Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကွမ်းသီးခြောက်စျေးနှုန်းများ စျေးကောင်းရရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှ ထွက်ရှိလာသော ဒေသထွက်ကွမ်းသီးများကို နေ့စဉ် အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိရာ ဒေသတွင်း ကွမ်းစိုက်တောင်သူများ ဝင်ငွေ ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

    တစ်နှစ်ပတ်လုံးကွမ်းသီးထွက်ရှိသော်လည်း ဇွန်၊ ဇူလိုင်လများတွင်သာ လှိုင်လှိုင်ထွက်ရှိသောကြောင့် နိုဝင်ဘာလများတွင် ကွမ်းသီးအထွက်နှုန်း နည်းလျက်ရှိပါသည်။ ကွမ်းသီးနုစျေးကောင်း ရရှိခြင်းကြောင့် ကွမ်းသီးနုတင်ပို့မှုများပြားလာမှုကြောင့်လည်းကောင်း၊ ကွမ်းသီးခြောက်အထွက်နှုန်း နည်းမှုကြောင့်လည်းကောင်း ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလလယ်ခန့်မှစ၍ စျေးနှုန်းမြှင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအစတွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ခန့်ရှိရာမှ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ခန့်ထိ စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ ကန်ဇွန်းဥ ဈေးနှုန်း

    ကန်ဇွန်းဥကို မြန်မာနိုင်ငံ ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။ ကန်ဇွန်းဥတွင် အမျိုးပေါင်းများစွာရှိပြီး ကန်ဇွန်းဥအရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြသည်။ ကန်ဇွန်းဥကို သဲမြေ၊သဲနုန်းနှင့် နုန်းမြေများပေါ်တွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ကန်ဇွန်းဥကို မိုးရာသီတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ပျိုးကြသည်။ တစ်တန်းနှင့် တစ်တန်း(၂)ပေကွာ၍ တစ်ပင်နှင့်တစ်ပင် (၁)ပေခြား စိုက်ပျိူးကြသည်။ ကန်ဇွန်းဥကို ဈေးကောင်းလျှင် မရင့်မီအရွယ် ရောက်ဥများကို တူးဖော်နိုင်ပြီး အကောင်းဆုံးမှာ ဥများရင့်သောအချိန်တွင်တူးဖော်နိုင်သည်။

     ယခုအခါ ထားဝယ်မြို့အတွင်း ကန်ဇွန်းဥများ ဈေးကောင်းလျက်ရှိပြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ရှိကြောင်း ကန်ဇွန်းဥစိုက်ပျိုးသူများထံမှ သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

    

တနင်္သာရီတိုင်းဒေသကြီးမှ နိုဝင်ဘာလအတွင်း ရော်ဘာဈေးနှုန်းအခြေအနေ

   တနင်္သာရီတိုင်း‌ဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများ ဖြစ်သည့် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးနှင့်   ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

    တနင်္သာရီတိုင်းဒေသကြီးမှ ယခုအပတ်အတွင်း ရော်ဘာစျေးနှုန်းအခြေအနေမှာ RSS-3 တစ်ပေါင်လျှင် (၂၈၀ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်(၂၇၀ဝိ/−)ကျပ်စျေးနှုန်းရှိကြောင်း သိရပါသည်။ သို့ပါ၍ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်ဈေးနှုန်း အနည်းငယ်မြှင့်တက်လျက်ရှိပြီး ထားဝယ်တွင် ရော်ဘာဈေးနှုန်းအနေဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ရွှေဖရုံသီးစျေးနှုန်း/စျေးကွက်

    ရွှေဖရုံသီး၏အ‌ရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရသာ အနည်းငယ်ချိုသည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန်မာကျောသော်လည်း  အပူပေးချက်ပြုတ်ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက အပင်၏အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသောအသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့် အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ရွှေဖရုံသီးတစ်စိတ်လျှင်(၁၀၀၀)ကျပ် ရှိပြီး တစ်လုံးလျှင်(၅၀၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ပေါ်ရှိ ဂန္ဓမာပန်းဈေးနှုန်း

     အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းက သဘောကျနှစ်ခြိုက်သော ပန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းအား  ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာ ဆောင်အခမ်းအနားစသည်တို့တွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာ သုံးစွဲကြသောပန်းလည်း ဖြစ်ပါသည်။ ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ဂန္ဓမာပန်းတွင်   မျိုးကွဲပေါင်းများစွာရှိပြီး ရွေးချယ်စိုက်ပျိူးသည့်မြေအလိုက် ပန်းစပွင့်သည်မှ ၄ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပါသည်။

     ထားဝယ်ဈေးကွက်၌ နိုဝင်ဘာလအတွင်း ဂန္ဓမာပန်းဈေးနှုန်း မြင့်တက်လျက်ရှိပြီး တစ်ပွင့်လျှင်(၁၂၀၀)ကျပ်၊(၁၀)ပွင့်တစ်စီးလျှင် (၁၂၀၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကင်ပွန်းချဥ်ပင်၏အသုံးဝင်ပုံနှင့် ဈေးနှုန်း

   ကင်ပွန်းချဥ်ပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ကင်ပွန်းချဥ်ပင်သည် ဆူးပုတ်ပင်ကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး ချဥ်သောအရသာရှိပါသည်။ကင်ပွန်းချဥ်ပင်သည် အရွက်ရောအသီးပါ အသုံးဝင်သော အပင်တစ်မျိုးဖြစ်ပါသည်။ကင်ပွန်းသီးသည် အတောင့်ရှည်တစ်မျိုးဖြစ်၍ အစေ့များကြားတွင် အဆစ်လေးများ ရှိပါသည်။မြန်မာတို့၏ ရှေးရိုးရာ တလျော်ကင်ပွန်းခေါင်းလျှော်  ရည်ထဲတွင်ပါဝင်သော ကင်ပွန်းသီးမှာ ကင်ပွန်းချဥ်ပင်မှရသော အသီးဖြစ်ပါသည်။ကင်ပွန်းသီးကိုပြုတ်၍ တလျော်နှင့်လျှော်လျှင် ဆံပင်ကိုသန်စွမ်းစေပြီး ဦးရေပြားကို အေးမြစေပါသည်။အစာအိမ်ရောဂါ၊ သွေးနှင့် ပတ်သတ်သောရောဂါများအတွက် ဆေးဖော်စပ်ရာတွင်လည်းအသုံးပြုပြီး မြွေဆိပ်ကုရာ၌လည်း အသုံးပြုပါသည်။

       အရွက်များကိုမူ ချက်ပြုတ်စားသောက်ခြင်းအပြင် ဆေးအနေနှင့်လည်းအသုံးပြု၍ရပါသည်။ အရွက်များကို ကြိတ်၍ အသည်းရောင်အသားဝါရောဂါသည်များကို တိုက်လျှင် သက်သာစေပြီး အသည်းရောင်နေရာ လိမ်းပေးခြင်းဖြင့် အရောင်ကျစေပါသည်။ကျောက်ကပ်ကို အားပေးသည့်အတွက် ဆီးရွှင်စေပါသည်။ လေနှင့် ပတ်သက်သောရောဂါများလည်း သက်သာစေပြီး ဝမ်းပျော့စေပါသည်။ အစာအိမ်လမ်းကြောင်း မကောင်းသူများ သောက်ပေးသင့်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ် ပါသည်။ကင်ပွန်းချဥ်ပင်သည် ဘေးထွက်ဆိုးကျိုး မရှိသည့်အပြင် နေရာတိုင်းအလွယ်တကူရရှိနိုင်သော အပင်တစ်မျိုးဖြစ်ပါသည်။ ထားဝယ်ဒေသတွင် ကင်ပွန်းချဥ်တစ်စီးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အောင်လံမြို့ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)အတွင်း ပဲမျိုးစုံသီးနှံများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

              မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့ရှိ အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပဲတီစိမ်း(ဆောင်း)

