Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လူကြိုက်များလာသည့် ဇီးကုန်းမြို့နယ်မှ "လင်းငြိမ်းငြိမ်း" သဘာဝစစ်စစ် ကုလားပဲခြမ်းလှော်လုပ်ငန်း

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သစ်နဖားကျေးရွာတွင် ဒေသထုတ်ကုန်အစားအစာဖြစ်သော သဘာဝစစ်စစ် “လင်းငြိမ်းငြိမ်း” ကုလားပဲခြမ်းလှော်လုပ်ငန်းလုပ်ကိုင်နေသော ဦးမင်းသူရဇော်သည် ထိုလုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည်မှာ ၂နှစ်ခန့်ကြာမြင့်လျက်ရှိပြီး ကုလားပဲကိုသာ အဓိကထားအသုံးပြု၍ ကုလားပဲခြမ်းလှော်အဖြစ် ဆီကိုအသုံးမပြုဘဲ မြေအိုးခင်းဖြင့်လှော်၍ ပြုလုပ်ကြောင်း၊ ယခင်ကာလပိုင်းများတွင် ကျေးရွာအတွင်းရှိ အလှူမင်္ဂလာပွဲ၊ ဒါနပွဲများမှ ကုလားပဲလှော်ကို အော်ဒါမှာယူမှုရှိမှသာလုပ်ကိုင်ခဲ့ရာမှ ယခုအခါတွင် အမှတ်တံဆိပ်ပြုလုပ်ကာ မြို့နယ်တွင်းနှင့် အခြားမြို့နယ်များသို့ပါ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

         ကုလားပဲလှော်ပြုလုပ်ရန်အတွက် နေပူ (၂ရက်)ခန့်လှမ်းပြီး  မြေအိုးခင်းများတွင် ပဲများထည့်ကာ မြေတွင်းမီးဖိုဖြင့်လှော်၍ အနေထားသင့်လျှင် အိုးခင်းအတွင်းမှ ပဲများကိုသွန်ပြီး အဝတ်သန့်ဖြင့် ပွတ်ကာ စကာချခြင်း၊ ပြာခြင်းများပြုလုပ်ရပါသည်။ အနည်းငယ်ကြေသော ပဲခြမ်းလှော်အစများအား ဘယာကြော်မှုန့်အဖြစ်လည်းကောင်း၊ အသေးဆုံးပဲလှော်မှုန့်များအား အမှုန့်ကြိတ်ပြီး ပဲမှုန့်ပြုလုပ်၍ ရောင်းချကြောင်းသိရှိရပါသည်။

         ကုန်ကြမ်းရရှိမှုအနေဖြင့် ကုလားပဲလုံး(မြကြေးမုံ)အား ဇီးကုန်းမြို့နယ်အတွင်းရှိပဲရုံမှဝယ်ယူပြီး (၁၉) ပိဿာဝင် တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်ပေးရကြောင်း၊ ပဲလှော်ရန်အတွက် မြေအိုးတစ်လုံးလျှင် (၂၈၀၀)ကျပ်ဖြင့်ဝယ်ယူအသုံးပြုပြီး တစ်နှစ်အတွင်း အလုံး(၅၀)ခန့်အသုံးပြုကြောင်းသိရပါသည်။ လုပ်သားတစ်ယောက်လျှင် တစ်နေ့ (၇၀၀၀)ကျပ်နှုန်းဖြင့် လုပ်သား(၃)ယောက်အသုံးပြု၍ တစ်လလျှင် ကုလားပဲ(၇တင်းမှ ၈တင်း)ခန့်သာလှော်နိုင်ပြီး ပုံမုန်ဈေးကွက်ဖြစ်သည့် ဇီးကုန်း၊ ကြို့ပင်ကောက်မြို့များသို့ ဖြန့်ဖြူးရောင်းချနေပြီး လက်ကားဈေးနှုန်း (၁၀)ကျပ်သားတစ်ထုပ်လျှင် (၁၄၀၀)ကျပ်၊ (၂၀) ကျပ်သားတစ်ထုပ်လျှင် (၂၇၀၀)ကျပ်၊ ဘယာကြော်မှုန့် (၁၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ ပဲမှုန့်(၁၀) ကျပ်သားလျှင်  (၁၁၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။

