓိကပညာရပ်မှာ သားရေကွင်းဖြင့်စည်း၍ လိုချင်သော အပွင့်အမျိုးမျိုးကိုပုံဖော်ပြီး ဆေးရောင် အမျိုးမျိုးဆိုး၍ ရောင်းတန်းဝင်သော စည်းလုံချည်ကိုရရှိပါသည်။

          စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ယက်လုပ်၍ရောင်းချကြပါသည်။ ချည်ထည်များတွင် ၂/၈၀ နှင့် ၂/၁၀၀ ချည်ဟူ၍ရှိပြီး ၂/၁၀၀ချည်မှာ ပွဲတိုးပြီးတန်ဖိုးရှိသော ချည်အမျိုးအစားဖြစ်ပါသည်။ ယခင်က မြန်မာ့ရိုးရာလက်ရက် ကန်းစင်ပေါင်း မြောက်မြားစွာရှိပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လက်ရက်ကန်းများနည်းလာပြီး စက်ရက်ကန်းများဖြင့် အစားထိုးလာကြပါသည်။ ထိုသို့ စက်ရက်ကန်း များဖြင့် အစားထိုးထုတ်လုပ် လာကြသဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများ ဖွံ့တိုးတက်လာကြပါသည်။ စက်ရက်ကန်းများဖြင့် ချည်ထည်များကို ထုတ်လုပ်လာကြသဖြင့် အချိန်တိုအတွင်း ကွင်းရေအများ အပြားထုတ်လုပ်လာနိုင်ကြသလို ခေတ်မီ သေသပ်လှပသော ချည်ထည်များရရှိလာမည်ဖြစ်ပါသည်။ ထိုသို့သေသပ်လှပသော ချည်ထည်များကို ပြည်တွင်းတွင် သုံးစွဲသည့်အပြင် ပြည်ပသို့လည်းထိုး ဖောက်ရန် စီစဉ်လျက်ရှိပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ရွှေတောင်မြို့မှထွက်ရှိသော ချည်ထည် များကို ရွှေတောင်မြို့နှင့် အနီးနားရှိမြို့များ၊ ပြည်မြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချကြပါသည်။ ယခင်က ကမ္ဘာလှည့်ခရီးသွားသော နိုင်ငံခြားသားဧည့်သည်များက ရက်ကန်း စင်များသို့သွားရောက်၍ မြန်မာ့ရိုးရာချည်ထည်ထုတ်လုပ်ပုံများကို လာရောက်လေ့လာ၍ နှစ်ခြိုက်စွာ ဝယ်ယူကြပါသည်။ စည်းလုံချည်ဈေးနှုန်းများအနေဖြင့် ၂/၁၀၀ကျစ်ပိုး စည်းဝမ်း ဆက်တစ်စုံလျှင် ၂၃၀၀၀ကျပ်၊ 3D ပိုးစည်းတစ်စုံလျှင် ၂၅၀၀၀ကျပ်၊ စည်းလုံချည် (ရိုးရိုး)ဝမ်းဆက်တစ်စုံလျှင် ၂၂၀၀၀ကျပ်ဖြင့် ရောင်းချသလို အမျိုးသားဝတ်ပုဆိုးများဖြစ်သော အင်းမပုဆိုး၊ ချည်ပုဆိုး အမျိုးမျိုးကိုထုတ်လုပ်၍ရောင်းချကြပါသည်။ အမျိုးသမီးဝတ် အကျီများကို လည်း ပုံစံအမျိုးမျိုးချုပ်၍ရောင်းချကြပါသည်။

          ပူးပြင်းသောရာသီဥတုအပြင် ကျန် မိုးနှင့် ဆောင်းလများတွင်လည်း ဝတ်ဆင်နိုင်ကြသဖြင့် ဝတ်ဆင်သူများအနေဖြင့်လည်း ပြည်တွင်းဖြစ်ကိုအားပေး၍ ဈေးသက်သာစွာ ဝယ်ယူဝတ်ဆင် နိုင်ကြသလို  ထုတ်လုပ်သူများအနေဖြင့်လည်း တွက်ချေကိုက်ကြပါသည်။ နိုင်ငံတော် အနေဖြင့် လည်း ဝါကုန်ကြမ်းသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်လာနိုင်သဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းရှင်များကို အားပေးကူညီလျှက်ရှိရာ လုပ်ငန်းရှင် များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်ပါက မိမိတို့အနေဖြင့် လည်း အကျိုးရှိသလို၊ နိုင်ငံတော်အနေဖြင့်လည်း  MSMEs လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြားဝင်ငွေများ ရရှိလာနိုင်မည်ဖြစ်ပါသည်။