           အောင်လံကုန်စည်ဒိုင်တွင် ပဲတီစိမ်း(ဆောင်း)သီးနှံအသစ်များကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)အတွင်းမှ စတင်ဝင်ရောက်လာပြီး (၁)တင်းလျှင် ကျပ်(၈၄၀၀၀)ရှိရာမှ (ဒုတိယပတ်) တွင် ကျပ်(၈၅၀၀၀မှ ၉၀၀၀၀)ထိဖြစ်ပေါ်ခဲ့ပြီး (တတိယပတ်)တွင် ကျပ်(၉၃၀၀၀မှ ၉၅၀၀၀)ထိ ဈေးနှုန်းရှိခဲ့ပါသဖြင့် ယခင်နိုဝင်ဘာလ(ပထမပတ်)မှ စတင်၍ (တတိယပတ်)အတွင်း (၁)တင်းလျှင် ကျပ်(၉၀၀၀မှ ၁၁၀၀၀)ထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်အနေဖြင့် (တတိယပတ်) အတွင်း တင်းရေ(၁၈၀၀)၊ တန်ချိန်(၅၈.၇၈၆)တန် အရောင်းအဝယ်ရှိခဲ့ပြီး အောင်လံမြို့နယ်အတွင်းရှိကျေးရွာများအပြင် ကံမမြို့နယ်အတွင်းရှိ ပုထိုးရွာ၊ မင်းပြင်ရွာတို့မှလည်း လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

မတ်ပဲ

                 မတ်ပဲ၏ဈေးနှုန်းမှာ နိုဝင်ဘာလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၈၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၁၁၅၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၁၁၇၀၀၀)ရှိခဲ့၍ (၁)တင်းလျှင် ကျပ် (၁၀၀၀မှ ၃၀၀၀)ထိ ဈေးနှုန်းအတက်အကျရှိခဲ့ပြီး (တတိယပတ်)အတွင်း အရောင်းအဝယ်အနေဖြင့် တင်းရေ(၁၅၀)၊ တန်ချိန်(၄.၈၉)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရသည်။

ကုလားပဲ(HL)

              ကုလားပဲ(ဟော်လန်)သည် နိုဝင်ဘာ(ပထမပတ်) မှ (တတိယပတ်) အထိ (၁)တင်းလျှင် ကျပ်(၁၀၁၀၀၀မှ ၁၀၁၅၀၀)ရှိခဲ့၍ ဈေးနှုန်းမှာပြောင်းလဲမှုမရှိပဲ (တတိယပတ်)အတွင်း တင်းရေ (၁၀၅၀)၊ တန်ချိန်(၃၄.၂၉)တန် အရောင်း အဝယ်ရှိခဲ့ကြောင်း သိရှိရသည်။

ကုလားပဲ(မြကြေး)

               ကုလားပဲ(မြကြေး)မှာ နိုဝင်ဘာ(ပထမပတ်)မှ (တတိယပတ်)အထိ (၁)တင်းလျှင် ကျပ် (၁၀၅၀၀၀)ရှိပြီး ဈေးနှုန်းမှာပြောင်းလဲမှုမရှိတည်ငြိမ်နေပြီး (တတိယပတ်)အတွင်း တင်းရေ (၁၃၅၀)၊ တန်ချိန်(၄၄.၀၈၉)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရသည်။

ဘိုကိတ်ပြာ

                ဘိုကိတ်ပြာ(‌ဆောင်း)သီးနှံအသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိရာ နိုဝင်ဘာလ (ပထမပတ်) မှ (ဒုတိယပတ်)ထိ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ဖြစ်ပြီး (တတိယပတ်)တွင် ကျပ်(၁၀၅၀၀၀)ဈေးနှုန်းရှိခဲ့၍ (၁)တင်းလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းလျော့ကျခဲ့ပါသည်။ အရောင်းအဝယ်အနေဖြင့် (တတိယပတ်)အတွင်း တင်းရေ(၁၂၀)၊ တန်ချိန်(၃.၉)တန် အရောင်းအဝယ် ရှိခဲ့ကြောင်း သိရှိရသည်။