          ကုလားပဲစိမ်း (၁၉)ပိဿာဝင် တစ်တင်းလှော်ပါက ကုလားပဲလှော်(၁၅)ပိဿာခန့်ရရှိပြီး ပဲခြမ်း ခွဲစိတ်ကြီးနှင့် အမှုန့်(၃)ပိဿာ၊ အခြောက် အခွံအလျော့(၁)ပိဿာထွက်ရှိကြောင်း၊ အထွေထွေကုန်ကျစရိတ်နုတ်ပြီး ပဲတစ်တင်းလျှင် (၁၂၀၀၀)ကျပ်ခန့်အမြတ်ရရှိကြောင်း၊ စားသုံးသူများကြိုက်နှစ်သက်၍ ဈေးကွက်တွင်ကျယ်လာပါက လုပ်ငန်းတိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိဈေးကွက်များတွင် ဝက်သားဈေးနှုန်းများမြင့်တက်

        ပြည်ခရိုင်တွင် ဝက်သားဈေးနှုန်းများမှာ ယခင်က သုံးထပ်သားတစ်ပိဿာလျှင် (၂၀၀၀၀)      ကျပ်ဖြင့်ဈေးငြိမ်နေခဲ့ရာမှ ယခု ၂၀၂၄‌ အောက်တိုဘာလမှစ၍ ဝက်သားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်မှ နိုဝင်ဘာလ လဆန်းပိုင်းတွင် (၂၇၀၀၀)ကျပ်နှင့် နိုဝင်ဘာလ တတိယပတ်တွင် ဈေးကွက်အတွင်း၌ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။  ထိုသို့ ဝက်သားဈေးမြင့်တက်ရခြင်းမှာ အစာဈေးနှုန်း အနေဖြင့် ယခင်က 25kg တစ်အိတ်လျှင် (၄၀၀၀၀)ကျပ်မှ ယခု (၅၇၀၀၀)ကျပ်ထိဈေးမြင့်တက်လာခဲ့ပါသည်။ ဆန်ကွဲ၊ ဖွဲနုပေါ်သော်လည်း ဝက်အစာကျွေးရာတွင် ရောစပ်ရသော အာဟာရဖြည့်ဆေးတစ်မျိုးဖြစ်သည့် Premix အမျိုးအစားဆေးမှာ နိုင်ငံခြားမှဝယ်ယူရသည့်ဆေးဖြစ်ပြီး 100CC တစ်လုံးလျှင် (ဝက်သားကောင်ရေ (၁၀)ကောင်အသုံးပြုနိုင်) ယခင်က (၆၀၀၀)ကျပ်မှ ယခုအခါတွင် (၂၀၀၀၀)ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ဇွန်လ၊ ဇူလှိုင်လ၊ ဩဂုတ်လများတွင်လည်း ဝက်မွေးမြူရေးခြံများ၌ အာဖရိကဝက်များ အပြင်းဖျားရောဂါဝင်ခဲ့သည့်အတွက် သေကြေပျက်စီးမှုများသောကြောင့် ဝက်သားဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ကော့သောင်းမြို့တွင် ငါးခြောက်လုပ်ငန်း စျေးနှုန်းစျေးကွက်

             ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်သည် ရေပတ်လည်ဝန်းရံလျက်ရှိပြီး ကျွန်းပေါ်တွင် တည်ဆောက်ထားသည့်မြို့လေးတမြို့ဖြစ်သည့်အတွက် လူအများစုသည် စီးပွားရေးလုပ်ငန်းတွင် ရေလုပ်ငန်းကိုအများဆုံးလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

