Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခရမ်းသီးဈေးနှုန်း၊ ဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မော်ရကျေးရွာ၊ ထန်းတပင်ကျေးရွာနှင့် အခြားကျေးရွာများတွင် မိုးခရမ်းသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မိုးခရမ်းသီးစိုက်ပျိုးရန် ပျိုးပင်တစ်ပင်ကို ၅၀ကျပ်နှုန်းဖြင့် တစ်ဧကကို ပျိုးပင် ၄၀၀၀ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထားပြီး စိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင်းခ၊ မြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း ၈၂၀၀၀၀ကျပ်ကုန်ကျကြောင်း၊  တစ်ဧကအထွက်နှုန်းမှာ အလုံးရေ ၁၃၀၀၀ခန့်ထွက်ရှိကြောင်း တစ်လုံးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ်နှုန်းဖြင့် ဒေသတွင်းသာမက ကုန်စိမ်းဒိုင်များမှတစ်ဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)                                                                         

နတ်တလင်းမြို့နယ်တွင် ပန်းဂေါ်ဖီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

          နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်းကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။

          ပန်းဂေါ်ဖီစိုက်ပျိူးရန် ပျိုးပင်တစ်ပင်ကို (၇၀)ကျပ်နှုန်းဖြင့် (၀.၂၅)ဧကလျှင် ပျိုးပင်(၃၅၀၀) ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထား၍ စိုက်ပျိုးကြပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် စတင်ခုတ်ယူရောင်းချပါသည်။ ပန်းဂေါ်ဖီ(၀.၂၅)ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရေသွင်းခ၊  ပေါင်းမြတ်ရှင်းခ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း(၇၀၀၀၀၀)  ကျပ်ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ  အပွင့်ရေ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ပန်ဂေါ်ဖီတစ်ပွင့်လျှင် အရွယ်အစားကိုလိုက်၍ (၉၀၀-၇၀၀-၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချရပြီး ဒေသအတွင်းသာမက ကုန်စိမ်းဒိုင်များမှတစ်ဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း  ပန်းဂေါ်ဖီစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)                                                                         

ဈေးနှုန်းတဖြည်းဖြည်းကျဆင်းလာသည့် ပုသိမ်မြို့ ခရမ်းချဉ်သီးဈေးကွက်

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းလျှက်ရှိပြီး ယခင်လက ခရမ်းချဉ်သီးလက္ကားဈေးနှုန်း တစ်ပိဿာလျှင် ( ၈၅၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဖြစ်ပြီး ယခုအခါက ခရမ်းချဉ်သီး လက္ကားဈေးနှုန်း တစ်ပိဿာလျှင် ( ၇၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

    ပုသိမ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော အောက်တိုဘာလ တတိယပတ်နှင့် နိုဝင်ဘာလ တတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ပုသိမ်မြို့နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။  

DOCA(ဧရာဝတီ)

ဈေးနှုန်းအနည်းငယ်မြှင့်တက်လာသည့် ပုသိမ်ဈေးကွက်ရှိ ကြက်သွန်ဖြူ

      ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်းအနည်းငယ်မြှင့်လျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် ယခင်လက ကြက်သွန်ဖြူလက္ကားဈေးနှုန်း တစ်ပိဿာလျှင် ( ၁၇၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀) ကျပ်ဖြစ်ပြီး ယခုအခါ ကြက်သွန်ဖြူ လက္ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၁၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၂၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

     ပုသိမ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော အောက်တိုဘာလ တတိယပတ်နှင့် နိုဝင်ဘာလ တတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ပုသိမ်မြို့နယ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရပါသည်။   

DOCA(ဧရာဝတီ)

 

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စိုက်ပျိုးရေးဆေးဆိုင်များတွင်လည်း ဆောင်းသီးနှံနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးဆေးများကိုရောင်းချလျက်ရှိပါသည်။