ပဲကြီး

                ပဲကြီး၏ ဈေးနှုန်းဈေးကွက်အနေဖြင့် နိုဝင်ဘာလ(ပထမပတ်)တွင် သီးနှံအရေအသွးအလိုက် (၁)တင်းလျှင် ကျပ်(၈၂၀၀၀)မှ (၈၈၀၀၀)ဈေးနှုန်းရှိခဲ့ပြီး (တတိယပတ်)တွင် ကျပ်(၈၀၀၀၀မှ ၈၇၀၀၀)ဈေးနှုန်းရှိခဲ့၍ ကျပ်(၁၀၀၀-၂၀၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး (တတိယပတ်)အတွင်း တင်းရေ (၂၂၅)တင်း၊ တန်ချိန်(၇.၃)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

               မြေပဲလုံးဆံနီကို သရက်မြို့နှင့် အောင်လံမြို့နယ်အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များမှ မြေပဲဆီကြော်ပြုလုပ်၍ ပြန်လည်ရောင်းချခြင်းတို့အတွက် အောင်လံကုန်စည်ဒိုင်ကို အမှီပြု၍ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် မြေပဲလုံးဆံနီ(၁)ပိဿာလျင် နိုဝင်ဘာလ(ပထမပတ်)တွင် ကျပ်(၈၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၈၃၀၀)၊ (တတိယ ပတ်)တွင် ကျပ်(၈၅၀၀)ဖြစ်၍ (၁)ပိဿာလျင် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်လျက်ရှိပြီး (တတိယ ပတ်)အတွင်း အရောင်းအဝယ်အနေဖြင့် ပိဿာချိန်(၉၀၀)၊ တန်ချိန်(၁.၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရသည်။

မြေပဲလုံးဆံဖြူ

                 မြေပဲလုံးဆံဖြူ၏ ဈေးနှုန်းမှာ နိုဝင်ဘာလ(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၇၅၀၀မှ ၇၉၀၀)ဈေးနှုန်းရှိခဲ့ပြီး (တတိယပတ်)တွင် ကျပ်(၈၀၀၀မှ ၈၄၀၀)ဈေးနှုန်းရှိခဲ့၍ (၁)ပိဿာလျှင် ကျပ်(၅၀၀မှ ၉၀၀)အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး (တတိယ ပတ်)အတွင်း မြေပဲလုံးဆံဖြူ ပိဿာချိန်(၁၀၅၀၀)၊ တန်ချိန်(၁၇.၁၄၅)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရသည်။

မြေပဲတောင့်အစို

                  မြေပဲတောင့်အစိုကို ယခုအချိန်တွင် အခြောက်လှမ်းကြိတ်ခွဲ၍ လုံးဆံ၊ ဆီဆံခွဲခြားကာ သိုလှောင်ရောင်းချကြပြီး ၎င်းမြေပဲတောင့်အစိုများကို ပဲခူးတိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်ရှိကျေးရွာများ၊ ကံမမြို့နယ်ရှိပုထိုးရွာ၊ မင်းပြင်ရွာတို့မှလည်း လာရောက်ရောင်းချပါကြောင်းသိရသည်။ ဈေးနှုန်းမှာ နိုဝင်ဘာလ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၆၀၀၀မှ ၂၇၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၂၇၀၀၀မှ ၂၈၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၂၈၀၀၀မှ ၂၉၀၀၀)ထိ ဈေးနှုန်းအသီးသီးရှိခဲ့၍ (၁)တင်းလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ်အနေဖြင့် (တတိယပတ်)အတွင်း တင်းရေ(၆၃၀၀)တင်းရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်ထွက် ပေါက်ပေါက်ပဲလိပ်ပြာမုန့် လုပ်ငန်းဈေးနှုန်းဈေးကွက်

           ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး၊ မြို့နယ်တွင်း ဒေသထွက်ကုန် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကွင်းဆင်းလေ့လာ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ညောင်တုန်းမြို့နယ် အမှတ် ၅၅၊  ၅ရပ်ကွက်တွင် ထုတ်လုပ်ဖြန့်ဖြူရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင်ပဲလိပ်ပြာမုန့်လုပ်ငန်းတစ်ခုအား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