             ပင်လယ်ရွာလို့ခေါ်သည့် ကျေးရွာများတွင် ရေလုပ်ငန်းလုပ်ကိုင်လျက်ရှိရာ ငါးခြောက်လုပ်ငန်းသည်လည်း တနိုင်တပိုင်စီးပွားဖြစ်လုပ်ကိုင်ကြသည်။ ငါးခြောက်လုပ်ငန်းလုပ်ကိုင်ရာတွင် ငါးခြောက်ကို ငါးကွန်းရှပ်ခြောက်၊ ငါးရောင်ခြောက်၊ ငါးအူကြီးခြောက်၊ ဘဲလိပ်ခြောက် တို့သည် စျေးကောင်းရသဖြင့် အများဆုံးလုပ်ကိုင်ကြသည့် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများသည် ကော့သောင်းမြို့ပေါ်ရှိ စျေးတန်းများသို့ ရောင်းချလျက်ရာတွင် ငါးကွန်းရှပ်ခြောက်(အကောင်လိုက်)စျေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀၀-၆၅၀၀၀ ကျပ်၊ ငါးရောင်းခြောက် (အကောင်လိုက်) စျေးနှုန်း တစ်ပိဿာလျှင် ၄၀၀၀၀- ၄၅၀၀၀ ကျပ်၊ ငါးအူကြီးခြောက်စျေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀၀- ၆၅၀၀၀ ကျပ်၊ ဘဲလိပ်ခြောက် စျေးနှုန်း တစ်ပိဿာလျှင် ၅၀၀၀၀- ၅၅၀၀၀ ကျပ် တိ စျေးပေါက်လျက်ရှိကြောင်းသိရသည်။

          ငါးခြောက်လုပ်ငန်းသည် တန်ဆောင်တိုင်ကာလတွင် လှူဒါန်းပြုလုပ်သူများပြားသည့်အတွက် စျေးကောင်းရရှိပြီး တံငါလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အရောင်းအဝယ်ကောင်းသဖြင့် ဝင်ငွေတိုးစေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

DOCA(သနင်္သာရီ)

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ပဲဈေးအတက်အကျရှိ

         တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးဆဲကာလဖြစ်၍ ပဲသစ်များမပေါ်သေးဘဲ ယခင်နှစ်၏ လက်ကျန်တချို့ရှိနေပါသည်။ စက်တင်ဘာလက မတ်ပဲ (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၉၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၇၆၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၁၆၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။

        ပဲတီစိမ်းမှာ စက်တင်ဘာလက (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ဈေးတက်လာပါသည်။ ပဲလွန်းဖြူမှာ ယခင်နှစ်ထွက် လက်ကျန်မရှိ၍ အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ရွှေခြင်္သေ့မင်းပွဲရုံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ကျွန်းကုန်းရှိ အကြော်စုံလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများသို့ သွားရောက်လေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် နိုဝင်ဘာလ ၂၁ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ “ကောင်း” အကြော်စုံလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာ လုပ်ငန်းရှင် ဦးနေအောင်စိုးက လုပ်ငန်းဆောင်ရွက်မှုအခြေအများကိုရှင်းလင်းပြသခဲ့ပါသည်။ ကောင်းအကြော်စုံလုပ်ငန်းသည် ပဲဖူးကြော်၊ စားတော်ပဲကြော်၊ ငရုတ်သီးကြော်နှင့် ကြက်သွန်ကြော်များထုတ်လုပ်၍ ဒေသတွင်းဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းဖြစ်ပါသည်။

         ဆက်လက်၍ မြို့နယ်တာဝန်ခံသည် ချင်းကုန်းဒေသရှိ ကြက်မွေးမြူရေးခြံသို့ သွားရောက်လေ့လာခဲ့ရာ လုပ်ငန်းရှင် ဒေါ်ရီမြင့်က ကြက်ခြံများနှင့် ကြက်အစာကျွေးမွေးမှုအခြေအများကို ရှင်းလင်းပြသခဲ့ပါသည်။ ချင်းကုန်းဒေသ ကြက်မွေးမြူရေးလုပ်ငန်းသည် လက်ရှိတွင် ဒေသကြက် အကောင် ၁၂၀၀ ကိုမွေးမြူထားရှိပြီး ၎င်းကြက်များဥသည့် ကြက်ဥများကို မန္တလေးသို့တင်ပို့ကြောင်း၊ ဥနှုန်းကျသွားသည့်ကြက်မများကို ရန်ကုန်ရှိကြက်ဒိုင်မှ တစ်ပိဿာလျှင် ၁၈၅၀၀ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားကြီးများသည် စိုက်ပျိုးမြေများကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

         ယခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်းကြောင့် တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာတချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ စပါးခင်းများပျက်စီးမှုရှိသော်လည်း သီးနှံမှ ဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် မတ်ပဲကို အားထားစိုက်ပျိုးကြပါသည်။

     မတ်ပဲစိုက်ပျိုးသည့်ကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်တကျစိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးနှင့် သွင်းအားစုများ စနစ်တကျနှင့် အချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးများကို ကျေးရွာများတွင် သင်တန်းပေးခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းတာဝန်ခံများက ကြီးကြပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

       မတ်ပဲစိုက်ပျိုးရိတ်သိမ်းပြီး နွေစပါးများပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အထွက်နှုန်းကောင်း၊ သက်တမ်းတို မတ်ပဲမျိုးများကို စိုက်ပျိုးလာကြပါသည်။ မြန်မာနိုင်ငံဆီထွက်သီးနှံနှင့် ပဲမျိုးစုံအသင်းမှ ရာဂီမုန်တိုင်းကြောင့်ပျက်စီးသွားသည့် တောင်သူများအတွက် မတ်ပဲဧက ၁၀၀၊ ပဲတီစိမ်းဧက ၃၀၀ တို့အတွက် မျိုးစေ့များ အခမဲ့လှူဒါန်းထောက်ပံ့ပေးထားပါသည်။

          အထွက်ကောင်း TBL 9 မတ်ပဲ ၉၈၅၀ဧက၊ ရေဆင်း ၅ မတ်ပဲ ၅၂၅၀ဧက၊ ရေဆင်း ၇ မတ်ပဲ ၅၆၉၁ဧက၊ စုစုပေါင်း ၂၀၇၉၁ဧကစိုက်ပျိုးထားပါသည်။ မတ်ပဲသက်တမ်း ၇၅ရက်မှ ၉၀ရက်သာရှိသဖြင့် နွေစပါးများကိုလည်း အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။

         တောင်ငူမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် ဆောင်းသီးနှံကိုပြန်လည်စိုက်ပျိုးနိုင်ရန် ကျေးရွာအုပ်စု (၁၃)ခု၊ ဧကပေါင်း (၁၄၀၀၆)ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ချေးငွေထုတ်ချေးထားပြီးဖြစ်ရာ မတ်ပဲအတွက် လိုအပ်သည့်သွင်းအားစုများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပွင့်အားဆေးများကို ဝယ်ယူစုဆောင်းထားရှိကြပြီးဖြစ်ပါသည်။

         ယခင်နှစ် အထွက်နှုန်းမှာ ၁၉.၇၈ တင်းဖြစ်ပါသည်။ မတ်ပဲစိုက်ဧကများအားလုံး အပင်ပေါက်ကောင်းမွန်လျက်ရှိပါသည်။ ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိပါက တောင်သူဦးကြီးများ ဝင်ငွေတိုးတော့မည်ဖြစ်ပါသည်။

          ယခင်နှစ် မတ်ပဲဈေးနှုန်းမှာ ပိဿာ(၃၀)ပါ အိတ်တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ဖြစ်ပြီး ယခုနှစ်ပေါက်ဈေးမှာ ၁၇၅၀၀၀ကျပ်ဖြစ်ပါသည်။ တောင်သူလယ်သမားတစ်ဦးချင်း မတ်ပဲပေါ်ချိန်တွင် ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိ၍ ဈေးကောင်းရောင်းရပါက ဝင်ငွေတိုးကာ တိုင်းပြည်၏ GDP တိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပေါင်မြို့နယ်၌ ဥစားပိန်းများ စီးပွားဖြစ်စိုက်ပျိုး

             မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးတစ်ဝိုက်နှင့် ကျေးရွာများတွင် ဥစားပိန်းစိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။