         ယခု ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် နတ်တလင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ ရောင်းချနေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ  ယူရီးယား (စုစံ)(၅၀ကီလို) တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ ယူရီးယား (အာမို) (၅၀ကီလို)တစ်အိတ်လျှင်  (၁၅၀၀၀၀)ကျပ်၊ တီစူပါ (သံကွင်း) (၅၀ကီလို) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ကွန်ပေါင်း ၁၅:၁၅:၁၅ ကော့မတ် (၅၀ကီလို) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊    Top One ရွှေနဂါး (၅၀ကီလို) တစ်အိတ်လျှင် ( ၁၂၀၀၀၀)ကျပ်နှင့် ပိုးသတ်ဆေး ဖိုင်းယာ (၁လီတာ)တစ်ဘူးလျှင် (၄၂၀၀၀)ကျပ်၊ ဗိုက်တာ ကောင်းမြန် (၁လီတာ ) တစ်ဘူးလျှင် (၁၅၀၀၀) ကျပ်၊ ဆိုမာဟော့ (၁လီတာ) တစ်ဘူးလျှင် (၂၀၀၀၀) ကျပ်၊ ပီလာဖော့ (၁လီတာ) တစ်ဘူးလျှင် (၈၀၀၀၀)  ကျပ်ဖြင့်ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

အာဟာရကြွယ်ဝသော လိမ္မော်သီးများ ဈေးကွက်အတွင်း ရောက်ရှိ

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့မဈေးရှိ ကုန်စိမ်းအရောင်းတန်း၊ သီးနှံဆိုင်များတွင် လိမ္မော်သီးများလှိုင်လှိုင်ပေါ်၍ သီးနှံဈေးသည်များတွင်သာမက လမ်းဘေးတွင် ခင်းကျင်း၍လည်း လိမ္မော်သီးများ ရောင်းချနေသည်ကိုတွေ့ရပါသည်။

          လိမ္မော်သီးသည် ကျန်းမာရေးအတွက် အကျိုးပြုသောသီးနှံတစ်မျိုးဖြစ်ပါသည်။ လိမ္မော်သီးတွင် ကယ်လိုရီ (၈၀)မီလီဂရမ်၊ ပိုတလ်စီရမ် (၂၅၀)မီလီဂရမ်၊ ကာဗိုလ်ဟိုက်ရိတ်(၁၉)ဂရမ်၊ ပရိုတင်း (၁)ဂရမ်ပါရှိပြီး အဆီဓာတ်မပါရှိသောအသီးဖြစ်ပြီး ထိုဓာတ်လေးမျိုးလုံးသည် အရေးပါသောဓာတ်များဖြစ်ပါသည်။ လိမ္မော်သီးစားသုံးပေးခြင်းဖြင့်  ကိုယ်ခံအားကောင်းစေခြင်း၊ အရိုးကိုသန်မာစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ သွေးတွင်းအဆီဓာတ်ကိုကျဆင်းစေခြင်း၊ မောပန်းမှုကိုပြေပြောက်စေခြင်း ၊ အစာအိမ်အူလမ်းကြောင်းကိုအထောက်ကူပြုစေခြင်း စသည့် အကျိုးများစွာရရှိစေပါသည်။ အထူးသဖြင့် ကလေးငယ်များစားသုံးသင့်ပါသည်။ ကလေးငယ်များစားသုံးပေးခြင်းကြောင့် ကလေးငယ်များတွင် ဉာဏ်ရည်မြင့်မားခြင်း၊ အရပ်ရှည်ခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုမြန်ဆန်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်များသော ဆီးချိုရှိသူများ စားသုံးနိုင်ပါသည်။ ဆီးချိုရှိသူများ လိမ္မော်သီးများစားသုံးခြင်းသည် ဆီးချိုကိုမတက်စေဘဲ အမောပြေလန်းဆန်းစေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါသည်။ အသက်အရွယ်ကြီးရင့်သူများလည်း စားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာကိုယ်ကို ကျန်းမာလန်းဆန်းစေပါသည်။ ကားမူးတတ်သူများအနေဖြင့်လည်း အခွံများကိုခွာစားနိုင်သည့်အပြင် အခွံများကိုရှူ၍လည်း အမူးပြေစေပါသည်။

        လိမ္မော်သီးများကို အပြင်အခွံကိုခွာပြီး အမွှာစိတ်အသေးများအတိုင်းစားသုံးနိုင်ပြီး ကြိတ်စက်များဖြင့်ကြိတ်ကာ ပျားရည်ဖြင့် ဖျော်ရည်အဖြစ်လည်းဖျော်သောက်နိုင်ပါသည်။ လိမ္မော်သီးအမွှာစိတ်လေးများကို တခြားသီးနှံများဖြင့်ရောနှောပြီး လူငယ်များအကြိုက် ငရုတ်သီးများ၊ ငါးပိအနည်းငယ်၊ ဆားအနည်းငယ်တို့ဖြင့် သုပ်စားနိုင်ပါသည်။ လိမ္မော်သီးများကို အခွံခွာ အစေ့ထုတ်ပြီး သကြားအနည်းငယ်ဖြင့် ယိုထိုးပြီး မိမိအိမ်ရှိ ရေခဲသေတ္တာများတွင်ထည့်၍ သိမ်းပြီး မိမိစားချင်သည့်အချိန်မှ လိုသလို ထုတ်စားနိုင်ပါသည်။

         ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် (မြို့မဈေး)တွင် လိမ္မော်သီးအကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်မှ (၈၀၀)ကျပ်အတွင်း၊ အခွံနွှာပြီး တစ်ခြားအသီးများနှင့်အရောသုပ်တစ်ပွဲလျှင် (၁၅၀၀)ကျပ်၊ လိမ္မော်ရည်အဆီတစ်ဘူးလျှင်  (၇၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မကွေးမြို့နယ်၏ ဘိလပ်မြေဈေးနှုန်းနှင့် လက်ကျန်အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းများသာမက ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးပါ ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း အိမ်ဆောက်ပစ္စည်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဈေးနှုန်း နှင့်လက်ကျန်အခြေအနေများအား  အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ် ကွင်းဆင်း  လေ့လာစုံစမ်းပြီး တင်ပြပေးလျက်ရှိပါသည်။

      မကွေးမြို့နယ်အတွင်း ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်လျှက်ရှိသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၁၁၀ဝ)၊ အပါချီ အမှတ် တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၁၅၀ဝ)နှင့် အယ်ဖာ အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၁၀၀ဝ) တို့ဖြစ်ကြပြီး လက်ကျန်အခြေအနေဖြင့် ကြံ့နှစ်ကောင်အမှတ်တံဆိပ်(၁၈၉၂)အိတ်၊ အပါချီ အမှတ်တံဆိပ် (၆၀၀) အိတ်နှင့် အယ်ဖာအမှတ်တံဆိပ်(၃၅၀)အိတ် စုစုပေါင်း( ၂၈၄၂)အိတ်တို့ ကျန်ရှိနေသေးကြောင်း ဘိလပ်မြေကားများလည်း စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

ညောင်လေးပင်ခရိုင်ရှိ ကြက်သားဈေးနှုန်း

         ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့သည် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင်သာရှိပြီး အထင်ကရမြို့များဖြစ်သည့် တောင်ငူမြို့နှင့် ပဲခူးမြို့ကြားတွင် တည်ရှိပါသည်။ ညောင်လေးပင်မြို့သည် အထင်ကရမြို့နှစ်မြို့ကြားတွင် တည်ရှိသည်နှင့်အညီ ကုန်ဈေးနှုန်းများသည်လည်း ၎င်းမြို့နယ်များနှင့်အညီ ဈေးနှုန်းများအနည်းငယ်တူညီလျက်ရှိသည်။

       သို့သော် ၎င်းကုန်ဈေးနှုန်းများအနက် ကြက်သားဈေးသည် ၎င်းမြို့များထက် အနည်းငယ် ဈေးနှုန်းကျဆင်းလျက်ရှိသည်။ (၂၆-၁၁-၂၀၂၄) ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်မြို့ရှိ စည်ပင်သာယာဈေးတွင် ကြက်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်ခြေထောက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကြက်ရိုးတစ်ပိဿလျှင် (၁၁၀၀၀) ကျပ်၊ ကြက်အူတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါ်ဦးပေါ်ဖျား မကျည်းတောပဲမြစ် ဈေးကောင်းရ

           မကျည်းတောပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မကျည်းတောကျေးရွာမှ မကျည်းတောပဲမြစ်အား ဘိုးဘွားဘီဘင်အဆက်ဆက်မှသည် ယနေ့တိုင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခဲ့ကြသည်။ ၎င်းရွာမှထွက်သောပဲမြစ်များသည် အခြားဒေသများမှထွက်သော ပဲမြစ်များထက် အရွယ်အစားသေးပြီး အရသာမှာဆိမ့်၍ စေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင် မကျည်း‌တောပဲမြစ်မှာ လူကြိုက်များ‌သော အစားအစာတစ်မျိုးဖြစ်ပြီး၊ ပဲမြစ်မျိုးအနေဖြင့် ဝက်ဝံမျိုး၊မလှိုင်မျိုးများကို အများဆုံးစိုက်ပျိုးကြသည်ဟု သိရှိရပြီး၊ တောင်သူအများစုမှာ နှစ်စဉ် ဩဂုတ်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလများတွင် တူးဖော်ရောင်းချကြသည်။