              ပေါက်ပေါက်(ပဲလိပ်ပြာ) မုန့်လုပ်ငန်းကို ၂၀၁၆ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ပဲလိပ်ပြာထုတ်လုပ်ရာတွင် ပါဝင်ကုန်ကြမ်းများမှာ ပဲနီပြား၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း တို့ပါဝင် ထုတ်လုပ်ပြီးကုန်ကျစရိတ်အနေဖြင့် ပဲလိပ်ပြာအနီ ၁၂ပြည် ပြုလုပ်ရပြီး (၁)ပြည်ကို ၄၅၀၀ကျပ်ဖြင့် ၅၄၀၀၀ကျပ်၊ ဆီ ၂၀ပိဿာအပေါ် ငွေ ၁၂၀၀၀၀ကျပ်၊ ဗူးခွံ ၂၀၀အတွက် ငွေကျပ် ၂၄၀၀၀ကျပ်၊ လုပ်သားခ ၂၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ၊ဆား၊ ဂျင်း။ အတွက်ငွေကျပ် ၃၆၀၀၀ကျပ်၊ အခြားစရိတ်ငွေ ၁၄၀၀၀ကျပ်၊ စုစုပေါင်း လုပ်ငန်းအတွက် ကုန်ကျစရိတ် ၂၂၅၀၀၀ကျပ် ကုန်ကျကြောင်း၊  ပဲလိပ်ပြာ ၁ဗူးရောင်းဈေးနှုန်း ၁၃၀၀၀ ကျပ်ဖြင့်ရောင်းချပြီး၊  တစ်နေ့ကို ဗူးရေ ၂၀၀ ထုတ်လုပ်နိုင်ပြီး ရောင်းချရငွေ ၂၆၀၀၀၀ကျပ် ရရှိပြီး တစ်ခါထုတ်လုပ်လျင် အမြတ်ငွေ ၃၅၀၀၀ ရရှိကြောင်း တစ်လကို ဗူးရေ ၁၆၀၀ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

              တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်၊ ပန်းတနော်၊ ညောင်တုန်း၊ ပုသိမ် ရွှေမြင်းပျံ ဟာလဝါ ဆိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်ရယူပြီး၊ စားသုံးသူများဘေးကင်းလုံခြုံသည့် စားသောက်ကုန်တစ်မျိုးအဖြစ်ထုတ်လုပ်ပြီး အခြားဒေသများသို့တင်ပို့နိုင်ရန် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်းကို လုပ်ငန်းရှင် ဦးမျိုးမင်းစိုးပြောပြချက်အရသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်ထွက် "ထက်ထက်" ဇီးတော်ဖီမုန့်လုပ်ငန်းထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

             ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး၊ မြို့နယ်အတွင်း ဒေသထွက်ကုန် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကွင်းဆင်းလေ့လာ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ညောင်တုန်းမြို့နယ်၊ ချောင်းစုကျေးရွာ၊ မိုးဟုတ်ကျေးရွာအုပ်စုတွင် ထုတ်လုပ်ဖြန့်ဖြူ ရောင်းချနေသော မြို့နယ်အတွင်းတပိုင်တနိုင် "ထက်ထက်" ဇီးတော်ဖီမုန့်လုပ်ငန်းတစ်ခုအား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

              မုန့်လုပ်ငန်းကို ၂၀၁၉ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ပြီး မုန့်လုပ်ရန်မြေနေရာ၊ အဆောက်အဦ၊ စက်ပစ္စည်းဖိုး ကုန်ကြမ်း/ကုန်ချော တန်ဖိုး သိန်း ၆၈၀၀၀ ရင်းနှီးမြုပ်နှံထားကြောင်း၊ ဇီးတော်ဖီထုတ်လုပ်ရာတွင် ပါဝင်ကုန်ကြမ်းများမှာ ဇီးတော်ဖီပေါင်ဒါမှုန့်အား မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှဝယ်ယူပြီး  အခြားပါဝင်ပစ္စည်းများကို ရန်ကုန်ဘုရင့်နောင်ဈေးမှဝယ်ယူကြောင်းသိရသည်။ ထုတ်လုပ်ရာတွင် ဇီးပေါင်ဒါမှုန်၊ သကြား၊ ထန်းလျက်၊ ဂျင်း၊ ပျားရည်။ မဆလာ၊ ဆားတိုးအား  သတ်မှတ်အချိုးအစားအတိုင်း ထည့်သွင်းကြိုချက်ပြီး အအေးခံပြီးမှ အတုံးကလေးများပြုလုပ်ကာထုတ်ပိုး၍ ဈေးကွက်သို့တင်ပို့ရောင်းချကြပါသည်။ လုပ်သားအင်အား ၁၅ဦးနှင့် လုပ်ကိုင်ပြီးထုတ်လုပ်ကြောင်း၊ တစ်နှစ်ထုတ်လုပ်နိင်မှု ဗူးအရေအတွက် ၄၈၀၀၀ဗူး ထုတ်လုပ်နိုင်ပြီး ၁ဗူးကို ၂၀၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ တစ်နှစ်ရောင်းရငွေအကျိုးအမြတ် ကျပ်သန်း (၃၄.၈၀) ရရှိကြောင်း လုပ်ငန်းရှင် ဦးကျော်ဇင်ဦးပြောပြချက်အရ လေ့လာသိရှိရသည်။