          ထို့ကြောင့် ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်တွင်သာမကဘဲ အခြားမြို့နယ် များတွင် လည်း မြန်မာ့ရိုးရာချည်ထည်လုပ်ငန်းများကိုတိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက ချည်ထည်လုပ်ငန်း အနေဖြင့် MSMEs လုပ်ငန်းများတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြ အပ်ပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် မုံညင်းဖူး၊ မုံညင်းရွက်နှင့် မုံလာဥများပေါ်ပြီ

       တောင်ငူမြို့ အနီး စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းကမ်းဘေး စိုက်ခင်းများမှ စိုက်ပျိုး သော မုံညင်းဖူး၊ မုံညင်းရွက်နှင့် မုံလာဥများမှာ ယခုအခါ လှိုင်လှိုင်‌ပေါ်နေပြီဖြစ်သဖြင့် ညောင်ပင် ဈေးတွင် ရောင်းချလျှက်ရှိနေပြီဖြစ်ပါသည်။

              မုံညင်းဖူးများမှာ ပေါ်ခါစက တစ်စီးလျှင် ၃၅၀ ကျပ်၊ သုံးစည်းယူလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်စည်းလျှင် ၂၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါ သည်။ 

              မုံညင်းရွက်မှာ ပေါ်ခါစက တစ်စည်းလျှင် ၂၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၂၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်စည်းလျှင် ၁၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါ သည်။

              မုံလာဥမှာ ဥအရွယ်အစားပေါ်မူတည်၍ ၅ ပင်ပါ ဥသေး တစ်စည်းလျှင် ၃၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၂၅၀၀ ကျပ်၊ ဥလတ် တစ်စည်းလျှင် ၄၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၃၅၀၀ ကျပ်၊ ဥကြီး တစ်စည်းလျှင် ၇၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၆၅၀၀ ကျပ် ဈေးနှုန်းရှိပါကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များမှ သိရပါသည်။

DOCA (ပဲခူး)

တောင်ငူဒေသထွက် ဘူးသီးများ ဈေးနှုန်းအနည်းငယ်ကျဆင်း

          တောင်ငူမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ဟင်းသီးဟင်းရွက်များအား တပိုင်တနိုင် စိုက်ပျိုးကြသူများပေါများပါသည်။ မိမိတို့စိုက်ခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များကို တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများသို့ကိုယ်တိုင်ရောင်းချ၍သော်လည်းကောင်း တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည်ပေး၍သော်လည်းကောင်း ရောင်းချကြပါသည်။

              စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း ကမ်းနံဘေးတစ်လျှောက်ကျေးရွာများသည် ဟင်းသီး ဟင်းရွက်များကို အဓိကစိုက်ပျိုးကြပါသည်။ ၎င်းကျေးရွာများမှထွက်သော ဘူးသီးများမှာ ယခုအခါ လှိုင်လှိုင်ပေါ်၍ ဈေးနှုန်းများလည်း ကျဆင်းသွားပါသည်။

     ဘူးသီးအလုံးအကြီးအသေးပေါ်မူတည်၍ ပေါ်ခါစကတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထိရှိရာမှ ယခုအခါ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းများ ကျဆင်းသွားပါသည်။ ဘူးသီးကို နေအိမ်များတွင် အသားဟင်းနှင့်ရော၍လလည်းကောင်း၊ အရန် ဟင်းအဖြစ်လည်းကောင်း ချက်စားကြသကဲ့သို့ အကြော်ဆိုင်များတွင် ဘူးသီးကြော် ကြော်၍လည်း ရောင်းချကြသဖြင့် ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင် များမှ သိရပါသည်။       

DOCA(ပဲခူး)