               ဥစားပိန်းပင်များကို မစိုက်မီမြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း ကြက်ချေး (သို့မဟုတ်) နွားချေးနှင့် ဆန်စက်မှရရှိသည့်ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပိန်းပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်အကွာစိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက် (၈၀) ခန့်အကြာတွင် ဥများတူးဖော်ကာရောင်းချရကြောင်း ဥစားပိန်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

             ဥစားပိန်းများကို ရာသီမရွေးစိုက်ပျိုးရပြီး ဈေးကွက်တွင် ဒေသပေါက်ဈေး တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါစီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဖြူးမြို့ တစ်နိုင်တစ်ပိုင် ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရ

         တောင်ငူခရိုင်၊ ဖြူးမြို့တွင် တစ်နိုင်တစ်ပိုင် ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များကိုမှာယူပြီး အလျား ၁၀ပေ၊ အမြင့် (၂)ပေခန့်ရှိသည့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင်ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင်ပြုလုပ်ထားရပါသည်။

          မှိုပျိုးထုပ်စတင်ရောက်ရှိပြီးချိန်မှစ၍ စင်ပေါ်တွင် စနစ်တကျစီထားပြီး  တစ်နေ့(၃)ကြိမ်ရေလောင်းပေးရပါသည်။ လေးငါးရက်ခန့်အကြာတွင် မှိုအိတ်များမှ အဖြူရောင်မှိုပွင့်ကလေးများ တစ်အိတ်လုံးနီးပါးပွင့်လာသည့်အခါတွင် အိတ်အဝကိုဖွင့်ပေးရပါသည်။ အိတ်ဝဖွင့်ပြီး တစ်ပတ်၊ ၁၀ရက်ကြာလျှင် မှိုပွင့်များကိုခူးဆွတ်နိုင်ပြီဖြစ်ပါသည်။

          မှိုတစ်ကြိမ်စိုက်ပျိုးလျှင် လေးငါးကြိမ်အထိခူးဆွတ်နိုင်ပါသည်။ မှိုပျိုးထုပ် ၇၅ထုပ်စတင်စိုက်ပျိုးရာ မှို ၆ပိဿာ ၇၅ကျပ်သားခန့်ထွက်ရှိပါသည်။ မှိုပျိုးထုပ်တစ်ထုပ်လျှင် ၁၂၀၀ကျပ်ဖြင့်ဝယ်ယူပြီး ထွက်ရှိလာသောမှိုများကို တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။ ငွေနှင်းမှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် မီးဖိုချောင်စရိတ်အတွက် တွက်ချေကိုက်သောလုပ်ငန်းဖြစ်သောကြောင့် ရေရှည်စိုက်ပျိုးသင့်သည့်လုပ်ငန်းဖြစ်ကြောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးမြို့မှ ပန်းပု၊ ပန်းပွတ် အနုပညာလုပ်ငန်း

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် သစ်ကိုအခြေခံ၍ အနုပညာလက်မှုပစ္စည်းပြုလုပ်သောလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း(၁)ခုရှိပါသည်။ ကုန်ကြမ်းအနေဖြင့် သစ်မာမျိုးစုံဖြစ်သည့် ကုက္ကို၊ ဘင်ဂ၊ ပိတောက်သားများကိုအသုံးပြု၍ ထုတ်လုပ်ကြောင်းသိရှိရပါသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သား (၁၅)ဦးခန့်အသုံးပြုပြီး တစ်ရက်လုပ်အားခငွေကို ပုတ်ပြတ် ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိပေးချေရကြောင်းသိရှိရပါသည်။ ပန်းပု၊ ပန်းပွတ် အနုပညာပစ္စည်းများပြုလုပ်ရာတွင် သစ်သားကို လွှပိုင်းဖြင့်သော်လည်းကောင်း၊ ချိန်းစောအတိုဖြင့်သော်လည်းကောင်း ပုံကြမ်းဖော်ခြင်း၊ ပညာရှင်များမှာ ပန်းပု၊ ပန်းပွတ်ဖြင့် ပုံပြန်ဖော်၍ အချောချောခြင်း၊ ဆေးတင်ခြင်းဖြင့် အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ အကျိုးအမြတ်မှာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ၂၀% ခန့်အကျိုးအမြတ်ရရှိကြောင်းသိရှိရပါသည်။ ကုန်ကြမ်းကို ကျွဲပွဲနှင့် တောင်ငူမြို့တွင်းမှ ဝယ်ယူရရှိကြောင်းသိရှိရပြီး ပြည်ပသို့လည်းတင်ပို့ရောင်းချသည့်အပြင် ရန်ကုန်မြို့ Shopping Center များနှင့် ပဲခူးမြို့ဒေသထွက်ကုန် အရောင်းစင်တာတွင်လည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းမှ တန်ဖိုးမြှင့်ထုတ်ကုန် ရှောက်ပျားရည်

     ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထွက် အိမ်ပြန် လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြည်းဖြည်းဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို နီးစပ်ရာမြို့ဖြစ်သော ရွှေကျင်၊ ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်လျှင် လိုအပ်သလောက်ဝယ်ယူရပြီး ရှောက်သီးတစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိ ဝယ်ယူရကြောင်းသိရှိရသည်။

        ရှောက်ပျားရည်ထုတ်လုပ်ရာတွင် ရှေးဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ထက်ခြမ်းခွဲပြီး စက်ဖြင့် ရှောက်ရည်ညှစ်ထုတ်သန့်စင်ရပြီး ရှောက်ပျားရည်ပြုလုပ်ရန်အတွက် သကြား၊ ပျားရည်၊ ရှောက်ချဉ်ရည်တို့ဖြင့် အချိုးအစားညီမျှစွာရောစပ်ပြီး အပူချိန် ( 90°C )အတွင်းကျိုချက်၍ ထုတ်လုပ်ရကြောင်းသိရှိရသည်။ ရှောက်ပျားရည်တစ်ပုလင်းအတွက် ရှောက်သီး (အနု၊ အရင့်၊ အကြီး၊ အသေး) ပေါ်မူတည်၍ ရှောက်သီး (၇လုံးမှ ၁၀လုံး)ခန့်အသုံးပြုရကြောင်းသိရှိရသည်။ ရှောက်ရည်ညှစ်ပြီး သန့်စင်ရာ၌ ကျန်ရှိသောရှောက်သီးဖတ်များအား ရှောက်သီးဆေးပြားထုတ်လုပ်ရန် အသုံးပြုပြီး  ပုံသဏ္ဌာန်အမျိုးမျိုးအနေဖြင့် ပျားရည်နှင့်နှပ်ထားသော (ရှောက်သီးဆေးပြားဘူး၊ ရှောက်ချိုမွှေး၊ ရှောက်ချိုပေါင်း၊ ရှောက်သီးဆေးပြားအမျှင်) စသည်ဖြင့် ထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် လုပ်သားအရေအတွက် (၃၀)ဦးခန့်ဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။ ထုတ်လုပ်မှုပမာဏအားဖြင့် တစ်နှစ်လျှင် ‌ရှောက်ချဉ်ရည်ပုလင်း နှစ်သိန်းခန့်၊ ‌ရှောက်ပျားရည်ပုလင်း ၅၀၀၀ခန့်၊ ‌‌‌ရှောက်သီးဆေးပြား တစ်နှစ်လျှင် ပိဿာချိန် (၇၀၀၀)ခန့်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ရှောက်ပျားရည်တစ်ပုလင်းလျှင် ၅၄၀၀ကျပ်ဖြင့် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော် (ပျဉ်းမနား)အပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားသို့  တင်ပို့ရောင်းချလျက်ရှိပြီး လူကြိုက်များကြောင်းလည်းသိရှိရသည်။

       ထိုကဲ့သို့ ဒေသထွက်ကုန်ရှောက်သီးအား နည်းအမျိုးမျိုးဖြင့် လေလွင့်မှုနည်းပါးအောင်  ထုတ်လုပ်ရောင်းချနိုင်ခြင်းအားဖြင့်  အကျိုးအမြတ်အနေဖြင့်လည်း အတော်အသင့်ကောင်းမွန်သည့်အပြင် ဒေသခံလုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ရရှိသောကြောင့် စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း