             တင်ပို့ရောင်းချမှုအနေဖြင့် မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ ပုသိမ်၊ အောင်လံ၊ နေပြည်တော်၊ မြစ်ကြီးနား၊ အရောင်းကိုယ်စားလှယ်များထံသို့ တင်ပို့ရောင်းချကြောင်း၊ ထုတ်လုပ်မှုဖြစ်စဉ်တိုင်းတွင် သန့်ရှင်းစွာထုတ်လုပ်ထားပြီး သက်ဆိုင်ရာဈေးကွက်နှင့် ဌာနများ၏ခွင့်ပြုချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်လျက်ရှိကြောင်း၊ "ထက်ထက်" ဇီးတော်ဖီ  လုပ်ငန်းရှင်၏  ပြောပြချက်အရသိရှိရပါသည်။

DOCA(ဧရာဝတီ)

သာယာဝတီခရိုင်၏ မြက်တံမြက်စည်းလုပ်ငန်း

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြက်တံမြက်စည်းလုပ်ငန်းကို လုပ်သားအင်အား ကျား/မ (၈)ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မရှိမဖြစ် အိမ်သုံး ပစ္စည်းဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြက်တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်း မြက်ကို သာယာဝတီမြို့နယ်၊ တောင်ညိုတောင်ပေါ်ကျေးရွာများမှရရှိပြီး မြက်(၂၀) ကျပ်သားခန့်ကို အလုံးလေးရှစ်လုံးခန့်လုံးရပါသည်။ ပြီးလျှင် ဆယ်ပင်ချည်ကြိုးဖြင့် ခိုင်ခန့်စွာတွဲ၍ ချည်နှောင်ကာ ၂၄လက်မခန့် ဆယ်ပင်ချည်ကြိုးဖြင့်ပတ်ပြီးမှသာ လက်ကိုင်အစွပ်စွပ်ရပါသည်။ တံမြက်စည်းကို မြက်သားကျွတ်မထွက်စေရန် ချုပ်သား(၃)ကြောင်း နိုင်လွန်ကြိုးဖြင့်ချည်နှောင်ကာ တံမြက်စည်းထိပ်သားများညီညာစေရန် ကပ်ကြေးဖြင့်ဖြတ်ရပါသည်။ ထို့နောက် ပလတ်စတစ်ဖြင့် မြက်သားစွပ်ပြီး တံဆိပ်ကပ်ရပါသည်။ ပြီးလျှင် (၁၀)ချောင်းတစ်တွဲ တွဲရပါသည်။ ပီနံအိတ်တစ်အိတ်လျှင် (၁၀)ချောင်းစီတွဲထပ်ကာ ထုပ်ပိုး၍ရောင်းချပါသည်။ တံမြက်စည်းများကို မြို့နယ်တွင် ရောင်းချပြီးရုံသာမက ရန်ကုန်မြို့သို့တင်ပို့ပြီး ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ ကိုယ်စားလှယ်မှတစ်ဆင့် စာချုပ်ချုပ်ဆိုကာ တင်ပို့ရောင်းချလျက်ရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း