ပဲခူးမြို့မှ ပန်းပု၊ ပန်းပွတ် အနုပညာလုပ်ငန်း

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် သစ်ကိုအခြေခံ၍ အနုပညာလက်မှုပစ္စည်းပြုလုပ်သောလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း(၁)ခုရှိပါသည်။ ကုန်ကြမ်းအနေဖြင့် သစ်မာမျိုးစုံအသုံးပြုပြီး ကုက္ကို၊ ဘင်ဂ၊ ပိတောက်သားများအသုံးပြု၍ ထုတ်လုပ်ကြောင်း သိရှိရပါသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သား (၁၅)ဦးခန့်အသုံးပြုပြီး တစ်ရက်လုပ်အားခငွေကို ပုတ်ပြတ် ၈၀၀၀မှ ၁၂၀၀၀ ကျပ်ထိ ပေးချေရကြောင်း သိရှိရပါသည်။ ပန်းပု၊ ပန်းပွတ် အနုပညာပစ္စည်းများပြုလုပ်ရာတွင် သစ်သားကို လွှပိုင်းဖြင့်သော်လည်းကောင်း၊ ချိန်းစောအတိုဖြင့်သော်လည်းကောင်း ပုံကြမ်းဖော်ခြင်း၊ ပညာရှင်မှ ပန်းပု၊ ပန်းပွတ်ဖြင့် ပုံပြန်ဖော်၍ အချောချောခြင်း၊ ဆေးတင်ခြင်းဖြင့် အဆင့်ဆင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ အကျိုးအမြတ်မှာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ၂၀% ခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ ကုန်ကြမ်းကို ကျွဲပွဲနှင့် တောင်ငူမြို့တွင်းမှ ဝယ်ယူရရှိကြောင်း သိရှိရ ပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချသလို ရန်ကုန်မြို့ Shopping Center များနှင့် ပဲခူးမြို့ ဒေသထွက်ကုန် အရောင်းစင်တင်တွင်လည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)  

ပဲခူးတိုင်းမှ တန်ဖိုးမြှင့်ထုတ်ကုန် ရှောက်ပျားရည်

          ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန်ရှောက်သီးမှ ထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထွက် အိမ်ပြန်လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြေးဖြေးဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို နီးစပ်ရာမြို့ဖြစ်သော ရွှေကျင်ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်လျှင် လိုအပ်သလောက် ဝယ်ယူရပြီး ရှောက်သီးတစ်လုံးလျှင် (၂၀၀) ကျပ်မှ (၂၅၀) ကျပ်ထိ ဝယ်ယူရကြောင်း  သိရှိရသည်။

          ရှောက်ပျားရည် ထုတ်လုပ်ရာတွင် ရှေးဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ထက်ခြမ်းခွဲပြီး စက်ဖြင့်ရှောက်ရည်ကို ညှစ်ထုတ်သန့်စင်ရပြီး ရှောက်ပျားရည်ပြုလုပ်ရန်အတွက် သကြား၊ ပျားရည်၊ ရှောက်ချဉ်ရည်တို့ဖြင့် အချိုးအစားညီမျှစွာရောစပ်ပြီး အပူချိန် ( 90°C )အတွင်း ကျိုချက်၍ ထုတ်လုပ်ရ ကြောင်း သိရှိရသည်။ ရှောက်ပျားရည်တစ်ပုလင်းအတွက် ရှောက်သီး (အနု၊ အရင့်၊ အကြီး၊ အသေး) ပေါ် မူတည်၍ ရှောက်သီး (၇ လုံးမှ ၁၀ လုံး)ခန့် အသုံးပြုရကြောင်း သိရှိရသည်။ ရှောက်ရည် ညှစ်ပြီး သန့်စင်ရာ၌ ကျန်ရှိသော ရှောက်သီးဖက်များအား ရှောက်သီးဆေးပြားထုတ်လုပ်ရန် အသုံးပြုပြီး  ပုံသဏ္ဍာန်အမျိုးမျိုးအနေဖြင့် ပျားရည်ဖြင့် နှပ်ထားသော (ရှောက်သီးဆေးပြားဗူး၊ ရှောက်ချိုမွှေး၊ ရှောက်ချိုပေါင်း၊ ရှောက်သီးဆေးပြားအမျှင်) စသည်ဖြင့် ထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် လုပ်သား အရေအတွက် (၃၀)ဦးခန့်ဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် တစ်ရက်လုပ်သားခအနေဖြင့် လုပ်သားတစ်ဦးလျှင် (၁၀၀၀ဝ) ကျပ်ခန့် ပေးချေရကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှု ပမာဏအားဖြင့် တစ်နှစ်လျှင် ‌ရှောက်ချဉ်ရည် ပုလင်း နှစ်သိန်းခန့်၊ ‌ရှောက်ပျားရည် ပုလင်း ၅၀၀၀ခန့်၊ ‌‌‌ရှောက်သီးဆေးပြား တစ်နှစ်လျှင် ပိဿာချိန် (၇၀၀၀)ခန့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ပျားရည် တစ်ပုလင်းလျှင် ၄၅၀ဝ ကျပ်ဖြင့် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော် (ပျဉ်းမနား)အပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့ အပြားသို့  တင်ပို့ရောင်းချလျက်ရှိပြီး လူကြိုက်များ ကြောင်းလည်း သိရှိရသည်။