           ရွှေဘိုမြို့တွင် ယခု နိုဝင်ဘာလ တတိယပတ်၌  မန္တလေးမြို့ ပွဲရုံများမှ ဝင်ရောက်လာသော ပေါ်ဦးပေါ်ဖျား မန်ကျည်းတောပဲမြစ်များ  တစ်ပိဿာလျင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်း ပဲမြစ်ရောင်းချသူတစ်ဦးမှ   သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆိပ်ဖြူမြို့နယ်၌ ကိုင်းကျွန်းမြေမာများတွင် ကြက်သွန်နီမျိုးစေ့များ ကြဲပက်ပျိုးထောင်

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ကြက်သွန်နီ ဆောင်းစိုက်၊ ပင်စိုက်စိုက်ပျိုးမှုကို ဒေသစီးပွားဖြစ် တောင်သူအများစိုက်ပျိုးကြသည်။ ယခုနှစ် ကြက်သွန်နီပင်စိုက် စိုက်ပျိုးရန်အတွက် နိုဝင်ဘာလမှစ၍ ကြက်သွန်နီမျိုးစေ့ကြဲပက် ပျိုးခင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြသည်။ စိုက်တောင်သူများသည် မိမိစိုက်ခင်း စိုက်ပျိုးရန်အတွက် လည်းကောင်း၊ စီးပွားဖြစ်ရောင်းချရန်အတွက်လည်းကောင်း၊ မျိုးစေ့ နို့ဆီ(၂)ဘူးမှ (၁၆)ပြည် (၁)တင်းအထိ ပျိုးခုံပြုလုပ်၍ စိုက်ပျိုးကြကြောင်း သိရသည်။

     ယခုနှစ်တွင် မျိုးစေ့ကြဲပက်၍ ပျိုးခုံပြုလုပ်စိုက်ပျိုးမှုကို သိရှိရန် ဆိပ်ဖြူမြို့ပေါ်ရှိ ကြက်သွန်နီ မျိုးစေ့ပျိုးခုံပြုလုပ် စိုက်တောင်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းရာတွင် စိုက်တောင်သူအနေဖြင့် ယခုနှစ် (၁)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ မျိုးစေ့ပြည်(၂၀)ခန့် ဝယ်ယူစိုက်ပျိုးကြောင်း၊ (၁)တင်းလျှင် ကျပ် (၁၂၀၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ နိုဝင်ဘာလတွင် စတင်ပျိုးခုံပြုလုပ်ပြီး မျိုးစေ့ကြဲပက်ကြောင်း၊ ကြဲပက်ပြီး (၄၅)ရက်သားတွင် ပျိုးပင်နုတ်ပြီး ဒီဇင်ဘာလတွင် ကြက်သွန်နီပင်စိုက် စိုက်ပျိုးကြ မည်ဖြစ်ကြောင်း၊ ပျိုးပင်များကို မိမိစိုက်ခင်း စိုက်ပျိုးပြီး ပိုလျှံပါက ရောင်းချသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် မျိုးစေ့ဈေးနှုန်း၊ သွင်းအားစုအမျိုးမျိုး၊ အလုပ်သမား ငှားရမ်းခ ကြီးမြင့်ခြင်းကြောင့် စိုက်ပျိုးကုန်ကျစရိတ် ငွေကျပ်သိန်း(၃၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

      ယခင်နှစ် မျိုးစေ့(၁)ပြည်လျှင် ငွေကျပ်(၁)သိန်းခန့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ (၁)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၂၅)သိန်းခန့် ကုန်ကျကြောင်း၊ မျိုးစေ့(၁)ပြည် ပျိုးပင်ရောင်းခ ကျပ် (၃)သိန်း ဈေးဖြင့် ရောင်းချရ၍ ယခင်နှစ် (၁)ဧက ကျပ်သိန်း(၂၀)ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း မျိုးစေ့ဈေးနှုန်းကြီးမြင့်၍ (၁)ဧကကျပ်(၃၀)သိန်းခန့် ကုန်ကြမည်ခန့်မှန်းကြောင်း၊ မိုးကြက်သွန်နီ(ဥ)စိုက် တူးဖော်ချိန်တွင် ယခင်နှစ်ကဲ့သို့ ဈေးကောင်းရရှိပါက ပျိုးပင် ဈေးကွက်ကောင်းပြီး တောင်သူအဆင်ပြေမည်ဖြစ်ကြောင်း စိုက်တောင်သူမှတစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း