             ထိုကဲ့သို့ ဒေသထွက်ကုန်ရှောက်သီးအား နည်းအမျိုးမျိုးဖြင့် လေလွင့်မှုနည်းပါးအောင်  ထုတ်လုပ်ရောင်းချနိုင်ခြင်းအားဖြင့်  အကျိုးအမြတ်အနေဖြင့်လည်း အတော်အသင့် ကောင်းမွန်သည့်အပြင် ဒေသခံလုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ရရှိသောကြောင့် စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒေသထွက်ဆောင်းမြေပဲဈေးနှုန်း

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကရင်ပြည်နယ်ဒေသထွက် ဆောင်းမြေပဲများ စတင်ထွက်ရှိပြီးဖြစ်သည်။  ဆောင်းမြေပဲများကို မြေနုကျွန်းများဖြစ်သော ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဆီ၊ ကော့ထော်၊ ဝါးစူးနှင့် ရွှေဂွန်းစသောနယ်များမှ ဦးစွာထွက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ အထွက်နှုန်း နည်းပါးသေးသောကြောင့် ဈေးကောင်းရကြောင်းနှင့် ဒေသထွက်ဆောင်းမြေပဲ ဒေသပေါက်ဈေး တစ်ပြည်လျှင် (၆၀၀၀) ကျပ်နှင့်ပြုတ်ပြီးသားမြေပဲ တစ်ဘူးလျှင်(၁၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဒေသထွက် ပိန်းဥဈေးနှုန်းအခြေအနေ

   ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကိုဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ် ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

   ပိန်းဥကို ငါးမီးကင်၊ ပုဇွန်ခြောက်၊ ဒန့်သလွန်ရွက်တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ငါးခြောက်ဖြင့်အချဉ်ဟင်းရည်အဖြစ်လည်းကောင်း၊ အမဲသား၊ ဝက်သားနှစ်လည်း ဟင်းအဖြစ်လည်းကောင်း၊ ပြုတ်၍ ဆီဆားတို့ဖြစ်လည်းတို့စားပါက ထမင်းမြိန်စေသည်။ ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ကြေးဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

     ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်၏ ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် ပိန်းဥ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာတော့ တစ်ဆယ်ကျပ်သားလျှင် (၁၀၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

        ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီဒီဇင်ဘာလ တတိယအပတ်တွင် ကရင်ပြည်နယ်ဒေသထွက် သကြားပြောင်ဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ဒေသခံတောင်သူများသည် ရာသီပေါ် သီးနှံသကြားပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။သကြားပြောင်းကို ပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြား ဓာတ်တိုးပစ္စည်း ပျက်စီးမှုကနေအထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင်း  ကျန်းမာရေးအတွက် ကောင်းကြိုး ဖြစ်စေပါသည်။သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူးလျှင် (၁၀၀၀)ကျပ်၊၁၀ဖူးလျှင် (၈၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)

မင်းလှမြို့ ပဲမျိုးစုံဈေးကွက်အခြေအနေ

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းမရှိပဲ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ပဲကုန်သည်တစ်ဦးထံမှသိရှိရပါသည်။ နိုဝင်ဘာလနောက်ဆုံးပတ်တွင် မတ်ပဲ ပိဿာ ၂၀တစ်တင်းကို ၁၁၈၂၀၀ကျပ် ရှိခဲ့ပြီး၊ ဒီဇင်ဘာလပထမပတ် နှင့် ဒုတိယပတ်တွင် မတ်ပဲ ပိဿာ၂၀ တစ်တင်းကို ၁၁၃၀၀၀ကျပ် ရှိနေသဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းကြောင်း၊ ကုလားပဲတစ်ပြည်ကို ၇၀၀၀၊ ဘိုကိတ်တစ်ပြည်ကို ၇၂၀၀၊ စားတော်ပဲတစ်ပြည်လျှင် ၁၂၀၀ကျပ်၊ ပဲနီစေ့တစ်ပြည် ၇၅၀၀၊ ပဲဖြူလေး တစ်ပြည် ၁၀၀၀၀ ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း ပဲမျိုးစုံကို ရန်ကုန်ဘုရင့်နောင်မှဝယ်ယူ၍ ရောင်းချကြောင်း ပဲမျိုးစုံရောင်းဝယ်နေသော ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း